"နင် တကယ်သင်ချင်တာဆိုရင် ငါသင်ပေးမယ်၊ ဒါပေမဲ့ စည်းကမ်းတစ်ခုတော့ ရှိတယ်"
နောက်ကြည့်မှန်ကို တစ်ချက်ကြည့်ရင်း ရှယန်က သူမ၏ တောက်ပသော မျက်လုံးအစုံကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
"ဘာလဲ" ကျန်းရှောင်က မေးလိုက်၏။
"ငါ့ခြေထောက်ကို နွေးအောင်လုပ်ပေးရမယ်" ရှမန်က ပြုံးစိစိဖြင့် ပြောလိုက်သည်။
'ဒီကောင်မလေးက... ခြေထောက်နှိပ်ခိုင်းဖို့ကို တကယ်ပဲ စွဲလန်းနေတာလား'
ကျန်းရှောင်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်သွားသည်။
သူ ခဏတာတွေဝေသွားပြီးမှ "ဟား... မမခြေထောက်က လှမလှ အရင်ကြည့်ရသေးတာပေါ့"
"အဲဒီကျမှ ထပ်ပြောကြတာပေါ့" ဟု ပြန်ပြောလိုက်သည်။
သူ၏စကားကြောင့် ရှယန်နှင့် ဟန်ကျန်းရွှယ်တို့နှစ်ယောက်လုံး ဆွံ့အသွားကြသည်။
ရှယန်က သူ့ကို အထင်ကြီးသွားမိသည်။
သူမ စိတ်ထဲမှ 'တကယ် မထင်ထားမိဘူး၊ ငါက နေရာအနှံ့ရောက်ဖူးပြီး ဒီလိုထူးခြားတဲ့ စွမ်းရည်တွေကို ကျွမ်းကျင်ထားတာတောင် ဒီအရူးလေး ရှောင်ဖီကို မယှဉ်နိုင်သေးပါလား' ဟု တွေးနေမိသည်။
"ကျန်း...ရှောင်...ဖီ"
ဘေးထိုင်ခုံတွင် ထိုင်နေသော ဟန်ကျန်းရွှယ်က အော်လိုက်သည်။
သူမ၏ လေသံမှာ အေးစက်လွန်းလှသဖြင့် ကျန်းရှောင် တုန်တက်သွားရ၏။
ကျန်းရှောင် စကားမပြောနိုင်တော့ပေ။
သူက 'ငါ့ရုပ်ပိုင်းဆိုင်ရာက အသက် ၁၆ နှစ်ပဲ ရှိသေးပေမဲ့ တကယ်တော့ ငါက ၂၅ နှစ်ရှိနေပြီ'
'နင်တို့နှစ်ယောက်လုံးက ၁၈ နှစ်ပဲ ရှိသေးတာလေ' ဟု တွေးလိုက်သည်။
'ငါတို့အားလုံးက လူကြီးတွေပဲဥစ္စာ၊ ယဉ်ကျေးမှုတွေ ဘာတွေ အထူးတလည် ပြောနေဖို့ လိုလို့လား'
ကျန်းရှောင်သည် သူ၏ပြဿနာတစ်ခုကိုလည်း သတိထားမိလာသည်။
ကျန်းရှောင်ဖီ၏ စရိုက်နှင့် ပေါင်းစပ်သွားသောကြောင့် ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်၏။
သူသည် အရင်ကထက် ပို၍ လွတ်လွတ်လပ်လပ် နေချင်စိတ် ပေါက်နေမိသည်။
'ဒါပေမဲ့ ရပါတယ်၊ တစ်နေကုန် အငြိုးအတေးတွေ ထားနေတာထက်စာရင် အမြဲတမ်း ပျော်ပျော်ပါးပါး ကစားနေရတာက ပိုကောင်းတာပဲ'
ဟန်ကျန်းရွှယ် ပြောပြီးနောက် ကားထဲတွင် တိတ်ဆိတ်မှုများ လွှမ်းမိုးသွားသည်။
ကားမောင်းနေစဉ် ရှယန်က အခွင့်အရေးယူကာ နောက်ကြည့်မှန်မှတစ်ဆင့် ကျန်းရှောင်ကို ကြည့်လိုက်သည်။
အရှုံးမပေးချင်သော ရှယန်က လျှာလေးထုတ်ကာ နှုတ်ခမ်းကို ယှက်လိုက်ပြီး ကျန်းရှောင်ကို မျက်စိတစ်ဖက် မှိတ်ပြကာ ဆွဲဆောင်မှုရှိသော အမူအရာ လုပ်ပြလိုက်သည်။
"သူက ငါ့မောင်လေးနော်"
ပြတင်းပေါက်အပြင်ဘက်ကို ကြည့်နေရင်းမှ ဟန်ကျန်းရွှယ်က သတိပေးလိုက်၏။
သူမသည် ရှယန်၏ လှုပ်ရှားမှုတိုင်းကို သိနေပုံရ၏။
ရှယန်က မကျေမနပ်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ကျန်းရှောင်က နှုတ်ခမ်းစူလိုက်ပြီး 'မောင်လေးဖြစ်တော့ ဘာဖြစ်လဲ၊ အခုတော့ မောင်လေးပေါ့၊ နောင်ကျရင် အားလုံးကို စောင့်ရှောက်ပေးမဲ့ ဒယ်ဒီကြီး ဖြစ်လာမှာ' ဟု တွေးနေလိုက်သည်။
'လူတိုင်းကို ကုသပေးမဲ့ ဒယ်ဒီကြီးပေါ့'
ကားလေးသည် ဟွားယွမ်အိမ်ရာဂိတ်ဝတွင် ဖြည်းညင်းစွာ ရပ်လိုက်၏။
ဟန်ကျန်းရွှယ်က လှည့်ကြည့်ပြီး ငွေယွမ် ၅၀၀ ထုတ်ကာ ကျန်းရှောင်ကို ကမ်းပေးလိုက်သည်။
"ရှယန်ဆီက မုန့်ဖိုး မတောင်းနဲ့ဦး"
ကျန်းရှောင် ဘာမှပြန်မပြောနိုင်ခင်မှာပဲ...
"သူ့ရဲ့ အနီးကပ် တိုက်ခိုက်ရေးစွမ်းရည်က တကယ်ကို ထူးချွန်တယ်၊ အပင်ပန်းခံဖို့ မကြောက်နဲ့" ဟု ဆိုကာ ဟန်ကျန်းရွှယ်က သူမအိတ်ကပ်ထဲမှ ကြယ်တာရာ ပုတီးစေ့အချို့ကို ထုတ်ပေးလိုက်ပြန်သည်။
ခုနက တိုက်ပွဲတွင် သူတို့အဖွဲ့သည် ဘီလူးဖြူ ပုတီးစေ့ ခုနစ်စေ့နှင့် ဘီလူးဖြူစုန်းမ ပုတီးစေ့တစ်စေ့ ရရှိခဲ့သည်။
ကျန်းရှောင်က ဘီလူးဖြူစုန်းမ ကြယ်တာရာ ပုတီးစေ့ တစ်စေ့ ရရှိပြီး၊ ရှယန်က ဘီလူးဖြူပုတီးစေ့ လေးစေ့ ရကာ၊ ဟန်ကျန်းရွှယ်က ဘီလူးဖြူ ပုတီးနှစ်စေ့နှင့် စုန်းမ ပုတီးတစ်စေ့ ရရှိခဲ့သည်။
"လေ့ကျင့်နေတဲ့အချိန်မှာ ဒါတွေကို မချန်ထားနဲ့"
"လေ့ကျင့်တဲ့အချိန်က မင်းခန္ဓာကိုယ်အတွက် ကြယ်တာရာ စွမ်းအား စုပ်ယူဖို့ အကောင်းဆုံးအချိန်ပဲ"
"လေ့ကျင့်ခန်း ပြင်းထန်လာတာနဲ့အမျှ ကြယ်တာရာစွမ်းအား စုစုပေါင်းကလည်း တိုးလာလိမ့်မယ်"
"အားလုံး အဆင်ပြေသွားမှာပါ" ဟု ဟန်ကျန်းရွှယ်က တည်ငြိမ်စွာ ပြောရင်း ကားတံခါးကို ဖွင့်ကာ ဆင်းသွားသည်။
ကျန်းရှောင်သည် သူ့လက်ထဲရှိ ကြယ်တာရာ ပုတီးစေ့များကို ငေးကြည့်ရင်း စိတ်ထဲတွင် ရှုပ်ထွေးသွားရ၏။
ဟန်ကျန်းရွှယ်သည် စကားနည်းသူဖြစ်
သော်လည်း ကျန်းရှောင်နှင့် ရှယန်တို့နှင့်ဆိုလျှင် စကားများသူဟုပင် ဆိုနိုင်သည်။
သူမသည် သူတို့နှစ်ဦးအပေါ်တွင်ပင် ခံစားချက်ကို သိပ်မပြတတ်ပေ။
ထို့ကြောင့် သူမ အကြီးအကျယ် စိတ်ဆိုးနေသည်ဆိုလျှင် ကျန်းရှောင်ကြောင့်သာ ဖြစ်ပေလိမ့်မည်။
ဒါက ဟန်ကျန်းရွှယ်၏ စရိုက်ကို ဖော်ပြနေခြင်းပင်။
သို့သော်လည်း သူမသည် အသုံးမကျသော မောင်ဖြစ်သူအတွက် အစွမ်းကုန် ကြိုးစားပေးနေသည်။
အရင်က ကျန်းရှောင်ဖီက ဘယ်လောက်တောင် အသုံးမကျခဲ့သလဲ။
ကျန်းရှောင် ဒီကမ္ဘာကို ရောက်လာတာ လေးရက်ပဲ ရှိသေးပြီး အနည်းငယ် တိုးတက်လာတာကို မြင်ရရုံနှင့် ဟန်ကျန်းရွှယ်က သူ့အပေါ် ပြန်လည်မျှော်လင့်ချက် ထားနေပြီး ကူညီပေးဖို့ အစွမ်းကုန် ကြိုးစားနေရှာသည်။
ကျန်းရှောင် တကယ်ပဲ ဘာပြောရမှန်း မသိတော့ပေ။
သူ၏ ကြယ်တာရာစွမ်းအား အတတ်ပညာကို အဆင့်မြှင့်တင်ရန်အတွက် ဒီကြယ်တာရာ ပုတီးစေ့ကို အမှန်တကယ် လိုအပ်နေသည် မဟုတ်ပါလား။
ကျန်းရှောင် ခဏတာ မှင်သက်သွားပြီးနောက် နောက်ဆုံးတွင် 'မမ' ဟု မခေါ်နိုင်သေးဘဲ ကားတံခါးဖွင့်ကာ သူမနောက်ကို ပြေးလိုက်သွားသည်။
"ဟန်ကျန်းရွှယ်"
"ဟမ်" ဟန်ကျန်းရွှယ်က တင်းမာသော အမူအရာဖြင့် လှည့်ကြည့်သည်။
"ရှယန်နောက်ကို လိုက်သွား၊ နောက်မဆုတ်နဲ့...နောက်ရက်အနည်းငယ်ဆို ကျောင်းပြန်ဖွင့်ပြီ"
"ကျောင်းမဖွင့်ခင် တစ်ရက်အလိုမှာ ငါလာကြိုမယ်"
သူက 'ငါ့ကို ၅၀၀ တောင် ပေးထားတာပဲ၊ တက္ကစီစီးပြန်လို့ ရတာကို၊ ဘာလို့ လာကြိုနေဦးမှာလဲ'
'ငါက ကိုယ်လက်အင်္ဂါ စုံရုံတင်မကဘူး၊ ဘာလို့ လာကြိုဖို့ လိုနေသေးတာလဲ' ဟု တွေးလိုက်သည်။
"မမကို ပြောစရာ သတင်းကောင်းတစ်ခု ရှိတယ်" ကျန်းရှောင် စဉ်းစားကြည့်လိုက်ရာ အချို့အရာများကို ဖုံးကွယ်ထား၍ မရနိုင်ကြောင်း သိလိုက်သည်။
သူ၏ ကြယ်တာရာ စွမ်းအား အတတ်ပညာကို အဆင့်မြှင့်လိုက်သည်နှင့် ငွေအဆင့်ဖြစ်သွားသည်မှာ သေချာပေါက် ပေါ်လာမည်ဖြစ်သည်။
အနာဂတ်တွင် ရွှေအဆင့်ရောက်မှသာ ဆင်ခြေတွေ စဉ်းစားတော့မည်ဟု သူ ဆုံးဖြတ်လိုက်သည်။
"ဘာလဲ"
ဟန်ကျန်းရွှယ်က ဝန်မခံချင်သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျန်းရှောင်က သူမကို အံ့ဩစရာတွေ အများကြီး ပေးခဲ့သဖြင့် သူ၏ တိုးတက်မှုများကို မျှော်လင့်နေမိသည်။
ကျန်းရှောင်က ဟန်ကျန်းရွှယ်၏ နားနားသို့ တိုးကပ်ကာ "ကျွန်တော့်ရဲ့ ကြယ်တာရာ စွမ်းအား နည်းစနစ်ကို ငွေအဆင့်အထိ မြှင့်နိုင်လိမ့်မယ်လို့ ထင်တယ်" ဟု ခပ်တိုးတိုး ပြောလိုက်သည်။
ဟန်ကျန်းရွှယ်က ကျန်းရှောင်ကို စိတ်တိုတိုဖြင့် စိုက်ကြည့်လိုက်၏။
သို့သော် ကျန်းရှောင်၏ မျက်လုံးထဲတွင် ရိုးသားမှုကို သူမ မြင်လိုက်ရပြီး သူက နောက်ပြောင်နေခြင်း မဟုတ်မှန်း သိလိုက်ရသည်။
"နင် အတည်ပြောနေတာလား"
ဟန်ကျန်းရွှယ်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။
ကျန်းရှောင်က အလေးအနက် ခေါင်းညိတ်ပြပြီး...
"ဘီလူးဖြူရဲ့ ကြယ်တာရာ ပုတီးစေ့ကို စုပ်ယူပြီးတဲ့နောက်မှာ ကြယ်တာရာ စွမ်းအား အတတ်ပညာက ပိုအားကောင်းလာသလို ခံစားရတယ်" ဟု ရှင်းပြလိုက်သည်။
"မဖြစ်နိုင်တာ"
ဟန်ကျန်းရွှယ်က ခေါင်းခါလိုက်ပြီး "သန်မာချင်တဲ့ စိတ်ရှိတာ ကောင်းပါတယ်"
"ဒါပေမဲ့ ဟွားရှမှာ နေ့တိုင်း အဆင့်နိမ့် ကြယ်တာရာ ပုတီးစေ့တွေ စုပ်ယူနေတဲ့သူတွေ အများကြီးပဲ"
"ကြယ်တာရာ စွမ်းအား အတတ်ပညာရဲ့ အဆင့်တက်သွားတာမျိုး တစ်ခါမှ မရှိဖူးဘူး"
"ရှယန်နဲ့ ငါ့မှာလည်း ကြေးဝါအဆင့်ဖြစ်တဲ့ အစိမ်းရောင် အလင်းတန်း နဲ့ ခံနိုင်ရည် အတတ်ပညာတွေ ရှိတယ်"
"ငါတို့ စုပ်ယူခဲ့တဲ့ ဘီလူးဖြူ ကြယ်တာရာပုတီးစေ့တွေဆိုတာ နင်မြင်ဖူးတာထက်တောင် များဦးမယ်၊ ဒါက မဖြစ်နိုင်ဘူး"
ကျန်းရှောင်က ခေါင်းညိတ်ပြီး "ဒါက မဖြစ်
နိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်"
"ဒါပေမဲ့ တစ်နေ့ကျရင် ကျွန်တော့်ရဲ့ အတတ်ပညာတွေက ငွေအဆင့်ကို ရောက်သွားခဲ့ရင်၊ မမပဲ ကျွန်တော့်ကို ချောက်ကမ်းပါးထဲကနေ ပြန်ဆွဲတင်ပေးခဲ့ပြီး အခုလိုဖြစ်အောင် ပျိုးထောင်ပေးခဲ့တာဆိုတာကို မှတ်ထားပေးပါ"
ကျန်းရှောင်က ဆက်ပြီး အတင်းအကျပ် မရှင်းပြဘဲ ထိုကဲ့သို့ အံ့ဩစရာစကားများကို ပြောလိုက်သဖြင့် ဟန်ကျန်းရွှယ် ခဏတာ ဆွံ့အသွားရ၏။
"ကျောင်းဖွင့်တဲ့နေ့ကျရင်..."
ကျန်းရှောင်က နောက်သို့ ဆုတ်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။
"ငါတို့ စောင့်ကြည့်ကြတာပေါ့"
စိတ်မကောင်းဖြစ်နေသော မျက်လုံးများဖြင့် နောက်ဆုတ်သွားသော ကျန်းရှောင်ကို ကြည့်ရင်း ဟန်ကျန်းရွှယ်၏ အေးစက်သော မျက်နှာလေးတွင် အပြုံးတစ်ခု ပေါ်လာပြီး ခေါင်းညိတ်ပြလိုက်သည်။
"တောက်... တောက်..."
ရှယန်က လက်ထောက်ကာ မေးစေ့ကို လက်ဖဝါးပေါ်တင်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ကာ စိတ်ဝင်တစား တောက်ခေါက်နေသည်။
"ဟေး အရူးလေး၊ နင် နင့်အမကို ဘာပြောလိုက်လို့ သူ ပြုံးသွားတာလဲ"
ကျန်းရှောင် ကားထဲ ပြန်ဝင်လာတော့ ရှယန်က စပ်စုလိုက်သည်။
သူ့ပိုက်ဆံများနှင့် ကြယ်တာရာ ပုတီးစေ့များကို သိမ်းဆည်းရင်း "စနောက်နေရုံနဲ့ မရဘူးလေ၊ ကိုယ့်ရဲ့ ရိုးသားမှုကို ပြရတာပေါ့"
"သိလား...ရိုးသားမှု"
ရှယန်က ဂီယာကို ပြောင်းကာ လီဗာကို နင်းလိုက်ရင်း "အရူးလေး၊ နောက်ရက်အနည်းငယ်မှာ နင် ငါ့လက်ထဲမှာပဲ ရှိနေမှာဆိုတာ သိတယ်မလား"
"ဘာဖြစ်လို့လဲ"
ကျန်းရှောင်က ပုတီးစေ့များ သိမ်းဆည်းနေရင်းမှ ရပ်ကာ မေးလိုက်သည်။
"ဟဲဟဲ... ဘာမှမဟုတ်ပါဘူး၊ ပြောကြည့်တာ"
ရှယန်က စိတ်ဝင်တစားရှိနေပုံရ၏။
"ပူပူစပ်စပ် ဟော့ပေါ့ သွားစားရအောင်၊ ချန်းပေမှာ အရသာရှိတဲ့ ဟော့ပေါ့ဆိုင် တစ်ဆိုင်ရှိတယ်"
တစ်နာရီအကြာတွင် ကျန်းပင်မြို့လယ်ရှိ သာမန်လူနေအိမ်တစ်ခုအတွင်း။
သက်လတ်ပိုင်း ဇနီးမောင်နှံနှစ်ဦးသည် ညစာစားပြီးနောက် ဆိုဖာပေါ်တွင် သက်သောင့်သက်သာ ထိုင်ကာ တီဗီကြည့်နေကြ၏။
မတော်တဆ အချိန်တွင် ဖုန်းမြည်လာသဖြင့် ဇနီးဖြစ်သူက ဘေးရှိခင်ပွန်းကို တွန်းလိုက်သည်။
သူမ မျက်လုံးများကတော့ တီဗီဆီမှ မခွာပေ။
သူမသည် တီဗီဇာတ်လမ်းတွဲထဲမှ ယောက္ခမနှင့် ချွေးမကြားက ပြဿနာကို အလွန်စိတ်ဝင်စားနေပုံရ၏။
ခင်ပွန်းဖြစ်သူက ဖုန်းကို ကောက်ကိုင်လိုက်ပြီး နံပါတ်ကို ကြည့်ကာ စာကြည့်ခန်းထဲသို့ ထွက်သွားသည်။
ဖုန်းအခြားတစ်ဖက်မှ ဆွဲဆောင်မှုရှိသော အသံနိမ့်နိမ့်ဖြင့် "ဆရာ" ဟု ခေါ်လိုက်သည်။
သက်လတ်ပိုင်းအမျိုးသားက တံခါးပိတ်လိုက်ပြီး "ဘာကိစ္စလဲ" ဟု မေးလိုက်သည်။
"သခင်မလေး ကျန့်နန်ရွာကနေ ဘေးကင်းကင်းနဲ့ ပြန်ရောက်ပါပြီ၊ အခု အိမ်မှာပါ"
အမျိုးသားက လက်ခံကြောင်း ပြောလိုက်သည်။
"သခင်မလေးနဲ့အတူ ကောင်လေးတစ်ယောက် ပါလာတယ်"
အမျိုးသား အံ့ဩသွားပြီး "ကောင်လေး" ဟု မေးလိုက်သည်။
"ဟုတ်ကဲ့၊ ဟန်မိသားစုက ကောင်လေးပါ"
အမျိုးသား၏ မျက်နှာ တင်းမာသွားပြီး မကျေမနပ်ဖြင့် "အဲဒီ အသုံးမကျတဲ့ ကျန်းရှောင်ဖီလား"
"ဟုတ်ပါတယ်"
အမျိုးသား၏ အမူအရာ ပြောင်းလဲသွားပြီး ဖုန်းကို ချက်ချင်း ချလိုက်သည်။
သူ ဧည့်ခန်းထဲ ပြန်ရောက်လာသောအခါ ဇနီးဖြစ်သူက ဇာတ်လမ်းကို အာရုံစိုက်နေဆဲ။
"ဘာကိစ္စလဲ"
"မင်းသမီးက အိမ်ကို ကောင်လေးတစ်ယောက် ခေါ်လာတယ်"
ဇနီးဖြစ်သူက ကိုယ်ကို မတ်လိုက်ပြီး ခင်ပွန်းဖြစ်သူကို ကြည့်ကာ...
"ကောင်လေးက ဘယ်လိုလဲ...ရုပ်ရည်ရော၊ စရိုက်ရော ဘယ်လိုရှိလဲ" ဟု ခပ်တိုးတိုး မေးလိုက်သည်။
"ကျန်းရှောင်ဖီတဲ့"
အမျိုးသမီး၏ မျက်လုံးများ ပြူးသွားပြီး ခဏကြာမှ သတိဝင်လာသည်။
ခုနကလို နူးညံ့သိမ်မွေ့သော အမူအရာ ပျောက်သွားပြီး...
"ရှရှန်းဟိုင်...ဒီပတ်သက်မှုကို ကျွန်မ လုံးဝ သဘောမတူဘူး" ဟု ပြတ်ပြတ်သားသား အော်လိုက်၏။
ရှရှန်းဟိုင် ဆွံ့အသွားရလေသည်။
***