~မူလကတော့ ကောင်းထန်သည် ကောင်းယွမ်ယွမ်ကို ခေါ်ဆောင်ကာ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်းကို သိမ်းပိုက်သွားသည့် လျှို့ဝှက်ဆန်းကြယ်သော အရှင်သခင်ကြီးနှင့် ပထမဆုံးအကြိမ် အဆက်အသွယ်ပြုလုပ်ပြီး နောက်ခံသမိုင်းကို စုံစမ်းရန် စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူ၏ တွေ့ရှိချက်များအပေါ် မူတည်၍၊ ဤပုဂ္ဂိုလ်နှင့် မဟာမိတ်ဖွဲ့သင့် မဖွဲ့သင့်နှင့် ကောင်း မိသားစု၏ ရည်မှန်းချက်များ အောင်မြင်စေရန် ကောင်းယွမ်ယွမ်ကို သူ၏ အလုပ်အကျွေးအဖြစ် ဆက်သသင့် မသင့်ကို ဆုံးဖြတ်ရန် ဖြစ်ပေ၏။
သို့ဖြစ်သော်ငြားလည်း ကောင်းယွမ်ယွမ်၏ ဒူးထောက်လိုက်မှုနှင့် သူမ၏ စကားများက ကောင်းထန်နှင့် ကောင်း မိသားစု တစ်ခုလုံးကို မီးဖိုပေါ် တင်ကင်လိုက်သကဲ့သို့ အကျပ်ရိုက်သွားစေခဲ့တော့သည်။
ဤကဲ့သို့ ဒူးထောက်လိုက်ခြင်းသည် ကောင်း မိသားစု၏ ဂုဏ်သိက္ခာကို ခြေမွှပစ်လိုက်ရုံ သက်သက် မဟုတ်ဘဲ၊ ကောင်း မိသားစု၏ ဦးခေါင်းကို အောက်ချလိုက်ကာ ဤလူစိမ်း၏ ရှေ့မှောက်တွင် အညံ့ခံလိုက်ခြင်းပင် ဖြစ်ချေသည်။
ထိုအကြောင်းကြောင့် ကောင်း မိသားစုနှင့် သူသည် လုံးဝ အကျပ်အတည်းထဲသို့ ရောက်ရှိသွားခဲ့ရသည်။
ယခုအခါ တာအိုရုပ်သေး၏ ဖိအားပေးမှုကို ရင်ဆိုင်ရချိန်တွင် ကောင်းထန်သည် ခယလွန်းခြင်း မရှိ၊ မောက်မာလွန်းခြင်း မရှိသော ဟန်ပန်မျိုးဖြင့် တုံ့ပြန်ချင်နေမိ၏။ အနည်းဆုံးတော့ ကောင်း မိသားစုကို ဤမျှလောက်အထိ အောက်ကျနောက်ကျ မခံနိုင်ပေ။
သို့သော် သူ အမှန်တကယ်ပင် ထိုသို့ စွမ်းဆောင်နိုင်ပါဦးမည်လား။
ကောင်းယွမ်ယွမ်၏ ဒူးထောက်လိုက်မှုက ကောင်း မိသားစုကို လုံးဝ အကာအကွယ်မဲ့သွားစေခဲ့ပြီ ဖြစ်သည်။
"ဝုန်း.."
တာအိုရုပ်သေးသည် မတ်တတ်ရပ်လိုက်သည်နှင့် ပိုမို အစွမ်းထက်သော အရှိန်အဝါသည် လျှို့ဝှက်ဆန်းကြယ်သည့် တောင်တန်းကြီး တစ်ခုပမာ ကောင်းထန်၏ ရင်ဘတ်ပေါ်သို့ လေးလံစွာ ဖိချလာရာ အသက်ရှူရပင် ခက်ခဲသွားစေတော့၏။
ကောင်းထန်၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားသည်။ ရွှေအမြုတေ အဆင့် (၅) အရှင်သခင် တစ်ပါး ဖြစ်သော်ငြားလည်း ဤအခိုက်အတန့်၌ သူသည် အလွန်တရာ ထိတ်လန့် တုန်လှုပ်နေမိချေသည်။
ကောင်းထန်သည် အလျင်အမြန် ခေါင်းငုံ့လိုက်ပြီး အနည်းငယ် တုန်ယင်နေသော အသံဖြင့် ပြာပြာသလဲ တုံ့ပြန်လိုက်သည်။
“ယွမ်ယွမ်က အကြီးအကဲရဲ့ ဘေးမှာ အလုပ်အကျွေး ပြုချင်တယ် ဆိုမှတော့... ပြီးတော့ အကြီးအကဲကလည်း ယွမ်ယွမ်ကို လက်ခံဖို့ ဆန္ဒရှိတယ် ဆိုရင်... ဒါ... ဒါက တကယ့်ကို ကောင်းကင်ဘုံက ဖန်တီးပေးတဲ့ ကောင်းကျိုး တစ်ရပ်ပါပဲ ခင်ဗျာ။ ကျွန်တော် အပြည့်အဝ ထောက်ခံပါတယ်”
ထိုသို့ဖြစ်သော်ငြားလည်း ဤအခိုက်အတန့်၌ ကောင်းထန်၏ ရင်ထဲတွင် ကောင်းယွမ်ယွမ်ကို ကောင်း မိသားစုမှ စွန့်လွှတ်လိုက်ရန် စဉ်းစားနေမိတော့သည်။
'ဒီကောင်မလေးကို ယုံကြည်လို့ မရဘူး။ သူ့ကို ကောင်း မိသားစုရဲ့ အာဏာကို လုံးဝ ပေးကိုင်လို့ မဖြစ်ဘူး'
'ဒီလိုမှ မဟုတ်ရင်... တစ်နေ့နေ့ကျ သူက ကောင်း မိသားစု တစ်ခုလုံးကိုတောင် ရောင်းစားပစ်မယ့် အန္တရာယ် ရှိနေတယ်'
အချို့သော အခြေအနေများ၊ အချို့သော ကိစ္စရပ်များသည် သူ၏ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားသည်နှင့် တစ်ပြိုင်နက် ပြန်လည် ကုစားရန် အလွန်တရာ ခက်ခဲသွားတတ်ပေသည်။
ယခု လက်ရှိ အခြေအနေ ကဲ့သို့ပင် ဖြစ်လေ၏။
တာအိုရုပ်သေး၏ မျက်နှာထက်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ထွက်ပေါ်လာပြီး အမိန့်ဆန်ဆန် ပြောလိုက်သည်။
“အဲ့ဒီလိုဆိုမှတော့... အခုချိန်က စပြီး သူက ငါ့ဘေးနားမှာ အလုပ်အကျွေး ပြုရမယ်”
ထိုအခိုက်အတန့်၌ သူက ဆက်လက်၍ အမှတ်ရသွားဟန်ဖြင့် လှောင်ပြောင် ဝင်ရောက်ပြောဆိုလိုက်သည်။
“အော်... ဟုတ်သားပဲ။ အရင်တုန်းက တာအိုမိတ်ဆွေ ကောင်း က ကတိတစ်ခု ပေးထားတယ်လို့ ကြားဖူးတယ်နော်။ ကောင်း မိသားစုရဲ့ မိသားစုခွဲ လေးခုထဲကနေ ဒီ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်းကို ပြန်ယူပေးနိုင်တဲ့ သူက ကောင်း မိသားစုရဲ့ ခေါင်းဆောင် အသစ် ဖြစ်လာမယ် ဆိုလားပဲ”
တာအိုရုပ်သေးသည် ကောင်းထန်ကို ထပ်မံ စူးစိုက်ကြည့်လိုက်ပြီး အလေးအနက် မေးခွန်းထုတ်လိုက်သည်။
“တာအိုမိတ်ဆွေ ကောင်း... အဲ့ဒါ တကယ်ပဲလား”
ကောင်းထန်၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားပြီး၊ သူသည် ခေါင်းမော့ကာ တာအိုရုပ်သေးနှင့် မျက်လုံးချင်း ဆုံကြည့်လိုက်သည်။
သို့သော် တစ်ချက်မျှ အကြည့်ချင်း ဆုံလိုက်ရုံဖြင့် ကောင်းထန်၏ စိတ်အာရုံသည် ပြင်းထန်စွာ တုန်လှုပ်သွားရတော့၏။ မှန်းဆ၍မရနိုင်လောက်အောင် ပြင်းထန်သော ဝိညာဉ် တိုက်ခိုက်မှုကြီး တစ်ခုသည် သူ၏ ဝိညာဉ် ပင်လယ်ထဲသို့ ဝင်ရောက် ဗုံးကြဲသွားသည်။ ဤ ဝိညာဉ် ဖိအားအောက်တွင် ကောင်းထန်သည် ယခင်က တစ်ခါမျှ မကြုံဖူးသော သေလုမတတ် ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့ခြင်းတို့ကို ခံစားလိုက်ရချေ၏။
သူ့ရှေ့မှောက်ရှိ ဤပုဂ္ဂိုလ်သည် သူ့ကို သတ်ဖြတ်နိုင်စွမ်း အပြည့်အဝ ရှိနေသည်မှာ သေချာလှပေသည်..။
ကောင်းထန်သည် နှုတ်ခမ်းဖျားသို့ ရောက်နေသော ပြန်လည် ချေပမည့် စကားလုံးများကို ကြိတ်မှိတ်.. မျိုချလိုက်ရပြီး၊ ဤဖိနှိပ်မှုကြောင့် အော်ဟစ် ငိုယိုချင်စိတ်ပင် ပေါက်သွားတော့၏။ ဒါက ကောင်း မိသားစု၏ အတွင်းရေး ကိစ္စ ဖြစ်ပြီး၊ ကောင်း မိသားစုတွင် သူသာလျှင် အဆုံးအဖြတ် ပေးနိုင်သူ ဖြစ်သည် မဟုတ်ပါလော။
အဘယ်ကြောင့် ယခုအခါတွင်... အရာအားလုံးက အရင်ကနှင့် မတူညီတော့သကဲ့သို့ ဖြစ်နေရသနည်း။
ကောင်းထန်၏ မျက်နှာပေါ်တွင် ဝမ်းနည်း ပူဆွေးသော အမူအရာများ ပေါ်လာပြီး၊ အတော်လေး ရုပ်ဆိုး အကျည်းတန်နေသော မျက်နှာထားဖြင့် အလိုမကျစွာ တုံ့ပြန်လိုက်သည်။
“ဟုတ်... ဟုတ်ပါတယ် ခင်ဗျာ။ အဲ့ဒါက အမှန်ပါပဲ။ ဒါပေမဲ့...”
သူသည် အသည်းအသန် ကာကွယ် ပြောဆိုရန် ပြင်လိုက်သည့် အခိုက်အတန့်၌...
တာအိုရုပ်သေးက လက်ဝှေ့ယမ်းကာ သူ့ကို စကားဖြတ်လျက် အမိန့်ပေးလိုက်သည်။
“တော်လောက်ပြီ...”
“အခုချိန်က စပြီး ဒီ တတိယအဆင့် ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်းရဲ့ စီမံခန့်ခွဲမှု အပိုင်းကို ယွမ်ယွမ်ဆီ လွှဲပြောင်းပေးလိုက်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ဒီကိစ္စကြောင့် တာအိုမိတ်ဆွေ ကောင်း အနေနဲ့ ကိုယ်ပေးထားတဲ့ ကတိကို တည်ဖို့ လိုတယ်။ ယွမ်ယွမ်ကို ကောင်း မိသားစုရဲ့ မိသားစု ခေါင်းဆောင် ဖြစ်ခွင့် ပေးလိုက်ပါ”
“ဘာ ပြဿနာမှ မရှိလောက်ဘူး မဟုတ်လား။ အကြောင်းကတော့ သူက မင်းတို့.. ကောင်း မိသားစု အတွက် ဒီလောက် ကြီးမားတဲ့ ဝိညာဉ်ကျောက်စိမ်း သတ္တုတွင်းကြီးကို ပြန်ယူလာပေးနိုင်လို့ ကောင်း မိသားစုရဲ့ သူရဲကောင်း ဖြစ်နေပြီလေ”
ထိုစကားများကို ကြားလိုက်ရသောအခါ တာအိုရုပ်သေး၏ ရှေ့မှောက်တွင် ဒူးထောက်နေဆဲ ဖြစ်သော ကောင်းယွမ်ယွမ်သည် ရင်ထဲ၌ အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားတော့၏။ သူမသည် တာအိုရုပ်သေးကို မော့ကြည့်လိုက်ရာ၊ သူမ၏ မျက်ဝန်းများထဲတွင် ဖော်ပြ၍မရနိုင်သော ဆွဲဆောင်မှုများ ပြည့်နှက်နေပြီး၊ ဆောင်းဦးရာသီကဲ့သို့ ကြည်လင် တောက်ပနေသော သူမ၏ မျက်လုံးလေးများသည် သနားစဖွယ် အသွင်ကို ဆောင်နေသည်။
လုံးဝ ငြင်းဆို၍ မရနိုင်သည်မှာ၊ ဤအမျိုးသမီးသည် အခြေအနေများကို မည်သို့ အသုံးချရမည်ကို အလွန် ကျွမ်းကျင်နေခြင်းပင် ဖြစ်သည်။
ပထမဦးစွာ သူမသည် တာအိုရုပ်သေး ကဲ့သို့သော သစ်ပင်ကြီး တစ်ပင်ကို မှီခိုရန် ရွေးချယ်ခဲ့ပြီး၊ အနှိမ့်ချဆုံးသော ဟန်ပန်ဖြင့် သူ့ကို ချဉ်းကပ်ခဲ့၏။
ထို့နောက် တာအိုရုပ်သေးက သူမကို မိသားစု ခေါင်းဆောင် နေရာ ပေးရန် တောင်းဆိုပေးသောအခါ၊ သူမသည် အလွန် ချိုသာပြီး နာခံတတ်သော ပုံစံလေးကို ထုတ်ဖော် ပြသလိုက်ပြန်သည်။
တာအိုရုပ်သေး၏ အိုမင်းရင့်ရော်ကာ ဆံပင်များ ဖြူဖွေးနေသော ရုပ်ရည်သွင်ပြင်ကို သူမ နည်းနည်းလေးမျှပင် ဂရုမစိုက်ခဲ့ချေ။
ဤကဲ့သို့သော အမျိုးသမီးမျိုးသည် လှည့်စားမှု နည်းဗျူဟာများစွာကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်။
ကောင်းထန်၏ မျက်ခွံများ တွန့်ကွေးသွားပြီး သူက အကြံကို တင်ပြလိုက်သည်။
“အကြီးအကဲ ခင်ဗျာ... ယွမ်ယွမ်က ငယ်ပါသေးတယ်။ မိသားစုထဲက လူတိုင်းကို သူမ အနေနဲ့ လွှမ်းမိုးနိုင်ဖို့ ဆိုတာ သိပ်မလွယ်သေးပါဘူး။ သို့ပေမယ့်လဲ.. အကြီးအကဲက ယွမ်ယွမ်ကို ကောင်း မိသားစုရဲ့ ခေါင်းဆောင် ဖြစ်လာအောင် ကျောထောက်နောက်ခံ ပေးမယ် ဆိုရင်တော့... လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ လောလောဆယ်တော့ ကျွန်တော်.. ယွမ်ယွမ်ကို မိသားစု ခေါင်းဆောင်ရဲ့ ဆက်ခံသူ အဖြစ် အရင် ခန့်အပ်ပေးပါ့မယ်။ အချိန်ကာလ တစ်ခုလောက် အထိ မိသားစုရဲ့ လက်ခံယုံကြည်မှုကို သူ.. ရအောင် ယူပြီးမှ... မိသားစု ခေါင်းဆောင် အဖြစ် ရာထူးတိုးပေးမယ် ဆိုရင်ရော... ဘယ်လို သဘောရပါသလဲ ခင်ဗျာ”
သို့သော် တာအိုရုပ်သေးက သူ့ကို တိမ်းရှောင်သွားရန် အခွင့်အရေး မပေးဘဲ ပြတ်သားစွာ ဝင်ရောက်ပြောဆိုလိုက်သည်။
“ဘယ်လိုပဲ ဖြစ်ဖြစ် တာအိုမိတ်ဆွေ ကောင်း... ခင်ဗျားက ကောင်း မိသားစုရဲ့ ဘိုးဘေးကြီးပဲလေ။ မိသားစုထဲမှာ ခင်ဗျားရဲ့ စကားကို ဘယ်သူကများ ငြင်းဆန်ရဲမှာမို့လို့လဲ”
“ကျုပ် ဆုံးဖြတ်ပြီးပြီ။ ယွမ်ယွမ်က အရည်အချင်း ရှိမှတော့... သူ့ကို ကောင်း မိသားစုရဲ့ မိသားစု ခေါင်းဆောင် အဖြစ် ခန့်အပ်လိုက်ပါ”
“ဒီကိစ္စကို တတ်နိုင်သမျှ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ မျှော်လင့်တယ်”
“ဒီလိုမှ မဟုတ်လို့... ကျုပ်ကိုယ်တိုင် ဝင်ပါပြီး အတင်းအကျပ် လုပ်ခိုင်းရမယ် ဆိုရင်တော့... အဲ့ဒီရလဒ်က တာအိုမိတ်ဆွေ ကောင်း မြင်ချင်တဲ့ အရာမျိုး ဖြစ်လာမှာ မဟုတ်ဘူးနော်”
ကောင်းထန် ၏ ရင်ထဲတွင်ကား...
အသက်ရှူကျပ်လုမတတ်ပင် ဖြစ်သွားရတော့သည်။
ယခု လက်ရှိအချိန်တွင် သူ လုပ်ချင်ဆုံး အရာမှာ ကိုယ့်ပါးကိုယ် ပြန်ရိုက်ပစ်ရန်ပင်။ သူ ဘာကြောင့်များ ကောင်းယွမ်ယွမ်၏ စကားကို နားထောင်ပြီး သူမကို ဤနေရာသို့ ခေါ်လာခဲ့မိပါသနည်း။
ယခုအခါ ကြီးကျယ်ခမ်းနားသော ကောင်း မိသားစုကြီးသည် ဤပုဂ္ဂိုလ်၏ လက်အောက်ခံ ဘဝသို့ ရောက်ရှိသွားခဲ့တော့၏။
သူသည် ကောင်း မိသားစု ခေါင်းဆောင် နေရာကိုပင် ဝင်ရောက် စွက်ဖက်ပြီး ကောင်းယွမ်ယွမ်ကို ထိုနေရာသို့ ဆွဲတင်ပေးလိုက်သေးသည် မဟုတ်ပါလော။
ကောင်းထန် နှင့် လင်းရှူ တို့ကို ထွက်သွားရန် လက်ဝှေ့ယမ်း ပြလိုက်ပြီးနောက်၊ တာအိုရုပ်သေးသည် သူ၏ ရှေ့မှောက်တွင် ဒူးထောက်နေဆဲ ဖြစ်သော ကောင်းယွမ်ယွမ်ကို စိုက်ကြည့်ကာ အလေးအနက် မှာကြားလိုက်သည်။
“မင်း လိုချင်တာကို ငါ ပေးလိုက်ပြီ။ အခုချိန်ကစပြီး ဘာဆက်လုပ်ရမယ် ဆိုတာ မင်း သိသင့်တယ် မဟုတ်လား”
“ယွမ်ယွမ် နားလည်ပါတယ် ရှင်...”
“ဒီနေ့က စပြီး ယွမ်ယွမ်က အကြီးအကဲရဲ့ ဘေးနားမှာ နေ့ရောညပါ အလုပ်အကျွေး ပြုပါ့မယ်”
သူမ၏ မျက်နှာပေါ်တွင် ရှက်ရွံ့နေသည့် အမူအရာလေး ထွက်ပေါ်နေသော်ငြားလည်း၊ မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ သူမ၏ မန္တန်စွမ်းအားများကို လှုပ်ရှားလိုက်လေ၏။ သူမ၏ ပခုံးပေါ်မှ အဖြူရောင် ပိုးသားပုဝါလေးသည် အောက်သို့ လျှောကျသွားပြီး၊ ၎င်း၏ နောက်တွင်မူ အတွင်းမှ ပန်းရောင်ဖျော့ဖျော့ ဝတ်စုံလေးသည်လည်း ကွာကျသွားတော့သည်။