"ကျန်းပင်မြို့၊ ဟွားရှရဲ့ မြို့ပြခရိုင်... အထင်ကြီးစရာပဲ..."
ကျန်းရှောင်သည် အိမ်ရာဝင်း၏ ခန့်ညားထည်ဝါသော ဂိတ်တံခါးကြီးကို ကြည့်ပြီး တချောက်
ချောက်ဖြင့် ရင်ထဲမှ သက်ပြင်းချမိသည်။
သူမသည် တကယ့်ကို သူဌေးသမီးတစ်ယောက်ပဲ ဖြစ်သည်။
ထိုအဆင့်မြင့်အိမ်ရာဝင်းသည် တောင်စောင်းပေါ်တွင် တည်ရှိလေ၏။
အိမ်ရာထဲသို့ ဝင်လိုက်သည်နှင့် သစ်ပင်ပန်းမန်များ ဝေဆာနေသော လမ်းဘေးတစ်လျှောက် ဖြတ်ကျော်လာပြီးနောက် အိမ်ခြေအချို့နှင့် အဆောက်အဦအချို့ကို ကျန်းရှောင် မြင်လိုက်ရသည်။
လမ်းဘေးဝဲယာတွင်လည်း ပန်းများ ပွင့်လန်းနေသည်ကို သူ သတိပြုမိသည်။
ရှယန်သည် အိမ်ရာပန်းခြံအတွင်းရှိ တောင်တုများနှင့် ရေပန်းများကို ကျော်ဖြတ်ပြီးနောက် နောက်ဆုံးတွင် ဘန်ဂလိုအိမ်၏ ဝင်းထဲသို့ ကားမောင်းဝင်လိုက်သည်။
ဂိုဒေါင်တံခါး ဖြည်းဖြည်းချင်း ပွင့်လာသည်နှင့်အမျှ ကျန်းရှောင်သည် မတတ်သာသလို ခေါင်းခါလိုက်မိ၏။
'ဒီမှာ ကားတစ်စီး ရှိသေးတာပဲ'
ဟန်ကျန်းရွှယ်သာဆိုလျှင် ဂိုဒေါင်ထဲ၌ နောက်ထပ် ကားလေးတစ်စီး ရှိနေသည်ဟုသာ ထင်ပေလိမ့်မည်။
သို့သော် ကျန်းရှောင်ကမူ ၎င်းမှာ Porsche 911 တစ်စီးဖြစ်ကြောင်း သိနေ၏။
ရှယန် မောင်းလာသော Land Rover သည် ထို Porsche နှင့် ယှဉ်လိုက်လျှင် ရိုးရိုးစင်းစင်းနှင့် လူမသိသူမသိ ပုံစံမျိုး ဖြစ်သွားသည်။
ကျန်းရှောင်သည် ဟော့ပေါ့နံ့ကို အတတ်နိုင်ဆုံး အောင့်အည်းသည်းခံကာ ကားပေါ်မှ ဆင်းလိုက်၏။
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း သူက "မမက ဘယ်လောက်တောင် ချမ်းသာတာလဲ" ဟု မေးလိုက်သည်။
ထိုစဉ် ရှယန်သည် ကားမောင်းသူနေရာမှ ဆင်းလာပြီး အေးဆေးစွာဖြင့် "ပိုက်ဆံရှိတာက တကယ်ပဲ ပျော်စရာကောင်းတယ်လို့ မင်းထင်သလား" ဟု မေးသည်။
ကျန်းရှောင်က "ဟင်" ဟု ပြန်မေးမိသည်။
ရှယန်သည် လျှောက်လာပြီး ကျန်းရှောင်၏ ပခုံးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ တည်တည်တံ့တံ့ဖြင့်...
"မင်း မှားနေပြီ၊ ချမ်းသာတဲ့သူတွေရဲ့ ပျော်ရွှင်မှုက ဘယ်လိုမျိုးလဲဆိုတာ မင်း ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး"
ကျန်းရှောင် ဆွံ့အသွားသည်။
ရှယန်၏ နေအိမ်နှင့် ကားများကို ကြည့်ခြင်းအားဖြင့် သူမ၏ မိသားစုသည် တကယ်ပင် ကြွယ်ဝချမ်းသာကြောင်း သူ သိနိုင်သည်။
သို့သော် ထိုကားများသည် တကယ့် ဘီလျံနာသူဌေးကြီးများအတွက်မူ ဘာမှမဟုတ်ပေ။
အများဆုံး ယွမ်သန်းဂဏန်းသာ တန်ကြေးရှိပြီး ယွမ်သန်းပေါင်း ဆယ်ချီ၊ ရာချီတန်သည့် တကယ့် ဇိမ်ခံကားကြီးများအဆင့် မမီသေးပေ။
သို့သော် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို ကုသပေးပြီး ပိုက်ဆံရှာနေရသော ဆင်းရဲသား ကျန်းရှောင်အတွက်မူ ချမ်းသာသူနှင့် အလွန်အမင်း ချမ်းသာသူကြားတွင် ဘာမှ မကွာခြားလှပေ။
"ဒါတောင်မှ တစ်ပွဲကို ခုနစ်ယွမ်ပဲတန်တဲ့ ဟော့ပေါ့ကို ကျွန်တော့်ကို ကျွေးခိုင်းသေးတယ်"
ကျန်းရှောင်က ပခုံးတွန့်ရင်း စက်ဆုပ်ရွံရှာဟန်
ဖြင့် ပြောလိုက်သည်။
ကံမကောင်းစွာဖြင့် ရှယန်၏ လက်ကို သူ ခါထုတ်၍ မရခဲ့ပေ။
"ဒါက အသစ်အဆန်းလေးမို့လို့ပါ၊ အိမ်က ကျွေးတဲ့ အစားအစာတွေကို ငါ ငြီးငွေ့နေပြီ၊ ဒါကြောင့် ငါစားချင်တာ ငါစားတာပဲ"
ရှယန်သည် ကားသော့ကို သူမ၏ ရှည်လျားသွယ်လျသော လက်ချောင်းလေးတွင် လှည့်ပတ်ကစားရင်း သီချင်းတညည်းညည်းဖြင့် ဂိုဒေါင်ထဲမှ ထွက်လာခဲ့သည်။
သူမ၏ သွယ်လျသော ကိုယ်လုံးလေးကို ကြည့်
ရင်း ကျန်းရှောင်က ခေါင်းခါကာ...
"တကယ်ပဲ၊ အားသာချက်တစ်ခုရှိရင် အားနည်းချက်တစ်ခု ရှိစမြဲပဲ" ဟု ရေရွတ်လိုက်သည်။
"ဟင်" ရှယန့် ရပ်တန့်သွားပြီး ကျန်းရှောင်ဘက်သို့ လှည့်ကာ ရန်လိုသော အကြည့်ဖြင့် "ဘာဖြစ်လို့လဲ" ဟု မေးလိုက်၏။
ကျန်းရှောင်က ခေါင်းခါရင်း သက်ပြင်းချကာ...
"မမမှာ ပိုက်ဆံတွေရှိလာပြီး စိတ်ညစ်စရာတွေ ပျောက်ဆုံးကုန်တာကို ပြောတာပါ"
ရှယန်နှုတ်ဆိတ်နေသည်။
ကျန်းရှောင်က ဆက်ပြီး
"မမ...ကျွန်တော်နဲ့ တွဲဖို့ စိတ်ဝင်စားလား" ဟု မေးလိုက်သည်။
ရှယန်က စိတ်မရှည်သလို လက်ဟန်ပြကာ ကျန်းရှောင်ကို လိုက်ခဲ့ရန် ခေါ်လိုက်သည်။
"မင်းရဲ့ ပါးစပ်က တကယ့်ကို ပုပ်စပ်စပ်
ပဲ...ဝါးလုံးသဖွယ် ပိန်လှီနေတာကို"
"နောက်နှစ်နှစ်လောက်နေပြီး အရွယ်ရောက်လာမှ ငါ့ကို လာပြောစမ်းပါ"
"ခုနက မင်းပခုံးကို ငါ အားပြင်းပြင်းနဲ့ မပုတ်ရဲတာက မင်း လဲကျသွားပြီး ပြန်မထနိုင်မှာ စိုးလို့"
ကျန်းရှောင် တိတ်တဆိတ် ခေါင်းညိတ်လိုက်
သည်။
သူက 'ဟုတ်သားပဲ၊ ဒဏ်ရာရချင်ယောင်ဆောင်တာက ရွေးချယ်စရာကောင်းတစ်ခုပဲ' ဟု တွေးလိုက်၏။
ကျန်းရှောင်သည် ရှယန်နောက်မှ အိမ်ကြီးထဲသို့ လိုက်ဝင်သွားရာ ဝင်ဝင်ချင်းတွင်ပင် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် ဆုံသည်။
"အန်တီကျိုး၊ မြေအောက်ထပ်မှာ အိပ်ရာအိတ်
တစ်ခု သွားချထားလိုက်ပါ"
"သူ့နာမည်က ကျန်းရှောင်ဖီ၊ သူက ဒီနေ့ကစပြီး ငါတို့ မြေအောက်ထပ်မှာ နေလိမ့်မယ်"
ဟု ရှယန်က မှာကြားပြီး တံခါးနားရှိ ဗန်းထဲသို့ ကားသော့ကို ထည့်လိုက်သည်။
ကျန်းရှောင်သည် ရှေ့က အမျိုးသမီးကို ကြည့်ပြီး သူမသည် အိမ်အကူဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်မလေး" အန်တီကျိုးက ပြန်ဖြေပြီး ထွက်သွားလေ၏။
ထိုစကားပြောသံ ခပ်တိုတိုကို နားထောင်ခြင်းဖြင့် ၎င်းတို့နှစ်ဦးသည် အလုပ်ရှင်နှင့် အလုပ်သမား သက်သက်သာဖြစ်ကြောင်း ကျန်းရှောင် သိလိုက်သည်။
သူတို့သည် ရင်းနှီးပုံမရပေ။
"မမ ဒီမှာ တစ်ယောက်တည်း နေတာဆို"
ကျန်းရှောင်က အံ့သြတကြီး မေးသည်။
ရှယန်က ခေါင်းညိတ်ပြီး "အင်းလေ၊ အန်တီကျိုးနဲ့ပေါ့၊ သူမရဲ့ လက်ရာက အရမ်းကောင်းတယ်"
"မင်း ဆိတ်သားစွပ်ပြုတ်နဲ့ ဆိတ်သားစားချင်နေတာ မဟုတ်လား"
"မနက်ဖြန် သူမကို ချက်ခိုင်းလိုက်မယ်"
"မမမှာ အခန်းပေါင်း သောင်းချီရှိနေတာကို ကျွန်တော့်ကို မြေအောက်ထပ်မှာ အိပ်ခိုင်းတာလား"
ကျန်းရှောင်က မတတ်သာသလို ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။
"မင်းက တက်ကြွလွန်းတယ်၊ ဖွံ့ဖြိုးဖို့အတွက် သင့်တော်တဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်တယ်"
"နောက်ရက်အနည်းငယ်မှာ မင်းက ပြင်ပကမ္ဘာနဲ့ လုံးဝ အဆက်အသွယ် ပြတ်နေလိမ့်မယ်"
ရှယန်သည် ရွှင်မြူးတတ်သူဖြစ်သည်။
ခရီးတစ်လျှောက်လုံး ကျန်းရှောင်နှင့် စကားနိုင်လုခဲ့သော်လည်း သူမတွင် ကိုယ်ပိုင် ရည်ရွယ်ချက်ရှိပြီး အစီအစဉ်အတိုင်း လုပ်ဆောင်နေခြင်းပင်။
"ဒါက..."
ကျန်းရှောင်သည် ဇိမ်ခံအလှဆင်ပစ္စည်းများကို လိုက်ကြည့်နေသော်လည်း ပတ်ဝန်းကျင်ကို အသားမကျခင်မှာပင် ရှယန်က သူ၏ မျက်လုံးများကို လာဖုံးလိုက်သည်။
ရှယန်သည် ကျန်းရှောင်၏ မျက်လုံးများကို ဖုံးကာ တွန်းရွှေ့ခေါ်ဆောင်သွားသည်။
"မကြည့်နဲ့၊ ဒါတွေက လက်တွေ့မကျတဲ့ စိတ်ကူးယဉ်မှုတွေပဲ"
"မင်းရဲ့ ဘဝမှာ ဒါတွေကို ဘယ်တော့မှ ပိုင်ဆိုင်ရမှာ မဟုတ်ဘူး"
ထိုစဉ် တစ်စုံတစ်ယောက်က "လှေကားထစ်တွေကို သတိထားပါ" ဟု ပြောသံကို သူကြားလိုက်ရ၏။
"အန်တီကျိုး...ဘာလို့ သူ့ကို ပြောပြတာလဲ"
ရှယန်က ဒေါသတကြီး ခြေဆောင့်ကာ မကျေမနပ် ဟောက်လိုက်သည်။
ကျန်းရှောင်သည် လှေကားထစ်များအတိုင်း ဂရုတစိုက် ဆင်းသွားရင်း "ဟင်း... မိန်းမတွေ" ဟု ညည်းတွားလိုက်သည်။
ရှယန်က လက်ကို ဖယ်လိုက်သောအခါ သူတို့နှစ်ဦးသည် မြေအောက်ထပ်ဟု ခေါ်သော နေရာသို့ ရောက်ရှိနေပြီ။
ကျန်းရှောင် စိတ်ကူးထားသလို မှောင်မည်း စိုထိုင်းနေခြင်း မရှိပေ။
ထိုအစား အိမ်မှာထက် ပိုမိုစုံလင်သော လေ့ကျင့်ရေးခန်းမတစ်ခုနှင့် တူနေသည်။
၎င်းသည် စတုရန်းမီတာ ၁၀၀ ခန့် ကျယ်ဝန်းပြီး လေ့ကျင့်ရေး ကိရိယာအားလုံးကို ဘယ်ဘက်ခြမ်းတွင် စနစ်တကျ ပြသထားသည်။
ညာဘက်တွင်မူ ရှစ်မြှောင့်ပုံစံ လှောင်အိမ်တစ်ခု ရှိနေသည်။
ထိုရှစ်မြှောင့်ပုံစံ လှောင်အိမ်သည် ကျန်းရှောင်၏ ယခင်ကမ္ဘာတွင် တီဗီထဲ၌သာ မြင်ဖူးသည့် အရာဖြစ်သည်။
၎င်းသည် လေးထောင့်ပုံစံ လက်ဝှေ့စင်မဟုတ်ဘဲ အေးစက်စက် ရှစ်မြှောင့်လှောင်အိမ်ကြီး ဖြစ်၏။
၎င်းက ကျန်းရှောင်အား UFC ကိုယ်ခံပညာ ပေါင်းစုံ ပြိုင်ပွဲများကို သတိရစေသည်။
အခန်းသည် ဝါကျင်ကျင် မီးသီးအနည်းငယ်ဖြင့် မှိန်ပျပျ လင်းနေလျက်။
သာမန် ပေကျန်းမြို့သားတစ်ယောက်ဆိုလျှင်
'ဒီနေရာကို လင်းထိန်သွားအောင် မီးချောင်းကြီးတွေ ဘာလို့ မတပ်တာလဲ၊ ဒီလောက် မှောင်နေအောင် လုပ်ထားတာ ဘာထူးမှာလဲ' ဟု ပြောကြပေလိမ့်မည်။
အရေးကြီးဆုံးမှာ ထိုနေရာတွင် ပြတင်းပေါက်မရှိခြင်းပင် ဖြစ်သော်လည်း ၎င်းမှာ ယုတ္တိတန်ပါသည်။
မှိန်ပျပျ အခန်းထဲတွင် အေးစက်စက် ရှစ်မြှောင့်
ပုံစံ လှောင်အိမ် နှင့် လေ့ကျင့်ရေး ကိရိယာပုံကြီးကို ရင်ဆိုင်ရင်း ကျန်းရှောင်သည် တစ်နည်းတစ်ဖုံ စိတ်ဓာတ်ကျသလို၊ ဖိနှိပ်ခံရသလို ခံစားလိုက်ရ၏။
"နောက်ရက်အနည်းငယ်မှာ မင်း ဒီမှာ နေရမယ်၊ ထမင်းလည်း ဒီမှာပဲ လာပို့ပေးလိမ့်မယ်"
"ဒီမှာ သီးသန့် ရေချိုးခန်းလည်း ရှိတယ်"
ရှယန်သည် မြေအောက်လေ့ကျင့်ရေးခန်း၏ ပုံစံကို ခါးထောက်ကြည့်ရင်း ဂုဏ်ယူနေပုံရသည်။
သူမက ဆက်ပြီး "ကျောင်းက စက်တင်ဘာ ၁ ရက်နေ့မှာ ပြန်ဖွင့်မယ်"
"အဲဒီအချိန်ကျရင် မင်းရဲ့ ကြံ့ခိုင်မှုကို ကြည့်ရမယ်၊ မင်း ကောင်းကောင်း လုပ်နိုင်ရင် ကျောင်းက စစ်သင်တန်း မတက်ရအောင် ငါ ခွင့်တိုင်ပေးမယ်"
ကျန်းရှောင်၏ မျက်လုံးများ တောက်ပသွားပြီး "စစ်သင်တန်း မတက်ရဘူးလား" ဟု မေးသည်။
ရှယန်က ပြုံးလျက် "မင်း ဒီမှာ ဘယ်လောက် ကောင်းကောင်း လုပ်နိုင်မလဲ ဆိုတာပေါ်မှာ မူတည်တယ်"
"မင်းအစ်မကို ဖုန်းဆက်ပြီး ဘေးကင်းကြောင်း ပြောလိုက်ဦး...ဒီမှာ သီးသန့် လေ့ကျင့်နေမယ်လို့လည်း ပြောလိုက်"
"အိုကေ" ကျန်းရှောင်က ဖုန်းထုတ်လိုက်သည်။
မြေအောက်ထပ် ဖြစ်သော်လည်း ဖုန်းလိုင်းက တော်တော်ကောင်းနေသေးသည်။
မဆိုးပါဘူး ဟု သူတွေးလိုက်သည်။
လူငယ်များအတွက် ဖုန်းနှင့် လိုင်းရှိနေသရွေ့ ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်သည်ဟု မယူဆနိုင်ပေ။
သူသည် ဟန်ကျန်းရွှယ်ကို ဖုန်းဆက်ပြီး ဘေးကင်းကြောင်း အကျဉ်းချုံး ပြောပြလိုက်၏။
ကံမကောင်းစွာဖြင့် အေးစက်လှသော ဟန်ကျန်းရွှယ်က ဘာမှ ထူးထူးခြားခြား ပြန်မပြောဘဲ ကျန်းရှောင်ပြောသမျှကို အင်း၊ အဲ လုပ်ကာ ဖုန်းချလိုက်သည်။
တကယ့်ကို နှလုံးသားမရှိသူပဲ။
ကျန်းရှောင် ဖုန်းချလိုက်သည်နှင့် ရှယန်က ချက်ချင်း လုယူလိုက်၏။
"ဘာဖြစ်လို့လဲ" ကျန်းရှောင်က ကြောင်တောင်တောင်ဖြင့် မေးသည်။
ရှယန်သည် ဖုန်းကို ကိုင်ထားရင်း လက်ညှိုးကို ထောင်ပြကာ လေ့ကျင့်ရေး ကိရိယာများကို ဝေ့ကြည့်ပြီး "ဒီနေ့ကစပြီး ဒါတွေက မင်းရဲ့ ကစားစရာတွေပဲ" ဟု ပြောလိုက်သည်။
'ငါ့ဖုန်း အသိမ်းခံလိုက်ရတာလား'
'ကျောင်းတောင် မတက်ရသေးဘူး၊ ဆရာ့ရဲ့ လွှမ်းမိုးမှုကို ခံစားနေရပြီလား'
"မနက်ဖြန် ကျရင် နည်းပြတစ်ယောက် လာလိမ့်
မယ်...သူက မင်းကို လေ့ကျင့်ခန်း လုပ်ပေးပြီး အခြေခံတွေကို သင်ပေးလိမ့်မယ်"
"အဝတ်အစားနဲ့ အစားအသောက်တွေကို အချိန်မှန် ပို့ပေးမယ်...ထွက်ပြေးဖို့ မကြိုးစားနဲ့၊ မင်း ဝေးဝေး မပြေးနိုင်ဘူး"
"ဒီတံခါးကို အမြဲ သော့ခတ်ထားမယ်၊ အစိမ်းရောင်အလင်းတန်းနဲ့လည်း တံခါးကို ခွဲဖို့ မကြိုးစားနဲ့၊ ဘာလို့လဲဆိုတော့ မင်း အလျော်မပေးနိုင်လို့ပဲ"
ရှယန်သည် လှေကားပေါ်သို့ ပြန်တက်သွားသည်။
တံခါးရှေ့တွင် ရပ်ကာ "ဒါပဲ ပြောစရာ ရှိတယ်၊ အကောင်းဆုံး ကြိုးစားပါ" ဟု ပြောလိုက်သည်။
"အော်၊ ဒါနဲ့"
တစ်ခုခုကို သတိရသွားသလို ရှယန်သည် အိတ်ကပ်ထဲမှ ဘီလူးဖြူ ကြယ်တာရာ ပုတီးစေ့နှစ်စေ့ကို ထုတ်ကာ ကျန်းရှောင်ကို ပေးလိုက်သည်။
နှင်းတောထဲတွင် ရှယန်သည် ကြယ်တာရာ ပုတီးစေ့ လေးစေ့ ရရှိခဲ့ရာ ၎င်းတို့အနက် နှစ်စေ့ကို ဘီလူးဖြူများကို သတ်ဖြတ်စဉ် စုပ်ယူပြီး ကြယ်တာရာ စွမ်းအားမြှင့်တင်ခဲ့သည်။
ကျန်ရှိသော နှစ်စေ့ကို မသုံးဘဲ ကျန်းရှောင်ကို ပေးလိုက်ခြင်း။
"ကျေးဇူးပဲ၊ မမက..."
ကျန်းရှောင်သည် လှေကားထိပ်တွင် ရပ်နေသော ရှယန်ကို မော့ကြည့်ရင်း...
"မမက ကျွန်တော့်ကို ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ" ဟု မေးလိုက်သည်။
"သူ့မောင်က ငါ့မောင်ပဲလေ၊ ပြီးတော့ ဒါတွေက ငါ့အတွက် သိပ်မထူးခြားတော့ဘူး"
ရှယန်က လက်ကာပြကာ တံခါးကို ချက်ချင်း ပိတ်လိုက်သည်။
တံခါး သော့ခတ်သံကို ကြားရသောအခါ ကျန်းရှောင်က သက်ပြင်းချရင်း 'ငါက ဟန်ကျန်းရွှယ်ရဲ့ မောင်ဖြစ်နေလို့လား၊ တကယ်ပဲ အဲဒီအကြောင်းပြချက် တစ်ခုတည်းလား' ဟု တွေးနေမိသည်။
ရှယန်သည် တံခါးမှ မထွက်သွားသေးပေ။
သူမသည် တံခါးကို ကျောမှီရင်း ပြုံးကာ ခေါင်းခါလိုက်သည်။
"ငါ့ရဲ့ အစီအစဉ်ကို မင်း အကောင်အထည်ဖော်ပေးနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်"
ထိုအစီအစဉ်တွင် အဖွဲ့၊ ကျောင်းနှင့် အထက်တန်း တတိယနှစ်တို့ ပါဝင်သည်။
၎င်းသည် သူမ၏ အနာဂတ်နှင့်လည်း သက်ဆိုင်နေခြင်း။
လောလောဆယ်တွင် သူမ ထိုအကြောင်းများကို ပြောပြမည်မဟုတ်ပေ။
ရှယန်သည် သက်ပြင်းချကာ ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။
သူမတွင် ဒုတိယ ရည်ရွယ်ချက် တစ်ခု ရှိသေးသည်။ ၎င်းမှာ...
ရှယန်သည် ကျန်းရှောင်၏ ဖုန်းကို စိတ်လှုပ်ရှားစွာ ထုတ်လိုက်သည်။
သူမသည် ဖန်သားပြင်ကို ပွတ်ဆွဲရင်း နောက်ဆုံးတွင် Weibo ကို တွေ့သွားသည်။
သူမ နှိပ်လိုက်၏
တကယ်ပင်၊ လျှို့ဝှက်ကုဒ် ရိုက်ထည့်စရာ မလိုဘဲ တိုက်ရိုက် ဝင်သွားသည်။
ရှယန်၏ မျက်နှာတွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာပြီး သူမ၏ ဦးခေါင်းတွင် မိစ္ဆာဦးချိုနှစ်ခု ပေါက်လာသကဲ့သို့ပင်။
'ကျန်းရှောင်ဖီ လူဆိုးလေး၊ ဟဲဟဲ၊ ကွေးညွတ်သွားတဲ့ လမ်းကြောင်းနဲ့ နိုင်ငံတော်ကို ကယ်တင်မယ့် နေ့ရက်တွေ စတင်တော့မယ်'
ရှယန်သည် ကျန်းရှောင်ဖီ၏ Weibo ကို ကြည့်လိုက်ရာ ပို့စ်တစ်ခုသာ ရှိသေးသည်ကို တွေ့ရသည်။
ရှယန်အတန်ကြာ တွေးတောပြီး စာရိုက်လိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ဟွားယွမ်အိမ်ရာဝင်းအတွင်းရှိ နေအိမ်တစ်ခုမှ ဖုန်းအသိပေးသံ ထွက်ပေါ်လာ၏။
ဟန်ကျန်းရွှယ်သည် ရေချိုးပြီးခါစဖြစ်၍ သူမ၏မျက်နှာမှာ နီမြန်းကာ မျက်လုံးများမှာ ဝေဝါးနေသည်။
၎င်းမှာ သူမ၏ လူမသိသူမသိ အလှတရားတစ်ခု ဖြစ်သည်။
သူမသည် လက်တစ်ဖက်ဖြင့် ဆံပင်များကို သုတ်ရင်း ဖုန်းကို ကောက်ကိုင်လိုက်သည်။
'ကျန်းရှောင်ဖီ-ဆိုးသလား-မဆိုးဘူးလား
Huawei Maimang C199 မှ ပို့စ်တင်ခဲ့သည်'
"သူမနဲ့အတူ အိမ်လိုက်ခဲ့ရလို့ အရမ်းပျော်တာပဲ၊ အစ်မက အသားဖြူဖြူ ခြေတံရှည်ရှည်လေးနဲ့ တကယ် လှတယ်"
စာကြွင်း : ဒါက အစ်မရှယန်ကို စပြီး သဘောကျမိတဲ့ ပထမဆုံးနေ့ပါပဲ။
"ကျန်း...ရှောင်...ဖီ"
ဟန်ကျန်းရွှယ်သည် သူမ၏ ညာဘက်လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ သူမ၏ဖုန်းလေးမှာ ကြေမွသွားလုနီးပါးပင်...