~စစ်ခုန်လန်က ချက်ချင်းပင် ကြေညာလိုက်၏။
“အကယ်လို့ စီနီယာ ကသာ ကျွန်တော့်ကို ချမ်းသာပေးမယ် ဆိုရင်... နင်ချီ ကို ဒီကို ရောက်လာအောင် သေချာပေါက် ခေါ်လာပေးပါ့မယ်။ အကယ်လို့ မလုပ်နိုင်ခဲ့ဘူး ဆိုရင်... စီနီယာ က ကျွန်တော့် အသက်ကို အချိန်မရွေး ယူလို့ ရပါတယ် ခင်ဗျာ”
ခွမ်းရှန်းချင်း က စစ်ခုန်လန် ၏ နောက်စေ့မှ သူ၏ လက်ကို ရုတ်တရက် ဖယ်ရှားလိုက်ပြီး သူ၏ ပခုံးကို ပုတ်ကာ ဆိုလိုက်၏။
“ဒါဆိုလည်း မင်းရဲ့ အသက်ကို လောလောဆယ် ချမ်းသာပေးလိုက်မယ်”
သူက စစ်ခုန်လန် ကို ရုတ်တရက် ဆွဲမလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စီမာဖေး ၏ ဘေးသို့ ရောက်ရှိသွားကာ သူ့ကိုပါ ဖမ်းဆီးလိုက်သည်။
“မင်းတို့ နှစ်ယောက် ငါနဲ့ လိုက်ခဲ့။ နင်ချီ ရဲ့ အခြေအနေကို သေချာ ဆွေးနွေးရအောင်”
သူတို့ နှစ်ဦးစလုံး ဖမ်းဆီးခံလိုက်ရသော်ငြားလည်း သူတို့၏ စိုးရိမ်ပူပန်မှုများမှာ အနည်းငယ် လျော့ကျသွားခဲ့တော့၏။
မည်သို့ပင်ဆိုစေ တစ်ဖက်လူက သူတို့ကို ချက်ချင်း သတ်ပစ်မည် မဟုတ်တော့ချေ။
စစ်ခုန်လန် သည် တစ်ဖက်လူကို နောက်တစ်ကြိမ် ချော့မော့ပြောဆို ရန် စီစဉ်ထားပြီး၊ နင်ချီ ရောက်လာပြီးနောက် သူတို့ နှစ်ဦး ထိပ်တိုက် ရင်ဆိုင်ရချိန်တွင် သူတို့ ထွက်ပြေးရန် အခွင့်အရေး ရကောင်း ရနိုင်သေးသည်ဟု တွေးထား၏။
စစ်ခုန်လန် နှင့် စီမာဖေး တို့ တစ်ယောက်ကိုတစ်ယောက် မျက်နှာရ်ိပ် မျက်နှာကဲ ကြည့်လိုက်ကြပြီး ဇာတ်တိုက်ထားသည့်အလား နင်ချီ ၏ ခွန်အားကို ချဲ့ကား ပြောဆိုလိုက်ကြကာ၊ နင်ချီ ၏ အံ့မခန်း လုပ်ဆောင်ချက်များကို ခွမ်းရှန်းချင်း ထံသို့ သတင်းပေးလိုက်ကြတော့သည်။
“ဘာ... မင်းတို့ ပြောတာက နင်ချီ မှာ ဆုံမှတ် တွေရဲ့ တည်နေရာကို ရှာဖွေနိုင်တဲ့ သံလိုက်အိမ်မြှောင် ရှိတယ် ဆိုတာလား”
“ဟုတ်ပါတယ် ခင်ဗျာ”
စစ်ခုန်လန် က ခေါင်းကို ငုံ့ကာ ပြောလိုက်၏။
“ကျွန်တော်တို့က နင်ချီ ရဲ့ နောက်ကို အချိန်အတိုင်းအတာ တစ်ခုအထိ လိုက်လာခဲ့ပြီး... သူက သံလိုက်အိမ်မြှောင် ကို သုံးပြီး ဆုံမှတ် တစ်ခုကို ရှာတွေ့သွားတာ မျက်မြင်ကိုယ်တွေ့ပါပဲ ခင်ဗျာ”
စီမာဖေး ကလည်း ဝင်ထောက်လိုက်၏။
“သူက ကိုယ်ယောင်ဖျောက်တဲ့ နေရာမှာလည်း အရမ်း ကျွမ်းကျင်ပါတယ်။ အဲဒီ စွမ်းရည် နှစ်ခုကြောင့်ပဲ သူက စီနီယာ တို့ ကျယ်ပြန့်သော ကမ္ဘာ က မီးလျှံငှက် အင်မော်တယ်ဂိုဏ်း က လူတွေကို ဖမ်းဆီးနိုင်ခဲ့တာပါ ခင်ဗျာ...”
ထိုစကားများကို နားထောင်ရင်း ခွမ်းရှန်းချင်း မှာ နင်ချီ အပေါ် အလွန်တရာ အံ့အားသင့်သွားသလို နာကြည်းမှုများကိုလည်း ခံစားလာရတော့သည်။
သူ နာကြည်းရခြင်းမှာ တစ်ဖက်လူသည် သူတို့ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ အများအပြားကို မျိုးတုံး သတ်ဖြတ်ခဲ့သောကြောင့် ဖြစ်ပြီး၊ သူ အံ့အားသင့်ရခြင်းမှာ တစ်ဖက်လူ၏ ခွန်အားသည် သူ့ထက် လုံးဝ မနိမ့်ကျသည့်အပြင်၊ ဆုံမှတ် များကို ရှာဖွေနိုင်သော သံလိုက်အိမ်မြှောင် ကဲ့သို့သော ရတနာ တစ်ခုကိုပါ ပိုင်ဆိုင်ထားသောကြောင့်ပင် ဖြစ်၏။
နယ်မြေအရှင်သခင် တစ်ပါး အနေဖြင့်၊ ထို သံလိုက်အိမ်မြှောင် သည် စစ်မြေပြင်နယ်မြေ အတွင်း၌ မည်မျှအထိ အဓိပ္ပာယ် ကြီးမားကြောင်းကို ခွမ်းရှန်းချင်း ကောင်းကောင်း သဘောပေါက်၏။
မျက်တောင် တစ်ခတ်စာ အချိန်အတွင်းမှာပင် သူ၏ နှလုံးသားထဲ၌ နင်ချီ ၏ တန်ဖိုးမှာ ဤနေရာရှိ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း စစ်တပ်ကြီးထက် များစွာ ပိုမို ကြီးမားသွားတော့သည်။
ခွမ်းရှန်းချင်း သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ဤနေရာတွင်ပင် အပြတ်ရှင်းရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
ခွမ်းရှန်းချင်း က အစိမ်းရောင် စွမ်းအင်တန်း တစ်ခုကို ထုတ်လွှတ်လိုက်ရာ၊ ၎င်းက နတ်ဘုရား ကြာပွတ် တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး သူတို့ နှစ်ဦးကို ဖက်ထုပ်များအလား ချည်နှောင်လိုက်သဖြင့် သူတို့ လုံးဝ လှုပ်ရှား၍ မရနိုင်တော့ချေ။
ထို့နောက် သူက ရှေ့သို့ တစ်လှမ်း တက်လှမ်းလိုက်ရာ သူ၏ ပုံရိပ်မှာ ခပ်လှမ်းလှမ်းတွင် ပေါ်ထွက်လာပြီး ထိုနှစ်ဦးကလည်း သူ၏ အနောက်မှ အလိုအလျောက် လိုက်ပါသွားကြ၏။
ခွမ်းရှန်းချင်း က ဆက်သွယ်ရေး ကျောက်စိမ်းပြား ကို ထုတ်ယူလိုက်သည်။ လက်ဟန် တစ်ခု ပြုလုပ်ကာ ၎င်းဆီသို့ ညွှန်ပြလိုက်ရာ၊ ကျောက်စိမ်းလိပ် မှာ အစိမ်းရောင် အလင်းတန်းများ ချက်ချင်း တလက်လက် တောက်ပသွားတော့သည်။
စစ်ခုန်လန် နှင့် အခြားတစ်ယောက်မှာ သူ ဘာလုပ်နေသည်ကို မသိကြသော်လည်း၊ ခေတ္တမျှ တွေးတောကြည့်ပြီးနောက် သူက တစ်ယောက်ယောက်ကို လှမ်းခေါ်နေခြင်း ဖြစ်မည်ဟု ခန့်မှန်းလိုက်ကြ၏။
မကြာမီမှာပင် အဝေးတစ်နေရာမှ သားရဲများ၏ ဟိန်းဟောက်သံများ ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရ၏။
မိုးကုပ်စက်ဝိုင်း အစွန်းတွင် တောင်ကုန်းငယ်လေး တစ်ခုအလား ဧရာမ ခန္ဓာကိုယ်ကြီးနှင့် လူတစ်ယောက် ပေါ်ထွက်လာသည်။ အစပိုင်းတွင် သူက အမည်းစက်လေး တစ်ခုမျှသာ ဖြစ်သော်လည်း၊ နောက်ပိုင်းတွင် သူ၏ ခန္ဓာကိုယ်မှ သားရဲ ပုံရိပ်ယောင် အမျိုးမျိုး ထွက်ပေါ်လာပြီး လူအုပ်ကြီးရှိရာဆီသို့ ရိပ်ခနဲ.. ပြေးဝင်လာ၏။
သူ၏ ခန့်ညား ထည်ဝါသော အရှိန်အဝါကို ကြည့်ခြင်းအားဖြင့် သူသည်လည်း ခွမ်းရှန်းချင်း ကဲ့သို့ပင် နယ်မြေအရှင်သခင် တစ်ပါး ဖြစ်ရပေမည်။
ခဏအကြာတွင် ထိုလူသည် သူတို့၏ ဘေးတွင် ပေါ်ထွက်လာတော့သည်။
သူ၏ မျက်လုံးများမှာ တောရိုင်း တိရစ္ဆာန် တစ်ကောင်အလား စူးရှ ထက်မြက်နေပြီး လူအုပ်ကြီးကို တစ်ချက် မျက်လုံးကစားလိုက်၏။
“ညီအစ်ကို ခွမ်း...”
အလွန်တရာ မာနထောင်လွှားသော ခွမ်းရှန်းချင်း က ထိုလူကို ဦးစွာ လက်ယှက် ဂါရဝပြုလိုက်ပြီး နှုတ်ဆက်လိုက်၏။
“ညီအစ်ကို ချန်းရင်...”
ချန်းရင် ဟု အမည်ရသော ထိုလူသည် သားရဲတစ်ရာ ဝိညာဉ်နယ်မြေ ၏ နယ်မြေအရှင်သခင် ပင် ဖြစ်ချေသည်။ သူသည် စစ်မြေပြင်နယ်မြေ အတွင်း၌ အမြဲတမ်း တစ်ကိုယ်တော် ခရီးနှင်လေ့ရှိပြီး သားရဲတစ်ရာ နယ်မြေ စစ်တပ်ကြီးနှင့် အတူတကွ ရှိမနေခဲ့ချေ။
သားရဲတစ်ရာ နယ်မြေ စစ်တပ်ကြီးမှာ နင်ချီ နှင့် လန်ယာ နယ်မြေ စစ်တပ်ကြီးတို့၏ မျိုးတုံး သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်ကြောင်း သူတို့ မသိရှာကြသေးပေ။
သူ၏ နယ်မြေအရှင်သခင် စွမ်းရည်များဖြင့်၊ သားရဲတစ်ရာ နယ်မြေ စစ်တပ်ကြီးက အချက်ပြလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် ဤ စစ်မြေပြင်နယ်မြေ ဆီသို့ အမြန်ဆုံး ရောက်ရှိလာနိုင်စွမ်း ရှိ၏။
သို့သော် နင်ချီ သည် အလုပ်လုပ်ရာတွင် အမြဲတမ်း စေ့စပ် သေချာသူ တစ်ဦး ဖြစ်ရာ၊ သူ ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် သားရဲတစ်ရာ နယ်မြေ စစ်တပ်ကြီး၏ ဆက်သွယ်ရေး စွမ်းရည်များကို ချက်ချင်း ပိတ်ပင် တားဆီးထားလိုက်သည်။
ထို့ကြောင့် သားရဲတစ်ရာ နယ်မြေ စစ်တပ်ကြီး အနေဖြင့် ချန်းရင် ကို ဆင့်ခေါ်ချင်လျှင်တောင်မှ ဘာမှ လုပ်နိုင်စွမ်း မရှိခဲ့ချေ။
ယခုအခါ ခွမ်းရှန်းချင်း က ချန်းရင် ကို ဆင့်ခေါ်လိုက်ပြီ ဖြစ်ရာ၊ နယ်မြေအရှင်သခင် နှစ်ပါးသည် နင်ချီ ကို သတ်ဖြတ်ရန် အတူတကွ စုဝေးမိသွားကြတော့၏။ ၎င်းမှာ တကယ့်ကို ကံကြမ္မာ၏ လှောင်ပြောင်မှု တစ်ခုပင်။
အလားတူ ကြောက်မက်ဖွယ်ကောင်းသော နယ်မြေအရှင်သခင် နောက်တစ်ပါး ထပ်မံ ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါ၊ စစ်ခုန်လန် နှင့် စီမာဖေး တို့မှာ အလွန်တရာ တုန်လှုပ်သွားကြတော့သည်။
အောက်ဘက်ရှိ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း စစ်တပ်ကြီးမှာလည်း အလွန်တရာ ကြောက်ရွံ့ ထိတ်လန့်နေကြ၏။
သူတို့၏ ခေါင်းထဲတွင် စကားလုံး နှစ်လုံးသာ ပေါ်လာတော့သည်။
'ပြီးပြီပဲ...'
အကယ်၍ ခွမ်းရှန်းချင်း တစ်ယောက်တည်းသာ ဆိုလျှင်... နင်ချီ ရောက်လာပြီး ရန်သူနှင့် တိုက်ခိုက်နေချိန်တွင် သူတို့ လွတ်မြောက်နိုင်မည်ဟု စစ်ခုန်လန် နှင့် အခြားသူများက ယုံကြည်ထားခဲ့ကြသည်။
သို့သော် ယခုအခါတွင်မူ စစ်ခုန်လန် နှင့် အခြားသူများမှာ အကြောက်တရားများဖြင့် အပြည့်အဝ လွှမ်းခြုံခံလိုက်ရပြီ ဖြစ်သည်။ နယ်မြေအရှင်သခင် နှစ်ပါး ပူးပေါင်း တိုက်ခိုက်မည် ဆိုပါက... နင်ချီ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဖိနှိပ် သတ်ဖြတ်ခြင်း ခံရမည်မှာ သေချာလှ၏။
သူတို့အတွက် ဆိုရင်လည်း လွတ်မြောက်နိုင်စရာ လမ်းမရှိတော့ချေ။
တစ်ခဏမျှ စစ်ခုန်လန် နှင့် စီမာဖေး တို့၏ ရင်တွင်း၌ နောင်တတရားများ ပြည့်နှက်သွားတော့သည်။
ထိုနောင်တမှာ နင်ချီ ကို သတ်ဖြတ်ရန် အခင်းအကျင်း တည်ဆောက်ခဲ့မိသည့်အတွက် မဟုတ်ပေ။ အကယ်၍ တစ်ဖက်ရန်သူများတွင် နယ်မြေအရှင်သခင် နှစ်ပါး ရှိနေကြောင်း သူတို့ အစကတည်းက ကြိုသိခဲ့မည် ဆိုပါက... မည်သည့် အခင်းအကျင်းကိုမျှ တည်ဆောက်နေစရာပင် မလိုတော့သည် မဟုတ်ပါလော။
မည်သို့ပင်ဖြစ်စေ တစ်ဖက်လူများက အနှေးနှင့် အမြန် နင်ချီ နှင့် သေချာပေါက် ဆုံတွေ့ကြမည်သာ ဖြစ်ပြီး နင်ချီ မှာလည်း သေချာပေါက် သေဆုံးရမည်သာ ဖြစ်၏။
အခုတော့ သူတို့ပါ ဤအဖြစ်အပျက်ထဲတွင် ပါဝင် ပတ်သက်သွားရပြီး ကိုယ့်ကိုယ်ကိုယ်ပါ ဒုက္ခတွင်းထဲ ဆွဲသွင်းလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရပြီ။
တကယ့်ကို ကြီးမားလွန်းသော အရှုံးကြီးပါပင်။
သူတို့ နှစ်ဦး အချင်းချင်း ပြန်ကြည့်လိုက်ကြသော်လည်း ဘာမှ မပြောရဲကြချေ။ သူတို့သည် အခြေအနေအရသာ ဆက်လက် လှုပ်ရှားရတော့မည် ဖြစ်ပြီး ဤ အန္တရာယ်ထဲမှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို ရှာဖွေရမည် ဖြစ်၏။
အောက်ဘက်ရှိ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း စစ်တပ်ကြီး အတွင်း၌လည်း လူအနည်းငယ်မှာ လျှို့ဝှက်၍ သတင်းများ ပေးပို့နေကြသည်။
ထိုသူများမှာ သဘာဝကျကျပင် အစစ်အမှန်သိုင်းကမ္ဘာ မှ လူဝင်စား များ ဖြစ်ကြပြီး၊ စစ်ခုန်လန် က နယ်မြေအရှင်သခင် နင်ချီ ကို သတ်ဖြတ်ရန် အစီအစဉ် ဆွဲခဲ့ခြင်းကို ဟာသတစ်ခုအဖြစ်သာ သဘောထားခဲ့ကြသူများ ဖြစ်၏။
သို့သော် ယခုအခါ ကျယ်ပြန့်သော ကမ္ဘာ မှ နယ်မြေအရှင်သခင် နှစ်ပါး ပူးပေါင်းကာ ကမ္ဘာ့အရှင်သခင် ကို ပစ်မှတ်ထားလာပြီ ဖြစ်ရာ၊ သူတို့သည် မည်သည့် နည်းလမ်းဖြင့်မဆို သတင်းစကားကို သေချာပေါက် ပေးပို့ရတော့မည် ဖြစ်သည်။
ကမ္ဘာ့အရှင်သခင် အနေဖြင့် အောင်မြင်မှု သေချာပြီဟု မယုံကြည်ရသရွေ့ ဤနေရာသို့ လုံးဝ မလာပါစေနှင့်ဟုသာ သူတို့ ဆုတောင်းနေကြတော့သည်။
သူတို့အတွက် ဆိုလျှင်တော့ သေရမှာ လုံးဝ ပြဿနာ မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ အစစ်အမှန်သိုင်းကမ္ဘာ တွင် သူတို့ ပြန်လည် ရှင်သန် နိုင်ဦးမည် မဟုတ်ပါလော။
ခွမ်းရှန်းချင်း နှင့် ချန်းရင် တို့သည် ဤနေရာ၏ အရှင်သခင်များ ဖြစ်လာကြတော့၏။
သူတို့က မြေမျက်နှာသွင်ပြင်ကို လေ့လာ စူးစမ်းလိုက်ကြပြီး၊ စီမာဖေး တည်ဆောက်ထားသော သေမင်းတမန် အခင်းအကျင်း ကို အတူတကွ ပူးပေါင်းကာ ပိုမို ပြည့်စုံ ကောင်းမွန်အောင် ပြင်ဆင်လိုက်ကြ၏။ ထို့နောက် စစ်ခုန်လန် ကို နင်ချီ အား ဤနေရာသို့ မြှူခေါ်ခိုင်းလိုက်တော့သည်။
စစ်ခုန်လန် မှာ ငိုချင်စိတ်ပင် ပေါက်လာတော့သည်။
သူ့ကို နင်ချီ အား မြှူခေါ်ခိုင်းခြင်းမှာ ကျားပါးစပ်ထဲ ဝင်ခိုင်းနေခြင်းနှင့် အတူတူပင် မဟုတ်ပါလော။ နင်ချီ က သူ့ကို အရင်ဆုံး သတ်ပစ်လိုက်လျှင် ဘယ်လို လုပ်မည်နည်း။
“စီနီယာတို့... နင်ချီ ဘယ်မှာ ရှိနေလဲ ဆိုတာကို ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ ဒီ ဆုံမှတ် က ပေါ်လာပြီ ဆိုတော့ကာ... ပြီးတော့ နင်ချီ ဆီမှာကလည်း သံလိုက်အိမ်မြှောင် ရှိနေတာဆိုတော့ သူ သဘာဝကျကျ ဒီနေရာကို ရောက်လာမှာပါ ခင်ဗျာ”
ချန်းရင် ၏ မျက်လုံးများထဲတွင် ရက်စက် ကြမ်းကြုတ်သော အလင်းတန်း တစ်ခု လက်သွားပြီး...
“အသုံးမကျတဲ့ ကောင်... မင်း .. ဘာသုံးစားရတော့မှာလဲ”
သူက စစ်ခုန်လန် ကို တစ်ချက်တည်းဖြင့် သတ်ပစ်ရန် ပြင်လိုက်စဉ်မှာပင် ခွမ်းရှန်းချင်း က ဝင်ရောက် တားဆီးလိုက်၏။
ခွမ်းရှန်းချင်း က ဆိုလိုက်သည်။
“ညီအစ်ကို ချန်းရင်... ဘာလို့ ဒီလောက် လောကြီးနေရတာလဲ။ နင်ချီ က ငါတို့ဆီ လာမယ့် အချိန်ကို ဒီနေရာမှာ အခွင့်ကောင်းယူပြီး စောင့်နေတာက ပိုမကောင်းဘူးလား။ ဒီကောင့်ကိုတော့ အသက် ချမ်းသာပေးလိုက်ပါ။ ငါတို့က အနီးအနားမှာ ပုန်းနေပြီး တောင်နဲ့ ပင်လယ် ကမ္ဘာ က ကျင့်ကြံသူ တွေ အချင်းချင်း သတ်ပုတ်ကြတာကို ထိုင်ကြည့်နေကြတာပေါ့... ဒါက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်လို့ မင်း မထင်ဘူးလား”
ထိုစကားကို ကြားလိုက်ရသောအခါ ချန်းရင် က ချက်ချင်း ခေါင်းညိတ်လိုက်၏။
“ညီအစ်ကို ခွမ်း ရဲ့ အကြံအစည်က တကယ့်ကို ပြောင်မြောက်လှပါတယ်။ ညီအစ်ကို့ အကြံပေးချက်အတိုင်းပဲ လုပ်ကြတာပေါ့။ ငါတို့.. အဲဒီ နယ်မြေအရှင်သခင် နင်ချီ ကို ဖမ်းမိပြီးသွားရင်တော့... ဒီ စစ်မြေပြင်နယ်မြေ တစ်ခုလုံး ငါတို့ ကျယ်ပြန့်သော ကမ္ဘာ ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားတော့မှာပဲ”
***