ကျန်းနန်ပြည်နယ်၏ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သော ကျန်းချန်မြို့...
လျိုလုံတက္ကသိုလ်၏ အနက်ရှိုင်းဆုံးတစ်နေရာ။
ရှေးဟောင်းသစ်သားအိမ်လေးတစ်လုံးအတွင်း၌ တည်ကြည်ခန့်ညားသောမျက်နှာထားရှိသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးသည်မျက်နှာချင်းဆိုင်တွင် ထိုင်နေသော သူတော်စင်အသွင်ဆောင်သည့် အဖိုးအိုတစ်ဦးနှင့် စစ်တုရင်ကစားနေပြီး ၎င်း၏မျက်ခုံးအစုံမှာမူ ထိလုနီးပါးတွန့်ကွေးနေ၏။
အကွက်တစ်ခုရွှေ့လိုက်တိုင်း စစ်တုရင်ခုံပေါ်တွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော ချီစွမ်းအင်လှိုင်းများမှာ ဂယက်ထသွားကာ လေထုထဲရှိ ဝိညာဉ်စွမ်းအင်များကိုလည်း အနည်းငယ်မျှ ပိုမိုသိပ်သည်းလာစေသည်။
"ဒေါက်.."
အသံနှင့်အတူ နောက်ထပ်အကွက်တစ်ခုကို ရွှေ့လိုက်ပြန်သည်။ အခြေအနေမှာ မျှော်လင့်ချက်မရှိတော့သည်ကို မြင်သောအခါ လူလတ်ပိုင်းအမျိုးသားမှာ သက်ပြင်းချလျက် အရှုံးပေးလိုက်ရတော့၏။
"ကျောင်းအုပ်ကြီး... ကျွန်တော်
ရှုံးပါပြီ.."
“အင်း..”
အဖိုးအိုက အေးစက်စွာပင်
တုံ့ပြန်လိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင်ချီစွမ်းအင်လှိုင်းတစ်ခုမှာ
စစ်တုရင်ခုံပေါ်သို့ ဖြတ်သန်းသွားလေသည်။
ခဏချင်းပင် ခုံပေါ်ရှိ စစ်တုရင်ရုပ်များအားလုံးမှာ မူလနေရာများသို့ အလိုအလျောက် ပြန်ရောက်သွားကြကာ နောက်ထပ်ပွဲစဉ်တစ်ခုအတွက် ငြိမ်သက်စွာ စောင့်ဆိုင်းနေကြတော့သည်။
ထိုအခါမှသာ အဖိုးအိုက စကားကို ဖြည်းညှင်းစွာ စတင်ပြောဆိုလာပြီး ၎င်း၏မျက်လုံးများထဲတွင်မူ စူးရှအေးစက်သော အလင်းတန်းများ လက်ခနဲ
ဖြစ်သွား၏။
"အဲဒီ ဂူမိသားစုက ကောင်လေးရဲ့
တောင်းဆိုချက်ကိုတော့ ငါတို့လျိုလုံတက္ကသိုလ်အနေနဲ့ လုံးဝသဘောမတူနိုင်ဘူး.."
"သူက ငါတို့တက္ကသိုလ်ရဲ့ အထူးတန်းပြဆရာမကို ဖမ်းဆီးထားရုံတင်မကဘဲ သူ့ရဲ့ ကျင့်စဉ်အဆင့်ကိုပါ ဖျက်ဆီးပစ်ခဲ့တာ..အကယ်၍ ငါတို့သာ သူ့ရဲ့ကမ်းလှမ်းချက်ကို လက်ခံလိုက်မယ်ဆိုရင် လျိုလုံတက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာဟာ မြောင်းထဲရောက်သွားလိမ့်မယ်.."
"ဒါပေမဲ့..."
လူလတ်ပိုင်းအမျိုးသားမှာ ဝေခွဲမရဖြစ်နေသော အမူအရာဖြင့် ...
"ယွင်ယန်က ကျွန်တော်တို့တက္ကသိုလ်ရဲ့ အထူးတန်းပြဆရာမတစ်ယောက်ပဲလေ.. အကယ်၍ ကျွန်တော်တို့
ဘာမှမလုပ်ဘဲနေရင် အပြင်လူတွေက ကျွန်တော်တို့ကို လှောင်ကြလိမ့်မယ် ထင်တယ်.."
အမှန်စင်စစ် သူထုတ်မပြောသော အကြောင်းအရင်းတစ်ခုမှာ
သူနှင့်ယွင်ယန်တို့ကြားတွင် တိတ်တဆိတ် ပတ်သက်မှုရှိနေခြင်းပင် ဖြစ်သည်။
အကယ်၍သာ လျိုလုံတက္ကသိုလ်မှ အခြားဆရာတစ်ဦးဦးသာဆိုလျှင် သူသည် ကျောင်းအုပ်ကြီးထံသို့
ထပ်တလဲလဲ လာရောက်တောင်းဆိုနေမည်မဟုတ်ဘဲ ထိုကိစ္စမှ လက်ရှောင်လိုက်သည်မှာ ကြာလှပေပြီ။
"ယွင်ယန်ကိုတော့ ပြန်ခေါ်ရမှာပေါ့။
ဒါပေမဲ့ အဲဒီပစ္စည်းကိုတော့ ငါတို့ လုံးဝမပေးနိုင်ဘူး.."
ဤသို့ပြောရင်း အဖိုးအို၏မျက်နှာမှာ ဒေါသကြောင့် တုန်ရီလာပြီး စစ်တုရင်ခုံကို ရိုက်ချလိုက်ရာ တစ်စစီ ကြေမွသွားတော့၏။
"ဟွန်း.."
"အဲဒီ ဂူမိသားစုက ကောင်လေးက
ကျင့်စဉ်ပျက်သွားတဲ့ ဆရာမတစ်ယောက်နဲ့ ငါတို့တက္ကသိုလ်ရဲ့ အဖိုးတန်ရတနာ ညဏ်အလင်းသစ်ပင်
ကို လဲချင်နေတာလား.. မဖြစ်နိုင်တာကို စိတ်ကူးယဉ်နေတာ.."
"ညဏ်အလင်းသစ်ပင်ဆိုတာ အဆင့်
၇ ရှိတဲ့ မြင့်မြတ်တဲ့ရတနာဆိုတာကို သူ မေ့နေပုံရတယ်.. အဆင့် ၅ ရှိတဲ့ ယွင်ယန်က ကျင့်စဉ်မပျက်စီးသေးရင်တောင်မှ ဒီသစ်ပင်ရဲ့ တစ်သောင်းပုံတစ်ပုံတန်ဖိုးလောက်တောင် မရှိဘူး.."
"အဲဒီကလေးကတော့ ငါတို့လျိုလုံတက္ကသိုလ်ကို လုံးဝအလေးမထားဘဲ မတန်တဆ တောင်းဆိုမှုတွေ လုပ်နေတာပဲ.."
အဖိုးအိုမှာ ဒေါသထွက်လေလေ ၎င်း၏ကြီးမားလှသော မမြင်နိုင်သည့် စွမ်းအားများမှာ ပိုမိုလှုပ်ခတ်လာလေဖြစ်ရာ ခဏချင်းပင် ရင်ပြင်ငယ်လေးအတွင်း၌ ပြင်းထန်သော လေပြင်းများ တိုက်ခတ်လာပြီး ပတ်ဝန်းကျင်ရှိ ပစ္စည်းများအားလုံးကို လွင့်စင်သွားစေတော့သည်။
"ဝူး... ဝူး..."
မမြင်နိုင်သော စိတ်စွမ်းအင်များမှာ
ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးသွားပြီး ထိုစွမ်းအင်များထဲတွင်မူ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော
ဒေါသအရှိန်အဟုန်များ ကိန်းအောင်းနေလေသည်။
အနီးအနားတွင် ရပ်နေရုံမျှဖြင့်ပင်
အဖိုးအိုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသော ဒေါသများကြောင့် မည်သည့်အချိန်တွင်မဆို ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရ၏။
"အာ..."
လူလတ်ပိုင်းအမျိုးသားမှာ ထိတ်လန့်တုန်လှုပ်သွားကာ ခေါင်းကိုငုံ့လျက် တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။
သူ့ရှေ့တွင်ရှိနေသော အဖိုးအိုမှာ
လျိုလုံတက္ကသိုလ်၏ ကျောင်းအုပ်ကြီးဖြစ်သည့်အပြင် အဆင့် ၆ သို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် ၎င်း၏အစွမ်းမှာ
ခန့်မှန်းရခက်လှပေသည်။
ထွက်ပေါ်လာသော အော်ရာအရှိန်အဟုန်မျှဖြင့်ပင်
နိဗ္ဗာန ထိပ်သီးသိုင်းပညာရှင်ဖြစ်သည့် သူ့ကို နှလုံးသားထဲအထိ စိမ့်ဝင်သွားစေသော အအေးဓာတ်ကို
ခံစားရစေ၏။
"ဟူး... ဟူး..."
အဖိုးအို၏ ဒေါသများ အနည်းငယ် ငြိမ်သက်သွားသောအခါမှ
လူလတ်ပိုင်းအမျိုးသားက သတိထားလျက် မေးမြန်းလိုက်သည်။
"ကျောင်းအုပ်ကြီး... အခု
ကျွန်တော်တို့ ဘာဆက်လုပ်သင့်တယ်လို့ ထင်ပါသလဲ.."
"အဲဒီ ဂူချန်က ခေါင်းမာပြီး
ဆိုးသွမ်းတဲ့ စရိုက်ရှိတယ်.. သူက ဒီအတိုင်း အလွယ်တကူ လက်လွှတ်မှာ မဟုတ်ဘူး.."
လူလတ်ပိုင်းအမျိုးသားက ကူကယ်ရာမဲ့သော မျက်နှာထားဖြင့် လေးလေးနက်နက် ပြောဆိုလိုက်သည်။
အကယ်၍သာ သာမန်သိုင်းပညာရှင်တစ်ဦးက လျိုလုံတက္ကသိုလ်ကို လာရောက်စိန်ခေါ်ခဲ့လျှင် တက္ကသိုလ်အနေဖြင့် ဆယ်ဆမက ပြန်လည်လက်စားချေရန် ချက်ချင်းပင် စီစဉ်လိမ့်မည်ဖြစ်ကာ တက္ကသိုလ်၏ ဂုဏ်သိက္ခာအတွက် ထိုသူကို တိတ်တဆိတ် ရှင်းလင်းပစ်ရန်ပင် ဝန်လေးမည်မဟုတ်ချေ။
သို့သော် ယခုမူ သူတို့ ရင်ဆိုင်နေရသည်မှာ သာမန်လူတစ်ယောက် မဟုတ်။
ကျန်းနန်ပြည်နယ်၏ ထိပ်တန်းသိုင်းမိသားစုဖြစ်သော ဂူမိသားစု၏ တစ်ဦးတည်းသောသားဖြစ်သည့်အပြင် နောက်ခံအင်အားနှင့် ပါရမီမှာလည်း ကြောက်မက်ဖွယ်ကောင်းလှသူ
ဖြစ်သည်။
မကြာသေးမီကပင် ထိုသူသည် သိုင်းပညာစစ်ဆေးမှုတွင်လည်း ထူးခြားသည့်ပါရမီကို ပြသနိုင်ခဲ့သဖြင့် တောင်ပိုင်းမဟာမိတ်အဖွဲ့မှ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး၏ ချီးကျူးမှုကိုပင် ရရှိခဲ့သေးသည်။
ထို့အပြင် သူ၏ဖခင်မှာလည်း ရှေ့တန်းစစ်မျက်နှာတွင် ထူးချွန်သော စွမ်းဆောင်ရည်များကို အကြိမ်ကြိမ် ပြသနိုင်ခဲ့သည့် စစ်သူကြီးတစ်ဦးဖြစ်သောကြောင့် ဂူမိသားစုမှာ မဟာမိတ်ဌာနချုပ်၏ အသိအမှတ်ပြုခြင်းကိုပင် ခံထားရလေသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးအတွက်
အကယ်၍သာ ကျင့်စဉ်ပျက်သွားသူတစ်ဦးနှင့် တက္ကသိုလ်၏ အဖိုးတန်ရတနာ ညဏ်အလင်းသစ်ပင်
ကို လဲလှယ်ရန် မဟုတ်ခဲ့ပါက သူတို့အနေဖြင့် အခြားမည်သည့်အရာကိုမဆို ပေးအပ်ရန် ဝန်လေးကြမည်မဟုတ်ပေ။
အခြားရွေးချယ်စရာမရှိချေ။ ဂူချန်၏ဖခင်မှာ ရှေ့တန်းတွင် တိုက်ပွဲဝင်နေသဖြင့် မဟာမိတ်အဖွဲ့သို့ ခေတ္တပြန်မလာနိုင်သေးသော်လည်း မည်သူမျှ သူ့ကို ထိပါးရန် မဝံ့ရဲကြပေ။
ယွင်ယန်ကဲ့သို့သော မိုက်မဲသည့် အမျိုးသမီးတစ်ဦးသာလျှင်
သူမ၏ တက္ကသိုလ်အထူးအဆင့်ဆရာမဟူသော ရာထူးကို အထင်ကြီးကာ ဂူမိသားစုကို စိန်ခေါ်ရန် ဝံ့ရဲနေခြင်းဖြစ်သည်။
"ဟူး..."
အဖိုးအိုက သက်ပြင်းရှည်ကြီးချလိုက်သည်။
သူသည်လည်း အခြေအနေ၏ အတိမ်အနက်ကို ကောင်းစွာနားလည်သော်လည်း လျိုလုံတက္ကသိုလ်၏ ယနေ့ခေတ် ဂုဏ်သတင်းမှာ ဉာဏ်အလင်းသစ်ပင် ကြောင့် ရရှိလာခြင်းဖြစ်ရာ မည်သို့ အလွယ်တကူ
ပေးအပ်နိုင်ပါမည်နည်း။
ဤသို့တွေးမိသောအခါ သူသည် စိတ်ထဲမှနေ၍ ယွင်ယန်ကို မဆဲဘဲ မနေနိုင်တော့ချေ။ ထိုမိုက်မဲလှသော မိန်းမသည် လူအများကြီးထဲမှာမှ ကျန်းနန်ပြည်နယ်၏ ဘိုးဘေးလေးကိုမှ သွားရောက်ရန်စရဲချေသည် ။
စိတ်ထဲမှ အကြိမ်ကြိမ် ကျိန်ဆဲပြီးနောက် အဖိုးအိုက နောက်ဆုံးတွင် ဖြည်းညှင်းစွာ ပြောလိုက်သည်။
"လီရှောက်ကုန်း... မင်း
တခြားဌာနမှူးတွေနဲ့ တက္ကသိုလ်က အထူးတန်းပြဆရာအချို့ကို ခေါ်ပြီး ချင်းဟယ်ဂူမိသားစုဆီ
သွားလိုက်။ သူ့ကို ပြန်ခေါ်ခဲ့ရမယ်.."
"အဲဒီ လူရှုပ်လေး ဂူချန်ကို
ပြောလိုက်။ တခြားအခြေအနေတွေကိုတော့ ငါတို့ စဉ်းစားပေးနိုင်ပေမဲ့ ဉာဏ်အလင်းပွင့်သစ်ပင်ကိုတော့
လုံးဝမပေးနိုင်ဘူးလို့.."
"ငါတို့ လျိုလုံတက္ကသိုလ်ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကိုပဲ ရှင်းရှင်းလင်းလင်း
ပြောပြလိုက်ပါ။ အကယ်၍ ပဋိပက္ခဖြစ်လာရင်တောင် အဲဒီ ဂူချန်ကိုတော့ မထိခိုက်စေနဲ့.."
လျိုလုံတက္ကသိုလ်ကသာ မပေးဘဲနေလျှင် ဂူချန်အနေဖြင့် တက္ကသိုလ်တံခါးကို ချိုးဖျက်ကာ အတင်းအဓမ္မ လုယူရန် ဝံ့ရဲလိမ့်မည်ဟု သူ မယုံကြည်ပေ။
"ဟုတ်ကဲ့ပါခင်ဗျာ.."
လီရှောက်ကုန်းက ရိုသေစွာ ပြန်လည်ဖြေကြားပြီးနောက် အခြားဌာနမှူးများကို ရှာဖွေရန် လှည့်ထွက်သွားလေသည်။
သူ ထွက်ခွာသွားစဉ် စိတ်ထဲမှလည်း မကျေမနပ် ရေရွတ်နေမိ၏။
' ပြောရတာတော့ လွယ်တာပေါ့..ခင်ဗျားက ဒီမှာ လူကောင်းလုပ်နေပြီး ကျွန်တော်ကတော့ သွားပြီး အဆဲခံရတော့မှာ..'
' တကယ်လို့ တစ်ခုခုဖြစ်ရင်လဲ ပြဿနာက ငါတို့ ခေါင်းပေါ်ပဲ ပုံကြမှာ.. ဂူချန်ဆိုတဲ့ ကောင်စုတ်လေး ခေါင်းအရမ်းမမာဖို့ပဲ မျှော်လင့်ရတော့မယ်.. '
...
ချင်းဟယ်မြို့အခြေစိုက် ဂူမိသားစု။
[ ဒင်..]
[ဂုဏ်ယူပါသည် သင်၏
နေမင်းစကြာယန်ကျင့်စဥ် သည် အဆင့် ၈ ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားပါပြီ]
[အထူးစွမ်းရည် ပွင့်သွားပါပြီ -
နေဝန်းအသက်ရှူခြင်း]
[နေဝန်းအသက်ရှူခြင်း - ကောင်းကင်ယံကို ထိုးဖောက်နေသော တောက်လောင်နေသည့် နေမင်းကဲ့သို့ အသက်ရှူသွင်းခြင်းဖြင့် နောက်ထပ်တိုက်ခိုက်မှု၏
ပြင်းအားကို နှစ်ရာခိုင်နှုန်းအထိ အတင်းအဓမ္မ မြှင့်တင်ပေးနိုင်သည်]
[ကျန်ရှိသော စေတနာအမှတ်များ - ၂၅၀]
ဂူချန်သည် ပူပြင်းလှသော လေပူများကို အပြင်သို့ မှုတ်ထုတ်လိုက်ပြီးနောက် အမှတ်ခွဲဝေမှုများကို အဆုံးသတ်လိုက်လေသည်။
ယခုအခါတွင် သူသည် လိုအပ်သော နေရာများအားလုံး၌
အမှတ်များကို ခွဲဝေပြီးစီးသွားပြီဖြစ်ရာ အဆင့် ၄ ရှိသော ရှားပါးသိုင်းကျမ်းနှစ်ခုလုံး၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်နိုင်ပြီ ဖြစ်သည်။
အကယ်၍ မုရုံချင်းရွှယ်သာ သူ၏ရှေ့တွင် တစ်ဖန်ပြန်ပေါ်လာခဲ့လျှင် သူသည် လက်ကိုပင် မြှောက်ရန် မလိုတော့ဘဲ လေတစ်ချက် မှုတ်ထုတ်လိုက်ရုံမျှဖြင့် သူမကို သွေးအိုင်အဖြစ် အရည်ပျော်သွားစေနိုင်ပေသည်။
"ဟမ်... ဘယ်က ကြွက်စုတ်တွေ
ရောက်လာတာလဲ.."
ဂူချန်က ရုတ်တရက် မျက်လုံးများကို
ဖွင့်လိုက်ရာ စူးရှသော ခရမ်းရောင်အလင်းတန်းများမှာ ဝင်းခနဲ ဖြစ်သွား၏။ သူ၏ မျက်ဝန်းအိမ်ထဲမှနေ၍
ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်အလင်းတန်းတစ်ခုမှာ ခဏချင်းပင် ထွက်ပေါ်လာတော့သည်။
"ဝူး.."
ထိုမြင့်မြတ်သောအလင်းတန်းမှာ ရင်ပြင်၏ တံတိုင်းတစ်ခုကို ထိမှန်သွားကာ အပေါက်ကြီးတစ်ခု
ဖြစ်သွားသည်။
ကျောက်စိုင်ကျောက်ခဲများနှင့် ဖုန်မှုန့်များမှာ နေရာအနှံ့ လွင့်စင်သွားပြီး ဖုန်လုံးကြီးများ ထွက်ပေါ်လာ၏။ ထိုစဉ်အတွင်းမှ ပုံရိပ်တစ်ခုမှာ ခုန်ထွက်လာပြီး ဂူချန်၏ ရင်ပြင်အတွင်းသို့ တစ္ဆေတစ်ကောင်အလား ရုတ်ချည်း ရောက်ရှိလာတော့သည်။
ဂူချန်က လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်ရာ မီတာအနည်းငယ်ကြီးမားသော လက်ဝါးရိပ်တစ်ခုမှာ လေထုထဲတွင် ပေါ်လာပြီး ထိုသူထံသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
သို့သော် ထိုတစ္ဆေကဲ့သို့သော ပုံရိပ်မှာမူ မလှုပ်မယှက်ပင် ရှိနေ၏။ ဝေဝါးနေသော ထိုပုံရိပ်မှာ တစ်ချက်မျှ လက်ခနဲ ဖြစ်သွားပြီး လက်ဝါးရိပ်မှာ
၎င်း၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားကာ အဝေးတစ်နေရာသို့ ကျရောက်သွားတော့သည်။
"ဘုန်း.."
မြည်ဟည်းသံမှာ တိတ်ဆိတ်နေသော ရင်ပြင်အတွင်း၌ အလွန်ပင် ကျယ်လောင်လှသော်လည်း ဂူမိသားစုတစ်ခုလုံးမှာမူ မည်သည့်တုံ့ပြန်မှုမျှ မရှိကြချေ။
တစ်ဖက်လူမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို အသံလုံအောင် စီမံထားပုံရလေသည်။
ဂူချန်က နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ရန်
ပြင်လိုက်စဉ်မှာပင် ဝေဝါးနေသော မျက်နှာထားရှိသည့် ထိုပုံရိပ်က ချက်ချင်းပင် စကားပြောလာသည်။
"သခင်လေးဂူ... ကျုပ်မှာ
ရန်လိုတဲ့စိတ် မရှိပါဘူး.. ကျုပ်ရဲ့ အဆင့်အတန်းက ထူးခြားနေလို့သာ သာမန်နည်းလမ်းနဲ့
မတွေ့ဆုံနိုင်တာပါ.."
သူ၏အစွမ်းမှာ အလွန်ပင် မြင့်မားလှသော်လည်း အမူအရာမှာမူ အလွန်ပင် နှိမ့်ချလျက်ရှိနေ၏။
'စိတ်ဝင်စားစရာပဲ..'
ဂူချန်၏ မျက်နှာထားမှာ ပြောင်းလဲခြင်းမရှိဘဲ မျက်ခုံးကို အနည်းငယ် ပင့်လိုက်ကာ..
"ဘာကိစ္စလဲ.."
တစ်ဖက်လူက ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့သည်ကို မြင်သောအခါ ထိုပုံရိပ်ကလည်း ရိုးသားသော လေသံဖြင့် ပြောဆိုလာ၏။
"သခင်လေးဂူက ဉာဏ်ကောင်းတဲ့သူဆိုတော့ ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်.."
"ကျွန်တော်က မြင့်မြတ်သောမီးလျှံဂိုဏ်းရဲ့ နတ်ဘုရားတမန်တော်တစ်ယောက်ပါ။ သခင်လေးရဲ့ စရိုက်၊ ပါရမီနဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး ကျွန်တော်တို့ မြင့်မြတ်သောမီးလျှံဂိုဏ်းနဲ့ အလွန်ပဲ ကိုက်ညီတယ်လို့ ယူဆမိပါတယ်။ သခင်လေးဟာ
ကျွန်တော်တို့ဂိုဏ်းရဲ့ မြင့်မြတ်တဲ့ ခန္ဓာကိုယ်ပိုင်ရှင်အဖြစ် မွေးဖွားလာသူလို့တောင် ဆိုနိုင်ပါတယ်.."
"ဒီတစ်ခေါက် ကျွန်တော်လာရတဲ့
အကြောင်းရင်းကတော့ သခင်လေးကို မြင့်မြတ်သောမီးလျှံဂိုဏ်းထဲ ဝင်ရောက်ဖို့ ဖိတ်ခေါ်ချင်လို့ပါ..."