လီလင်း၏ စိတ်ဓာတ်ကျနေသည့် အမူအရာနှင့် နှိုင်းယှဉ်လျှင် လီရှန်းကတော့ အလွန်ပင် ယုံကြည်မှုရှိနေခဲ့သည်။
“စိတ်မပူပါနဲ့၊ ငါတို့တွေ စာမေးပွဲကိုသေချာပေါက် အောင်မှာ သေချာတယ်”
စာမေးပွဲ ကျခဲ့လျှင်ပင် လီလင်းက ကျေးလက်ဒေသဘက်ကို သွားရမည်မဟုတ်လောက်ဟု သူမ တွေးမိသည်။
သူမ၏ ယခင်ဘဝက လီလင်းအနေဖြင့် ဆေးဝါးစက်ရုံ၏ စာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်းမရှိခဲ့သော်လည်း ကျေးလက်ဒေသသို့ သွားရောက်ခဲ့ရခြင်း မရှိခဲ့ပေ။
ထို့အစား သူမက အလျင်အမြန် လက်ထပ်လိုက်ပေသည်။ လီရှန်း ဝိဥာဥ်ကိုယ်ဖြင့် ပြန်ရောက်လာသည့် အချိန်တွင် သူမက ကိုယ်ဝန်သည် ဖြစ်နေခဲ့ပြီး မကြာမီ ကလေးမွေးတော့မည့် အမျိုးသမီး ဖြစ်နေခဲ့ပေပြီ။
ဟဲထန် နဲ့ ကျန်းယွဲ့တို့ကို ဒေါသတကြီး ဆဲဆိုနိုင်နေခဲ့သည့် သူမ၏ အမူအရာတို့ကို ကြည့်ခြင်းအားဖြင့် ကိုယ်ဝန်ဆောင်ကာလအတွင်း ကောင်းစွာပြုစုစောင့်ရှောက်ခံထားရပြီး ကောင်းမွန်သည့် အိမ်ထောင်ရေးတစ်ခုကို ရရှိခဲ့သည်ကို သိနိုင်သည်။
“နင့်ရဲ့မင်္ဂလာရှိတဲ့ စကားတွေကို ငါ လက်ခံလိုက်မယ်”
လီလင်းက ထပ်မံပြီး သမ်းဝေလိုက်သည်။ သူမအနေဖြင့် အမှန်တကယ်ပင် အိပ်ချင်နေခဲ့သည်။
ယမန်နေ့ညက ကောင်းစွာမအိပ်ခဲ့ရသည့်အပြင် မနက်ပိုင်းတွင်လည်း သူတို့၏မိဘများက စောစီးစွာ နိုးနေကြသောကြောင့် အိမ်ထဲတွင် ခဏလေးမျှပင် တိတ်ဆိတ်ခြင်းမရှိခဲ့ပေ။
သူမ၏ မိဘများက သူမကို စာနာမှု မရှိခြင်း မဟုတ်ပါချေ။ အကြောင်းမှာ သူတို့သည်က ဝန်ထမ်းအိမ်ရာဝန်းတွင် နေထိုင်ကြခြင်းဖြစ်သဖြင့် လူတိုင်းက တစ်ချိန်တည်းလိုလို နိုးလုကြသည်။
မိမိ၏အိမ်က မည်မျှပင် တိတ်ဆိတ်နေသည်ဖြစ်စေ၊ တခြားအိမ်များက ဆူညံနေသည့်အတွက် အကျိုးမရှိပါချေ။
လီလင်း အိပ်ချင်နေသည်ကို မြင်လျှင် လီရှန်းလည်း စကားဆက်မပြောတော့ဘဲ သူမကို ဆေးဝါးစက်ရုံသို့ တိုက်ရိုက် ခေါ်သွားခဲ့သည်။
သူတို့နှစ်ယောက် ဆေးဝါးစက်ရုံသို့ သွားရောက်ကာ စာရင်းပေးသွင်းချိန်ကို စုံစမ်းရန်အတွက် ချိန်းဆိုထားခြင်းဖြစ်ပေသည်။ သူတို့အနေဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်မည်ဆိိုပါက တစ်ခါတည်း ပေးသွင်းလိုက်ချင်သည်ပင်။
ဆိုရလျှင် သူတို့နှစ်ယောက်က စာသင်ကြားချိန်များကို ဆက်လက် တက်ရောက်ရဦးမည် ဖြစ်သောကြောင့် အချိန်မီ ထွက်လာနိုင်ခြင်း မရှိဘဲ ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သောကြောင့်သာ ဖြစ်ပေ၏။
ဆေးဝါးစက်ရုံမှာ စာတိုက်လမ်း နှင့် ကောင်းရှင်း လမ်းဆုံ၏ အနောက်မြောက်ဘက်တွင် တည်ရှိပြီး ဧရိယာကျယ်ဝန်းကာ အလုပ်သမား နှစ်ထောင်နီးပါး ရှိသည်။
စက်ရုံတွင် ၎င်း၏ ကိုယ်ပိုင် ထောက်ပံ့ရေးနှင့် စျေးကွက်ချဲ့ထွင်ရေး သမဝါယမအပြင်၊ နိုင်ငံပိုင် ဟိုတယ်တစ်ခုပင် ရှိသည်။
ထို့အပြင် အလုပ်သမားများကို သွားကြိုပို့ပေးရန်အတွက် တာဝန်ယူသည့် အလုပ်သမားများလည်း ရှိပြီး အလုပ်သွားအလုပ်ပြန် ဘတ်စ်ကားများပါရှိပေသည်။
၎င်းသည်က မြို့ငယ်လေးတစ်ခုနှင့်ပင် တူညီသည်။ မလိုအပ်ပါက အလုပ်သမားများက အပြင်သို့ လုံးဝ ထွက်စရာ မလိုအပ်ပါချေ။
ဆေးဝါးစက်ရုံမှာ လျှို့ဝှက်ဆန်းကြယ်သကဲ့သို့ရှိနေပြီး ထိုစက်ရုံထဲမှ အလုပ်သမားများသည်လည်း လူကြိုက်များသည်။
ပိုင်မားခရိုင်မှ မိန်းကလေးတစ်ဦးသာ ဆေးဝါးစက်ရုံမှ လူတစ်ဦးနှင့် လက်ထပ်ရမည်ဆိုပါက အိမ်နီးချင်းများနှင့် ဆွေမျိုးများက မနာလို ဖြစ်ကြရသည်။
“ဒါနဲ့ ဆေးဝါးကုမ္ပဏီက ခရိုင်ထဲက လူတွေကို မခေါ်တာ နှစ်တွေအတော်ကြာပြီမလား”
လီလင်းက စိုးရိမ်ပူပန်နေခဲ့ပြီး တံခါးဝကို ရောက်မှ နောက်သို့ဆုတ်ချင်လာခဲ့သည်။
“ငါတို့တွေ တကယ် လုပ်နိုင်ပါ့မလား”
“ရောက်လာမှတော့ သေချာပေါက် ရအောင် လုပ်ရမှာပဲ”
ဆေးဝါးစက်ရုံမှာ ပြည်နယ်အဆင့် စက်ရုံကြီး ဖြစ်သောကြောင့် စာမေးပွဲ စစ်ဆေးရေးဌာနများကို ပိုင်မားခရိုင်တွင်သာမက ပြည်နယ်မြို့တော်တွင်ပါ ဖွင့်လှစ်ထားသည်။
ပြည်နယ်မြို့တော်ရှိ စာမေးပွဲခန်းမမှာ ပိုင်မားခရိုင်ထက် ပိုမိုကြီးမားပြီး လျှောက်ထားသူလည်း ပိုများသည်။
အထူးသဖြင့် လွန်ခဲ့သည့် နှစ်နှစ်အတွင်း အဓိက စက်ရုံကြီးများ၏ လုပ်ငန်းစွမ်းဆောင်ရည်မှာ အသင့်အတင့်သာ ရှိခဲ့သောကြောင့် စက်ရုံများစွာက အလုပ်သမား ခေါ်ယူခြင်းကို ရပ်ဆိုင်းထားခဲ့သည်။
ရုတ်တရက် ဆေးဝါးစက်ရုံကဲ့သို့ နှစ်စဉ် အလုပ်သမား ခေါ်ယူသည့် စက်ရုံတစ်ခု ပေါ်လာချိန်တွင်တော့ စာမေးပွဲ ဖြေဆိုနိုင်သူတိုင်းက တစ်ကြိမ်လောက်တော့ စမ်းကြည့်မည်ဟူသော စိတ်ဓာတ်ဖြင့် စာရင်းပေးသွင်းကြသည်။
ပိုင်မားခရိုင်တွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပေသည်။ ဖြေဆိုရန်အတွက် လူများစွာက စာရင်းပေးသွင်းခဲ့ကြသည်။
အစောပိုင်းနှစ်များက သီးခြားခွဲတမ်းဖြင့် ဝင်ရောက်နိုင်သူများ အနည်းငယ် ရှိသေးသော်လည်း၊ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဗဟိုချုပ်ကိုင်မှုရှိသော အဆင့်သတ်မှတ်မှုတွင် ပါဝင်လာချိန်တွင်တော့ ပြိုင်ဆိုင်မှုများက ရုတ်တရက် မလုံလောက်တော့ပေ။
ပိုင်မားခရိုင်မှာ ရှေးယခင်ကတည်းက စာပေဂုဏ်အသရေ ထွန်းကားသည့် နေရာမဟုတ်ခဲ့ဘဲ၊ ရိုးရှင်းမှုကို အသားကျနေသည့် နေရာတစ်ခု ဖြစ်ပေသည်။
ပြည်နယ်မြို့တော်ရှိ အရာရာကို မကောင်းသည့်ဘက်မှဦးစွာ ကြည့်သော လူမှုပတ်ဝန်းကျင်နှင့် လုံးဝ ယှဉ်လို့မရပေ။
ထို့ကြောင့် ပယ်ချခံရခြင်းသည်က သဘာဝကျပေသည်။လီလင်းမှာအလွန်အမင်း စိုးရိမ်နေသောကြောင့် တံခါးဝသို့ လျှောက်သွားသည့်အချိန်တွင် စကားပင် မပြောနိုင်တော့ဘဲ လီရှန်း၏နောက်မှသာ ကပ်လိုက်လာခဲ့သည်။
လီရှန်းသည်ကား မစ်ရှင်လောကတွင် အလုပ်ခေါ်ယူမှု စာမေးပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး ဖြစ်သောကြောင့် သူမ၏ စိတ်နေစိတ်ထားက အတော်လေး တည်ငြိမ်နေခဲ့သည်။
အတိတ်က အခက်ခဲဆုံးအချိန်များတွင် သူမအနေဖြင်် ဘိလပ်မြေသယ်ရန်အတွက် ကုန်းကျော်တံတားသို့ပင် သွားခဲ့ဖူးသည်။
တစ်တန်ကို ယွမ် (၄၀) ဖြင့် တစ်ရက်လျှင် သုံးတန် သယ်ခဲ့ဖူးသည်။ ထိုအချိန်က ခါးပင် မတ်မတ်မရပ်နိုင်ခဲ့ပေ။
အိမ်ပြန်ရောက်သည့်အချိန်တွင်လည်း သူမ၏ ပစ်မှတ်က အငတ်ဘေးကြောင့် စောစောစီးစီး သေဆုံးသွားမည်ကို စိုးရိမ်ရသည့်အတွက် ထိုပစ်မှတ်အတွက် နို့မှုန့်များကို ပြင်ဆင်ပေးခဲ့ရသည်။
လက်ရှိတွင် စာမေးပွဲ စာရင်းသွင်းခြင်းအကြောင်းကို လာရောက်မေးမြန်းသူများရှိလာသည်ကို မြင်လျှင် လုံခြုံရေးရဲဘော်မှ လုံခြုံရေးခန်းမဘေးရှိ အိမ်ငယ်လေးကို လက်ညှိုးထိုးပြလိုက်သည်။
သူသည်က ထိုကဲ့သို့ စုံစမ်းမေးမြန်းမှုမျိုးကို အသားကျနေပြီ ဖြစ်ပေသည်။
လီရှန်းလည်း လီလင်းကို ဆွဲခေါ်သွားခဲ့ပြီးနောာ် အထဲဘက်တွင် စုံစမ်းနေသည့် လူငယ်အချို့ကို တွေ့လိုက်သည်။
သူတို့လည်း ၎င်းတို့၏ နောက်တွင် ရပ်ပြီး နားထောင်နေလိုက်ကြသည်။
သို့သော် ထိုလူများကလည်း သူတို့ မေးမြန်းချင်နေသည့် မေးခွန်းများကို မေးလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့မိပါချေ။
“ကြိုတင် စာရင်းသွင်းလို့ ရမလား”
“တခြားလူတွေကို စာရင်းပေးသွင်းဖို့အတွက်ရော ကူညီပေးလို့ ရမလား”
“စာမေးပွဲဖြေဖို့အတွက် ဘယ်လိုပစ္စည်းတွေ ယူလာရမလဲ”
စသည်ဖြင့်...
ထိုရဲဘော်များ စုံစမ်းမေးမြန်းပြီးသွားချိန်တွင် သူတို့နှစ်ယောက်လည်း အလျင်အမြန် ဝင်သွားပြီး တိုက်ရိုက်ပြောလိုက်လေသည်။
“ရဲဘော်၊ ကျွန်မတို့လည်း ကြိုတင် စာရင်းသွင်းချင်ပါတယ်”
တစ်ဖက်မှ ရဲဘော်က မျက်ခုံးပင် မလှုပ်သွားခဲ့ဘဲ ဘောပင်ကို ယူကာ စာရင်းသွင်းပေးလိုက်သည်။
လီရှန်းက သူမ၏ အချက်အလက်များကို ပြောပြလိုက်လေသည်။ သူမ စာရင်းပုံစံကို ကြည့်လိုက်လျှင် အမည်များစွာကို ဖြည့်သွင်းပြီးသား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
သူမတို့ကဲ့သို့ တိုက်ရိုက် စာရင်းပေးသွင်းခြင်းသည်က ပုံမှန်သာဖြစ်ပြီးး၊ မတိုင်ခင်ကကဲ့သို့ လာရောက်စုံစမ်းသူများက အနည်းစု ဖြစ်ကြောင်း ထင်ရှားပေသည်။
စာရင်းပေးသွင်းခြင်းက ပြီးဆုံးသည်အထိ ဆယ်မိနစ်ပင် မကြာခဲ့ပေ။
ဆေးဝါးစက်ရုံမှ ထွက်လာပြီးနောက် လီလင်းက သက်ပြင်းချလိုက်သည်။
“ငါ သေတော့မယ်လို့တောင် ထင်နေခဲ့တာ”
“နင်က အတော်လေး ရဲရင့်တဲ့ပုံရတာကို .. ဘာလို့ ဒီလောက်တောင် ကြောက်တတ်ရတာလဲ”
လီလင်းတစ်ယောက် အလွန်ပင် ကြောက်ရွံ့နေသည်ကို မြင်လိုက်ရသောကြောင့် လီရှန်း ရယ်မောမိလုနီးပါး ဖြစ်သွားသော်လည်း စိတ်ကို အသာထိန်းချုပ်ထားလိုက်ရသည်။
လီလင်းကတော့ ကူကယ်ရာမဲ့စွာဖြင့် ပြောလာခဲ့သည်။
“နင် ရယ်ချင်ရင်လည်း ရယ်လိုက်စမ်းပါ.. ငါ့အမေက ငါ့ကို ကလေးဘဝကတည်းက ကြောက်တတ်လွန်းတယ်ဆိုပြီး အမြဲ ဆူနေခဲ့တာ.. ငါက အရပ်ရှည်ပြီး ကိုယ်လုံးတောင့်တော့ လူတွေကို လှည့်စားလို့ရနေတာလေ”
လီရှန်း: “...”
လီလင်းမှာ အရပ်ရှည်ပြီး အသားအရေက အနည်းငယ် ညိုသည်။
အသားအရည်က ဖြူစွတ်နေခြင်းမရှိသော်လည့် ဖြူဖွေးသည့်ဘက် သို့မဟုတ် ညိုမည်းသည့်အဆင့်တွင် မရှိဘဲ ထိုခေတ်ကာလ၏ ဝိသေသလက္ခဏာများနှင့် ကိုက်ညီသော ကျန်းမာသော အလှတစ်မျိုး ဖြစ်သည်။
လီရှန်းက အလျှင်အမြန် နှစ်သိမ့်ပေးလိုက်သည်။
“အဆင်ပြေပါတယ်.. တကယ်တော့ ငါလည်း ကြောက်နေတာပဲ၊ ဒါပေမဲ့ ကြောက်တာကို မပြဘဲ ထိန်းထားခဲ်တာ”
လီလင်းက သူမ၏စကားကို မယုံကြည်သည်ကို မြင်လျှင် သူမက လီလင်း၏ လက်ကို ဆုပ်ကိုင်လိုက်ပြီးပြောလိုက်လေသည်။
“ကြည့်လေ.. ငါ အရမ်း စိုးရိမ်နေလို့ လက်တွေမှာတောင် ချွေးတွေ ထွက်နေပြီ”
လီလင်း သူမ၏လက်ကို ထိကြည့်လိုက်သည်။ သုမ၏လက်က တကယ်ပင် စိုစွတ်နေသောကြောင့် ရှက်ရွံ့သွားရလေသည်။
“ခုနတုန်းက နင် ကြောက်နေတာတောင် အရှေ့ကဦးဆောင်ပေးခဲ့တာပဲ.. ငါ တကယ် ကျေးဇူးတင်ပါတယ်”
“ဘာမှ ကျေးဇူးတင်နေစရာ မလိုပါဘူး၊ စာမေးပွဲ အောင်ပြီးရင် ဘာလုပ်မလဲဆိုတာကိုပဲ စဉ်းစားလိုက်ရအောင်
အဲဒီအချိန်ကျရင် ငါတို့တွေ ဝန်ထမ်း အဆောင်အတွက် အတူ လျှောက်ပြီး အခန်းထဲမှာ အတူနေကြမယ်၊ ငါတို့ရဲ့ အခန်းဖော် သံယောဇဉ်ကို ဆက်ပြီး ထိန်းသိမ်းထားမယ်”
လီလင်းတစ်ယောက် သူမ၏စကားကြောင့် စိတ်သက်သာရာ ရသွားပြီး စိုးရိမ်မှုများကလည်း လုံးဝ ပျောက်ကွယ်သွားခဲ့ကာ လီရှန်း၏ စကားအတိုင်း တွေးတောလိုက်သည်။
“ဒါဆို ငါက စက်ချုပ်စက် ဝယ်ဖို့ ပိုက်ဆံ စုမယ်၊ ငါ့ရဲ့ အထည်ချုပ်လက်ရာက လျို့ဖင်းထက် ပိုကောင်းတယ်.. သူမက သူ့အမေဆီကနေ အများကြီး သင်ယူထားတယ်လို့တစ်နေကုန် ကြွားနေတာ၊ ပြီးတော့ ပန်းထိုးစက်ရုံမှာ အလုပ်ရမယ်လို့ ထင်နေတာ”
“နင် အဝတ်ချုပ်တတ်တာလား”
လီရှန်း အံ့သြသွားရသည်။
သူမအနေဖြင့် လီလင်း အပ်ချုပ်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
“ငါ့အဖွားက အဝတ်အစား ပုံစံတွေထုတ်တတ်တယ်လေ၊ ငါလည်း ကလေးဘဝကတည်းက သင်ယူခဲ့တာ”
အဘိုးအဘွား မျိုးဆက်ထဲ အဝတ်အစား ပုံစံထုတ်တတ်သူများ ရှိကြသည်။မည်သို့ပင်ဖြစ်စေ မိသားစုထဲတွင် ကလေးများစွာရှုသည့်အတွက် အဝတ်အစားများကို ပြောင်းလဲချုပ်လုပ်တတ်သူ တစ်ဦးတော့ ရှိရပေမည်။
အပ်ချုပ်ဆိုင်ဆိုရင်ရော?
လက်မှုပညာသည်များက ရှေးယခင်ကတည်းက လူကြိုက်များခဲ့သဖြင့် စျေးနှုန်းလည်း မနိမ့်ပေ။ ထိုကြောင့် ကိုယ်တိုင်ချုပ်လုပ်နိုင်ပါက လုပ်သင့်သည်။
“ဒါဆို ငါ အထည်စျွေဝယ်ပြီး နင့်ကို ချုပ်ခိုင်းမယ်၊ လက်ခကိုလည်း ပေးမယ်”
လီလင်း သူမ၏စကားကို မငြင်းဆန်ဘဲ ရက်ရောစွာ ပြောလိုက်သည်။
“ဘာလို့လက်ခလိုမှာလဲ၊ ဒါက အပျော်သဘောလေးပဲလေ”
“လူမှုရေးနဲ့စီ့ပွားရေးက မတူဘူး”
လီရှန်း ငြင်းဆန်လိုက်သည်။
“လုပ်အားအတွက် တန်ကြေးကိုရနိုင်တာက အကောင်းဆုံးပဲ၊ ကြိုးစားအားထုတ်မှုတိုင်းအတွက် ရလဒ်ကောင်းတွေ ရသင့်တယ်.. ငါကလည်း အခွင့်ကောင်းယူတဲ့သူ မဟုတ်ဘူး”
သူမ၏စကားကို ကြားလျှင် လီလင်းလည်း သဘောတူလိုက်ရပြီး တစ်ချိန်တည်းမှာပင် လီရှန်းက အမှန်တကယ်ပင် ကောင်းမွန်သူတစ်ဦး ဖြစ်ကြောင်း ခံစားမိခဲ့သည်။
သူမက စိတ်သဘောထား ပွင့်လင်းသူဖြစ်ပြီး သူမ၏ ယခင်က ထင်မြင်ချက်နှင့် အလွန် ကွာခြားနေခဲ့သည်။
ထိုသည်က သူမ၏ အမြင်များ မည်မျှ ကျဉ်းမြောင်းခဲ့သည်ကို ပြသနေခဲ့သည်။
***