တစ်ချိန်တည်းမှာပင် သူသည် ထိုအချက်ကို လက်တွေ့ ကိုယ်တိုင် နားလည်သွားခဲ့သည်။ မိုးကြိုးများကြားတွင် အတွေးစများမှာ အေးအေးလူလူ လမ်းလျှောက်နေပြီး မိုးကြိုး၏ သန့်စင်သော ‘ချီ’ စွမ်းအင်များကို ဝါးမြိုနေခြင်းမှာ လမ်းလျှောက်နေရသကဲ့သို့ သို့မဟုတ် မနက်စာ စားနေရသကဲ့သို့ပင် ရိုးရှင်းလှပေသည်။ ဤသည်မှာ ‘အသိပညာကို ကြွယ်ဝစွာ စုဆောင်းပြီးမှ စွမ်းအားကို ထုတ်ဖော်ခြင်း’ ပင် ဖြစ်သည်။
မိုးကြိုးကပ်ဘေး ကျော်ဖြတ်ခြင်းက ဤမျှ လွယ်ကူလိမ့်မည်ဟု ဟုန်ယွိ တစ်ခါမှ မထင်ထားခဲ့ပေ။
လူအများ သေလောက်အောင် ကြောက်ရွံ့ကြရသော၊ ကျင့်ကြံသူ အများအပြား ကျော်ဖြတ် ရန် ကြိုးစားရင်း အသက်ပျောက်ကြရသော ဤကပ်ဘေးမှာ သူ့အတွက်မူ အလွန်ပင် ရိုးရှင်းလှသည်။
“ကောင်းကင်နဲ့ မြေကြီးရဲ့ မိုးကြိုးကြားမှာ ငါဟာ အေးအေးလူလူ လမ်းလျှောက်နေတယ်။” သက်သောင့်သက်သာနဲ့ ခရီးနှင်နေတယ်ပေါ့။”
အတွေးစတိုင်းမှာ ကျေနပ်အားရသည့် အသံများ ထွက်ပေါ်နေသည်။ ဟုန်ယွိသည် အလယ်ခေတ် ပညာရှင် သူတော်စင်များ၏ အရှိန်အဝါကို နောက်ဆုံးတွင် ဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်သည်။
၎င်းမှာ ဆေးကြောသန့်စင်ခြင်းပင် ဖြစ်သည်။
ဤသန့်စင်ခြင်း ဖြစ်စဉ်မှာ ခဏတာမျှသာ ကြာမြင့်ခဲ့သည်။ ဟုန်ယွိ၏ အတွေးစအားလုံးမှာ စတုတ္ထအကြိမ် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးနောက် လုံလောက်သော စွမ်းအားများ ကို စုဆောင်းမိသွားသည်။
မူလက အတွေးစပေါင်း ၂၃,၁၈၄ ခု ရှိခဲ့သော်လည်း ယခုအခါတွင် ၃၃,၃၃၃ ခု ဖြစ်လာခဲ့ပြီ။ ၎င်းမှာ ဆန့်ကျင်ဘက် ၃ ခု ကိန်းဂဏန်းများပင် ဖြစ်သည်။
(မှတ်ချက်။ ။ (Three Opposites) ဟူသည် ၃ ဂဏန်းတွေချည်း ထပ်နေသည်ကို ဆိုလိုခြင်း ဖြစ်သလို၊ ရှေးဟောင်း တရုတ်သင်္ချာနှင့် ဗေဒင်ပညာ (I Ching) အရ "၃" ဂဏန်းဟာ ကောင်းကင်၊ မြေကြီးနှင့် လူသား (Heaven, Earth, Human) တို့ ပေါင်းစည်းခြင်းကို ကိုယ်စားပြုပါသည်။
ကျင့်ကြံခြင်းလောကမှာဆို ယခုလို ဂဏန်းထပ်ကိန်း တစ်ခုကို ရောက်ရှိသွားခြင်းက နိယာမတစ်ခုကို အပြည့်အဝ နားလည်သွားသည့် သဘောဆောင်ပါသည်။
ယင် နှင့် ယန် (Yin and Yang): အလင်းနှင့် အမှောင်၊ အဖိုနှင့် အမ။
တည်ရှိခြင်းနှင့် မတည်ရှိခြင်း (Being and Non-being): ရုပ်နှင့် နာမ်။
ရှင်ခြင်းနှင့် သေခြင်း (Life and Death): သံသရာ စက်ဝန်း။
ဟုန်ယွိ၏ အတွေးစများသည် ထိုဆန့်ကျင်ဘက် အခြင်းအရာတွေကို ကျော်လွန်ပြီး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားခြင်းကို "Three Opposites" ကိန်းဂဏန်းဟု တင်စား ပြောဆိုခြင်း ဖြစ်ပါသည်။)
ကောင်းကင်နှင့် မြေကြီး၏ လျှို့ဝှက်ချက်များ၊ ဗေဒင်နိယာမ၏ လျှို့ဝှက်ချက်များ အားလုံး မှာ ထိုအထဲတွင် ကိန်းဝပ်နေကြသည်။
ဟုန်ယွိသည် မဆိုင်းမတွဘဲ ပဉ္စမမြောက် မိုးကြိုးကပ်ဘေး စက်ဝိုင်းအတွင်းသို့ တဟုန်ထိုး တိုးဝင်လိုက်သည်။
ပဉ္စမမြောက် မိုးကြိုးကပ်ဘေး စက်ဝန်းမှာ တစ်ဖန် ပြောင်းလဲသွားပြန်သည်။ ၎င်းမှာ ကမ္ဘာအငယ်စားလေးများ မဟုတ်တော့ဘဲ၊ ပြင်းထန်ကျယ်ပြောလှသော ‘ယန်’ စွမ်းအင် များမှာ လှိုင်းတံပိုးများသဖွယ် ဒေါသတကြီး စီးဆင်းနေခြင်း ဖြစ်သည်။ ထိုနေရာတွင် ‘လူသားအင်မော်တယ်’ တစ်ဦး၏ အရှိန်အဝါနှင့် ထပ်တူကျသော ပြင်းထန်သော ‘ယန်’ စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ဟုန်ယွိ၏ အတွေးစများ ထိုအတွင်းသို့ ဝင်ရောက်သွားသောအခါ ‘လူသားအင်မော်တယ်’ တစ်ဦး၏ လတ်ဆတ်သော သွေးများထဲတွင် စိမ်ထားခံရသလို ခံစားရပြီး၊ ‘လူသား အင်မော်တယ်’ ၏ အားအပြည့်ပါသော လက်သီးဖြင့် အထိုးခံရသကဲ့သို့ပင်၊ သူ၏ စိတ်ဝိညာဉ် အတွေးစအားလုံးမှာ ပူလောင်သော ဝေဒနာကို ခံစားရပြီး မှန်ချပ်များကဲ့သို့ အက်ကွဲသံများနှင့်အတူ တစ်စစီ ပျက်စီးသွားကြသည်။
“ဒီလောက် ပြင်းထန်တဲ့ ယန်စွမ်းအင်တွေလား။ ဒါပေမဲ့ ဒါဟာ ‘လူသားအင်မော်တယ်’ ကနဦးအဆင့်ပဲ ရှိသေးတယ်။ ဟုန်ရွှန်ကျိရဲ့ စွမ်းအားကိုတော့ မမီသေးဘူး။” ဟုန်ယွိသည် အတွင်းမှ ယန်စွမ်းအင်များကို ခံစားမိပြီး၊ အေးစက်စွာ ရယ်မောလိုက်သည်။ သူ၏ အသိစိတ်တစ်ခုလုံးမှာ ထိုနေရာတွင် ပဲ့တင်ထပ်နေပြီး ယန်စွမ်းအားများကို အစွမ်းကုန် စုပ်ယူကာ အဆက်မပြတ် သန့်စင်နေသည်။
ဖျစ်... ဖျစ်...
မျက်စိတစ်မှိတ်အတွင်းမှာပင် အတွေးစများမှာ ယန်စွမ်းအင်များကို လုံလောက်စွာ စုပ်ယူ ပြီးနောက်၊ ဟုန်ယွိ နားလည်ထားသော ‘လူသားအင်မော်တယ်’ သိုင်းတာအိုနှင့်အတူ တစ်ဖန် ပြန်လည် ကွဲထွက်သွားပြန်သည်။
၃၃,၃၃၃ ခုသော အတွေးစများသည် တိကျစွာပင် ၅၅,၅၅၅ ခုအဖြစ် ကွဲထွက်သွားခဲ့ပြီး၊ အတွေးစတစ်ခုချင်းစီမှာ မယုံနိုင်လောက်အောင် သန်မာလှရာ ပြန့်ကားထွက်လာချိန်တွင် တောင်များကို ဖြိုခွဲကာ ကျောက်ဆောင်များကို အပိုင်းပိုင်း ခုတ်ထစ်နိုင်စွမ်း ရှိသည်။
ဟန်ရှောင်ကျိ သည်လည်း ငါးကြိမ်မြောက် မိုးကြိုးကပ်ဘေး ကျော်ဖြတ်ထားသော ကျွမ်းကျင်သူတစ်ဦး ဖြစ်သော်လည်း သူ၏ အတွေးစမှာ ၄၈,၀၀၀ သာ ရှိသည်။
ဤသည်မှာ ဟုန်ယွိ၏ တာအိုကျင့်စဉ်နှင့် စိတ်စွမ်းအား သန်မာမှုမှာ ဟန်ရှောင်ကျိထက် အများကြီး သာလွန်ကြောင်း ဖော်ပြနေခြင်းပင်။ အဆင့်ငါး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ် သူများ အချင်းချင်းကြားမှာပင် သဘာဝအလျောက် အဆင့်အတန်း ကွဲပြားမှုများ ရှိနေကြ သည်။
ဤတစ်ကြိမ်တွင် အဆင့်ငါး မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီး အတွေးစများကို ခွဲထုတ် ခြင်းမှာ မည်သည့် အားစိုက်ထုတ်မှုမျှ မလိုဘဲ ချောမွေ့နေ၏။ ဟုန်ယွိသည် တစ်ခဏမျှ မရပ်တန့်ဘဲ ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေး နယ်ပယ်အတွင်းသို့ ဆက်လက် တိုးဝင်လိုက် သည်။
...
ဘုန်း….
ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး နယ်ပယ်အတွင်း၌ စစ်မှန်သော ‘ယန်’ စွမ်းအား လှိုင်းတံပိုးများမှာ ပိုမို၍ ကြီးမားကျယ်ပြောလှသည်။ ၎င်းတို့မှာ ဟုန်ရွှန်ကျိ၏ အလယ်အလတ်အဆင့် ‘လူသားအင်မော်တယ်’ စွမ်းအင်၊ သွေးစွမ်းအားထက်ပင် နိမ့်ကျ ခြင်း မရှိပေ။ အတွင်းပိုင်း၌ စစ်မှန်သော မိုးကြိုးစွမ်းအင်များမှာ ဒေါသတကြီး ပေါက်ကွဲနေ ပြီး သိုင်းတာအို သိုင်းဆန္ဒနှင့် ဆင်တူသော အတွေးစများကို တစ်ခုပြီးတစ်ခု ဖန်တီးကာ ဟုန်ယွိကို ပြင်းထန်စွာ တိုက်ခိုက်လာကြသည်။
ထို့အပြင် ထိုနေရာတွင် ဖော်ပြ၍မရနိုင်သော ကျယ်ပြောလှသည့် စွမ်းအားများစွာလည်း ဝဲကယက်သဖွဘ် စီးဆင်းနေသည်။
ထိုကြီးမားကျယ်ပြောလှသော စွမ်းအားအချို့မှာ ‘စကြာဝဠာ’ အတွင်းရှိ ဟင်းလင်းပြင် စွမ်းအားနှင့် အလွန်တူညီသော်လည်း၊ ၎င်းတို့၏ သဘာဝမှာ ပိုမိုကြမ်းတမ်းကာ ထိန်းချုပ်ရ ခက်ခဲလှသည်။
ဟုန်ယွိ ဝင်ရောက်သွားသည်နှင့် သူ၏ အတွေးစပေါင်း ၅၅,၅၅၅ ခုမှာ ဓားဖြင့် အပိုင်းပိုင်း ခုတ်ထစ်ခံရသကဲ့သို့ ခံစားရပြီး အသားစများကဲ့သို့ တစ်စစီ ဖြစ်သွားသည်။
“မာဟ၊ မာဟ၊ ကျိတီ၊ ကျိတီ။ ဗောဓိသတ် ကျိတီ၊ ဗောဓိသတ် ကျိတီ...”
အဆုံးမရှိသော ကျမ်းစာရွတ်ဆိုသံများက ဟုန်ယွိ၏ နားထဲတွင် ပဲ့တင်ထပ်လာသည်။
နောက်ဆက်တွဲအနေဖြင့် ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေး နယ်ပယ်အတွင်းရှိ စွမ်းအင် အားလုံးမှာ ကြည်ညိုဖွယ်ကောင်းသော ပစ္စုပ္ပန်တာအိုဗုဒ္ဓများအဖြစ် ပြောင်းလဲသွားသည်။ ထိုဗုဒ္ဓ များမှာ ဟုန်ယွိ၏ အစွမ်းထက်ဆုံး စွမ်းအားဖြစ်သော ‘တာအိုဗုဒ္ဓဓမ္မခန္ဓာ’ နှင့် တစ်ထပ်တည်း တူညီနေသည်။
တစ်ချိန်တည်းမှာပင် ထိုဗုဒ္ဓများသည် တာအိုဗုဒ္ဓလက်ဝါး၊ မဟာတံဆိပ်တော် ဆယ်ပါးနှင့် ‘ပစ္စုပ္ပန် တာအိုဗုဒ္ဓကျမ်း’၏ အဆုံးမရှိသော ဂါထာများကို ရွတ်ဖတ်လျက် ဟုန်ယွိကို တိုက်ခိုက်လာကြ သည်။ တာအိုဗုဒ္ဓတစ်ပါးချင်းစီမှာ ဟုန်ယွိ၏ အတွေးစများနှင့် ထိပ်တိုက်ရင်ဆိုင်နေကြခြင်း ဖြစ်သည်။
ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေးသည် အမှန်စင်စစ် သူကိုယ်တိုင်ပင် ဖြစ်သည်။ သန့်စင်သော မိုးကြိုးစွမ်းအားနှင့် ကောင်းကင်နှင့်မြေကြီး၏ သံလိုက်စွမ်းအားများ အားလုံး မှာ ဟုန်ယွိ၏ အတွေးစများနှင့် ပဲ့တင်ထပ်ကာ၊ ဟုန်ယွိပုံတူ ဟုန်ယွိအသေးစားလေးများ အဖြစ် စုစည်းသွားခြင်း ဖြစ်သည်။
တာအိုကျင့်စဉ် မြင့်မားလာလေ၊ မိစ္ဆာစွမ်းအားက ပိုကြီးလာလေပင်။ မိုးကြိုးပေါက်ကွဲသံ များကြားတွင် မရေမတွက်နိုင်သော လူတို့၏ စိတ်ဝိညာဉ်များ ပြတ်တောက်ပျက်စီးခဲ့ရ သည့် ခြောက်ကြိမ်မြောက် မိုးကြိုးကပ်ဘေး နယ်ပယ်အတွင်း၌၊ ကောင်းကင်နှင့် မြေကြီး ၏ ကြီးမားလှသော စွမ်းအားများသည် အမှန်တကယ်ပင် မိမိကိုယ်နှင့် တစ်ထပ်တည်းတူ သော ပုံတူတစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်သည်။
ကိုယ့်ကိုယ်ကိုယ် အနိုင်ယူရမည်။
သို့မှသာ ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်မည် ဖြစ်သည်။ ဤသည်မှာ ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေး၏ လျှို့ဝှက်ချက်ပင်။
“တကယ်ပါပဲ၊ တောင်ပေါ်က သူခိုးဓားပြကို နှိမ်နင်းဖို့ လွယ်ပေမဲ့ ကိုယ့်နှလုံးသားထဲက သူခိုးဓားပြကို နှိမ်နင်းဖို့ကတော့ အလွန်တရာ ခက်ခဲတယ်။ ဒီကျယ်ပြောလှတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ မိုးကြိုးကပ်ဘေး လျှို့ဝှက်ချက်က တကယ်ကို အစွမ်းထက်တာ ပဲ။ ကောင်းကင်တာအိုဆိုတဲ့အတိုင်း တကယ်ကို ကောင်းကင်တာအိုပါပဲ။ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ခြင်းကသာ စစ်မှန်တဲ့ လွန်မြောက်ခြင်းပဲ...”
ဟုန်ယွိ၏ ၅၅,၅၅၅ ခုသော အတွေးစများမှာ တစ်ပြိုင်နက်တည်း ‘တာအိုဗုဒ္ဓဓမ္မခန္ဓာ’ အဖြစ် ပြောင်းလဲသွားသည်။ အတွေးစတစ်ခုချင်းစီသည် တံဆိပ်တော် ဆယ်ပါးကို အသုံးပြုကာ ကောင်းကင်နှင့်မြေကြီးကြားတွင် ဖြစ်ပေါ်လာသော ပုံတူတာအိုဗုဒ္ဓဓမ္မခန္ဓာများနှင့် ထိပ်တိုက် တိုက်ခိုက်ကြသည်။
ဘုန်း….၊ ဘုန်း….၊
အကယ်၍ တစ်စုံတစ်ယောက်က ဤအခိုက်အတန့်တွင် ခြောက်ကြိမ်မြောက် မိုးကြိုး ကပ်ဘေးနယ်ပယ် အတွင်းသို့ ဝင်ကြည့်မည်ဆိုပါက၊ အရွယ်အစားမျိုးစုံရှိသော ‘ပစ္စုပ္ပန် တာအိုဗုဒ္ဓဓမ္မခန္ဓာ’ ပေါင်း တစ်သိန်းကျော်မှာ အပြင်းအထန် တိုက်ခိုက်နေကြသည်ကို မြင်တွေ့ရ လိမ့်မည်။ ၎င်းတို့သည် ကြီးမားသော မှော်စွမ်းအားများကို အသုံးပြုကာ အသေအလဲ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ထိုတိုက်ပွဲပြင်းထန်နေစဉ်အတွင်း ဟုန်ယွိသည် သူ၏ ပြိုင်ဘက် (မိမိကိုယ်) ကို အစွမ်းကုန် တိုက်ခိုက် နေရင်း ဖော်ပြ၍မရနိုင်သည့် ထူးဆန်းသော အခြေအနေတစ်ခုသို့ ချက်ချင်း ရောက်ရှိသွား သည်။
ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေး နယ်ပယ်အတွင်း၌ သူ၏ပြိုင်ဘက်သည် သူနှင့် ခွန်အား၊ သိုင်းဆန္ဒ၊ သိုင်းပညာရပ်များနှင့် အခြားအရာအားလုံး တူညီနေသည်။ ၎င်းမှာ သူ့ကို လုံးလုံးလျားလျား ပုံတူကူးထားခြင်းသာ ဖြစ်သည်။
လူတစ်ယောက်အတွက် အခက်ခဲဆုံးအရာမှာ မိမိကိုယ်ကိုယ် အောင်နိုင်ခြင်းပင်။
‘တာအိုဗုဒ္ဓလက်ဝါး’ နှင့် ‘မဟာတံဆိပ်တော် ဆယ်ပါး’ တို့ ထိပ်တိုက်တွေ့သောအခါ ဟုန်ယွိသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစများ အားလုံး တစ်စစီ ပျက်စီးသွားသည်ဟု ခံစားရ ပြီး သူ၏ ပြိုင်ဘက်၏ အတွေးစများမှာလည်း လုံးဝ ပျက်စီးသွားသည်။
ခဏမျှအတွင်း ဟုန်ယွိသည် သူ၏ပုံတူခန္ဓာ (Clone) မှာ နှစ်ခြမ်းကွဲသွားသကဲ့သို့ ခံစားရပြီး မည်သူက အစစ် မည်သူက ပုံတူဖြစ်သည်ကိုပင် ခွဲခြား၍ မရနိုင်တော့ပေ။
“လေနဲ့ မိုးကြိုး- လူကြီးလူကောင်းတစ်ယောက်ဟာ မယိုင်မလဲ ခိုင်မြဲတဲ့ နိယာမကို တည်ဆောက်ရမယ်။”
သူ ခုနက နားလည်ခဲ့သော နိယာမများမှာ ဟုန်ယွိ၏ နှလုံးသားထဲသို့ တစ်ဖန် ပြန်လည် စီးဝင်လာသည်။
‘တည်ဆောက်ခြင်း’ ဆိုသည်မှာ တည်ဆောက်ခြင်း ဖြစ်ပြီး၊ ‘ပြောင်းလဲခြင်း’ ဆိုသည်မှာ ပြောင်းလဲခြင်း ဖြစ်သည်။ ‘နိယာမ’ ဆိုသည်မှာ မိမိနှလုံးသားထဲမှ ဖြောင့်မတ်သည့် နိယာမများပင် ဖြစ်သည်။
လူကြီးလူကောင်းတစ်ယောက်သည် မပြောင်းမလဲ ခိုင်မြဲစွာဖြင့် ဖြောင့်မတ်သော နိယာမ တစ်ခုကို သူ့နှလုံးသားထဲတွင် တည်ဆောက်ရမည်။ ဤသည်မှာ လေနှင့် မိုးကြိုး၏ လူသား ဆန်မူ အဓိပ္ပာယ်ပင် ဖြစ်သည်။
“ယင်နဲ့ ယန်ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းမယ်၊ လေဟာနယ်ကို ဖြတ်ကျော်မယ်။ ကောင်းကင်နဲ့ မြေကြီးအလွှာနှစ်ခု၊ ယင်နဲ့ ယန် လေးပါး... ဒါဟာ တကယ်ပဲ လေဟာနယ် ကို ဖြိုခွဲနိုင်တဲ့ အမြင့်ဆုံး တာအိုလမ်းစဉ်ပဲ၊ ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေးရဲ့ စစ်မှန်တဲ့ လျှို့ဝှက်ချက်ပဲ။ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ဖို့ဆိုတာ မခက်ခဲပါဘူး။ ဘဝလမ်းစဉ်မှာရော၊ ကျင့်ကြံခြင်း လမ်းစဉ်မှာပါ ဒါက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ဖို့ ကြိုးစားနေရ တာပဲလေ။ လာစမ်းပါ... ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေးကို တစ်ချက်တည်းနဲ့ ဖြိုခွဲပစ်မယ်။ ပြီးတော့, ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေးနဲ့ ‘ဖန်ဆင်းရှင်’ နယ်ပယ်ရဲ့ တံခါးကြီးကို သွားကြည့်ကြရအောင်။”
ဟုန်ယွိ၏ အတွေးစများမှာ ပြင်းထန်စွာ လှုပ်ရှားလာပြီး ပျက်စီးသွားသော အတွေးစများမှာ ပြန်လည် စုစည်းလာကြသည်။ တစ်ချိန်တည်းမှာပင် ထိုပျက်စီးသွားသော အတွေးစများမှာ မိုးကြိုးမှ ဖန်တီးထားသော သူ၏ ပုံတူခန္ဓာများကို ပြန်လည် ဝါးမြိုလိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အတွေးစများအားလုံး ပြန်လည် ဖြစ်ပေါ်လာပြီး စုစည်းသွား ကြသည်။ နောက်ဆုံးတွင် အတွေးစပေါင်း ၆၆,၆၆၆ ခုအဖြစ် စုစည်းသွားပြီး အတွေးစ တစ်ခုချင်းစီမှာ အနည်းဆုံး အချင်းဆယ်ပေခန့် ရှိသည်။ ၎င်းတို့အတွင်း၌ မရေမတွက် နိုင်သော လေစီးကြောင်းများ လည်ပတ်နေကြ၏။ ၎င်းတို့မှာ ‘လုပ်ကြံသတ်ဖြတ်သူများ ခန်းမ’ မုန့်ရှန်းကျီ၏ အဆင့်ခုနစ် မိုးကြိုးကပ်ဘေး အတွေးစများကို မမီသေးသော်လည်း ထိုကဲ့သို့သော အငွေ့အသက်မျိုးကို မထင်မရှား ရရှိနေပြီ ဖြစ်သည်။
ဤသည်မှာ ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေး၏ အထွတ်အထိပ်ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ၆၆,၆၆၆ ခုသော အတွေးစများမှာ ပြန်လည် စုစည်းသွား ပြီး၊ သူ့ပုံစံအဖြစ် ပြန်လည် ထွက်ပေါ်လာသည်။ သူသည် လေထဲတွင် တည်ငြိမ်စွာ လွင့်ပျံ နေပြီး သူ၏ အဝတ်အစားများမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။ မိုးကြိုး ကပ်ဘေးကြားတွင် သူသည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်း မရှိပေ။ သူသည် လက်ကို မြှောက်ကာ ရှေ့သို့ ခုတ်ပိုင်းလိုက်ရာ “ကောင်းကင်၊ မြေကြီး၊ လေ၊ မိုးကြိုး” ဓားကွက် လေးကွက်ပင် ဖြစ်သည်။
ဝှီး….။
အဆုံးမဲ့သော ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေး၏ အတားဆီးမှာ ချက်ချင်းပင် အပိုင်းပိုင်း ပြတ်တောက်သွားပြီး၊ ဓားချက်က မိုးကြိုးကပ်ဘေး၏ ဗဟိုချက် အစွန်းပိုင်းသို့ ရောက်သောအခါ သူ၏ဓားချက်မှာ စကြဝဠာကြီးတစ်ခုလုံး သို့မဟုတ် အကန့်သတ်မဲ့ စကြာဝဠာတစ်ခုလုံးမှာပင် တိုင်းတာ၍မရနိုင်သော အဆုံးမဲ့ စွမ်းအားတစ်ခု၏ တားဆီး ခြင်းကို ခံလိုက်ရသည်။
ဟုန်ယွိ၏ စိတ်အာရုံထဲတွင် ရှေးဟောင်း ‘ရာရှိုမွန်’ တံခါးထက်ပင် ပိုမို ခမ်းနားထည်ဝါ သော တံခါးကြီးတစ်ချပ်က ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေး ဗဟိုချက်၏ အစွန်းပိုင်းတွင် ရပ်တည်နေ၏။
တစ်ချိန်တည်းမှာပင် ဟုန်ယွိ၏ ဓားချက်မှာ သူ၏စိတ်ထဲတွင် ဖြစ်ပေါ်နေသော ထိုတံခါး ကြီးကို သွားရောက် ရိုက်ခတ်မိပြီးနောက် စွမ်းအားများမှာ ချက်ချင်းပင် ပြန်လည် ကန်ထွက်လာကာ သူ၏ ရုပ်ခန္ဓာကိုယ်ကို ထိမှန်ခဲ့သည်။
ဂျိ... ဂျိ...
သူ့ကိုယ်ပိုင် စွမ်းအားဖြင့် ပြန်လည် တိုက်ခိုက်ခံရသဖြင့် ဟုန်ယွိသည် သူ၏ နတ်ဘုရား အတွေးစများ နေရာအနှံ့ အက်ကွဲသွားသကဲ့သို့ ခံစားရပြီး အသင့်အတင့် ထိခိုက်ဒဏ်ရာ ရရှိသွားသည်။ ထို့နောက် ထိုတံခါးကြီး ပျောက်ကွယ်သွားပြီး ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ ဗဟိုချက်တွင် အဆုံးမဲ့သော လျှို့ဝှက်ချက်အချို့ မရေမရာ ပေါ်လာ သည်။
ဟုန်ယွိသည် ထိုတံခါးမှာ ကောင်းကင်နှင့် မြေကြီး၏ မိုးကြိုးစွမ်းအားများက သူ့စိတ်ဆန္ဒ အတွေးစများ၏ လွှမ်းမိုးမှုကြောင့် ‘ဖန်ဆင်းခြင်းတံခါး’ အဖြစ် ပြောင်းလဲသွားခြင်းဖြစ် ကြောင်း သိရှိလိုက်သည်။ ထို ‘ဖန်ဆင်းခြင်းတံခါး’ ကို ဖွင့်နိုင်မှသာလျှင် အတွင်းခန်းသို့ အမှန်တကယ် ဝင်ရောက်နိုင်မည်ဖြစ်ပြီး ‘ဖန်ဆင်းရှင်’ အဆင့်ရှိသော တည်ရှိမှုတစ်ခု ဖြစ်လာကာ စစ်မှန်သော ကျင့်ကြံသူတစ်ဦး ဖြစ်လာမည် ဖြစ်သည်။ ၎င်းမှာ အလယ်ခေတ် ပညာရှင် သူတော်စင်များကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်သည်။
‘ဖန်ဆင်းရှင်’ နယ်ပယ်သို့ ရောက်ရှိမှသာ စစ်မှန်သော ကျင့်ကြံသူဟု သတ်မှတ်နိုင်ခြင်း ဖြစ်သည်။ အရာအားလုံးကို ဖန်တီးနိုင်ပြီး အသက်စွမ်းအားကို ပေးနိုင်သူ ဖြစ်သည်။
သို့သော် ယခုအချိန်တွင် ဟုန်ယွိသည် ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ အစွန်းရှိ ‘ဖန်ဆင်းခြင်းတံခါး’ ကိုပင် ဖြိုခွဲနိုင်စွမ်း မရှိသေးရာ၊ အတွင်းခန်းထဲသို့ ဝင်ရောက်ရန်နှင့် ခုနစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး၏ စမ်းသပ်မှုကို ခံယူရန်မှာ အဝေးကြီး လိုပါသေး သည်။
ဟုန်ယွိသည် သူ ‘ဖန်ဆင်းရှင်’တစ်ဦး ဖြစ်လာရန်အတွက် စွမ်းအားများ ပိုမို စုဆောင်းရန် လိုအပ်သေးကြောင်း ချက်ချင်း သိလိုက်သည်။
ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေး၏ အထွတ်အထိပ်သည် ခုနစ်ကြိမ်မြောက် မိုးကြိုး ကပ်ဘေးနှင့် ‘ဖန်ဆင်းရှင်’ နယ်ပယ်ကြားမှာ အလွန်ပင် ဝေးကွာလှသည်။
တစ်ဦးမှာ ‘ဖန်ဆင်းခြင်းတံခါး’ ရှေ့တွင် ရစ်သီရစ်သီ လုပ်ဆောင်နေရဆဲ ဖြစ်ပြီး အခြားတစ်ဦးမှာမူ ‘အတွင်းခန်းသို့ ဝင်ရောက်ပြီး’ ဖြစ်သည်။
“ကောင်းပြီ... ငါ နောက်ဆုံးတော့ ဆဋ္ဌမမြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီ၊ ငါ့စွမ်းအားတွေလည်း နည်းနည်းလေးမှ ကုန်ဆုံးမသွားဘူး။ ငါ အားနည်းမသွားတာက ငါ့ရဲ့ ရေရှည်စုဆောင်းမှုတွေနဲ့ ‘အတိတ်ကျမ်း’ ရဲ့ အစွမ်းကြောင့်ပဲ။ ငါ ဒီဆဋ္ဌမမြောက် မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ဖို့ ဘယ်လောက်ကြာသွားလဲ မသိဘူး။ ‘ဖန်ဆင်းခြင်းတံခါး’ ကို မဖြိုခွဲနိုင်သေးဘဲ အတွင်းခန်းကို မဝင်နိုင်သေးပေမဲ့ ဒါကလည်း လုံလောက်ပါပြီ။”
ဤသို့ တွေးလိုက်ပြီး ဟုန်ယွိသည် စိတ်ကို တည်ငြိမ်စေကာ ပေါက်ကွဲနေသော မိုးကြိုးဗဟို ချက်မှ ပြန်လည် ထွက်ခွာရန် ပြင်လိုက်သည်။ ထိုအခါ သူသည် ကလေးငယ်တစ်ဦး၏ ငိုသံကို ကြားလိုက်ရပြီး သူ၏ နှလုံးသားထဲ၌ သွေးသားရင်းကဲ့သို့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
“အင်း... ခုနက ငါ မိုးကြိုးထဲကို ပျံဝင်လာတုန်းက ပြင်းထန်တဲ့ ဆေးနံ့ကို ရခဲ့ပေမဲ့ ငါ့စိတ်က တခြားနေရာရောက်နေလို့ ဂရုမစိုက်မိခဲ့ဘူး။ ဒီကပ်ဘေးကို ကျော်ဖြတ်တာ အခုလို မြန်မြန် ကျော်ဖြတ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။ အသက်တစ်ရှိုက် အချိန်လေးပဲ ကြာတာကိုး။ တကယ်ကို ဆီပူအိုးထဲမှာ လူးလှိမ့်နေရသလိုပါပဲလား။”
ဟုန်ယွိ စိတ်ကို လျှော့ချလိုက်သည်နှင့် သူ၏ ကပ်ဘေးကျော်ဖြတ်မှုမှာ အချိန်အနည်းငယ် သာ ကုန်ဆုံးခဲ့ကြောင်း သိလိုက်ရသည်။ အသက်တစ်ရှိုက်ရူစာ အချိန်လေးသာ ဖြစ်သည်။ မိုးကြိုးကပ်ဘေးက ပိုမို ပြင်းထန်လေလေ၊ ကျော်ဖြတ်ရသည့် အချိန်က ပိုမြန်လေလေ ဖြစ်သည်။ အနိုင်အရှုံးမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ကျော်ဖြတ်နိုင်ပါက ချက်ချင်း ကျော်ဖြတ်နိုင်မည် ဖြစ်ပြီး၊ မဟုတ်ပါက ချက်ချင်း ပျက်စီး သွားမည် ဖြစ်ကာ အချိန်ဆွဲနေရန် မဖြစ်နိုင်ပေ။
ထို့ကြောင့် မိုးကြိုးကြားတွင် တစ်စုံတစ်ယောက်ကို ကယ်တင်ရန်မှာ မဖြစ်နိုင်သလောက် ပင်။
မုန့်ရှန်းကျီသည် ဟန်ရှောင်ကျိကို ကယ်တင်နိုင်ခဲ့သည်မှာ သူ၏ ထူးခြားသော နတ်ဘုရား စွမ်းရည်များကြောင့်ပင် ဖြစ်ပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် ‘ဖန်ဆင်းခြင်းတာအို’ ဂိုဏ်း၏ ပြိုင်ဘက်ကင်း ဝိညာဉ် ကြွက် ဆီပူအိုးတွင်း လှုပ်ရှားမှုပညာရပ်၏ အဓိပ္ပာယ်ကို နားလည်သွားသည်။ မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ခြင်းမှာ အဝတ်အစားများ အားလုံးကို ချွတ်ပြီး ဆီပူအိုးထဲတွင် လူးလှိမ့်နေရသကဲ့သို့ပင်။ ကျော်ဖြတ်နိုင်ပါက လွတ်မြောက်မည်ဖြစ်ပြီး၊ မကျော်ဖြတ်နိုင်ပါ က ဆီပူဖြင့်ကြော်ခံရပြီး သေဆုံးသွားရမည် ဖြစ်သည်။
“ဒါဟာ အနန္တရွှေဆေးလုံးပဲ”
မိုးကြိုးအပြင်ဘက်မှ ကလေးငယ်၏ ငိုသံကို သူ ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူ၏ နှလုံးသားထဲ၌ သွေးသားရင်းကဲ့သို့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာပြီး အပြင်ဘက်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို သူ ချက်ချင်း နားလည်လိုက်သည်။
***