~'ဘာတွေ ဖြစ်ကုန်တာလဲ။ တာအို အရ သူတို့က ငါတို့ကို တွေ့သွားပြီလား'
အောက်ဘက်မှနေ၍ စစ်ခုန်လန် က ကျယ်လောင်စွာ ရယ်လိုက်၏။
"ချီခယ်ချင်း... မင်းက ဒီကို အရင်ဆုံး ရောက်လာမယ့်သူ ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး။ ဖူယောင် နယ်မြေ က လူတွေ အားလုံး... ကိုယ်ထင်ပြလိုက်ဖို့ ငါ အကြံပေးချင်တယ်။ မဟုတ်ရင် ငါ သတိမပေးဘူးလို့ မပြောနဲ့နော်"
သူက ယုံကြည်မှု အပြည့်ဖြင့် ရယ်နေသော်ငြားလည်း၊ ချီခယ်ချင်း နှင့် အခြားသူများက သူ၏ ရယ်သံထဲတွင် မလုံခြုံမှု အရိပ်အယောင် အချို့ကို အာရုံခံမိလိုက်ကြပြီး တစ်ခဏမျှ ဇဝေဇဝါ ဖြစ်သွားကြရ၏။
"စီနီယာအစ်မကြီး ချီ... ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ" ဟု လူတစ်ယောက်က မေးလိုက်သည်။
ချီခယ်ချင်း က စကားကို ဝေ့ဝိုက် မနေတော့ချေ။ သူမက ပြတ်သားစွာ ကြေညာလိုက်၏။
"ငါတို့ကို တွေ့သွားမှတော့ ကိုယ်ထင်ပြလိုက်ကြတာပေါ့... သူ တကယ် ဘာကြံစည်နေလဲ ဆိုတာ ကြည့်ကြသေးတာပေါ့"
အောက်ဘက်ရှိ စစ်ခုန်လန် အပါအဝင် လူအရေအတွက်မှာ သူတို့ ခွဲထွက်သွားစဉ်က အရေအတွက်နှင့် အတူတူပင် ဖြစ်ကြောင်း သူမ ယခင်ကတည်းက ခန့်မှန်း တွက်ချက်ထားခဲ့ပြီး ဖြစ်သည်။
သူမတို့က တစ်ဖက်လူကို ဝန်းရံ ပိတ်ဆို့ထားပြီးပြီ မဟုတ်ပါလော။ သူမတို့ကို တွေ့သွားလျှင်တောင် တစ်ဖက်လူက ထွက်ပြေးလွတ်မြောက်သွားမှာကို တကယ်ကြီး ကြောက်နေရဦးမည်လော။
ထို့ကြောင့် ချီခယ်ချင်း နှင့် အခြားသူများမှာ ဟင်းလင်းပြင် ထဲတွင် ကိုယ်ထင် ပြလိုက်ကြတော့၏။
စစ်တပ်ကြီးမှာ စက်ဝိုင်းပုံ ဖွဲ့စည်းထားပြီး လေထဲတွင် မြင့်မားစွာ လွင့်မျောနေကာ အောက်ဘက်ရှိ လူအုပ်ကြီးကို စီးမိုးကြည့်နေကြသည်။
စစ်တပ်ကြီး နှစ်ခု၏ လူအရေအတွက် အချိုးအစားမှာ လေးဆ တစ်ဆ ဖြစ်နေရာ... သူတို့ အနေဖြင့် မည်သည့် ရှုထောင့်မှ ကြည့်ကြည့် အပြတ်အသတ် အသာစီး ရနေတော့၏။
ချီခယ်ချင်း က စစ်ခုန်လန် ကို စူးစိုက်ကြည့်လိုက်၏။
စစ်ခုန်လန်က.. ထွက်မပြေးသလို လှုပ်ရှား တိုက်ခိုက်ခြင်းလည်း မရှိသည်ကို တွေ့လိုက်ရသဖြင့် သူမ… မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး... ဘာတွေ ဖြစ်နေသနည်း ဆိုသည်ကို စဉ်းစား၍ မရအောင် ဖြစ်နေတော့သည်။
ချီခယ်ချင်း၏ ခေါင်းထဲတွင် အတွေးများစွာ ဖြတ်ပြေးသွားပြီးနောက်... 'ဒီနေရာမှာ ကြောက်စရာကောင်းတဲ့ သက်ရှိ တစ်ခုခုများ ရှိနေလို့လား' ဟု တိတ်တဆိတ် တွေးလိုက်မိ၏။
သို့သော် အပြင်ပန်းတွင်မူ ချီခယ်ချင်း က စစ်ခုန်လန် ကို လှမ်း၍ မေးလိုက်သည်။
"စစ်ခုန်လန်... ခုနက မင်း ပြောတဲ့ စကားက ဘာအဓိပ္ပာယ်လဲ"
သို့သော် စစ်ခုန်လန် မှာမူ မှော်ဝင်နေသည့်အလား လုံးဝ တိတ်ဆိတ် ငြိမ်သက်နေ၏။
ချီခယ်ချင်း.. ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင် တစ်ဝိုက်ကို အသေအချာ စူးစမ်းလိုက်သော်လည်း၊ စစ်ခုန်လန် နှင့် သူ၏ လူများမှလွဲ၍ အခြား မည်သည့်အရာကိုမျှ အာရုံမခံနိုင်ခဲ့ချေ။
"ဒါက ဘာအဓိပ္ပာယ်လဲ ဆိုတာ မင်းကို ငါ ပြောပြမယ်"
အေးစက်ပြီး ကြည်လင်ပြတ်သားလှသော အသံတစ်ခုက ရုတ်တရက် စူးရှစွာ.. ပဲ့တင်ထပ်သွားသော်လည်း၊ ၎င်း၏ အရင်းအမြစ်ကိုမူ လုံးဝ ရှာဖွေ၍ မရနိုင်ခဲ့ချေ။
ထိုအသံနှင့်အတူ ဟင်းလင်းပြင် လေပြင်းများ တိုက်ခတ်လာပြီး လေဖိအားများက သူတို့အပေါ်သို့ ဖိကျလာရာ၊ မျက်စိတစ်မှိတ် အတွင်းမှာပင် ချီခယ်ချင်း နှင့် အခြားသူများမှာ ခါးဆန့်၍ မရနိုင်လောက်အောင်၊ ခေါင်းမော့၍ မရနိုင်လောက်အောင် အပြင်းအထန် ဖိနှိပ်ခံလိုက်ရတော့သည်။
သူတို့သည် ကောင်းကင်ယံမှနေ၍ ဖက်ထုပ်များအလား ပြုတ်ကျသွားကြပြီး မြေကြီးပေါ်သို့ တစ်ပြိုင်နက်တည်း ပြုတ်ကျသွားကြ၏။
စကားတစ်ခွန်းတည်းဖြင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်လာနိုင်သည်ပေါ့လေ။
ချီခယ်ချင်း နှင့် အခြားသူများမှာ အကြောက်တရားများဖြင့် ပြည့်နှက်သွားကြပြီး၊ ဤခံစားချက်က သူတို့ ယခင်က ကြုံတွေ့ခဲ့ဖူးသော လင်းချင်း နယ်မြေအရှင်သခင် ချီရွှင် နှင့် သူ့ကို သတ်ဖြတ်ခဲ့သော နင်ချီ တို့ကို ချက်ချင်း ပြန်လည် သတိရသွားစေတော့သည်။
'ဒီနေရာမှာ နယ်မြေအရှင်သခင် အဆင့်ရှိတဲ့ သိုင်းပညာရှင် တစ်ယောက် ရှိနေတာပဲ'
ထိုအတွေးက လူတိုင်း၏ ခေါင်းထဲတွင် ပေါ်လာပြီးနောက်၊ စစ်ခုန်လန် ၏ ယခင်က အပြုအမူများ ဘာကြောင့် ဤမျှ ထူးဆန်းနေခဲ့ရသနည်း ဆိုသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားကြတော့သည်။
စစ်ခုန်လန် မှာ ကျယ်ပြန့်သော ကမ္ဘာ ၏ အရှင်သခင် ထံတွင် အဖမ်းခံထားရပြီးသား ဖြစ်နေတာကိုး။
လခွမ်း... စစ်ခုန်လန် ဆိုတဲ့ ခွေးကောင်... ရန်သူ့ လက်ထဲ ရောက်သွားတာတောင် ပြန်မတိုက်ဘဲနဲ့... ငါတို့ကို ဒီကို ရောက်လာအောင် မျှားခေါ်ဖို့ နယ်မြေများ ပင်လယ် က ကြမ်းကြုတ်သားရဲတွေနဲ့ တိုက်နေသလို ဟန်ဆောင်နေခဲ့တာပေါ့လေ။
ငါတို့တွေ အဲဒီ လူယုတ်မာရဲ့ လှည့်စားတာကို ထပ်ခံလိုက်ရပြန်ပြီပဲ။
လူတိုင်းက ဒေါသတကြီးဖြင့် စစ်ခုန်လန် နှင့် အခြားသူများကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ကြ၏။
အခြားလူ အများအပြားမှာမူ သူတို့၏ အကြည့်များကို ရင်မဆိုင်ဝံ့ကြဘဲ ခေါင်းများကို ငုံ့ထားကြရာ... အလွန်တရာ ရှက်ရွံ့နေကြပုံ ရသည်။
စစ်ခုန်လန် အပါအဝင် အချို့သော လူများကမူ ချီခယ်ချင်း ၏ အကြည့်ကို လုံးဝ ဂရုမစိုက်ကြချေ။ ထိုအစား သူတို့၏ မျက်နှာများပေါ်တွင် ကျေနပ် အားရမှုများနှင့် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာနေသော အမူအရာများ ပေါ်လွင်နေ၏။
‘ငါတို့ သေရမယ် ဆိုရင်တောင်မှ အဖော် တချို့ကို ခေါ်သွားနိုင်ဦးမှာပဲ... တူညီတဲ့ နယ်မြေက ကျင့်ကြံသူ တွေ ဖြစ်နေရင်တောင်မှ ဘာအရေးလဲ။’
စစ်ခုန်လန် ၏ သဘာဝကျလှသော အမူအရာက ချီခယ်ချင်း နှင့် အခြားသူများကို ရူးသွပ်သွားလုမတတ် ဖြစ်သွားစေတော့သည်။
အကယ်၍ အကြည့်များဖြင့်သာ လူသတ်နိုင်မည် ဆိုပါက... စစ်ခုန်လန် မှာ အပိုင်းပိုင်း အစစ အဆွဲဖြဲခံရပြီး သေဆုံးနေသည်မှာ ကြာလှပြီတည်း။
ချီခယ်ချင်း က စစ်ခုန်လန် ကို ဆက်လက် မကြည့်တော့ဘဲ ကောင်းကင်ယံသို့သာ မော့ကြည့်လိုက်၏။
ကောင်းကင်ယံ အထက်တွင် ရိုးရာ မှင်ပန်းချီကားများဖြင့် အလှဆင်ထားသော ဝတ်ရုံကို ဆင်မြန်းထားသည့် လူတစ်ယောက်မှာ ပြိုင်ဘက်ကင်း ကျက်သရေ ရှိစွာဖြင့် ရပ်တည်နေသည်။
ထိုသူသည် အရပ်ရှည်ပြီး သွယ်လျကာ ချောမောသော မျက်နှာသွင်ပြင် ရှိပြီး၊ အောက်ဘက်ရှိ လူအုပ်ကြီးကို ငုံ့ကြည့်နေ၏။ သူ၏ အနည်းငယ် ကျဉ်းမြောင်းသော မျက်လုံးများထဲတွင် မာနထောင်လွှားသော အမူအရာများ အမှတ်တမဲ့ ပေါ်လွင်နေသည်။
ချီခယ်ချင်း က ယခင်က ဤနေရာတွင် ပြိုင်ဘက်ကင်း ကြမ်းကြုတ်သားရဲ တစ်ကောင်ကောင် ရှိနေလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း... ကျယ်ပြန့်သော ကမ္ဘာ မှ နယ်မြေအရှင်သခင် တစ်ပါး ဖြစ်နေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။
သူမက နင်ချီ ပေးအပ်ထားသော သံလိုက်အိမ်မြှောင် ကို ကိုင်ထားရင်း အပ်တံလေးကို တိတ်ဆိတ်စွာ လှည့်လိုက်ပြီး သတင်းစကား တစ်ခုကို ချက်ချင်း ပေးပို့လိုက်၏။
"အရှင်သခင် နင်... ကျွန်မတို့ ကျယ်ပြန့်သော ကမ္ဘာ ရဲ့ နယ်မြေအရှင်သခင် နဲ့ ထိပ်တိုက် တိုးနေပါတယ်။ ကျေးဇူးပြုပြီး ကျွန်မတို့ကို ကယ်တင်ပေးပါ ရှင်"
နင်ချီ က သံလိုက်အိမ်မြှောင် ကို ပေးအပ်ခဲ့စဉ်က... သူတို့ အန္တရာယ်နှင့် ကြုံတွေ့ပါက တစ်ကြိမ် ကူညီပေးမည်ဟု ပြောခဲ့သည် မဟုတ်ပါလော။
ထို့အပြင် ဤ သံလိုက်အိမ်မြှောင် ကို နင်ချီ ကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်ရာ၊ စစ်မြေပြင်နယ်မြေ အတွင်း၌ မည်မျှပင် ဝေးကွာနေပါစေ သူ့ကို ဆက်သွယ်နိုင်စွမ်း ရှိ၏။
ချီခယ်ချင်း မသိရှိခဲ့သော အချက်တစ်ခုမှာ... စစ်ခုန်လန် ၏ စစ်တပ်အတွင်း၌ အစစ်အမှန်သိုင်းကမ္ဘာ မှ အဖွဲ့ဝင် အများအပြား ပါဝင်နေပြီး၊ ထို ကျင့်ကြံသူ များက ကမ္ဘာ့အရှင်သခင် နင်ချီ ထံသို့ သတင်းစကား ပေးပို့ပြီး ဖြစ်ကြောင်းပင်။
သို့သော် သူတို့သည် သတင်းစကား ပေးပို့ရန် ဆက်သွယ်ရေး ကျောက်စိမ်းပြား ကိုသာ အသုံးပြုခဲ့ကြခြင်း ဖြစ်ရာ၊ ၎င်းမှာ ဤ စစ်မြေပြင်နယ်မြေ အတွင်း၌ နင်ချီ ဖန်တီးထားသော သံလိုက်အိမ်မြှောင် လောက် လျင်မြန် ထိရောက်မှု မရှိသော အခြေခံ နည်းလမ်းတစ်ခုသာ ဖြစ်သည်။
ချီခယ်ချင်း က သတင်းစကားကို ပေးပို့လိုက်ပြီးနောက်၊ တည်ငြိမ်ပြီး ကြောက်ရွံ့မှု ကင်းမဲ့သော အမူအရာဖြင့် မေးလိုက်၏။
"အရှင် က ဘယ်သူများလဲ.. ကျွန်မတို့ကို ဒီမှာ လာပိတ်လှောင်ထားတာ ဘာရည်ရွယ်ချက် ရှိလို့လဲ"
ခွမ်းရှန်းချင်း က ရုတ်တရက် လက်ကို လှမ်းဆွဲလိုက်ရာ၊ ချီခယ်ချင်း သိမ်းဆည်းရန် အချိန်မရလိုက်သော သံလိုက်အိမ်မြှောင် မှာ မျက်စိတစ်မှိတ် အတွင်း သူ၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။
ချီခယ်ချင်း မှာ အလွန်တရာ အခြေအနေ ဆိုးရွားသွားတော့၏။
တစ်ဖက်လူသည် သံလိုက်အိမ်မြှောင် ကို အပြည့်အဝ စိတ်ဝင်စားနေပြီး သူမ၏ မေးခွန်းကို ပြန်လည် ဖြေကြားရန် ရည်ရွယ်ချက် လုံးဝ မရှိချေ။
"ဟွန်း... စစ်ခုန်လန်... ဒါက မင်းပြောတဲ့ ဆုံမှတ် တွေရဲ့ တည်နေရာကို ရှာဖွေနိုင်တယ် ဆိုတဲ့ သံလိုက်အိမ်မြှောင် လား"
စစ်ခုန်လန် သည် ခွမ်းရှန်းချင်း ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာသွင်ပြင် လျင်မြန်စွာ ပြောင်းလဲသွားပြီး၊ သူ၏ နှုတ်ခမ်းထောင့်များမှာ ခွေးပေါက်စလေး တစ်ကောင်အလား ကွေးတက်သွားတော့သည်။
သူက ခပ်လှမ်းလှမ်းမှနေ၍ ချက်ချင်း အာရုံခံကြည့်လိုက်ပြီး သံလိုက်အိမ်မြှောင် ကို မှတ်မိသွားကာ လွှတ်ခနဲ အော်ဟစ် လိုက်၏။
"စီနီယာ... အဲဒါ အတိအကျပါပဲ ခင်ဗျာ"
စစ်ခုန်လန် ၏ ဤမျှ အောက်ကျနောက်ကျ နိုင်လွန်းပြီး ဖားယားနေသော အပြုအမူကို မြင်လိုက်ရသောအခါ ချီခယ်ချင်း နှင့် အခြားသူများမှာ ဒေါသထွက်လွန်းသဖြင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွားကြရ၏။
လူတစ်ယောက်က ချက်ချင်းပင် ကျိန်ဆဲလိုက်၏။
"လူယုတ်မာ.. ရှက်ရကောင်းမှန်းကို မသိဘူးလားဟ"
"ထွီ... မင်းလို တိရစ္ဆာန်က ဒီလောက်တောင် ကောက်ကျစ်တဲ့ အလုပ်မျိုးကို လုပ်ရက်တယ်ပေါ့လေ"
လူအုပ်ကြီး၏ ကျိန်ဆဲမှုများကို စစ်ခုန်လန် က လုံးဝ ဂရုမစိုက်ချေ။
သူ၏ စိတ်အစဉ်မှာ ခွမ်းရှန်းချင်း အပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထားပြီး၊ အဖြေတစ်ခု မှားယွင်းသွားပါက သူ၏ အသက်အန္တရာယ် ကျရောက်သွားမည်ကိုသာ ကြောက်ရွံ့နေ၏။
***