ပါးလျသော သစ်သားချောင်းလေးက ဒုတိယမြောက် အနီရောင် မြှားခေါင်းဆီသို့ ညွှန်ပြသွားသည်။ မို့ထျန်းကျီး၏ အသံမှာ တည်ငြိမ်အေးဆေးနေသည်။
"လီ မိသားစုက အိုး မိသားစုရဲ့ ဒုတိယမြောက် မဟာမိတ် ဖြစ်လာလိမ့်မယ်။ သခင်လေး ရှဲ့။ အိုး မိသားစုက ဒီ မိသားစုနဲ့ ဘာလို့ ဆက်သွယ်ချင်လဲဆိုတဲ့ ရည်ရွယ်ချက်ကို မင်း နားလည်မယ်လို့ ငါ ထင်တယ်။ "
ရှဲ့တန်းချုံက ရှက်ကိုးရှက်ကန်းဖြင့် ချောင်းဟန့်လိုက်သည်။ သူ၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး ပြောလိုက်သည်။
"မင်း သိသားပဲ။ ငါက ဘာတွေ ထပ်ဖြည့်ပြောဖို့ လိုသေးလို့လဲ။ "
လူတိုင်းက သူ့ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်ကြသည်။ ဒီ ကျောက်စိမ်းပန်းပွင့်ကို ဘာကများ ဒီလောက် စိုးရိမ်ပူပန်စေတာလဲဆိုတာ သူတို့ မသိကြပေ။
မို့ထျန်းကျီးက ညင်သာစွာ ပြောလိုက်သည်ပင်။
"အစ်ကို ရှဲ့။ ငါတို့က ဒီ မိသားစုတွေရဲ့ သူတို့နဲ့ ရန်သူဖြစ်နေတဲ့ မိသားစုတွေအပေါ် ထားရှိတဲ့ သဘောထားတွေကို နားလည်ဖို့ လိုတယ်။ အဲ့ဒါကမှ ငါတို့ကို လက်ရှိ အခြေအနေတွေကို ပိုပြီး ကောင်းကောင်း နားလည်စေနိုင်မှာ။ ဒါကြောင့် မင်းကိုယ်တိုင် လူတိုင်းကို ရှင်းပြပေးတာက ပိုကောင်းလိမ့်မယ်။"
ရှဲ့တန်းချုံ၏ မျက်နှာမှာ နီရဲသွားသည်။ ထို့နောက် သူက အတိတ်က အဖြစ်အပျက်များကို ဝေဝါးစွာ ပြန်လည် မြင်ယောင်လာပြီး ဒေါသတကြီး ပြောလိုက်သည်။
"ငါ့မိသားစုနဲ့ လီ မိသားစုကြားက ရန်ငြိုးက ငါ အသက် ၁၇ နှစ် ပြည့်ပြီး အိမ်ထောင်ပြုသင့်တဲ့ အရွယ်ကို ရောက်လာတုန်းက စတင်ခဲ့တာ။ ငါက လီ မိသားစုရဲ့ သခင်မလေး လီမန် နဲ့ အမှတ်မထင် ဆုံတွေ့ခဲ့တယ်။ ဒီ လီမန် ဆိုတဲ့ နာမည်က နားထောင်လို့တော့ ကောင်းပါတယ်။ ဒါပေမဲ့ သူမက ကြည့်ရတာတော့ မနှစ်မြို့စရာ ကောင်းတယ်။ အင်း...။ သူမက အရမ်း ရုပ်ဆိုးတယ်လို့တော့ သတ်မှတ်လို့ မရပါဘူး။ ဒါပေမဲ့ သူမက မျက်စိတစ်ဖက် ကန်းနေတာ။ သူမက ဓားနဲ့ အထိုးခံခဲ့ရတယ်လို့ ငါ ကြားဖူးတယ်။ "
" ဒီ လီမန်က ငါတို့ တွေ့ပြီးကတည်းက ငါ့ကို သဘောကျနေခဲ့တာ။ "
ရှဲ့တန်းချုံ၏ မိန်းမဆန်သော မျက်နှာပေါ်တွင် ဒေါသများ ပေါ်လွင်လာသည်ပင်။
"လီ မိသားစုက ငါ ပြန်ရောက်ပြီးတဲ့နောက် ငါ့အိမ်ကို လာလည်ပြီး မင်္ဂလာဆောင်ဖို့ ကမ်းလှမ်းခဲ့ကြတယ်။ ဒါပေမဲ့ ဒီလို မင်္ဂလာပွဲမျိုးကို ငါက ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။ ငါက အရမ်း ရုပ်ချောနေတာ မဟုတ်ပေမဲ့ အနာဂတ် မိသားစု သခင်မကို မျက်လုံးတစ်ဖက်ကန်းတဲ့သူကို ဖြစ်ခွင့် ဘယ်လိုလုပ် ပေးနိုင်မှာလဲ။ "
"ဟားဟားဟား...။ "
ကျီကျု၊ သုန့်ဝူလေ့နှင့် လော်ခဲ့ဝူတို့မှာ အော်ဟစ်ရယ်မောရင်း ယိမ်းထိုးနေကြသည်။ မို့ထျန်းကျီးက ပုံမှန်အားဖြင့် တည်ငြိမ်ပြီး လွတ်လပ်ပေါ့ပါးသူ ဖြစ်သော်လည်း ယခုအချိန်တွင် သူကလည်း အနည်းငယ် ပြုံးလိုက်မိသည်။
ကျီကျုက အသံကျယ်ကျယ်ဖြင့် ရယ်မောရင်း ပြောလိုက်သည်။
"အစ်ကို ရှဲ့။ သူမက မျက်စိတစ်ဖက် ကန်းနေပေမဲ့ အတွင်းစိတ်ထားက ဆွဲဆောင်မှုရှိတဲ့သူ ဖြစ်ကောင်း ဖြစ်နေနိုင်တာပဲလေ။ ဘယ်သိနိုင်မလဲ။ "
သူ ဒီလိုပြောလိုက်သောအခါ ရယ်သံများက ပို၍ ကျယ်လောင်သွားသည်။
ရှဲ့တန်းချုံ၏ မျက်နှာမှာ ပိုမို နီရဲလာသည်။ သူ အလွန်အမင်း ဒေါသထွက်သွားသည်။ သူက အားကုန်ထုတ်၍ ဆဲရေးတိုင်းထွာတော့သည်။
"သောက်ကျိုးနည်း။ ကျီကျု မင်းက ဒါကို သိနေတဲ့ပုံမျိုး လာမလုပ်နဲ့။ "
ဒီကောင်ပြောတဲ့ အတွင်းစိတ်ထား ဆွဲဆောင်မှုရှိတယ်ဆိုတာ ဘာကို ပြောတာလဲ... အဟမ်း အဟမ်း အဟမ်း... ဟွန်း။
ရှဲ့တန်းချုံက အစပိုင်းတွင် ဆူပူကြိမ်းမောင်းလိုက်သည်။ ထို့နောက် သူ စိတ်အေးသွားပြီး ဆက်ပြောသည်။
"ဒါကြောင့် ငါက ပြတ်ပြတ်သားသားပဲ ငြင်းပယ်လိုက်တယ်။ ဒါပေမဲ့ ဒီလီမန်နဲ့ သူမရဲ့ မောင်လေး လီဟူတို့က ငါ အပြင်ထွက်လာတဲ့ အချိန်ကို အခွင့်ကောင်း ယူခဲ့ကြတယ်။ သူတို့က ငါ့ကို ဖမ်းပြီး အတင်းအဓမ္မ လက်ထပ်ခိုင်းချင်နေတာ။ "
"ဝါး ဟားဟားဟား...။ "
ကျီကျုက လက်နှင့် ခြေထောက်များကို လှုပ်ရမ်းကာ မထိန်းနိုင်အောင် ရယ်မောတော့သည်။
"အစ်ကို ရှဲ့ရဲ့ ဆွဲဆောင်မှုက တကယ်ကို အကန့်အသတ် မရှိတာပဲ။ ဟင်း...။ ဒါနဲ့ မင်း ဘာလုပ်လိုက်လဲ...။ လီဟူက မင်းကို အဲ့ဒီ မိန်းမအတွက် လက်ဆောင်ထုပ် ထုပ်ပေးမယ့် အစီအစဉ်ကို တားဆီးဖို့အတွက်လေ...။ "
ဤစကားကို ပြောလိုက်သည်နှင့် မို့ထျန်းကျီး၏ စာကြည့်ခန်းထဲတွင် ရယ်သံများ ပဲ့တင်ထပ်သွားတော့သည်။
ရှဲ့တန်းချုံ၏ မျက်နှာမှာ ဒေါသကြောင့် ဖြူလျော်သွားသည်။ သူက ပြန်အော်လိုက်သည်ပင်။
"ကျီကျု။ မင်း ခွေးသား ညစ်ပတ်ကောင်။ "
"ဆက်ပြော... ဆက်ပြော... ဆက်ပြောပါဦး။ မင်း သူ့ကို ဂရုစိုက်နေစရာ မလိုပါဘူး။ ဟားဟား...။ "
လော်ခဲ့ဝူမှာ လက်ဖက်ရည် သောက်နေခြင်း ဖြစ်သည်။ သူ ရယ်မောလိုက်သောကြောင့် လက်ဖက်ရည်များ ပန်းထွက်သွားသည်။ ထို့ကြောင့် နေရာအနှံ့တွင် လက်ဖက်ရည်များ ပေကျံကုန်သည်။ သို့သော် သူက ရှဲ့တန်းချုံကို ဆက်ပြောရန် တိုက်တွန်းနေဆဲပင်။
ရှဲ့တန်းချုံက ကျီကျုကို မုန်းတီးစွာ ကြည့်ကာ ပြောလိုက်သည်။
"အဲ့ဒီနောက် နောက်ဆုံးတော့ ငါက... ငါက တမင်သက်သက် တစ်ဝက်၊ မှားယွင်းပြီးတော့ တစ်ဝက်နဲ့ အစ်မရော မောင်ကိုပါ သတ်ပစ်လိုက်တယ်။ ဒါကြောင့် ငါတို့က ရန်သူတွေ ဖြစ်သွားကြတာ။ လီ မိသားစုနဲ့ ငါ့ရှဲ့ မိသားစုက သေခန်းပြတ် ရန်သူတွေ ဖြစ်သွားပြီလို့ ပြောလို့ရတယ်။ "
သူ ဤသို့ ပြောလိုက်သောအခါ မည်သူမျှ မရယ်မောကြတော့ပေ။ လူတိုင်းက ကိစ္စ၏ ကြီးလေးမှုကို ရှင်းလင်းစွာ နားလည်သွားကြပြီ ဖြစ်သည်။
တကယ်တော့ သူက သာမန်လူ တစ်ယောက်ယောက်ကို သတ်ခဲ့လျှင် ဤကဲ့သို့ ရန်ငြိုးရန်စများ ဖြစ်လာရန် အကြောင်း မရှိပေ။ သို့သော် သူက မိသားစုခေါင်းဆောင်၏ သမီးနှင့် သားကို သတ်ခဲ့ခြင်း ဖြစ်သည်။ ဤရန်ငြိုးမှာ အလွန် နက်ရှိုင်းလွန်းသဖြင့် ဖြေရှင်း၍ မရနိုင်တော့ပေ။
"လူတိုင်း နားလည်သွားပြီလို့ ငါ ထင်ပါတယ်။ လီ မိသားစုက တိုက်ခိုက်လာရင် သေတဲ့အထိ တိုက်ခိုက်ကြလိမ့်မယ်။ "
မို့ထျန်းကျီး ပြုံးလိုက်သည်။ ထို့နောက် သူက ကောက်ချက်ချလိုက်သည်။
"ရှဲ့ မိသားစုဘက်က ရပ်တည်တဲ့ ဘယ်မိသားစုမဆို လီ မိသားစုရဲ့ သေခန်းပြတ် ရန်သူ ဖြစ်သွားလိမ့်မယ်။ သူတို့ လှုပ်ရှားမှု မစခင်အထိ နှစ်ဖက်စလုံးက တိတ်တိတ်နေကြလိမ့်မယ်။ ဒါပေမဲ့ တိုက်ပွဲ စဖြစ်ပြီဆိုရင် မင်း သေရင် သေ၊ မသေရင် ငါသေမယ် ဆိုတဲ့ အခြေအနေမျိုး ဖြစ်လာမှာ သေချာတယ်။ "
သခင်လေးများ အားလုံး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ကြသည်။ ကု မိသားစုမှ အကြီးအကဲမှာ ချွေးများ ပြန်နေပြီး မှတ်စုများကို အလုပ်များစွာဖြင့် ရေးမှတ်နေသည်။
"အိုး မိသားစုရဲ့ တတိယမြောက် ပစ်မှတ်က ထျန်း မိသားစုနဲ့ ဆက်သွယ်ဖို့ပဲ ဖြစ်လိမ့်မယ်။ အစ်ကို သုန့် ...။ မင်း ထျန်း မိသားစုနဲ့ မရင်းနှီးတာတော့ မဟုတ်ဘူး မလား။ "
မို့ထျန်းကျီးက သုန့်ဝူလေ့ကို ကြည့်လိုက်သည်။
သုန့်ဝူလေ့၏ မျက်နှာမှာ ညှိုးကျသွားသည်။ သူက ရင်းနှီးရုံတင် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သုန့် မိသားစုနှင့် ထျန်း မိသားစုတို့မှာ ဘဝပေါင်းများစွာ ကြာသည်အထိ ဖြေရှင်း၍ မရနိုင်သော နက်ရှိုင်းသည့် ရန်ငြိုးများကို သိမ်းဆည်းထားကြသည်။ သူတို့ တွေ့ဆုံတိုင်း သေခန်းပြတ် တိုက်ပွဲများကို ဆင်နွှဲကြလိမ့်မည်။
သုန့် မိသားစုတွင် ဤမျိုးဆက်၌ သုန့်ဝူရှန်း ရှိသည်။ သို့သော် ထျန်း မိသားစုတွင်လည်း အလားတူ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာခဲ့သည်။
ထျန်းပုဟွေ့။ သူ့ကို ကောင်းကင်တောင် မယှဉ်နိုင်တဲ့သူ ဒါမှမဟုတ် ထျန်းပုရှုလို့ လူသိများတယ်။
အဓိပ္ပာယ်မှာ ကောင်းကင်ကြီးသည်ပင် သူ့ကို မယှဉ်နိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့ကြောင့် ဤလူ၏ ခွန်အားနှင့် လွှမ်းမိုးနိုင်စွမ်းကို ကောင်းစွာ မှန်းဆနိုင်ပေသည်။
ထျန်း မိသားစုက ဒီတိုက်ပွဲထဲ ဝင်လာရင် သေတဲ့အထိ တိုက်ခိုက်ကြလိမ့်မယ်ဆိုတာ ပြောစရာတောင် မလိုတော့ဘူး။ သုန့်ဝူလေ့၏ မျက်နှာမှာ ကြည့်ရဆိုးလာသည်။
"အိုး မိသားစုက ဆက်သွယ်ချင်တဲ့ စတုတ္ထမြောက် မိသားစုက ကျောက် မိသားစုပဲ။ "
မို့ထျန်းကျီး ပြုံးကာ လော်ခဲ့ဝူကို ကြည့်လိုက်သည်။ သခင်လေး လော်၏ မျက်နှာမှာ ရုတ်တရက် ကြည့်ရဆိုးသွားသည်။
" အစ်ကို လော်၊ မင်းရဲ့ ဒီညီလေးက သေချာ မှတ်မိသေးတယ်ဆိုရင် လော် မိသားစုက ကျောက် မိသားစုကို နှစ်ပေါင်း နှစ်ရာကျော်လောက် ဖိနှိပ်ထားခဲ့တာလေ။ "
လော်ခဲ့ဝူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
မို့ထျန်းကျီးက ယဉ်ကျေးစွာ ပြုံးလိုက်သည်ပင်။
"ငါတို့ မိသားစု နှစ်ခုကြားက အကွာအဝေးက ဒီလောက် မဝေးဘူးဆိုရင် ငါ့မို့ မိသားစုနဲ့ ကျောက် မိသားစုက အခုဆိုရင် မဟာမိတ်တွေ ဖြစ်နေလောက်ပြီ။ ဒါ့အပြင် ငါတို့ မိသားစုက လော် မိသားစုနဲ့ အဝေးကြီးမှာ ရှိနေလို့ ပိုပြီးတော့တောင် ဖြစ်နိုင်သေးတယ်။ "
လော်ခဲ့ဝူ၏ မျက်နှာမှာ ပို၍ ကြည့်ရဆိုးလာသည်။
လော် မိသားစုနှင့် မို့ မိသားစုတို့ အတိတ်က ငြိမ်းချမ်းသော ဆက်ဆံရေးမျိုး မရှိခဲ့ကြပေ။ တကယ်တော့ သူတို့က ဆယ်စုနှစ်ပေါင်းများစွာ နေ့စဉ်ရက်ဆက် တစ်ယောက်ကို တစ်ယောက် သတ်မယ် ဟု အော်ဟစ်နေခဲ့ကြခြင်း ဖြစ်သည်။ မကြာသေးမီကမှ ဆက်ဆံရေး အနည်းငယ် တိုးတက်လာခဲ့ခြင်း ဖြစ်သည်ပင်။
"အိုး မိသားစုက နောက်ထပ် မိသားစု တစ်ခုနဲ့လည်း ဆက်သွယ်လိမ့်မယ်...။ အဲ့ဒါက ထူ မိသားစုပဲ။ "
မို့ထျန်းကျီး သက်ပြင်းချလိုက်သည်။
"ကုတူရှင်းက ထူချန်းဟောင်ကို အနိုင်ယူခဲ့ပြီး သူ့အမေတောင် မှတ်မိလို့ မရနိုင်လောက်အောင်ကို ပြောင်းလဲပစ်ခဲ့တယ်။ အဲ့ဒါကလည်း လောကက သူရဲကောင်းတွေရဲ့ ရှေ့မှာလေ။ ဒီလို ရန်ငြိုးမျိုးက ကိုယ့်အဖေ အသတ်ခံရတဲ့ ရန်ငြိုးထက် မလျော့ဘူး...။ "
ထို ကု မိသားစုမှ အကြီးအကဲ၏ လက်ချောင်းများ တုန်ရီသွားသည်။ ထို့ကြောင့် သူ ကိုင်ထားသော စုတ်တံမှ မင်များ စာရွက်ပေါ်သို့ ကြီးမားစွာ ပေကျံသွားတော့သည်။
"မင်းတို့ မိသားစုတွေက မင်းတို့ စိုက်ပျိုးခဲ့တာတွေကို ရိတ်သိမ်းရလိမ့်မယ်။ "
မို့ထျန်းကျီးက အလွန် စိတ်ဓာတ်ကျနေသလို သက်ပြင်းချရင်း ပြောလိုက်သည်။
"ဒါပေမဲ့ အခက်ခဲဆုံးနဲ့ သည်းမခံနိုင်ဆုံး အရာက ငါတို့ မို့ မိသားစုက ဒါတွေ တစ်ခုနဲ့မှ မသက်ဆိုင်တာပဲ။ ဒါပေမဲ့ ဒီကျိန်ဆဲခံရမယ့် အိုး မိသားစုက မိစ္ဆာနက် မိသားစုနဲ့ ဆက်သွယ်နေတယ်။ "
သုန့်ဝူလေ့၊ ကျီကျု၊ လော်ခဲ့ဝူနှင့် ရှဲ့တန်းချုံတို့မှာ ဤစကားကို ကြားသောအခါ အခြားသူများ ဒုက္ခရောက်သည်ကို ဝမ်းသာနေသည့် အပြုံးမျိုးဖြင့် ပြုံးလိုက်ကြသည်။
မင်းက ငါတို့ကို ဒီလောက် အလျင်စလို လာရှာတာ အံ့သြစရာတော့ မဟုတ်ဘူး။ မင်းရဲ့ မို့ မိသားစုကလည်း ဒီရှုပ်ထွေးမှုထဲမှာ ပါဝင်နေတာကိုး။
သို့သော် ၎င်းက သူတို့အတွက် တစ်ချိန်တည်းမှာပင် ကြီးမားသော သက်သာရာရမှု တစ်ခုလည်း ဖြစ်သည်။
မို့ မိသားစုလည်း ပါဝင်နေတာမို့ မို့ထျန်းကျီးက ဒီကိစ္စကနေ ကင်းလွတ်နေလို့ မရတော့ဘူး။ ဒါကြောင့် ငါတို့ဘက်မှာ မို့ထျန်းကျီးရဲ့ အစီအစဉ်တွေနဲ့ မဟာဗျူဟာတွေ ရှိလာလိမ့်မယ်။ အဲ့ဒါက အကြီးမားဆုံး အကူအညီ ဖြစ်လာမှာပဲ။
မို့ထျန်းကျီးက စကားအနည်းငယ်ဖြင့် သူတို့ကို တစ်လှေတည်း စီးစေခဲ့သည်။ ထို့အပြင် သူ၏ ရပ်တည်ချက်က ထင်ရှားပြီး လွတ်လပ်ကြောင်းကိုလည်း သူ အသားပေး ပြောဆိုခဲ့သည်။ မို့ မိသားစုမှာ မကြာသေးမီကမှ အားနည်းသွားခဲ့ပြီး အခြားသူများ၏ အကူအညီကို တောင်းခံနေရမည့် အခြေအနေ ဖြစ်သည်။ သို့သော် သူ၏ စကားများက မို့ မိသားစုကို အခြားသူများက လာရောက် အကူအညီ တောင်းခံရမည့် အဖွဲ့အစည်း တစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်သည်။
"ဒါ့အပြင် အိုး မိသားစုက မန် မိသားစုနဲ့လည်း ဆက်သွယ်ထားပြီးပြီ။ "
မို့ထျန်းကျီးက အားတင်းပြီး ပြုံးလိုက်သည်။
ထိုနေရာတွင် ရှိနေသူတိုင်း၏ မျက်လုံးများမှ အလင်းရောင်များ ထွက်ပေါ်လာသည်။
မန်လော့၏ နွေဦးအိပ်မက် ဝိညာဉ်သိုင်းကျင့်စဉ်က လူတိုင်း၏ ရင်ထဲမှ ဆူးတစ်ချောင်း ဖြစ်သည်။ ထို့ကြောင့် ဤမဟာမိတ်အဖွဲ့တွင် မန် မိသားစုလည်း ပါဝင်နေသည်ကို ကြားသောအခါ လူတိုင်းက တိုက်ပွဲဝင်ရန် သူတို့၏ အင်္ကျီလက်များကို ခေါက်တင်လိုက်ကြသည်။
"အိုး မိသားစုက ဒီဆက်သွယ်မှုတွေကို အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ရင် ငါတို့က အရင်က တစ်ခါမှ မကြုံဖူးတဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို သေချာပေါက် ရင်ဆိုင်ရလိမ့်မယ်။ "
မို့ထျန်းကျီးက သူ၏ ရှင်းလင်းပြသမှုဖြင့် ဤသခင်လေးများ၏ နှလုံးသားများကို လှုံ့ဆော်ပေးခဲ့သည်။ ထို့ကြောင့် မို့ထျန်းကျီးက သူ၏ အဓိက ရည်ရွယ်ချက်ကို ယခု ထုတ်ဖော်လိုက်သည်။
"အိုး မိသားစု၊ ထူ မိသားစု၊ ထျန်း မိသားစု၊ မန် မိသားစု၊ မိစ္ဆာနက်မိသားစု၊ ကျောက် မိသားစု နဲ့ လီ မိသားစုတို့က ငါတို့ မိသားစု တစ်ခုခုကို ရင်ဆိုင်ဖို့ မဟာမိတ် ဖွဲ့လိုက်မယ်ဆိုရင်...။ "
မို့ထျန်းကျီးက ရှဲ့တန်းချုံ၏ မျက်လုံးများကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။
"မင်းရဲ့ အင်အားကြီးမားတဲ့ ရှဲ့ မိသားစုတောင် တစ်ချက်တည်းနဲ့ ပြိုကျသွားလိမ့်မယ်။ မင်းဘက်မှာ ဘယ်လို ကံကောင်းမှုလေးမှ ကျန်ရှိနေမှာ မဟုတ်ဘူး။ "
ရှဲ့တန်းချုံ၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်သွားသည်။ အကြောင်းမှာ ရှဲ့ မိသားစုက အိုး မိသားစုနှင့် အနီးဆုံးတွင် တည်ရှိနေသောကြောင့်ပင်။
" သူတို့ကို ငါတို့က တစ်ဖွဲ့ချင်းစီ လိုက်တိုက်ခိုက်ဖို့ အခွင့်အရေး ပေးလိုက်ရင် ငါတို့ မိသားစုတွေက အလယ်ကောင်းကင် သုံးဆင့်ကနေ မျိုးဖြုတ်ခံရလိမ့်မယ်။ "
မို့ထျန်းကျီး၏ အသံမှာ အေးစက်ပြီး နက်ရှိုင်းနေသည်။ သူသည် သုန့်ဝူလေ့၊ လော်ခဲ့ဝူနှင့် ကျီကျုတို့၏ မျက်နှာများကို တစ်ယောက်ချင်းစီ ကြည့်လိုက်သည်။
လူတိုင်း၏ မျက်နှာများမှာ လေးနက်သွားသည်။ သူတို့၏ အကြည့်များ တောက်ပလာသည်။ ထို့အပြင် သူတို့၏ မျက်လုံးများထဲတွင် သတ်ဖြတ်ချင်စိတ် တစ်ခု တဖြည်းဖြည်း ပုံပေါ်လာသည်။ စာကြည့်ခန်း၏ လေထုမှာ ရုတ်တရက် မွန်းကြပ်ပြီး လေးလံလာသည်။
ဤကိစ္စသာ တကယ် ဖြစ်လာခဲ့လျှင် မို့ထျန်းကျီး၏ စကားများမှာ ပုံကြီးချဲ့ပြောဆိုခြင်း မဟုတ်ကြောင်း လူတိုင်း သိကြသည်။ ကြီးမြတ်သော မိသားစု ခုနစ်ခု၏ ပေါင်းစည်းမှုကို မိသားစု တစ်ခုတည်းက ဘယ်လိုလုပ် ခံနိုင်ရည် ရှိနိုင်မှာလဲ။
မို့ထျန်းကျီးက တိုးတိုးလေး ရယ်မောလိုက်သည်ပင်။
"ငါက ဒီရှုပ်ထွေးမှုထဲမှာ ပါဝင်ဖို့ သိပ်စိတ်မဝင်စားဘူး။ ဒါပေမဲ့ မိစ္ဆာနက်မိသားစုက အဲ့ဒီ မဟာမိတ်အဖွဲ့ထဲ ပါဝင်လာရင် ငါက ပါဝင်ရုံက လွဲပြီး ရွေးချယ်စရာ ရှိမှာ မဟုတ်ဘူး။ ငါက ဒီထဲမှာ ဝင်ပါချင်သည်ဖြစ်စေ၊ မပါချင်သည်ဖြစ်စေ အရေးမကြီးတော့ဘူး။ ဒါကြောင့် ငါတို့ အခု တစ်လှေတည်း စီးနေကြပြီ။ "
ဟုတ်ပါတယ်။ မင်းတို့ လူတွေက သူတို့နဲ့ ရန်ငြိုးရှိတယ်။ ငါတို့ မို့ မိသားစုကတော့ ဘယ်သူနဲ့မှ ရန်ငြိုးမရှိဘဲနဲ့ ဆွဲသွင်းခံနေရတာ။ မင်းတို့ ဒါကို ဘယ်လို ထင်လဲ။
ဘယ်သူက ဒီကနေ ကင်းလွတ်နေဖို့ စဉ်းစားနိုင်မှာလဲ။ ဘယ်သူကများ ကင်းလွတ်နေရဲမှာလဲ။
သုန့်ဝူလေ့၏ မျက်လုံးများတွင် အလင်းရောင်တစ်ခု လက်သွားသည်။ သူ ဖြည်းညှင်းစွာ မတ်တပ်ရပ်ပြီး လူတိုင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"အစ်ကို မို့ ပြောတာ မှန်တယ်။ ဒါက တကယ့်ကို ကြီးမားတဲ့ အကျပ်အတည်းကြီးပဲ။ ငါတို့ အတူတူ မလုပ်ဆောင်ရင် ငါတို့ မျိုးဖြုတ်ခံရမှာကို ငါ စိုးရိမ်တယ်။ "
သုန့်ဝူလေ့၏ အသံနေအသံထားမှာ လေးနက်နေသည်။ သူက သူ၏ လက်ကို ဆန့်ထုတ်ကာ အထက်သို့ မြှောက်လိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။
"ငါတို့ သုန့် မိသားစုက ငါတို့ အဖွဲ့အစည်းရဲ့ အနေအထားကို အရင်ဆုံး အသိအမှတ်ပြုတယ်။ ငါ့ကို မဟာမိတ်အဖြစ် အသိအမှတ်ပြုချင်တဲ့ သူတွေ လက်ဆန့်ထုတ်ပေးကြပါ။ "
ရှဲ့တန်းချုံက တုံ့ဆိုင်းခြင်း မရှိဘဲ သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။
ထို့နောက် လော်ခဲ့ဝူကလည်း သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။ ကု မိသားစုမှ အကြီးအကဲမှာ အစပိုင်းတွင် အနည်းငယ် တုံ့ဆိုင်းနေသည်။ ထို့နောက် သူက ပြောလိုက်သည်။
"ကျွန်တော်က ကု မိသားစုကို ကိုယ်စားပြုဖို့ ဆန္ဒရှိပြီး မဟာမိတ် ဖြစ်လာဖို့ကိုလည်း သဘောတူပါတယ်။ ဒါပေမဲ့ မိသားစုရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ပြန်သွားပြီး မိသားစုခေါင်းဆောင်ကို အစီရင်ခံဖို့ လိုလိမ့်မယ်။ "
သူ ဤသို့ ပြောရင်း လက်ကို ဆန့်ထုတ်လိုက်သည်။
ကျီကျုမှာ ခဏတာ တိတ်ဆိတ်နေသည်။ သူက မို့ထျန်းကျီးကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ ထို့နောက် သူ၏ လက်ကို အခြားသူများ၏ လက်များပေါ်သို့ ဖတ် ခနဲ အသံနှင့်အတူ တင်လိုက်သည်။
မို့ထျန်းကျီး ပြုံးလိုက်သည်။ သူက သူ၏ လက်များကို ဆန့်ထုတ်ကာ ထိုလက်အုပ်စုကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။
"ငါတို့ရဲ့ နောက်ထပ် ခြေလှမ်းအတွက် ဆွေးနွေးပြီး အစီအစဉ် ဆွဲကြရအောင်။ "
မို့ထျန်းကျီး၏ စကားများက ဤသေရေးရှင်ရေး ကိစ္စကို ပိုမို ကြီးမားသွားစေပြီး မြင့်မြတ်သော မိသားစုများမှ ဤသခင်လေးများ၏ နှလုံးသားကို ထိမိစေခဲ့သည်။ ယခင်က စည်းလုံးမှု မရှိသော မိသားစုများက ယခုအခါ တင်းကျပ်စွာ ပေါင်းစည်းသွားခဲ့ကြပြီ ဖြစ်သည်။
ထို့အပြင် ၎င်းက အသန်မာဆုံးသော နှောင်ကြိုးအမျိုးအစား ဖြစ်သည်။
လူတိုင်း အော်ဟစ်ရယ်မောလိုက်ကြသည်။ ထို့နောက် သူတို့ တစ်ယောက်ပြီး တစ်ယောက် ထိုင်လိုက်ကြသည်။ အစပိုင်းတွင် သူတို့ကြား၌ ရှိနေခဲ့သော စိမ်းသက်သော ခံစားချက်နှင့် သက်တောင့်သက်သာ မရှိမှုတို့မှာ သဲလွန်စ မရှိ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"ငါတို့ရဲ့ နောက်ထပ် ခြေလှမ်းက အစီအစဉ်ဆွဲပြီး စီမံမှုတွေ လုပ်ဖို့ဆိုတော့ ငါ့မှာ စကားပြောခွင့် ရှိသင့်တယ်လို့ ထင်ပါတယ်။ "
လော်ခဲ့ဝူက အားတင်းပြီး ပြုံးကာ ပြောလိုက်သည်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ငါ သခင်လေး မို့ထျန်းကျီးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး မရှိခဲ့ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါ အရမ်း ရှက်မိပါတယ်။ငါ လော်ခဲ့ဝူက ဘယ်လို အစီအစဉ်တွေပဲ ဆွဲဆွဲ...။ ဒါမှမဟုတ် ငါ့ရဲ့ စီမံမှုတွေကို ဘယ်လောက်ပဲ စဉ်းစားစဉ်းစား...။ ဘယ်တော့မှ အနိုင်ရတဲ့ဘက်မှာ မရပ်တည်နိုင်ခဲ့ဘူး။ "
"ငါ သခင်လေး မို့ရဲ့ လက်ချက်နဲ့ အကြိမ်ပေါင်းများစွာ သေလုနီးပါး ဖြစ်ခဲ့ပြီး ဖမ်းဆီးခံရလုနီးပါး ဖြစ်ခဲ့တယ်...။ "
လော်ခဲ့ဝူက ကိုယ့်ကိုယ်ကိုယ် သရော်လှောင်ပြောင်ရင်း ရယ်မောလိုက်သည်။ ထို့နောက် သူက သူ့ကိုယ်သူ လက်ညှိုးထိုးပြသည်။
"ငါ ဘယ်သူ့ကိုမှ ဒါကို မဖုံးကွယ်ချင်ပါဘူး။ ဒါကြောင့် မင်းတို့ကို ပြောပြမယ်။ ငါ့ကိုယ်ပေါ်မှာ အမာရွတ် ဆယ်ခု ရှိတယ်။ ပြီးတော့ အဲ့ဒီထဲက ကိုးခုက ဒီကောင် မို့ထျန်းကျီး ပေးခဲ့တာချည်းပဲ။ "
လူတိုင်း အော်ဟစ်ရယ်မောလိုက်ကြသည်။
ထို့နောက် လော်ခဲ့ဝူက ဆက်ပြောသည်။
"အစ်ကို မို့ရဲ့ တွက်ချက်ခြင်းနဲ့ ခြယ်လှယ်ခြင်း အရှင်သခင်ဆိုတဲ့ နာမည်က လောကကြီး တစ်ခုလုံးမှာ ပဲ့တင်ထပ်နေတာပဲ။ ဒါကြောင့် ဒီကိစ္စမှာ ငါတို့ အဖွဲ့အစည်းရဲ့ ညွှန်ကြားရေးမှူးက သခင်လေး ထျန်းကျီးကလွဲပြီး တခြားသူ မဖြစ်သင့်ဘူးလို့ ငါ ယုံကြည်တယ်။ "
"မှန်တယ်။ ငါ့ဝမ်းကွဲညီလေးက အကြံအစည်တွေ ဆွဲတဲ့နေရာမှာ တော်တော်လေး ကောက်ကျစ်တာ။ ငါ ကလေးဘဝကတည်းက သူ့ရဲ့ ဉာဏ်ကောင်းမှုကြောင့် တစ်ခါမှ အကျိုးအမြတ် မရခဲ့ဖူးဘူး။ "
ကျီကျုက နောက်ပြောင်ရင်း ရယ်မောလိုက်သည်။
ကျီကျု၏ မိခင်မှာ ကျီ မိသားစု ခေါင်းဆောင်၏ ပထမ ဇနီး ဖြစ်သည်။ ပြီးတော့ မို့ထျန်းကျီး၏ အဒေါ်မှာ ထိုစဉ်က ကျီ မိသားစုခေါင်းဆောင်ကို ရူးသွပ်စွာ ချစ်ကြိုက်ခဲ့သည်။ သူမက သူ၏ မယားငယ် အဖြစ် နေရမည်ကို သိလျက်နှင့်ပင် သူ့ကို လက်ထပ်ခဲ့သည်။ ထို့နောက် သူမက ကျီမို့ကို မွေးဖွားခဲ့သည်။ ကျီကျုက ပုံမှန်အားဖြင့် မို့ထျန်းကျီးကို ဝမ်းကွဲညီလေးဟု ခေါ်၍ မရပေ။ သို့သော် သူက ကျီမို့ကို သူ၏ သွေးချင်းညီအစ်ကိုအဖြစ် အမြဲတမ်း သတ်မှတ်ခဲ့သည်။ တကယ်တော့ သူတို့သည် မိခင်တစ်ယောက်တည်းမှ မွေးဖွားလာသကဲ့သို့ တစ်ယောက်ကို တစ်ယောက် ဆက်ဆံခဲ့ကြသည်။ ထို့ကြောင့် ကျီကျုက မို့ထျန်းကျီးကို သူ၏ ညီလေးနှင့်အတူ ဝမ်းကွဲညီလေး အဖြစ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။
ရှဲ့တန်းချုံနှင့် သုန့်ဝူလေ့တို့ အပြန်အလှန် ကြည့်လိုက်ကြသည်။ သူတို့တွင် ကန့်ကွက်စရာ မရှိပေ။
မို့ထျန်းကျီးက ပြုံးကာ ပြောလိုက်သည်။
" ဒီ အဆိုပြုချက်က မသင့်တော်ပါဘူး။ "
အပိုင်း ၅၈၁ ပြီး၏။
***