ရွေ့ပုထုန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။
မင်းက ချောမော ခန့်ညားပြီး လွတ်လပ်ပေါ့ပါးတယ်ဆိုတာမျိုးတော့ ငါ မကြားမိပါဘူး။ ဒါပေမဲ့ မင်းက အတောမသတ် အသားယူတတ်ပြီး အရှက်မရှိဘူးဆိုတာတော့ ကြားဖူးသားပဲ။ မင်းနဲ့ ဆုံဖို့ မျှော်လင့်နေခဲ့တာလည်း ကြာပြီ။
"ချူယန်က မင်းရဲ့ ဆရာတူ အစ်ကိုလား...။ "
ရွေ့ပုထုန်းက နှာခေါင်းကို ပွတ်ရင်း ထစ်ထစ်ငေါ့ငေါ့ မေးလိုက်သည်။
"ဒါပေါ့။ ချူယန်က ငါ့ရဲ့ ဆရာတူ အစ်ကိုလေ။ သူက ငါ့လောက်တော့ မချောပေမဲ့ လောကမှာ ဒုတိယမြောက် အချောဆုံးလူလို့ သတ်မှတ်လို့ရတယ်။ "
ထန်ထန်က နှာခေါင်းကို အပေါ်ပင့်ကာ နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။
"ဒါက အထင်လွဲတာပါ။ "
ရွေ့ပုထုန်း၏ မျက်နှာတွင် စိတ်အားထက်သန်မှုများ ပြည့်သွားကာ အော်ဟစ် ရယ်မောရင်း ပြေးလာခဲ့သည်။
"ဒါဆိုရင် ငါတို့က မိသားစုဝင်တွေပဲပေါ့... ဟားဟားဟားဟား။ "
"ငါ့အိတ်ကို အရင်ပေးဦး။ "
ပြေးလာနေတဲ့ ရွေ့ပုထုန်းကို ကြည့်ရင်း ထန်ထန်က ထပ်ပြီး ဗိုက်ဆာလာပြန်သည်။ တကယ်တော့ သူ့မျက်စိထဲမှာ ရွေ့ပုထုန်းရဲ့ ပုံရိပ်က နှစ်ယောက်စာလို ဖြစ်နေပြီပင်။ ထန်ထန်က ကျေးဇူးတင်စကားပင် မပြောဘဲ ပြောလိုက်သည်။
"ငါက ဒီအိတ်ကို ပြန်မပေးဘူးလို့ မင်းက ထင်နေတုန်းပဲလား။ လာပါ... လာ... ငါနဲ့ အရင် ထမင်းစားရအောင်။ "
ရွေ့ပုထုန်းက ပြုံးရွှင်စွာဖြင့် နှုတ်ဆက်လိုက်သည်။
"ငါက မင်း ဆရာတူ အစ်ကိုရဲ့ သွေးသောက်ညီအစ်ကိုလေ... အင်း... မင်း မသိဘူးလား။ "
"မင်း ငါ့အိတ်ကို မပေးရင် ငါ ဘယ်လို ထမင်းစားနိုင်မှာလဲ။ "
ထန်ထန်က မြေကြီးပေါ်တွင် မှောက်လျက် လဲကျသွားကာ ခေါင်းကို ခါယမ်းလိုက်သည်။
" အရင် ပေးစမ်းပါ။ "
ရွေ့ပုထုန်း ပြောသမျှ စကားတွေက သူ့နားထဲ မဝင်တော့ပေ။
ရွေ့ပုထုန်းက ရယ်ချင်ပတ်ကျိ ဖြစ်သွားသည်။
အစ်ကိုကြီးရဲ့ ဆရာတူ ညီလေးကတော့ ကပ်စေးနှဲလေးပဲ။ အကြီးစား ကပ်စေးနှဲပဲ။ ဗိုက်ဆာနေတာတောင် အိတ်ထဲက ရတနာတွေကိုပဲ တွေးနေသေးတယ်။
ငါက ဒီအိတ်ကို ပြန်မပေးဘူးလို့ ထင်နေတာလားလို့တောင် ပြောပြီးပြီပဲ။ အရင် ထမင်းမစားရရင် သေသွားမှာမို့လို့လား။
ထိုစဉ် အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟင်။ မင်းတို့ နှစ်ယောက် ဘယ်လိုဖြစ်ပြီး အတူတူ ရှိနေကြတာလဲ။ "
လျှပ်စီးလက်သကဲ့သို့ အမည်းရောင် အရိပ်တစ်ခု မြေပြင်ပေါ်သို့ ကျဆင်းလာသည်။ ချူယန် နောက်ဆုံးတော့ ရောက်လာပြီ ဖြစ်သည်။
"အစ်ကိုကြီး။ "
"ဆရာတူ အစ်ကို။ "
နှစ်ယောက်လုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။
"အစ်ကိုကြီး... ဟဲဟဲ... ဒါက အထင်လွဲတာပါ။ "
ရွေ့ပုထုန်းက ရှက်ကိုးရှက်ကန်း ရယ်မောလိုက်သည်။
"ချူယန်... ဆရာတူ အစ်ကို။ ဒီကောင်စုတ်က ငါ့အိတ်ကို ခိုးသွားတာ။ ပြီးတော့ ငါ့ကို အငတ်ထားပြီး သတ်မလို့ လုပ်နေတာ... ဟီးဟီး...။ "
ထန်ထန်က ဝမ်းနည်းပန်းနည်း ငိုချလိုက်သည်။ သူ အလွန် မတရားသဖြင့် အလုပ်ခံရသည်ဟု ခံစားနေရသည်။
နှစ်ယောက်လုံးက ချူယန်ဆီကို အရင်ရောက်အောင် ပြိုင်ပြေးကြရာ လမ်းတစ်ဝက်တွင် ထန်ထန်က ရွေ့ပုထုန်းကို ဝင်တိုက်မိသည်။ ထို့နောက် သူတို့နှစ်ယောက် အပြန်အလှန် တွန်းထိုးနေကြပြန်သည်။
"အစ်ကိုကြီး... အဲ့လို မဟုတ်ပါဘူး။ ဒီ... ဒီက မင်းရဲ့ဆရာတူ ညီလေးက လျှောက်ပြောနေတာ...။ "
ရွေ့ပုထုန်းကလည်း မတရားသဖြင့် စွပ်စွဲခံရသည်ဟု ခံစားနေရသည်။
"သူကပဲ ဘာအကြောင်းပြချက်မှ မရှိဘဲ ငါ့ကို အရင် ရိုက်တာလေ... ငါက...။ "
"အဲ့ဒါကြောင့်နဲ့ မင်းက ငါ့ပစ္စည်းကို ခိုးလို့ရလား... ငါက မင်းကို နည်းနည်းပဲ ရိုက်တာ မဟုတ်ဘူးလား။ "
ထန်ထန်က မတရားသဖြင့် ခံစားရသဖြင့် အော်ဟစ်လိုက်သည်။ ထို့နောက် သူက ရင်နာနာဖြင့် ဆက်ပြောသည်။
"ငါ လောကမှာ အချောဆုံးနဲ့ အခန့်ညားဆုံး လူသားက လွန်ခဲ့တဲ့ သုံးရက်ကတည်းက ဘာမှ မစားရသေးဘူး။ ဗိုက်ဆာလွန်းလို့ ငါ့မျက်နှာလေးတောင် ပိန်လိမ်သွားပြီ... ဆရာတူ အစ်ကို... ကြည့်ပါဦး... ငါ ပိန်သွားတယ် မဟုတ်လား။ "
ချူယန်မှာ ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
"ကဲ... ကဲ... တစ်ယောက်ချင်းစီ ပြောကြ။ ဖြည်းဖြည်းချင်း ပြော။ ဒါက အထင်လွဲတာ မဟုတ်လား။ ငါ ရောက်လာပြီဆိုတော့ ငါပဲ ကြားဝင်စေ့စပ်ပေးမယ်...။ "
ချူယန်က လက်မြှောက်လိုက်သည်။
"အိတ် ဘယ်မှာလဲ။ အရင် ထုတ်ပေးလိုက်။ "
ထန်ထန်က အိတ်ကို ဆွဲယူလိုက်ပြီး အမြန်ဆုံး ဖွင့်လိုက်သည်။ ထို့နောက် ငါးဆင့်မြောက် သားရဲအတွင်း အမြူတေ တစ်ခုကို ကောက်ယူကာ ပါးစပ်ထဲ အတင်း ထိုးထည့်လိုက်သည်။
သူ ဝါးဖို့တောင် ဂရုမစိုက်ဘဲ လည်ပင်းကို ဆန့်ကာ ဗိုက်ထဲ ရောက်အောင် မျိုချလိုက်သည်။
ပြီးနောက် နောက်ထပ် တစ်ခုကို ယူကာ လည်ပင်းကို ထပ်ဆန့်ပြန်သည်။
ထို့နောက် တတိယမြောက်...။
စတုတ္ထမြောက် ...။
ပဉ္စမမြောက်...။
ထန်ထန် ပထမဆုံး တစ်ခုကို စားနေစဉ်တွင် ရွေ့ပုထုန်းက ရှင်းပြရန် ပြင်ဆင်နေသော်လည်း မြင်ကွင်းကြောင့် ထိတ်လန့်သွားကာ ပါးစပ်အဟောင်းသားနှင့် မျက်လုံးပြူးကာ ကြည့်နေမိသည်။ တကယ်တော့ သူ ရှင်းပြမည့် စကားလုံးများကိုပင် မေ့သွားရသည်အထိပင်။
ဘာမှ မစားရဘူးဆိုတာ ဒါကို ပြောတာလား။ ဒါတွေက သူ့ရဲ့ အစားအစာတွေလား။
လခွီးတဲ့မှပဲ...။ ဒါက ပုံမှန်မှ ဟုတ်ရဲ့လား။
ရွေ့ပုထုန်းမှာ ခေါင်းတရိပ်ရိပ် မူးသွားသည်။
ဝိညာဉ်သားရဲတွေရဲ့ အတွင်း အမြူတေကို ဘယ်သူက စားလို့လဲ။
ဒါမျိုး တစ်ခါမှ မကြားဖူးဘူး။
ဒါက အံ့ဖွယ်ပဲ။
ထန်ထန်က စတုတ္ထမြောက် အတွင်းအမြူတေကို မျိုချနေချိန်တွင် ချူယန်၏ အပြုံးမှာ ထိတ်လန့်မှုအဖြစ် ပြောင်းလဲသွားသည်ကို ရွေ့ပုထုန်း မသတိထားမိပေ။ သူ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားသည်။
ထန်ထန် ပဉ္စမမြောက် အတွင်းအမြူတေကို မျိုချနေချိန်တွင် ချူယန်၏ ပါးစပ်မှာ မသိမသာ ဟသွားသည်။ သူ၏ မျက်နှာမှာလည်း ပြာနှမ်းသွားပြီး ဖြစ်သည်။
ရက်ပိုင်းပဲ ရှိသေးတယ် မဟုတ်လား။ ထန်ထန်ရဲ့ အစားအသောက်က ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ တိုးလာတာလဲ။ သွားပြီ။ တစ်နပ်ကို ငါးခုတောင် စားနေတာလား။ အဲ့ဒါဆိုရင် အတွင်းအမြူတေ တစ်ခုကို နှစ်သိန်း။ တစ်နပ်ကို ငါးခုဆိုတော့... တစ်သန်း။ အဲ့ဒါဆိုရင် တစ်ရက်ကို သုံးသန်း။
ချူယန် ညည်းညူလိုက်သည်။
ထန်ထန်ရဲ့ အစားအသောက်က ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ ဆက်တိုးနေရင်... မကြာခင် တစ်နပ်ကို ၁၀ ခု စားတော့မယ်... အဲ့ဒါဆိုရင် တစ်ရက်ကို ၆ သန်း ကုန်မှာ...။
ဒါ့အပြင် သူ အဆင့်ထပ်တက်သွားရင် အဆင့် ငါး အတွင်းအမြူတေတွေက သူ့ဗိုက်ကို ပြည့်စေမှာ မဟုတ်တော့ဘူး။ အဲ့ဒါဆိုရင် သူက အဆင့် ခြောက်နဲ့ အဆင့် ခုနစ်တွေ လိုအပ်လာမယ်... အဲ့ဒါဆိုရင် ငါတို့ ဒေဝါလီ ခံရတော့မှာပဲ။
ချူယန်က ဒါကို တွေးမိပြီး ခေါင်းမူးသွားသည်။ သူက ဝမ်းနည်းပူဆွေးစွာ သက်ပြင်းချလိုက်သည်။
"ဆရာ... ဆရာကတော့ ဒါကို ရှောင်ပြီး ထွက်သွားနိုင်တာပဲ။ ဆရာကတော့ အေးအေးဆေးဆေးနဲ့ ပျော်နေမှာပေါ့။ ဒါပေမဲ့ ဆရာက ကျွန်တော့်အတွက်တော့ ဒီလို အလကား စား အလကား နေတဲ့ ကောင်ကြီးကို ချန်ထားခဲ့တယ်... ကျွန်တော်... ကျွန်တော် ကပ်ဘေးကိုးစင်း ဓား အရှင် ဖြစ်နေရင်တောင် ဒေဝါလီ ခံရတော့မယ်။ သူ့ရဲ့ အစားအသောက် စရိတ်ကို ကျွန်တော် မတတ်နိုင်တော့ဘူး...။ "
သို့သော် ထန်ထန်က ယခုအချိန်တွင် ဆဌမမြောက် အတွင်းအမြူတေကို ပါးစပ်ထဲ ထည့်နေပြန်ပြီ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ထန်ထန်က ပြီးခဲ့တဲ့ ရက် အနည်းငယ်ကတည်းက တော်တော်လေး ဗိုက်ဆာနေတာလေ။ ဒါကြောင့် သူ မရပ်မနား စားနေပေမဲ့ ဗိုက်ပြည့်တယ်လို့ မခံစားရသေးဘူး...။
ထန်ထန်ရဲ့ ဗိုက်ထဲကို ဆဌမမြောက် တစ်ခု ဝင်သွားတာကို မြင်လိုက်ရတဲ့အခါ အမတ်ချူရဲ့ မျက်လုံးတွေက ပြူးထွက်သွားသည်။
ခုနစ်ခုမြောက် တစ်ခု ဝင်သွားတာကို မြင်တဲ့အခါ အမတ်ချူ တစ်ကိုယ်လုံး တုန်ရီသွားသည်။ တကယ်တော့ သူ သေတောင် သေချင်သွားသည်ပင်။
ထန်ထန်က ရှစ်ခုမြောက် တစ်ခုကို ထပ်ထည့်ဖို့ ကြိုးစားနေတုန်းမှာပဲ အမတ်ချူရဲ့ ရင်ထဲက ဝမ်းနည်းပူဆွေးမှုတွေက ပါးစပ်ကနေ အော်ဟစ်ထွက်လာသည်။
"ဆရာ... ဆရာ... ဆရာ ကျွန်တော့်ကို ဒုက္ခပေးသွားပြီ...။ "
ချူယန်မှာ ထိတ်လန့်လွန်းလို့ လဲကျလုနီးပါး ဖြစ်သွားသည်။ သို့သော် သူတစ်ယောက်တည်း မဟုတ်ပေ။ ရွေ့ပုထုန်းလည်း လဲကျသွားသည်။ သရဲတစ္ဆေ မြင်လိုက်ရသလိုမျိုးပင်။
ထန်ထန်က ပါးစပ်ကို အပြည့်သွတ်ပြီးနောက် ဗိုက်ပြည့်သွားသလို ခံစားလိုက်ရသည်။ ထို့ကြောင့် သူ လေတက်လိုက်ပြီး ရှစ်ခုမြောက် တစ်ခုကို အိတ်ထဲ ပြန်ထည့်လိုက်သည်။ ပြီးနောက် သူ၏ ဗိုက်ကို ပွတ်သပ်ရင်း ခြေထောက်ကို ဆန့်ကာ မြေကြီးပေါ်တွင် ထိုင်လိုက်သည်။ သူ အလွန် ကျေနပ်သွားပြီး ပြောလိုက်၏။
"ဗိုက်ပြည့်သွားပြီ။ ဒီအစားအစာက တကယ့်ကို အရသာရှိတာပဲ။ "
ချူယန်က သူ၏ နားထင်ကို ပြင်းပြင်းထန်ထန် ပွတ်လိုက်သည်။ ခေါင်းကိုက်လွန်းလို့ ဦးနှောက် ပေါက်ကွဲတော့မလို ခံစားနေရသည်။
အစားအသောက် စရိတ်အတွက် ပူပန်ရလိမ့်မယ်လို့ သူ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ လူတစ်ယောက်ရဲ့ စားစရိတ်ကြောင့် ဒီလောက်အထိ အကျပ်ရိုက်ရလိမ့်မယ်လို့လည်း သူ စိတ်ကူးမယဉ်ခဲ့ဖူးဘူး။
ရုတ်တရက် ထန်ထန်က ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်ပြီး လျှပ်စီးလက်သကဲ့သို့ ခုန်တက်လိုက်သည်။ ထို့နောက် လက်မြန်ခြေမြန်ဖြင့် ရွေ့ပုထုန်းကို ဖမ်းဆွဲကာ မြေကြီးပေါ် ပစ်ချလိုက်သည်။ ရွေ့ပုထုန်းက အံ့အားသင့်နေသဖြင့် လုံးဝ သတိမထားလိုက်မိပေ။ ထို့နောက် ထန်ထန်က သူ့ကိုယ်ပေါ်တက်ကာ ရူးသွပ်သလိုမျိုး ရိုက်နှက်တော့သည်။
"မင်း ကောင်စုတ်။ ငါ့ပစ္စည်းကို ခိုးရဲတယ်ပေါ့။ "
"မင်း အကောင်စုတ်။ ငါ့ကို အငတ်ထားရဲတယ်ပေါ့။ "
"ပြီးတော့ မင်းက ငါ့ကိုတောင် လှောင်ရယ်သေးတယ်။ "
"ငါ မချောဘူးလို့တောင် မင်း ပြောရဲတယ်ပေါ့။ "
"မင်း...။ "
ရွေ့ပုထုန်းက လက်ရှိမှာ အဆင့် နှစ် ဘုရင်အဆင့်သာ ရှိသေးသည်။ အဆင့် ကိုး ဘုရင်အဆင့် ရှိတဲ့ ထန်ထန်ကို သူက ဘယ်လို ခွန်အားနဲ့ ခုခံနိုင်မှာလဲ။ ဒါကြောင့် သူက တဟီးဟီးနဲ့ အော်ဟစ်နေရုံသာ ရှိတော့သည်။ အော်ဟစ်နေရင်းနဲ့လည်း အဆက်မပြတ် အကူအညီ တောင်းနေရသည်။ ထန်ထန်ရဲ့ ထိုးချက်၊ ဆွဲချက်၊ ရိုက်ချက်တွေကြောင့် သူ့တစ်ကိုယ်လုံး ချက်ချင်းဆိုသလို ညိုမည်းစွဲကုန်သည်။
"ထန်ထန်။ "
ချူယန်က သူ့ကို တားဖို့ အမြန် ပြေးသွားလိုက်သည်။
ထန်ထန်က အရမ်း နားထောင်တတ်သည်။ သူ ချက်ချင်းပင် လက်ကို ရပ်လိုက်သည်။ သို့သော် သူက ရွေ့ပုထုန်းပေါ်တွင် ထိုင်နေတုန်းပင်။ ထို့နောက် သူက ခန့်ညားစွာ မေးလိုက်သည်။
"မင်း အရှုံးပေးပြီလား။ "
"အင်း... ပေးပါပြီ။ "
ရွေ့ပုထုန်းက လူမိုက်တစ်ယောက် ဖြစ်သော်လည်း အခုတော့ သနားစဖွယ် အရှုံးပေးလိုက်ရသည်။
"ဟွန်း။ မင်း အရှုံးပေးရင်တောင် ငါက ရိုက်ဦးမှာပဲ။ "
ထန်ထန်က လက်ကို ပွတ်ရင်း ထရပ်လိုက်သည်။
"အစ်ကိုကြီး... အစ်ကိုကြီး ကျွန်တော့်အတွက် တရားမျှတအောင် လုပ်ပေးရမယ်...။ "
ရွေ့ပုထုန်းက ငိုလိုက်သည်။
"ကျွန်တော် ဒီမှာ အတော်လေး နှိပ်စက်ခံနေရတယ်...။ "
ချူယန် ခေါင်းကိုက်နေပြီ ဖြစ်သည်။
သူ သူတို့ကို ခဏလောက် ချော့မော့လိုက်ရပြီး နောက်ဆုံးတော့ နှစ်ယောက်လုံး စိတ်အေးသွားကြသည်။ သို့သော် နှစ်ယောက်လုံးက မတရားသဖြင့် ခံစားနေရဆဲပင်။ နှစ်ယောက်လုံး တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြပြီး ပြန်ရိုက်ဖို့ အဆင်သင့် ဖြစ်နေကြသည်။ ထန်ထန်က အခုဆိုရင် အဆင့် ကိုး ဘုရင်အဆင့် ဖြစ်နေပြီမို့ သူက ဘာကိုမှ မကြောက်တော့ပေ။
ရွေ့ပုထုန်းကလည်း သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
ငါ အဆင့်တက်ပြီးရင် မင်းကို သင်ခန်းစာ ပေးမယ်။
ချူယန်က ရွေ့ပုထုန်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
" ညီ ခြောက်။ မင်းရဲ့ လက်ရှိ ကျင့်စဉ်အဆင့်က ဘယ်လောက်လဲ။ "
" အဆင့် နှစ် ဘုရင်အဆင့်။ "
ရွေ့ပုထုန်းက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ သူ၏ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။
ငါက ဒီ ထူးဆန်းတဲ့ ထန်ထန်နဲ့တော့ မနှိုင်းယှဉ်နိုင်ပါဘူး။ ကုတူရှင်းနဲ့ သုန့်ဝူရှန်းတို့နဲ့လည်း မနှိုင်းယှဉ်နိုင်ဘူး။ ဒါပေမဲ့ ငါက ကျီမို့၊ လော်ခဲ့ဒီနဲ့ ချူယန်တို့ထက်တော့ ပိုသန်မာမှာပါ။
သို့သော် ချူယန်က ဤစကားများဖြင့် သူ့ကို ရိုက်ချလိုက်သောအခါ သူ ချောက်ထဲ ကျသွားသလို ခံစားလိုက်ရသည်။
"ဟင်။ အဆင့် နှစ်လား။ ကုတူရှင်းနဲ့ သုန့်ဝူရှန်းတို့က အခုဆိုရင် အဆင့် ငါး ဓား ဘုရင်အဆင့်တွေ ဖြစ်နေပြီ။ သူတို့က အဆင့် ငါး ဓား ဘုရင်နဲ့ အဆင့် ငါး ဆေဘာ ဓားဘုရင်တွေ အသီးသီး ဖြစ်နေကြပြီ။ "
ရွေ့ပုထုန်းက မျက်လုံးပြူးကာ ပြန်ကြည့်လိုက်သည်။
"ဘာ။ "
ချူယန်က သက်ပြင်းချကာ ပြောလိုက်သည်။
"ဒါက မင်းအတွက် တော်တော်လေး တုန်လှုပ်စရာ ဖြစ်လိမ့်မယ်... ဟုတ်ပြီလား။ ကျီမို့နဲ့ လော်ခဲ့ဒီတို့ကလည်း အခုလောလောဆယ်မှာ အဆင့် လေးရဲ့ အထွတ်အထိပ်မှာ ရှိနေကြပုံရတယ်...။ "
ရွေ့ပုထုန်း မြေကြီးပေါ် ထိုင်ကျသွားသည်။
"ဘာ။ အစ်ကိုကြီး... အစ်ကို... အစ်ကိုကြီး ကျွန်တော့်ကို လိမ်ပြောနေတာ မဟုတ်ဘူးမလား။ "
ရွေ့ပုထုန်းက ချူယန်ကို ကြည့်လိုက်ရာ ချူယန်က အတည်ပြုသည့် အကြည့်မျိုး ပေးလိုက်သည်။ ရလဒ်အနေဖြင့် သူ မှင်သက်သွားရသည်။ သူ ညည်းတွားလိုက်သည်။
"ဘာတွေလဲကွာ။ ငါ ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ နောက်ကျကျန်ခဲ့တာလဲ။ "
ချူယန်က သက်ပြင်းချလိုက်ပြီး စကြဝဠာကြီးရဲ့ အခြေအနေကို ဝမ်းနည်းနေသလို လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို သနားနေသလို ပုံစံမျိုးဖြင့် ပြောလိုက်သည်။
"အဟမ်း... အဟမ်း... ငါလည်း... အခုဆိုရင် အဆင့် ငါး ဓား ဘုရင် တစ်ယောက် ဖြစ်နေပြီ...။ "
ရွေ့ပုထုန်း၏ မျက်လုံးများ လန်တက်သွားသည်။ သူ၏ တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ ငိုချင်သော်လည်း မျက်ရည်က ထွက်မလာပေ။
" အစ်ကိုကြီး...။ ကျွန်တော့်ကို ဒီလိုမျိုး တစ်ခုပြီးတစ်ခု တုန်လှုပ်အောင် မလုပ်ပါနဲ့လား...။ ကျွန်တော်ကတော့ ဒီရက်ပိုင်းအတွင်း အဆင့်တက်တဲ့ အရှိန်က တော်တော်လေး ကောင်းနေတယ်လို့ ထင်နေတာ... ဟီးဟီး...။ "
ယင်းက ရွေ့ပုထုန်းရဲ့ စစ်မှန်တဲ့ အတွေးပဲ ဖြစ်သည်။ သူ ဒီရက်ပိုင်းအတွင်းမှာ အဆင့်တွေ ခဏခဏ တက်ခဲ့ပြီး အဆင့် နှစ် ဘုရင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ခဲ့သည်။ ထို့ကြောင့် ရွေ့ပုထုန်းက ကိုယ့်ကိုယ်ကိုယ် အတော်လေး ကျေနပ်နေခဲ့တာ ဖြစ်သည်။ သို့ပေမဲ့ သူဟာ သူ့ရဲ့ ညီအစ်ကိုတွေထဲမှာ အားအနည်းဆုံး ဖြစ်နေတယ်ဆိုတာကို ရုတ်တရက် သိလိုက်ရသည်။
ဒါတင်မကသေးဘူး။ သူ့ရဲ့ ခွန်အားက နည်းနည်းလေး နည်းနေတာ မဟုတ်ဘူး။
သူဟာ ဒီ မြောက်ပိုင်းနယ်စပ်မှာ အခွင့်အလမ်းကောင်း တစ်ခုနဲ့ ကြုံခဲ့ရတာ ဖြစ်သည်။ ပြီးတော့ သူ ဒီမှာ အဆင့်တွေ အများကြီး ထပ်တက်နိုင်သေးသည်။ တကယ်တော့ သူ အနည်းဆုံးတော့ တစ်ဆင့်လောက် လွယ်လွယ်ကူကူ ထပ်တက်နိုင်ဦးမှာပါ။ အဲ့ဒါက အတော်လေး ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်လိမ့်မယ်။ ဒါကြောင့် ရွေ့ပုထုန်းက ဒီမှာ အဆင့်တက်ပြီးရင် ပြန်သွားပြီး သူ့ညီအစ်ကိုတွေကို ကြွားဖို့ စဉ်းစားထားတာ ဖြစ်သည်။ ဖြစ်နိုင်ရင် သုန့်ဝူရှန်းနဲ့ ကုတူရှင်းတို့ကိုတောင် သင်ခန်းစာ ပေးဦးမလို့ စဉ်းစားထားတာ ဖြစ်သည်။
သို့သော် ချူယန်၏ ပါးစပ်မှ ထွက်လာသော သတင်းများကြောင့် ရွေ့ပုထုန်းမှာ အလွန် စိတ်ပျက်ပြီး ဝမ်းနည်းသွားရသည်။
သူ့အတွက် စိတ်ကူးလို့ မရနိုင်ဆုံး အရာကတော့ ချူယန်က အခု အဆင့် ငါး ဓားဘုရင်အဆင့် ဖြစ်နေတာပဲ။ ဒါဟာ ရွေ့ပုထုန်းအတွက်တော့ ခံနိုင်ရည်ထက် ကျော်လွန်တဲ့ ထိုးနှက်ချက်ကြီး ဖြစ်နေသည်။
သူတို့ နောက်ဆုံးတွေ့ခဲ့တုန်းက ချူယန်က သိုင်းဆရာအဆင့်ပဲ ရှိသေးတယ်ဆိုတာ သိထားရမည်။
ကွာခြားချက်က ကြီးမားလိုက်တာ။ သူက ငါ့ထက် အများကြီး ရှေ့ရောက်နေပြီလား။ ဒါ့အပြင် ကွာခြားချက်က သုံးဆင့်တောင်ရှိနေတာလား။ ဒါက ကိုယ့်ကိုယ်ကိုယ် ကျေနပ်နေတဲ့ ရွေ့ပုထုန်းကို အတော်လေး စိတ်ဓာတ်ကျသွားစေသည်။
"ငါလည်း အရမ်း စိတ်ပျက်မိပါတယ်...။ "
ချူယန်က သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သူ့ကို ထပ်ပြီး တုန်လှုပ်အောင် လုပ်လိုက်ပြန်သည်။
"မင်း မြင်တဲ့အတိုင်းပဲ၊ ငါ့ညီလေးက မနှစ်က ငါ့ထက် အများကြီး နိမ့်ကျခဲ့တာ။ ဒါပေမဲ့ အခု သူက အဆင့် ကိုး သိုင်း ဘုရင်အဆင့် ဖြစ်နေပြီ...။ "
ရွေ့ပုထုန်းက သူ၏ ဆံပင်များကို နာကျင်စွာ ဆွဲလိုက်သည်။
"အား... အား... အား... ငါ အိပ်မက်မက်နေတာလား။ "
"မင်း အဲ့လောက်အထိ စိတ်ပျက်စရာ မလိုပါဘူး..။ "
ချူယန်က ဆုံးရှုံးသွားတဲ့ အချိန်တွေက ပြန်မလာနိုင်တော့မှန်း သိသဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
"ငါတို့ အဆင့်တက်ဖို့ပဲ စတင်နေကြတာ။ ဒါပေမဲ့ ငါတို့ ဒီအတွက် ဘယ်လောက်အထိ စတေးခဲ့ရလဲဆိုတာ မင်းသိလား။ ငါတို့က နေ့တိုင်း သေခြင်းနဲ့ ရှင်ခြင်းကြားမှာ အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရတာ။ တကယ်တော့ ကုတူရှင်း၊ သုန့်ဝူရှန်း၊ ကျီမို့နဲ့ လော်ခဲ့ဒီတို့က အခုထိ သွေးစိုနေတဲ့ တိုက်ပွဲတွေကို အဆက်မပြတ် တိုက်ခိုက်နေကြတုန်းပဲ...။ "
"ငါတို့ ဘယ်လောက် စတေးခဲ့ရလဲ။ မင်းကော ဘယ်လောက် စတေးခဲ့လဲ။ အဲ့ဒါက ကွာခြားချက်ပဲ။ ဒါကြောင့် မင်းရဲ့ စိတ်ထဲမှာ ဒီကွာခြားချက်ကို ညှိနေစရာ မလိုပါဘူး...။ "
ချူယန်က သူ့ကို ဟန်ဆောင်ပြီး နှစ်သိမ့်လိုက်သည်။ သို့သော် တကယ်တော့ သူက အဆိုးမြင်စကားတွေ ပြောပြီး သူ့ကို ဆွပေးနေခြင်းသာ ဖြစ်သည်။
"ငါတို့က တိုက်ပွဲတွေထဲမှာ ငါတို့ရဲ့ အသက်တွေကို လောင်းကြေးထပ်ခဲ့တာ...။ "
ရွေ့ပုထုန်းက မျက်လုံးတွေ နီမြန်းသွားကာ ခုန်ထလိုက်သည်။
"ဒါက မကောင်းဘူး။ မင်းတို့ လုပ်နိုင်ရင် ငါလည်း မလုပ်နိုင်ဘူးလို့ မင်း ထင်နေတာလား။ ငါတို့က အတူတူပဲ၊ ညီအစ်ကိုတွေပဲ။ ငါတို့ ဘယ်သူ့ကိုမှ မကြောက်ဘူး။ "
"မ... မင်း စိတ်မလှုပ်ရှားပါနဲ့ဦး။ "
ချူယန်က သူ့ကို ဖျောင်းဖျလိုက်သည်။
"ငါ စိတ်မအေးနိုင်တော့ဘူး။ "
ရွေ့ပုထုန်းက ဒေါသတကြီး ပြောလိုက်သည်။
"ငါ အခုတစ်ခေါက် အမြင့်ဆုံးအထိ အဆင့်မတက်နိုင်ရင် ပြန်မထွက်လာတော့ဘူး။ အထဲမှာပဲ သေသွားရင် သေသွားပါစေတော့။ "
ချူယန်က ထိတ်လန့်သွားသည်။ သူ၏ အဆိုးမြင်စကားဖြင့် ဆွပေးသည့် အကြံအစည်မှာ လွန်သွားပြီ ဟု သူ တိုးတိုးလေး တွေးလိုက်မိသည်။
"ဘာ...။ အခုတစ်ခေါက် ဆိုတာ ဘာကို ပြောတာလဲ။ "
"ငါ့ရဲ့ ဆရာနှစ်ယောက်နဲ့အတူ ငါ့ရဲ့ ခွန်အားကို မြှင့်တင်ဖို့ လာတာလေ...။ "
ရွေ့ပုထုန်းက အကျိုးအကြောင်း ရှင်းပြလိုက်သည်။ ထို့နောက် သူက ခဏလောက် ရပ်လိုက်ပြီး ဆက်ပြောသည်။
"ဟွန်း။ တစ်ဆင့်တည်း အဆင့်တက်တာက ဘယ်လိုလုပ်ပြီး လုံလောက်မှာလဲ။ ငါ နှစ်ဆင့် အဆင့်တက်မယ်။ သုံးဆင့်။ လေးဆင့်။ ငါးဆင့်။ "
သူက ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။
"ငါ့ရဲ့ ခွန်အားကို မြှင့်တင်ရမယ်ဟေ့။ "
ချူယန် တစ်ကိုယ်လုံး ချွေးစေးတွေ ထွက်လာတော့သည်။
အပိုင်း ၅၇၆ ပြီး၏။
***