*
အဆင့် ၄ ဗာဂျရာအဆင့် အထွတ်အထိပ်သို့ တက်လှမ်းခြင်း..
~
ကျင့်ကြံခြင်းအခန်းအတွင်းဝယ်။
ဂူချန်သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ရွှေကျီးကန်းကိုယ်ခန္ဓာကျင့်စဉ် ကို လက်ဝယ်ကိုင်စွဲလျက် စိတ်အာရုံထဲမှ စနစ်မျက်နှာပြင်ကို တိတ်တဆိတ် ခေါ်ယူလိုက်လေသည်။
အပြာရောင်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီးနောက် စနစ်မျက်နှာပြင်မှာ မျက်စိရှေ့မှောက်သို့ ရုတ်ချည်းပေါ်ပေါက်လာတော့၏။
[အဆင့်မြင့် S အဆင့် ကိုယ်ခန္ဓာကျင့်စဉ် ရွှေကျီးကန်းကိုယ်ခန္ဓာကျင့်စဉ် ကို ရှာဖွေတွေ့ရှိပါသည်။ စေတနာအမှတ်များ ထည့်သွင်းမည်လား]
"ထည့်မယ်.."
ဂူချန်သည် လေကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်၏။
[ဒင်]
[ရွှေကျီးကန်းကိုယ်ခန္ဓာကျင့်စဉ်
ကို ကျင့်ကြံနေပါသည်...]
[ဤကိုယ်ခန္ဓာကျင့်စဉ်ကို ပထမဆုံးအကြိမ် မြင်တွေ့ရသော်လည်း သင်သည် အလွန်တရာ ရင်းနှီးကျွမ်းဝင်နေသကဲ့သို့ ခံစားရပေသည်။ နေမင်းစကြာယန်ကျင့်စဥ် ၏ အကျိုးသက်ရောက်မှုကြောင့် ဤကျင့်စဉ်၏ အခြေခံသဘောတရားများကို
လျင်မြန်စွာ နားလည်သဘောပေါက်သွားခဲ့ပြီဖြစ်၏။]
[ဤကျင့်စဉ်၏ စွမ်းအင်လှည့်ပတ်မှုလမ်းကြောင်းများသည်
ကပ်ပလာ၏ တတိယနိယာမကို လိုက်နာခြင်းမရှိသော်လည်း ဒြပ်စင်ချင်း ပဲ့တင်ထပ်မှုမှတစ်ဆင့်
သင်၏ကြွက်သားများနှင့် သွေးလေစွမ်းအင်များကို လျင်မြန်စွာ လိုက်လျောညီထွေဖြစ်အောင်
ပြုပြင်နိုင်ခဲ့လေသည်။]
[စေတနာအမှတ် ၅၀ အသုံးပြုပြီးပါပြီ။ သင်၏ ရွှေကျီးကန်းကိုယ်ခန္ဓာကျင့်စဉ် သည် ပထမအဆင့်သို့ အောင်မြင်စွာ ချိုးဖျက်ရောက်ရှိသွားပြီဖြစ်၏]
[ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များမှာ
အရည်ကဲ့သို့ စီးဆင်းနေပြီး ပုံသဏ္ဌာန်အမျိုးမျိုးသို့ အဆက်မပြတ် ပြောင်းလဲရွေ့လျားကာ
ကိုယ်ခန္ဓာတစ်ခုလုံးရှိ ဟာကွက်များနှင့် အားနည်းချက်များကို ဖြည့်ဆည်းပေးနေသည်ဟု ခံစားလိုက်ရပေသည်။]
[ကိုယ်အပူချိန်မှာလည်း တဖြည်းဖြည်း
မြင့်တက်လာကာ ပြင်းထန်သော အပူရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ လေထုမှာပင် ပုံပျက်ရှုံ့တွသွားရ၏။
ခန္ဓာကိုယ်တွင်းရှိ သွေးများမှာ သားရဲတစ်ကောင်ကဲ့သို့ သွေးကြောများအတွင်း ရုန်းကန်လှုပ်ရှားနေတော့သည်။]
[စေတနာအမှတ် ၁၂၀ အသုံးပြုပြီးပါပြီ။ သင်၏ ရွှေကျီးကန်းကိုယ်ခန္ဓာကျင့်စဉ် သည် ဒုတိယအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားပြီဖြစ်၏။]
[ကိုယ်ခန္ဓာ၏ ချို့ယွင်းချက်များမှာ
အဆက်မပြတ် ပြုပြင်ခြင်းခံနေရကာ စစ်မှန်သောချီစွမ်းအင်များက သွေးလေကို ပိုမိုသန့်စင်ပေးနေပေသည်။
တောက်လောင်နေသော စစ်မှန်သည့် ယန်ချီစွမ်းအင်အောက်တွင် သင်၏ အကြောအခြင်နှင့် အရိုးအဆစ်များမှာ
ပိုမိုချောမွေ့သန့်စင်လာပြီး တောက်ပသော အနီရောင်အလင်းတန်းများ ဖြာထွက်နေတော့သည်။]
[ကိုယ်ခန္ဓာ၏ သိပ်သည်းဆမှာ သိသိသာသာ မြင့်တက်လာပြီး တစ်ကိုယ်လုံးတွင် ပြင်းထန်လှသော အပူစွမ်းအင်များ စုစည်းနေသည်ကို ခံစားနေရ၏။]
[ပြင်းပြလှသော အပူရှိန်က ခန္ဓာကိုယ်ကို အဆက်မပြတ် တိုက်စားနေသော်လည်း စစ်မှန်သော ယန်ချီကို အသုံးပြု၍ ထိုနာကျင်မှုကို သင်အံတုနိုင်ခဲ့ပေသည်။
ဤသည်မှာ ကျင့်ကြံမှု အမြန်နှုန်းကို များစွာတိုးတက်စေခဲ့၏။]
[ကျင့်ကြံမှု အမြန်နှုန်း ဆယ်ရာခိုင်နှုန်း
တိုးတက်သွားပါပြီ။]
[စေတနာအမှတ် ၂၅၀ အသုံးပြုပြီးပါပြီ။
သင်၏ 'ရွှေကျီးကန်းကိုယ်ခန္ဓာကျင့်စဉ်' သည် တတိယအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားပြီဖြစ်၏။]
[သင်သည်...]
[...]
[သင်၏ခန္ဓာကိုယ်မှာ နီရဲတောက်ပနေပြီး သွေးချီများမှာလည်း ဆူပွက်နေပေသည်။ တစ်ကိုယ်လုံးမှာ အသစ်တစ်ဖန် ပြန်လည်သွန်းလောင်းခံလိုက်ရသကဲ့သို့
ကြွက်သားတိုင်းနှင့် အရိုးတိုင်းမှာ အသစ်စက်စက် ဖြစ်သွားခဲ့လေပြီ။]
[မြေကမ္ဘာနှင့် ကောင်းကင်ယံကြားရှိ
ကြောက်မက်ဖွယ် နေစွမ်းအင်များကို သင်ကိုယ်တိုင် ဖမ်းယူရန် မလိုအပ်တော့ဘဲ ၎င်းတို့ကပင်
မိခင်ကိုတွေ့သည့် ကလေးငယ်ကဲ့သို့ သင့်ထံသို့ ဝမ်းမြောက်ဝမ်းသာ တိုးဝှေ့ဝင်ရောက်လာကြတော့သည်။]
[စေတနာအမှတ် ၇၀၀ အသုံးပြုပြီးပါပြီ... သင်၏ ရွှေကျီးကန်းကိုယ်ခန္ဓာကျင့်စဉ် သည် ဆဋ္ဌမအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားပြီဖြစ်၏။]
[စေတနာအမှတ် ၁၅၀၀ အသုံးပြုပြီးပါပြီ။ သင်၏ ရွှေကျီးကန်းကိုယ်ခန္ဓာကျင့်စဉ် သည် အဋ္ဌမအဆင့်သို့ ရောက်ရှိကာ ပြီးပြည့်စုံခြင်းအဆင့်သို့
ဆိုက်ရောက်သွားခဲ့လေပြီ။]
[ယခုအခါ သင်သည် နေမင်းပင် ဖြစ်တော့သည်။]
[အထူးသိုင်းကွက် ပွင့်သွားပါပြီ
- ပြင်းထန်သောလက်သီး]
[ ပြင်းထန်သောလက်သီးချက် - မိမိ၏ကိုယ်ခန္ဓာကို
အမြင့်ဆုံးအဆင့်အထိ ထိန်းချုပ်နိုင်စွမ်းရှိခြင်းအားဖြင့် စိတ်အာရုံကို အပြည့်အဝစုစည်းကာ
ကိုယ်ခန္ဓာတစ်ခုလုံး၏ အင်အားကို လက်သီးတစ်ချက်တည်းတွင် စုစည်းပြီး မိမိ၏ ရုပ်ပိုင်းဆိုင်ရာ
အစွမ်းကုန်စွမ်းအားကို တစ်ချက်တည်းဖြင့် ထုတ်ဖော်နိုင်ခြင်း ဖြစ်ပေသည်။]
[ကျန်ရှိသော စေတနာအမှတ် - ၅၈၈၀]
စနစ်၏ နောက်ဆုံးစာကြောင်း ပေါ်လာသည်နှင့်အမျှ ဂူချန်၏ ကိုယ်ပေါ်တွင် သိသာထင်ရှားသော အနီရောင်အလင်းများ ထွက်ပေါ်လာကာ တစ်ကိုယ်လုံးမှာလည်း
ခဏချင်းအတွင်း နီရဲသွားတော့သည်။
သူ၏ကိုယ်မှ အဖြူရောင် အငွေ့များ ထွက်ပေါ်လာပြီး ကိုယ်အပူချိန်မှာလည်း ရုတ်ချည်းမြင့်တက်ကာ ဒီဂရီရာပေါင်းများစွာအထိ ရောက်ရှိသွားလေသည်။
သူ၏ ကိုယ်လုံးကိုယ်ပေါက်မှာလည်း သိသိသာသာ ပြောင်းလဲလာကာ မူလကပင် ကြံ့ခိုင်သန်စွမ်းသော ကိုယ်ခန္ဓာမှာ ယခုအခါ ပြည့်စုံခြင်းအဆင့်သို့ ချဉ်းကပ်သွားခဲ့ပြီဖြစ်၏။
ဂူချန်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ရာ သူ၏မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ထင်မှတ်ရပေသည်။
သူသည် လေကို ဝဝရှူသွင်းပြီးနောက် ပြန်လည်မှုတ်ထုတ်လိုက်ရာ ဖြူဖွေးသော လေစီးကြောင်းတစ်ခုမှာ ကျင့်ကြံခြင်းအခန်း၏ မာကျောသော
နံရံကို အရှိန်အဟုန်ဖြင့် ရိုက်ခတ်မိကာ ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်သွားစေတော့သည်။
ဂူချန်သည် သူ၏ ညာလက်ကို အသာအယာ ဆုပ်လိုက်ရာ
အားကောင်းလှသော သွေးချီစွမ်းအင်များမှာ အတွင်း၌ တရကြမ်း စီးဆင်းနေပေသည်။ သူ၏ကိုယ်ထဲတွင်
တောက်လောင်နေသော မီးဖိုကြီးတစ်ခု ရှိနေသကဲ့သို့ ခံစားရပြီး အင်အားများကို အဆက်မပြတ်
ထုတ်လွှတ်ပေးနေသကဲ့သို့ပင်။
"ငါ့ရဲ့ အခြေခံကိုယ်ခန္ဓာအင်အားက
အနည်းဆုံး ကီလိုဂရမ် တစ်သိန်းကျော်လောက် ရှိနေပြီပဲ.."
မိမိလက်ထဲရှိ ကြီးမားလှသော အင်အားကို ခံစားမိရင်း ဂူချန်မှာ စိတ်ထဲမှ အံ့အားသင့်နေမိ၏။
လုဖန်ပေးအပ်ခဲ့သော ဤကောင်းကင်အဆင့် တိုက်ခိုက်ရေးကျင့်စဉ်မှာ သူ မျှော်လင့်ထားသည်ထက် များစွာပို၍ ကောင်းမွန်နေသည် ။
သူ၏ အသက်ရှူကျင့်စဉ်နှင့် ကိုက်ညီမှုရှိသောကြောင့်လည်း ဖြစ်နိုင်ပေသည် ။
သာမန်အားဖြင့် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသူတစ်ဦး၏ အခြေခံကိုယ်ခန္ဓာအင်အားမှာ ကီလိုဂရမ် သုံးသောင်းခန့်သာ ရှိသော်လည်း ယခုအခါ သူသည် ထိုပမာဏထက် သုံးဆမက သာလွန်နေခဲ့ပြီဖြစ်၏။
ပြင်ပခွန်အားကျင့်စဉ်များကို အထူးပြုကျင့်ကြံသည့်
သိုင်းပညာရှင်များပင်လျှင် သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
ဆယ်စုနှစ်ပေါင်းများစွာ နေ့မနား
ညမနား ပင်ပင်ပန်းပန်း ကျင့်ကြံအားထုတ်မှုများမှာ သူ၏ ခဏတာ တိုးတက်မှုနှင့်ပင် နှိုင်းယှဉ်၍
မရနိုင်ပေ။
ဤခံစားချက်မှာ အမှန်တကယ်ပင်...
သို့သော် ဤသည်မှာ ပုံမှန်ပင် ဖြစ်၏။ အခြားသူများမှာ တစ်ဆင့်ချင်း ကျင့်ကြံရသဖြင့် အမှားအယွင်းများ ရှိနိုင်သော်လည်း သူကမူ
မလျော့သော ဇွဲလုံ့လနှင့် ကြိုးစားအားထုတ်မှုတို့ကြောင့် အရာရာကို ပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့ခြင်း
ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းတို့နှင့် နှိုင်းယှဉ်၍ မရနိုင်ခြင်းမှာ သဘာဝပင် ဖြစ်တော့သည်။
ထို့အပြင် သူသည် လူအများအပြားကိုလည်း ပိုမိုသန်မာလာအောင် ကူညီပေးခဲ့သေးသည်မဟုတ်ပါလော။
ဤသည်မှာ သူရသင့်ရထိုက်သော အရာပင် ဖြစ်၏။
‘ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ရမယ် လုဖန်..’
ဂူချန်၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် ကွေးညွတ်သွားတော့သည်။
ကိုယ်ခန္ဓာကျင့်စဉ်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ ယခုအခါ သူ၏ သိုင်းအဆင့်ကို ချိုးဖျက်ရန် အချိန်တန်လေပြီ။
သူသည် ကောင်းကင်နှင့်မြေကမ္ဘာ ရတနာအချို့ကို ယူဆောင်ကာ လင်းယဲ့ပေးခဲ့သော ဗာဂျရာဆေးလုံးကို မျိုချလိုက်ပြီးနောက် စိတ်ထဲမှ ရေရွတ်လိုက်၏ ။
"စနစ်... ငါ့အတွက် အမှတ်တွေ
ခွဲပေးတော့.."
...
[နေမင်းစကြာယန်ကျင့်စဥ် ကို ကျင့်ကြံနေသည်ကို ရှာဖွေတွေ့ရှိပါသည်။ ကျင့်ကြံမှုနှုန်း တိုးတက်သွားပါပြီ...]
[စတုတ္ထအဆင့်ရတနာ မီးလျှံပန်း
ကို သုံးစွဲထားသည်ကို ရှာဖွေတွေ့ရှိပါသည်။ ကျင့်ကြံမှု အမြန်နှုန်း ဆယ်ရာခိုင်နှုန်း တိုးတက်သွားပါပြီ။]
[ရှာဖွေတွေ့ရှိပါသည်...]
[သင့်အတွက် အဆင့်မြှင့်တင်ခြင်းကို
စတင်နေပါပြီ။]
[များပြားလှသော ရတနာများနှင့် ခိုင်မာသော အခြေခံအုတ်မြစ်တို့ကြောင့် အဆင့် ၃ နှင့် အဆင့် ၄ ကြားရှိ အတားအဆီးမှာ သင့်အတွက် ပူဖောင်းတစ်ခုကို ဖောက်လိုက်သကဲ့သို့ပင် လွယ်ကူနေတော့သည်။]
[သင်၏ကိုယ်ခန္ဓာမှ တောက်ပသော ရွှေရောင်အလင်းများ
ဖြာထွက်လာပြီး ရွှေခန္ဓာတစ်ခုမှာ သင့်ထံတွင် ရုတ်ချည်း ပေါ်ပေါက်လာပေသည်။]
[စေတနာအမှတ် ၅၀ အသုံးပြုပြီးပါပြီ။ သင်သည် ဗာဂျရာအဆင့်သို့ အောင်မြင်စွာ ချိုးဖျက်ရောက်ရှိသွားပြီဖြစ်၏]
( အဆင့်တွေကို ပြန်ပြီး သေချာရေးထားပါတယ်ဗျ)
[သင်၏ကိုယ်ခန္ဓာအင်အားမှာ မယုံနိုင်လောက်အောင် မြင့်မားနေပေသည်။ ဗာဂျရာအဆင့်ကို ကျင့်ကြံရန်အတွက် ကိုယ်ခန္ဓာကြံ့ခိုင်မှု
အလွန်လိုအပ်သော်လည်း သင့်အတွက်မူ ထမင်းစားရေသောက်သကဲ့သို့ပင် လွယ်ကူလှ၏။]
[ရွှေခန္ဓာမှာ မီးဖိုတစ်ခုကဲ့သို့ တောက်လောင်နေပြီး သင့်ကို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပေးနေပေသည်။]
[သင်သည် သွေးချီပတ်ဝန်းကျင် လမ်းကြောင်းအသစ်များကို
လျင်မြန်စွာ တည်ဆောက်နိုင်ခဲ့လေပြီ။]
[စေတနာအမှတ် ၈၀၀ အသုံးပြုပြီးပါပြီ။ သင်၏နယ်ပယ်မှာ ဗာဂျရာအဆင့်သို့ ချိုးဖျက်ရောက်ရှိသွားပြီဖြစ်၏။]
[သင်၏ လမ်းညွှန်မှုအတိုင်း သွေးချီများမှာ သတ်မှတ်ထားသော လမ်းကြောင်းများအတိုင်း အောင်မြင်စွာ စီးဆင်းသွားခဲ့ပြီး လက်မောင်းနှင့်
ခြေထောက်ရှိ အဓိက သွေးကြောမကြီးများအတွင်းသို့ အစဉ်လိုက် စီးဝင်သွားတော့သည်။]
[မိမိကိုယ်ခန္ဓာအပေါ် ထိန်းချုပ်နိုင်စွမ်းမှာလည်း
များစွာတိုးတက်လာခဲ့ပြီဖြစ်၏။]
[စေတနာအမှတ် ၁၇၅၀ အသုံးပြုပြီးပါပြီ။ သင်၏နယ်ပယ်မှာ ဗာဂျရာအဆင့် ၆ သို့ အောင်မြင်စွာ ချိုးဖျက်ရောက်ရှိသွားပြီဖြစ်၏။]
[ခန္ဓာကိုယ်အတွင်းရှိ ရွှေခန္ဓာမှာ အဆက်မပြတ် ခိုင်မာလာပေသည်။ တောက်ပသော အလင်းတန်းများမှာ အရိုးများအတွင်းမှပင် ထွက်ပေါ်နေပြီး
သင့်ကို နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါစေ၏။]
[သင်၏ မျက်စိအမြင်၊ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စိတ်စွမ်းအား၊ အာရုံငါးပါးနှင့် စစ်မှန်သောချီစွမ်းအင် သိုလှောင်နိုင်စွမ်းတို့မှာ သိသိသာသာ မြင့်တက်လာကာ သင်ကိုယ်တိုင်ပင် အဆင့်အတန်းတစ်ခုသို့ တက်လှမ်းသွားသကဲ့သို့ ခံစားရပေသည်။]
[စေတနာအမှတ် ၄၈၀၀ အသုံးပြုပြီးပါပြီ။ သင်၏နယ်ပယ်မှာ ဗာဂျရာအဆင့် အထွတ်အထိပ်သို့ အောင်မြင်စွာ ချိုးဖျက်ရောက်ရှိသွားပြီဖြစ်၏။]
[သင်၏ ရွှေခန္ဓာမှာ ပြည့်စုံသွားခဲ့ပြီး အောင်မြင်မှုအဆင့်သို့ ဆိုက်ရောက်သွားခဲ့လေပြီ။ ကြီးမားလှသော အင်အားနှင့် ခိုင်မာသော အခြေခံတို့ကြောင့် သင်၏ ရွှေရောင်ကိုယ်ခန္ဓာမှာ သာမန်လူများထက် ပိုမိုကြံ့ခိုင်သန်စွမ်းနေပေသည်။ ဗာဂျရာအဆင့်များအတွင်း၌ သင်၏ ရွှေခန္ဓာကို ပြိုင်ဘက်ကင်းဟုပင်
ခေါ်ဆိုနိုင်ပေသည်။]
[ကျင့်ကြံမှု ပြီးဆုံးပါပြီ..]
[ကျန်ရှိသော စေတနာအမှတ် - ၁၀၈၀]
ဘုန်း...
တောက်ပသော ရွှေရောင်အလင်းတန်းများမှာ သူ၏ကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။
ဂူချန်သည် သူ၏လက်ကို အသာအယာ မြှောက်ကာ လေထဲတွင် ဝှေ့ယမ်းလိုက်ရာ ပြင်းထန်လှသော အင်အားကြောင့် လေထုမှာ အက်ကွဲသွားပြီး ကြီးမားသော
လက်ဝါးလေလှိုင်းကြီးတစ်ခုမှာ ကျယ်လောင်သော အသံနှင့်အတူ ထွက်ပေါ်လာလေသည်။
နိဗ္ဗာနအဆင့်( အဆင့် ၅) ၏ တိုက်ခိုက်မှုများကိုပင် ခံနိုင်ရည်ရှိသော သတ္တုစပ်နံရံမှာ သူ၏ လက်ဝါးတစ်ချက်အောက်တွင်ပင် နက်ရှိုင်းစွာ ချိုင့်ဝင်သွားရ၏။
သူ၏ ခြေထောက်ဖြင့် အသာအယာ နင်းလိုက်ရုံမျှဖြင့်
အဆောက်အအုံတစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားတော့သည်။
ဤမျှလောက်သော အင်အားဖြင့်ဆိုလျှင် မုရုံချင်းရွှယ်၏ ဆရာမဖြစ်သူ အား အလွယ်တကူ ချိုးဖျက်ပစ်နိုင်ပေသည်။
ဂူချန်၏ ကိုယ်ခန္ဓာမှာ အနည်းငယ်
တုန်ခါသွားပြီးနောက် တစ်ကိုယ်လုံးရှိ ရွှေရောင်အလင်းများမှာလည်း ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
ခံစားချက်အရဆိုလျှင် သူ၏ ကိုယ်ခန္ဓာအင်အားမှာ
အမှတ်များ မခွဲဝေမီကထက် အဆင့်များစွာ မြင့်တက်သွားခဲ့ပြီဖြစ်၏။
သူ၏လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရုံမျှဖြင့်
ပတ်ဝန်းကျင်ရှိ လေထုမှာပင် ပုံပျက်သွားရပေသည်။
ယခင်က တစ်ခါမျှ မခံစားဖူးသော အင်အားမျိုးပင်။
ဂူချန်သည် စိတ်လှုပ်ရှားစွာဖြင့်
စနစ်မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်၏။
စေတနာအမှတ်များမှာလည်း ကုန်လုနီးပါး ဖြစ်နေခဲ့ပြီ။
သို့ရာတွင် အချိန်ကို တွက်ချက်ကြည့်လျှင် လျိုလုံတက္ကသိုလ်မှ လူများမှာ ထိုဆရာမကို လာရောက်ခေါ်ဆောင်ရန် အချိန်တန်နေလေပြီ ။
'အင်း... အဲဒီတက္ကသိုလ်ကို အမြစ်ပြတ်ချေမှုန်းပစ်ဖို့ အကြောင်းပြချက်တစ်ခုလောက် ရှာကြည့်ရဦးမယ်..'
သူ လေကို ဖြည်းညှင်းစွာ ရှူထုတ်လိုက်ပြီးနောက် ကျင့်ကြံခြင်းအခန်းအတွင်းမှ အပြင်သို့ လှမ်းထွက်ခဲ့လေတော့သည်။
***