နောက်တစ်နေ့ နံနက်ခင်း။
ချွေးတလုံးလုံးဖြင့် ကျန်းရှောင်ဖီသည် လက်ထဲတွင် ပဲနို့၊ အီကြာကွေးနှင့် ဟင်းရန်နှစ်ပွဲကို ကိုင်ဆောင်ကာ အိမ်သို့ ပြန်ရောက်လာသည်။
နှစ်နာရီကြာ လေ့ကျင့်ခန်းလုပ်ပြီးနောက် ကျန်းရှောင် စိတ်လက်ပေါ့ပါးလန်းဆန်းသွား၏။
လေ့ကျင့်ခန်းလုပ်ခြင်းသည် အရှိန်ရလာသည့်အခါ တကယ့်ကို စွဲလမ်းစရာ ကောင်းလှ၏။
ကျန်းရှောင် အိမ်ထဲသို့ ဝင်လိုက်သည်နှင့် စိတ်ပျက်လက်ပျက် ဖြစ်နေသော ဟန်ကျန်းရွှယ်ကို တွေ့လိုက်ရသဖြင့် သူ အံ့အားသင့်သွားသည်။
သူမသည် တကယ်ကို လှပသူဖြစ်ပြီး အထူးသဖြင့် သူမ၏ မျက်လုံးအစုံမှာ အလွန်ပင် လှပသည်။
ထို့ကြောင့် သူမ၏ မျက်ဝန်းနက်များထဲတွင် ဒေါသအရိပ်အယောင်များကို မြင်လိုက်ရသောအခါ ကျန်းရှောင် အနည်းငယ် အပြစ်မကင်းသလို ခံစားလိုက်ရ၏။
“ဒီမနက် လေ့ကျင့်ခန်း အစီအစဉ်ကို ဖျက်လိုက်မယ်လို့ ငါ ပြောထားတယ်မဟုတ်လား"
ဟန်ကျန်းရွှယ်က အေးစက်စွာ မေးမြန်းလိုက်သည်။
ကျန်းရှောင် အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး သူဝယ်လာသော မနက်စာကို ပြသလိုက်ရင်း
“မင်္ဂလာနံနက်ခင်းပါ... ပြီးတော့... ရပါတယ်ဗျာ...ကျေးဇူးတင်စရာ မလိုပါဘူး" ဟု အရွှန်းဖောက်လိုက်သည်။
ဟန်ကျန်းရွှယ်သည် ပါးစပ်အဟောင်းသားဖြင့် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်၊ ဒေါသတကြီး လှည့်ထွက်သွားကာ ဧည့်ခန်းဆီသို့ လျှောက်သွားသောကြောင့် ကျန်းရှောင် ပို၍ပင် နားမလည်နိုင် ဖြစ်သွားရသည်။
“နင်ကတော့ နင့်အစ်မကို ထပ်ပြီး စိတ်ဆိုးအောင် လုပ်လိုက်ပြန်ပြီ"
ဟု ချိုသာသော အသံတစ်ခုက ဘေးနားမှ ထွက်ပေါ်လာသည်။
မိန်းကလေးတစ်ဦးသည် မီးဖိုချောင်ထဲတွင် နွားနို့တစ်ဖန်ခွက်ကို ကိုင်ကာ ရပ်နေ၏။
သူမသည် နွားနို့ကို တစ်ငုံချင်းသောက်ရင်း အပြင်သို့ လျှောက်လာသည်။
ကျန်းရှောင် အံ့သြတုန်လှုပ်စွာ လှည့်ကြည့်လိုက်ရာ ဟန်ကျန်းရွှယ်ကဲ့သို့ပင် လှပသော မိန်းကလေးတစ်ဦးကို တွေ့လိုက်ရသည်။
‘ဟင်း... အလှချင်း တူမှ အပေါင်းအဖော် ဖြစ်ကြတာကိုး'
ထိုမိန်းကလေးသည် ရုပ်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိပြီး အရပ်အမောင်းမှာလည်း ဟန်ကျန်းရွှယ်ကဲ့သို့ပင် ၁.၇၈ မီတာခန့် ရှိသည်။
သို့သော် ဟန်ကျန်းရွှယ်နှင့် ကွဲပြားခြားနားသောအချက်မှာ သူမ၏ ဆွဲဆောင်မှုရှိသော အလှတရားပင်။
သူမသည် အချိုးအစားကျကျ ကောက်ကြောင်းအလှများဖြင့် အလွန်ပင် ဆွဲဆောင်မှုရှိလှ၏။
သူမ၏ ဆံပင်မှာ အတိုညှပ်ထားပြီး အနီရောင်
ရင့်ရင့်ဆိုးကာ အနည်းငယ် ကောက်ထားသဖြင့် ကြည့်ရသည်မှာ စတိုင်ကျပြီး ဆွဲဆောင်မှုရှိလှသည်။
သွယ်လျသော မျက်ခုံးတန်းများအောက်တွင် အနည်းငယ် ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးအစုံ ရှိသော်လည်း၊ သူမ၏ နှုတ်ခမ်းနီနီလေးတစ်ဝိုက်ရှိ နွားနို့အစွန်းအထွက်လေးများက သူမ၏ အာဏာစက်ပြင်းသော မျက်နှာထားကို ချစ်စဖွယ်ဖြစ်အောင် ပံ့ပိုးပေးနေသည်။
သူမသည် ပေကျန်းသူတို့၏ ပုံစံအတိုင်း အသားဖြူဖြူ၊ လှလှပပ၊ ခြေတံရှည်ရှည်နှင့် အမိန့်ပေးတတ်သော ပုံစံမျိုးဖြစ်သည်။
စကားပြောနေရင်း ထိုဆံပင်တိုနှင့် မိန်းကလေးသည် ကျန်းရှောင်အနားသို့ လျှောက်လာကာ ကျန်းရှောင်၏ ခေါင်းကို အသာအယာ ပုတ်လိုက်ပြီး “နင်ကတော့ နင့်အစ်မကို ထပ်ပြီး စိတ်ဆိုးအောင် လုပ်လိုက်ပြန်ပြီ” ဟု ထပ်ပြောသည်။
သူမသည် စကားပြောရင်း ကျန်းရှောင်၏ ခေါင်းကို အကြိမ်အနည်းငယ် ပုတ်လိုက်သေး၏။
အလွန်အမင်း ဝေခွဲမရဖြစ်နေသော ကျန်းရှောင်က ‘ဘာတွေ ဖြစ်နေတာလဲ' ဟု တွေးတောနေမိသည်။
ဆံပင်တိုနှင့် မိန်းကလေးက...
"ဘာမျက်နှာပေးလဲ၊ နင် ငါ့ကို မမှတ်မိဘူးလား"
"ငယ်ငယ်တုန်းက ငါ နင့်ကို အရိုက်နည်းသေးလို့လား" ဟု ဆူပူလိုက်သည်။
ကျန်းရှောင် အတော်ကြာ စဉ်းစားပြီးနောက်တွင်မှ သူ၏ မှတ်ဉာဏ်ထဲ၌ သူမနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို ရှာတွေ့သွားသည်။
ရှယန်။
သူမသည် ဟန်ကျန်းရွှယ်၏ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ပြီး သူမ၏ မိသားစုနှင့် ဟန်ကျန်းရွှယ်တို့ မိသားစုမှာ အမြဲတစေ အဆက်အသွယ်ရှိခဲ့သည်။
ထို့ကြောင့် မိသားစုနှစ်ခုမှ ကလေးများ ရင်းနှီးကြသည်မှာ သဘာဝပင်။
ဟန်ကျန်းရွှယ်၏ စရိုက်မှာ အေးစက်ပြီး အပေါင်းအသင်း နည်းသော်လည်း၊ ရှယန်သည် သူမ၏ တစ်ဦးတည်းသော အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်ပုံရ၏။
ထို့အပြင် သူတို့သည် တကယ့်သူငယ်ချင်းကောင်းများ ဖြစ်ကြသည်။
ကျန်းရှောင်သည် ရှယန်ကို တစ်ချက်ကြည့်ပြီးနောက် ဟန်ကျန်းရွှယ်ကို လှည့်ကြည့်လိုက်သည်။
ရှယန်၏ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုမှာ တကယ့်ကို အားရစရာပင်။
ဤဒေါသကြီးသော မိန်းကလေးသည် ကျန်းရှောင်၏ မှတ်ဉာဏ်ထဲတွင် ထင်ရှားလှ၏။
အထူးသဖြင့် မူလတန်းကျောင်းတုန်းက ရှယန်သည် ကျောင်း၌ နာမည်ကြီးသော မိန်းကလေး လူမိုက်တစ်ဦး ဖြစ်ခဲ့သည်။
သူမသည် အခြားမိန်းကလေးများကဲ့သို့ ယဉ်ကျေးသိမ်မွေ့သူ မဟုတ်ခဲ့ပေ။
အလယ်တန်းကျောင်း တက်သည့်အခါမှသာ ရှယန်သည် မိန်းကလေးတစ်ယောက်ကဲ့သို့ နေထိုင်သင့်ကြောင်း သတိပြုမိလာခဲ့သည်။
ဆံပင်ကို အရှည်မထားသော်လည်း သူမ၏ ဒေါသများမှာ လျော့ပါးသွားခဲ့သည်။
အထက်တန်းကျောင်း ရောက်သောအခါ ထိုကြမ်းတမ်းသော လူမိုက်မလေးသည် လုံးဝ ပြောင်းလဲသွားပြီး အရွယ်ရောက်လာသည်နှင့်အမျှ ပို၍ မိန်းမဆန်လာခဲ့ခြင်း။
သူမသည် ယောကျ်ားလျာပုံစံမှ နတ်သမီးတစ်ပါးအဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
သို့သော် ကျန်းရှောင်ဖီသည် သူမနှင့် မူလတန်းတုန်းကသာ မကြာခဏ ထိတွေ့ခဲ့ရပြီး အလယ်တန်းတက်ပြီးနောက်ပိုင်းတွင် တွေ့ရခဲ၏။
ယခုကဲ့သို့ အခြေအနေမျိုးတွင် ရှယန်ကို ပြန်တွေ့ရလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားခဲ့ပေ။
သူမသည် တကယ်ကို လှပသော မိန်းမပျိုလေးတစ်ဦးအဖြစ် ဖူးပွင့်နေပြီ။
“ကလေးလေး၊ လွန်ခဲ့တဲ့ နှစ်ရက်က နင်နဲ့ နင့်အစ်မ Weibo ပေါ်မှာ ငါ့ကို စနောက်ခဲ့တာ ငါ မှတ်ထားတယ်နော်"
ရှယန်က ကျန်းရှောင်၏ ခေါင်းကို ကိုင်ကာ နားနားသို့ ကပ်၍ လေသံတိုးတိုးဖြင့် ပြောလိုက်၏။
‘ဟေ့လူ... နင်က ဒီနှစ်မှ ၁၈ နှစ်ပဲ ရှိသေးတာ၊ ငါ့ကို ဒီလိုမျိုး လာမြှူဆွယ်နေတာ သင့်တော်ရဲ့လား'
ကျန်းရှောင် ခေါင်းကို စောင်းလိုက်ပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။
'ဒီမိန်းကလေးက Weibo ပေါ်က ဟုန်းရန် ဆိုတဲ့ တစ်ယောက်လား'
'သူမက တကယ်ပဲ ဟန်ကျန်းရွှယ်အပေါ် အဲဒီလောက်တောင် အပိုင်စီးချင်တာလား၊
အထင်ကြီးစရာပဲ'
“ကောင်းပြီ၊ ငါလည်း စားစရာ ရှာနေတာနဲ့ အတော်ပဲ"
ရှယန်သည် ကျန်းရှောင်ကိုင်ထားသော အစားအစာများကို လုယူကာ မီးဖိုချောင်ထဲသို့ ဝင်သွားသည်။
“ဟန်ကျန်းရွှယ်၊ သူ ဒီမှာ ဘာလုပ်နေတာလဲ"
ဟု ကျန်းရှောင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ ကဲ... ခဏနေရင် ငါတို့ ထွက်ကြမယ်” ဟု ဟန်ကျန်းရွှယ်က အေးစက်စွာ ဖြေသည်။
“အင်း...နင်က ရှောင်ဖီကို ငါတို့ စွန့်စားခန်းမှာ အတူခေါ်မသွားဘူးလား"
ဟု ရှယန်က မီးဖိုချောင်ထဲမှ ခေါင်းပြူထွက်ကာ အံ့သြတကြီး မေးလိုက်သည်။
“စွန့်စားခန်း"
ကျန်းရှောင်က မေးသည်။
ရှယန်က “အေးလေ၊ ငါတို့ နှင်းတောထဲမှာ သွားပြီး ပျော်ပါးကြမလို့”
ကျန်းရှောင် ချက်ချင်း စိတ်လှုပ်ရှားသွားရ၏။
“နှင်းတော ဟုတ်လား"
ဟန်ကျန်းရွှယ်က...
"သူ့ကို မခေါ်ချင်တော့ဘူး၊ သူ အခု ပင်ပန်းပြီး အားနည်းနေပြီ” ဟု အေးစက်စွာ ပြောသည်။
ကျန်းရှောင်က “ကျွန်တော် အခု တကယ့်ကို အားအင်အပြည့်ပဲ” ဟု အလောတကြီး ပြောလိုက်သည်။
ဟန်ကျန်းရွှယ်က နှာခေါင်းရှုံ့လိုက်သည်။
သို့သော် ကျန်းရှောင် ခံစားမိသည်မှာ သူမသည် မာနကြီးပြီး စိတ်ထဲရှိသည်နှင့် ဆန့်ကျင်ဘက်ကို ပြောနေခြင်းသာ။
နာရီဝက်အကြာတွင် သူတို့ သုံးယောက်သည် ရှယန်၏ အနက်ရောင် ဂျစ်ကားပေါ်သို့ တက်လိုက်ကြသည်။
ဟန်ကျန်းရွှယ်အတွက်မူ ၎င်းမှာ သာမန် အနက်ရောင် ဂျစ်ကားတစ်စီးသာ ဖြစ်သော်လည်း၊ ကျန်းရှောင်ကမူ ၎င်းမှာ Land Rover Discovery 4 ဖြစ်ကြောင်း သိရှိသည်။
သူမသည် အသက် ၁၈ နှစ်သာ ရှိသေးသော်လည်း ဤကဲ့သို့ ခန့်ညားထည်ဝါသော ကားကြီးကို မောင်းနှင်နေခြင်းမှာ သူမ၏ စရိုက်က တကယ့်ကို အရိုင်းဆန်ကြောင်း ပြသနေ၏။
လမ်းခရီးတွင် ကျန်းရှောင်သည် ရှယန်နှင့် ပတ်သက်သမျှကို ပြန်လည် စဉ်းစားနေမိသည်။
ဝေဝါးနေသော မှတ်ဉာဏ်များမှတစ်ဆင့် ရှယန်၏ ဖခင်မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်း သူ သိလိုက်ရ၏။
အနက်ရောင် Discovery 4 ကားကြီးသည် တောင်ဘက်သို့ ဦးတည်မောင်းနှင်သွားပြီး ကျန်းပင်မြို၏ တောင်ဘက် ဆင်ခြေဖုံးအရပ်မှ ထွက်ခွာလာခဲ့သည်။
ကီလိုမီတာ ၇၀ ခန့် မောင်းနှင်ပြီးနောက် ကျေးရွာတစ်ရွာသို့ ရောက်ရှိလာသည်။
သို့သော် ရွာအဝင်တွင် စစ်သားအချို့က သူတို့ကို တားဆီးလိုက်သည်။
“ဒါ ဘာမြို့လဲ...ဒီမှာ စစ်အုပ်ချုပ်ရေးထုတ်ထားတာလား"
ကျန်းရှောင်သည် သူ၏ မှတ်ဉာဏ်ထဲတွင် ရှာဖွေကြည့်သော်လည်း ဘာမှ မမှတ်မိပေ။
“တိတ်တိတ်နေ"
ရှေ့ခန်းတွင် ထိုင်နေသော ဟန်ကျန်းရွှယ်က ကျန်းရှောင်ကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။
ရှယန်က ကျန်းရှောင်ကို သနားကရုဏာဖြင့် ကြည့်ကာ “သနားစရာကောင်းတဲ့ ဖီဖီလေး” ဟု မှတ်ချက်ပေးသည်။
“နင်လည်း ပါးစပ်ပိတ်ထား"
ဟန်ကျန်းရွှယ်က ဘေးနားရှိ ရှယန်ကို စိုက်ကြည့်လိုက်သည်။
ရှယန်မှာ လန့်သွားသလို ဖြစ်သွားပြီး ထိုအချိန်မှာပင် ပြတင်းပေါက် အပြင်ဘက်မှ စစ်သားများ၏ အသံကို ကြားလိုက်ရ၏။
“မစ္စရှ"
စစ်သားတစ်ဦး အနားသို့ လာကာ ကားထဲသို့ ကြည့်လိုက်ပြီးနောက် နောက်ကွယ်ရှိ ရဲဘော်များအား “သူတို့ကို ပေးဝင်လိုက်” ဟု ပြောလိုက်သည်။
ရှယန်က ပြုံးလျက် သူမ၏ သွယ်လျသော လက်ချောင်းနှစ်ချောင်းကို နားထင်၌တင်ကာ စစ်သားများကို နှုတ်ဆက်လိုက်သည်။
သူမသည် သူတို့နှင့် ရင်းနှီးပုံရ၏။
သူတို့၏ ကားသည် ရွာထဲသို့ မောင်းဝင်လာသောအခါ အိမ်များအားလုံး သော့ခတ်ထားပြီး ပြတင်းပေါက်များအားလုံး ပိတ်ထားသည်ကို ကျန်းရှောင် သတိပြုမိသည်။
လမ်းတွင် စစ်သားများ အုပ်စုလိုက် ကင်းလှည့်နေသည်ကိုလည်း မကြာခဏ တွေ့ရသည်။
ကျေးရွာ၏ အလယ်ဗဟိုသို့ ရောက်ရှိလာသည်နှင့်အမျှ လုံခြုံရေးမှာ ပို၍ တင်းကျပ်လာပုံရ၏။
ရှယန်သည် လမ်းတစ်လျှောက်လုံး သူမ၏ မျက်နှာကို ပြသလာခဲ့ပြီး နောက်ဆုံးတွင် ကျေးရွာကောင်စီရုံးရှေ့၌ ကားကို ရပ်လိုက်သည်။
“ကားပေါ်က ဆင်းပြီး အဆောက်အအုံထဲ ဝင်ကြစို့"
ရှယန်က ညွှန်ကြားချက်ပေးပြီး ကားပေါ်မှ ဆင်းလိုက်၏။
စစ်သားအချို့၏ လမ်းပြမှုဖြင့် သူတို့ သုံးယောက် အထဲသို့ ဝင်သွားရာ ပထမထပ်၏ အရှေ့ဘက်ခြမ်းတွင် လက်နက်ကိုင် စစ်သား ခြောက်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။
“သူတို့က ငါတို့နဲ့ အတူတူ လိုက်မှာလား" ဟု ဟန်ကျန်းရွှယ်က မျက်မှောင်ကြုတ်ကာ မေးသည်။
“နင်ပဲ ရှောင်ဖီကို ခေါ်လာချင်တယ်ဆို၊ သူ့ကို စောင့်ရှောက်ဖို့ လူပိုလိုမယ်လို့ ငါ ထင်လို့လေ” ဟု ရှယန်က ခနဲ့တဲ့တဲ့ ပြောလိုက်သည်။
"ဒီလူတွေ မနေ့ညက ဘီယာတစ်ဖာစီ သောက်ထားကြတာ၊ ဒီနေ့ ဘယ်လိုနေမလဲတောင် မသိဘူး"
ဟန်ကျန်းရွှယ်၏ အသံမှာ ပို၍ ကျယ်လောင်လာသည်။
"နင် ထပ်ပြီး အပြင်ထွက် သောက်ပြန်ပြီလား"
ရှယန်သည် အလောတကြီး ပါးစပ်ပိတ်လိုက်ပြီး ခြေလှမ်းကို မြန်မြန်လှမ်းလိုက်သည်။
“သနားစရာကောင်းတဲ့ ရှယန်လေး” ဟု ကျန်းရှောင်က စိတ်ရင်းဖြင့် မှတ်ချက်ပေးလိုက်သည်။
ထိုအချိန်တွင် ရှယန်က သူမနှင့် ဘဝတူဟု ထင်ရသော ကျန်းရှောင်ကို ပြန်လှည့်ကြည့်လိုက်သည်။
သူတို့နှစ်ယောက် တစ်ဦးကိုတစ်ဦး ကိုယ်ချင်းစာနေကြသည့်အလား...
“ငါတို့ လေးယောက်တစ်ဖွဲ့ ဖွဲ့ကြမယ်၊ ဒါဆို သူ့ကို ကာကွယ်ဖို့ လူလုံလောက်ပြီ"
"ဒီတစ်ခေါက်တော့ သူ့ကို နှင်းတောနဲ့ ရင်းနှီးအောင်ပဲ လုပ်ပေးမှာ၊ သိပ်အဝေးကြီး မသွားဘူး”
ဟု ဟန်ကျန်းရွှယ်က သူတို့၏ အပြုအမူကို လျစ်လျူရှုကာ ပြောလိုက်သည်။
“ကောင်းပြီ၊ နင့်သဘောအတိုင်းပဲ"
ရှယန်၏ အသံမှာ နူးညံ့ပျော့ပြောင်းသွားသည်။
သူမသည် လေထဲသို့ လက်ညှိုးထောင်လိုက်ပြီးနောက် တည်ကြည်သော မျက်နှာထားရှိသည့် ဗလတောင့်တောင့် စစ်သားတစ်ဦးကို ညွှန်ပြလိုက်သည်။
“ပီကာချူး...ငါ နင့်ကို ရွေးတယ်"
ထိုအရပ်ရှည်ရှည် စစ်သားသည် မျက်မှောင်ကြုတ်ကာ ရှေ့သို့ တစ်လှမ်းတိုးလာပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။
“ကျွန်တော့်နာမည်က ဖီကဲချိုး ပါ"
ကျန်းရှောင်မှာတော့ ဆွံ့အသွားရလေတော့သည်။
***