အဆင့်မြင့်ဆုံး SSS အဆင့် ပါရမီ - သေမင်းလက်ဝါး..
~
"အင်း..."
ဂူချန်က ကျောက်စိမ်းဆွဲပြားကို လက်ခံလိုက်သည်ကို
မြင်သောအခါ လင်းယဲ့၏ မည်းနက်သော မျက်နှာထက်တွင် ဂန္ဓမာပန်းတစ်ပွင့် ပွင့်လန်းလာသကဲ့သို့
ပြုံးရွှင်သွားတော့သည်။
သူက ဝမ်းသာနေသော လေသံဖြင့်...
"မင်း တောင်ဘက်ကောင်းကင်တံခါး တက္ကသိုလ်ကို
ရောက်တဲ့အခါ တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ သူကလည်း မင်းလိုပဲ SSS အဆင့် သိုင်းပညာပါရမီကို
ပိုင်ဆိုင်ထားတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ပဲ.."
"ဒါပေမဲ့ သူက မင်းထက်စောပြီး
အသက် ၁၂ နှစ်အရွယ်မှာတင် ပါရမီနိုးထခဲ့တာ။ အခုဆိုရင် သူက အသက် ၁၈ နှစ်ရှိပြီဖြစ်သလို
ကျင့်စဉ်အဆင့်ကလည်း အဆင့် ၄ ရဲ့ နောက်ဆုံးအဆင့်ကို ရောက်နေပြီ.."
ဤနေရာတွင် လင်းယဲ့က စကားကို ခေတ္တရပ်လိုက်ပြီးနောက်
အလေးအနက် ဟန်ဖြင့်...
"မင်းတို့နှစ်ယောက်လုံးက ထိပ်တန်းပါရမီရှင်တွေပဲ။
အချိန်တန်ရင် တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းဖလှယ်ပြီး အပြန်အလှန် သင်ယူကြပေါ့.."
"သူက အထက်တန်းတောင် မပြီးခင်
တောင်ဘက်ကောင်းကင်တံခါးကို စောစောစီးစီး ဝင်ရောက်ခဲ့တာဆိုတော့ အတွေ့အကြုံ ပိုများလိမ့်မယ်။
ငါ အနားမှာ မရှိတဲ့အချိန် သိုင်းပညာလေ့လာရာမှာ အခက်အခဲ တစ်ခုခုရှိရင် သူ့ဆီကနေ အကြံဉာဏ်
တောင်းခံနိုင်တယ်.."
"ဒါပေမဲ့ အဲဒီလူကလည်း မင်းလိုပဲ
နည်းနည်းတော့ မာနကြီးတတ်တယ်။ အကြံဉာဏ်တောင်းတဲ့အခါမှာတော့ နည်းနည်း နှိမ့်ချဖို့ လိုလိမ့်မယ်.."
'အကြံဉာဏ် တောင်းရမှာလား.. နှိမ့်ချရအုံးမှာလား..'
ဂူချန်က သဘောတူသည်လည်းမဟုတ်၊ ငြင်းဆန်သည်လည်းမဟုတ်ဘဲ ခေါင်းကိုသာ အသာအယာ
ငြိမ့်ပြလိုက်၏။
'မာနကြီးတဲ့ ပါရမီရှင်တဲ့လား..'
ထိုသို့ဆိုလျှင် သူ အမှန်တကယ်ပင်
အကြံဉာဏ် အချို့ တောင်းခံရပေဦးမည်။
နှိမ့်ချဖို့ကိစ္စကမူ...
ဂူချန်က ပြုံးလိုက်မိသည်။ ၎င်းမှာ
မည်သူ့လက်သီးက ပိုကြီးသလဲဆိုသည့်အပေါ်တွင်သာ မူတည်ပေလိမ့်မည်။
ယနေ့တွင် ထိုသူနှင့် မယှဉ်နိုင်သေးသော်လည်း မနက်ဖြန်တွင်မူ ပြောရခက်ပေတော့မည်။
တစ်ဖက်လူ၏ သဘောတူညီဟန်ရှိသော အမူအရာကို မြင်သော် လင်းယဲ့မှာ အတော်ပင် ကျေနပ်သွားပုံရ၏။
မည်သို့ပင်ဆိုစေကာမူ နောင်တွင် မိသားစုကဲ့သို့ ဖြစ်လာကြမည်ဖြစ်ရာ သင့်တင့်လျောက်ပတ်စွာ ဆက်ဆံသင့်ပေသည်။
သို့မဟုတ်ပါက မိမိ၏ တပည့်များအချင်းချင်း ပြန်လည်တိုက်ခိုက်နေကြလျှင် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်သည် မဟုတ်ပါလော။
ဤဂူချန်မှာ ယဉ်ကျေးမှု အနည်းငယ် လိုအပ်နေသော်လည်း အတော်ပင် တည်ငြိမ်ရင့်ကျက်ပြီး အားကိုးထိုက်ပုံရပေသည်။
"ဒါနဲ့ မင်း နိုးထလာတဲ့ သိုင်းပညာပါရမီက ဘယ်လိုအမျိုးအစားလဲ.."
လင်းယဲ့က စပ်စုလိုသောစိတ်ဖြင့် မေးမြန်းလိုက်သည်။
ဤသို့မေးမြန်းခြင်းမှာ အနည်းငယ်
မသင့်တော်ဟု ခံစားမိ၍ သူ၏ အမူအရာမှာ အနည်းငယ် တွန့်ဆုတ်နေပြီး...
"ငါ ဒီမှာ အစီအရင်တစ်ခု ချထားတယ်။ အသံတွေ
အပြင်ကို ပေါက်ကြားမှာ မဟုတ်ဘူး.."
"မင်းရဲ့ ပါရမီအကြောင်းကို
သိချင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ နောက်ပိုင်း ကျင့်ကြံခြင်းမှာ လိုအပ်မယ့် သိုင်းပညာရပ်တွေနဲ့
အရင်းအမြစ်တွေကို ပြင်ဆင်ပေးနိုင်ဖို့ပဲ.."
"မင်းက အရင်းအမြစ်တွေ ပေါများတဲ့
သိုင်းမျိုးနွယ်စုက လာတာဆိုပေမဲ့ ကြီးကြပ်ရေးကောင်စီနဲ့ တောင်ဘက်ကောင်းကင်တံခါး တက္ကသိုလ်မှာလည်း တန်ဖိုးရှိတဲ့အရာတွေ အများကြီး ရှိပါသေးတယ်.."
"မျက်လုံးပညာရပ်ပါ.."
ဂူချန်က တိုတိုတုတ်တုတ်ပင် ပြန်လည်ဖြေကြားလိုက်သည်။
ထိုသို့ပြောလိုက်စဉ် သူ၏ မျက်ဝန်းအိမ်များအတွင်း ခရမ်းရောင်အလင်းတန်းများ လျှပ်ခနဲ လက်သွားကာ မျက်လုံးတစ်ဖက်စီတွင် ဒုတိယမြောက် မျက်ဆန်တစ်ခုစီ
ပေါ်ထွက်လာတော့သည်။
"အသုံးချမှုပိုင်းဆိုင်ရာ ပါရမီပဲ..
မဆိုးပါဘူး.."
ထူးဆန်းသော စွမ်းအားများ ထွက်ပေါ်လာသည်ကို ခံစားမိသဖြင့် လင်းယဲ့မှာ မချီးကျူးဘဲ မနေနိုင်တော့ဘဲ အလေးအနက် ဆန်းစစ်လေတော့သည်။
"တိုက်ခိုက်ရေး သိုင်းပါရမီတွေလိုမျိုး
ချက်ချင်းလက်ငင်း ထိရောက်မှု မရှိပေမဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အလားအလာကတော့ အင်မတန်
အားကောင်းတယ်.."
"မင်းရဲ့ SSS အဆင့် သိုင်းပါရမီက
နိုးထပြီးမှ ဆင့်ကဲပြောင်းလဲသွားတာ မဟုတ်လား။ မှတ်တမ်းတွေအရဆိုရင် မင်းရဲ့ အရင်က သိုင်းပါရမီက
B အဆင့်ပဲ ရှိတာလေ.."
ဂူချန်က ခေါင်းညိတ်ပြလိုက်၏ ။ သူ ဖုံးကွယ်ထားရန် ရည်ရွယ်ချက် မရှိပေ ။
ဤကမ္ဘာတွင် သိုင်းပညာရှင်တစ်ဦး၏ ပါရမီမှာ ဆင့်ကဲပြောင်းလဲနိုင်ခြေ အလွန်နည်းပါးလှသော်လည်း လုံးဝမရှိသည်တော့ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ဤအရာမှာ သူ၏ ပါရမီများထဲမှ တစ်ခုသာ ဖြစ်သည်။ သူ၏ စွမ်းဆောင်ရည်အားလုံးကို ထုတ်ဖော်ပြသလိုက်လျှင်ပင် ကြီးကျယ်သော ကိစ္စတစ်ခု မဟုတ်ချေ။
အခြားသူများက သူ၏ SSS အဆင့် မျက်ဆန်နှစ်ထပ် ပါရမီကို သိရှိသွားချိန်တွင် ထိုကဲ့သို့သော အဆင့်တူ ပါရမီများစွာ ရှိနေသေးသည်ကို ထပ်မံတွေ့ရှိသွားပါက...
သူတို့၏ မျက်နှာထားများကို တွေးကြည့်ရုံနှင့်ပင် အတော်လေး ကြည့်ကောင်းနေပေလိမ့်မည်။
"ငါ ထင်တဲ့အတိုင်းပါပဲ။ မင်း
ပါရမီနိုးထပြီးတာနဲ့ ဒီလောက်အထိ အစွမ်းထက်နေတာ မဆန်းတော့ဘူး.."
လင်းယဲ့က မျှော်လင့်ထားတဲ့အတိုင်းပဲ ဟူသော မျက်နှာထားဖြင့် သူ၏ ဝတ်ရုံအတွင်းမှ အနက်ရောင် သေတ္တာငယ်တစ်ခုကို ထုတ်ယူကာ ပြုံးလျက်
ဆိုလိုက်သည်။
"မင်းရဲ့ အခု ကျင့်စဉ်အဆင့်က
အဆင့် ၃ ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဖြစ်သလို အခြေခံကလည်း အင်မတန် ခိုင်မာတာကို ငါ
တွေ့ရတယ်။ မင်း အဆင့်တက်ဖို့ နီးစပ်နေပြီ ထင်တယ်.."
"ဒီ မဟာခွန်အား ဗာဂျရာဆေးလုံး
က အဆင့်တက်တဲ့အခါ ခန္ဓာကိုယ် တည်ဆောက်မှုကို မြန်ဆန်စေပြီး အားစိုက်ထုတ်မှု နည်းနည်းနဲ့
ထိရောက်မှု အဆပေါင်းများစွာ ရစေလိမ့်မယ်။ ဒါကို လက်ဆောင်အဖြစ် လက်ခံလိုက်ပါ.."
"အားနာမနေပါနဲ့.."
ဂူချန်က ထိုဆေးလုံးကို သာမန်ကာလျှံကာပင်
လက်ခံလိုက်လေသည်။
မိမိကဲ့သို့ ထူးချွန်လှသော ပါရမီရှင်တစ်ဦးကို စည်းရုံးနိုင်ခဲ့ပြီးမှ ဤမျှလောက်သော လက်ဆောင်သာ ပေးသည်လော။ ၎င်းကို လက်ခံလိုက်ခြင်းမှာပင် လင်းယဲ့ကို မျက်နှာသာပေးလိုက်ခြင်း ဖြစ်ပေသည်။
လင်းယဲ့မှာမူ ဆွံ့အသွားရရှာ၏။
ထို့နောက်တွင် ဂူချန်သည် လင်းယဲ့ထံမှ အခြားသော ပစ္စည်းအချို့ကိုပါ ထပ်မံတောင်းယူပြီးမှ ကျေနပ်အားရစွာ ထွက်ခွာလာခဲ့တော့သည်။
သို့သော် မထွက်ခွာမီတွင် လင်းယဲ့က
စိတ်မချသကဲ့သို့ ဖြစ်နေကာ ဂူချန်ကို အလေးအနက် မှာကြားလိုက်သေးသည်။
"ဂူလေး... မင်းရဲ့ ပါရမီနဲ့ဆိုရင်
ငါ့တပည့် မဖြစ်လာတာက တကယ့်ကို နှမြောစရာပဲ။ တကယ်လို့ တခြားသူတွေက မင်းကို လာစည်းရုံးရင်
ငါ့ကို အသိပေးဦး.."
"ဘယ်လို အရှက်မရှိတဲ့ အဖိုးကြီးတွေ
ငါ့တပည့်ကို လာလုရဲသလဲဆိုတာ ငါ ကြည့်ချင်သေးတယ်.."
"ပြီးတော့ မင်းအဖေကိုလည်း ငါက နှုတ်ဆက်တယ်လို့ ပြောလိုက်ပါဦး။
ငါတို့က တစ်ချိန်က စစ်မြေပြင်မှာ အတူတူ တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်ရဲဘက်တွေပဲ.."
...
ထို့နောက်တွင် ဂူချန်သည် တည်းခိုရာနေရာသို့ ပြန်လာခဲ့လေသည်။
သိုင်းပညာ စစ်ဆေးမှုမှာ မပြီးဆုံးသေးသဖြင့် ချင်းဟယ် အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းသားများ စစ်ဆေးမှု ပြီးဆုံးသည်အထိ စောင့်ဆိုင်းပြီးမှသာ ချင်းဟယ်မြို့အခြေစိုက်သို့ ပြန်ရမည်ဖြစ်သည်။
သို့သော် သူသည် ဤအချိန်ကို အလဟဿ မဖြုန်းတီးလိုပေ။
"စနစ်... စေတနာအမှတ်တွေကို
စစ်ဆေးပေးပါ.."
ဂူချန်က စိတ်ထဲမှ ခပ်တိုးတိုး ခေါ်ဆိုလိုက်၏။
[လက်ရှိ စေတနာအမှတ်များ - ၈၆,၃၅၅]
" ဟီးဟီးဟီး..သုံးချင်တာ သုံးလို့ရပြီ.."
ယခုရှိနေသော စေတနာအမှတ်များမှာ သတ်ဖြတ်ခြင်းလက်ဝါးကို SSS အဆင့်သို့ မြှင့်တင်ရန်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု ကျင့်စဉ်ကို အမြင့်ဆုံးအဆင့်သို့ ရောက်ရှိစေရန် လုံလောက်မှု ရှိပေသည်။
ထိုအခါမှသာ အဆင့်တက်လှမ်းခြင်း အသစ်တစ်ခုကို စတင်နိုင်ပေလိမ့်မည်။
"စနစ်... SS အဆင့် သိုင်းပါရမီ
သတ်ဖြတ်ခြင်းလက်ဝါး ကို SSS အဆင့်ကို မြှင့်တင်ပေးပါ.."
[ဒင်]
[သင်၏ SS အဆင့် သိုင်းပါရမီ သတ်ဖြတ်ခြင်းလက်ဝါး
မှာ ဆင့်ကဲပြောင်းလဲနေပြီဖြစ်သည်...]
[သင်၏ လက်မောင်းများအတွင်းရှိ သတ်ဖြတ်ခြင်း
ဆဲလ်များသည် ကင်ဆာကဲ့သို့ အသွင်ပြောင်းလဲလျက် ရှိသည်။ ၎င်းတို့သည် အဆက်မပြတ် ကွဲပွားခြင်း၊
သေဆုံးခြင်း၊ တစ်ဖန် ပြန်လည်ရှင်သန်ခြင်းတို့ဖြင့် အဆုံးမရှိသော လမ်းကြောင်းတစ်ခုဆီသို့
ဦးတည်နေ၏။]
[သေမင်း၏ အော်ရာ လမ်းညွှန်မှုအောက်တွင် ထိုဆဲလ်များသည် ပုံမှန်အတိုင်း မဟုတ်တော့ဘဲ ထိန်းချုပ်၍မရသော သေမင်းအကျိတ်များအဖြစ် ပြောင်းလဲကာ အဆက်မပြတ် ပွားများလာတော့သည်။]
[ကိုယ်ခံအားဆဲလ်များမှာ ပျက်စီးယိုယွင်းလာကာ ဆဲလ်များအကြား ချိတ်ဆက်မှုများ လျော့နည်းသွားတော့သည်။ တစ်ချိန်တည်းမှာပင် ဆဲလ်အတွင်းရှိ ပရိုတင်းဓာတ် စုစည်းမှုများမှာလည်း အဟန့်အတား ဖြစ်လာရ၏။]
[သေမင်း၏ချီ များက ဖုံးလွှမ်းသွားကာ သင်၏ လက်ဝါးများသည် သေမင်း၏ တံစဉ်များကဲ့သို့
သေခြင်းတရားကို အလွယ်တကူ ဆုပ်ကိုင်နိုင်စွမ်း ရှိလာပေပြီ။]
[ဤအချိန်မှစ၍ သင်သည် သေခြင်းတရားကို အမိန့်ပေး စေခိုင်းနိုင်သူ ဖြစ်လာပေလိမ့်မည်။]
[ဂုဏ်ယူပါသည်။ သင်၏ SS အဆင့် ပါရမီ 'သတ်ဖြတ်ခြင်းလက်ဝါး' သည် SSS အဆင့် 'သေမင်းလက်ဝါး' အဖြစ် အောင်မြင်စွာ ဆင့်ကဲပြောင်းလဲသွားပါပြီ။]
[မူလစွမ်းရည်များကို ပိုမိုအားကောင်းစေသည့်အပြင်
ထူးခြားသော နတ်ဘုရားစွမ်းရည်သစ် တစ်ခုကိုလည်း ရရှိခဲ့သည်။]
[နတ်ဘုရားစွမ်းရည်သစ် - သေမင်း၏
ပြောင်းလဲခြင်းမျက်ဝန်း]
[သေမင်း၏ ပြောင်းလဲခြင်းမျက်ဝန်း
- သင်၏ လက်ဝါးအလယ်တွင် သေမင်းမျက်လုံးတစ်လုံး ပွင့်လာမည်ဖြစ်ပြီး ဝိညာဉ်များကို ဝါးမြိုကာ
မိမိ၏ ခွန်အားကို ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်သည်။ ဝိညာဉ်များလေလေ ပြန်လည်နာလန်ထူမှု
မြန်ဆန်လေလေ ဖြစ်၏။ ထို့အပြင် စိတ်ဓာတ်ပျော့ညံ့သူများကို လှည့်စားမှုများအတွင်း ပိတ်လှောင်ထားနိုင်သလို
သက်မဲ့အရာဝတ္ထုများကိုလည်း မိမိစိတ်ကြိုက် ပြုပြင်ဖန်တီးနိုင်စွမ်း ရှိပေသည်။]
[ကျန်ရှိသော စေတနာအမှတ်များ - ၅,၆၃၈]
ဂျိန်း...
ကြည်လင်နေသော ကောင်းကင်ယံထက်တွင် ရုတ်တရက် မည်းမှောင်သော တိမ်တိုက်များ ဖုံးလွှမ်းလာတော့သည်။
ဂူချန်ကို ဗဟိုပြု၍ ဆယ်မိုင်ပတ်လည်အတွင်း အပြာရောင် အလင်းစက်များစွာ လင်းလက်လာကာ ရေတွက်၍မရနိုင်သော ဝိညာဉ်များ ရုတ်ချည်း ပေါ်ထွက်လာ၏။
ထို့နောက် ကောင်းကင်ယံမှ တိမ်တိုက်များ ပေါက်ကွဲထွက်သွားကာ ဆန်းကြယ်သော ဝဲဂယက်များ ပေါ်လာပြီး ထိုထဲမှ ကြီးမားသော လက်ကြီးများ ထွက်ပေါ်လာလျက် လေထုထဲရှိ အပြာရောင် ဝိညာဉ်များကို လိုက်လံရိတ်သိမ်းလေတော့သည်။
ဝူး… ဝူး…
ဝိညာဉ်များ၏ စူးရှသော အော်ဟစ်သံများနှင့်အတူ နားမလည်နိုင်သော ငိုကြွေးသံများ ထွက်ပေါ်လာကာ အသံပေါင်းစုံ ရောထွေးသွားတော့သည်။
ခဏချင်းတွင်ပင် မိုင်ပေါင်းများစွာသော ပတ်ဝန်းကျင်တစ်ခုလုံးမှာ မိစ္ဆာများ၏ ကြောက်မက်ဖွယ် အော်ဟစ်သံများဖြင့် ပြည့်နှက်သွားရ၏။
ဝူတန်မြို့အတွင်း စမ်းသပ်မှု ခံယူနေကြသော ကျောင်းသားများပင်လျှင် ထိုအသံများကြောင့် ခေါင်းများ ကွဲမတတ် နာကျင်မှုကို ခံစားလိုက်ရသည်။
ထိုအချိန်တွင် မလှမ်းမကမ်းသို့ ရောက်ရှိနေသော လင်းယဲ့မှာ သူ၏ ဝတ်ရုံအတွင်းမှ ထူးဆန်းသော တုန်ခါမှုကို ခံစားလိုက်ရ၏။
သူ၏ ဝတ်ရုံကို ဖယ်ကြည့်လိုက်သောအခါ ကြည်လင်သော ဖန်လုံးလေးမှာ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအလင်းတန်းများမှာ တည်းခိုရာနေရာဆီသို့ တည့်တည့်မတ်မတ် ညွှန်ပြနေပေတော့သည်။
***