ရန်ချီ၏ ပင်လယ်နှလုံးသား လက်စွပ်အတွင်း၌ ပင်လယ်နတ်ဘုရားကျောင်းတော်မှ တပည့်ရင်း ဖြစ်သူ ကျွင့်ထျန်းချုံးပေးခဲ့သော ကမ္ဘာမြေကြီး၏ ထောင့်လေးထောင့်အဆောင် ရှိနေပေသည်။ သူတို့နှစ်ယောက် သွေးသောက်ညီအစ်ကို ဖြစ်လာသောအခါ အဆက်အသွယ် မပြတ်စေရန် ထိုအဆောင်ကို အသုံးပြုဖို့ သဘောတူခဲ့ကြသည် မဟုတ်ပါလား။
အကယ်၍ သူတို့အနေဖြင့် ကီလိုမီတာ ရာနှင့်ချီ ဝေးကွာနေလျှင်ပင် ထိုအဆောင်မှတဆင့် သတင်းစကား ပါးနိုင်ပေသည်။
မူလက ကျွင့်ထျန်းချုံးသည် ရန်ချီ အကူအညီ လိုအပ်ပါက ထိုအဆောင်ကို သုံး၍ အကူအညီ တောင်းရန် ပြောထားခဲ့ဖူး၏။
ယခုအချိန်တွင်မူ ကျွင့်ထျန်းချုံးမှာ အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရပုံရပြီး ထိုအဆောင်၏ လုပ်ဆောင်ချက်ကို ပြောင်းပြန်အသုံးပြုကာ သူ့သွေးသောက်ညီအစ်ကိုထံ အကူအညီ တောင်းခံလာခဲ့လေပြီ။
ရန်ချီက လက်ကိုဝှေ့ယမ်းကာ ကမ္ဘာမြေကြီး၏ ထောင့်လေးထောင့်အဆောင်ကို ထုတ်ယူလိုက်သည်။
ထို့နောက်တွင်တော့ ကျွင့်ထျန်းချုံး၏ အသံက ထိုအရာထဲမှ ထွက်ပေါ်လာတော့သည်။
"ညီအစ်ကို ရန်ချီ... အရှေ့ပင်လယ်က မိစ္ဆာနတ်ဆိုးကျွန်းကိုလာခဲ့ပါ... ငါနဲ့ အခြားလူအချို့ မိစ္ဆာနတ်ဆိုးတွေရဲ့ မှော်အစီအရင်ထဲမှာ ပိတ်မိနေတယ်"
ထိုသတင်း ထုတ်လွှင့်ပြီးသည်နှင့် ကမ္ဘာမြေကြီး၏ ထောင့်လေးထောင့် အဆောင်မှာ ရေငွေ့များအဖြစ် ပေါက်ကွဲ ပျောက်ကွယ်သွားတော့သည်။
'အရှေ့ပင်လယ် မိစ္ဆာနတ်ဆိုးကျွန်း...'
ရန်ချီက ထိုနေရာအကြောင်း မကြားဖူးသောကြောင့် အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ရရှိခဲ့သည့် ချမ်းသာကြွယ်ဝ တိုက်ကြီး၏ မြေပုံကို ထုတ်ကြည့်လိုက်သည်။ ထိုမြေပုံ၌ သမုဒ္ဒရာများပင် ပါဝင်သည် မဟုတ်ပါလား။
အရှေ့ပင်လယ်မှာ ကြီးမားကျယ်ပြန့်သောနေရာဖြစ်ကာ မရေမတွက်နိုင်သည့် အန္တရာယ်များသော နေရာများ၊ ကျွန်းနိုင်ငံများနှင့် သေးငယ်သည့် ကုန်းမြေတိုက်များ ရှိကြပေသည်။ ထိုနေရာတွင် အင်အားကြီးမားသော အဖွဲ့အစည်းများနှင့် များပြားလှသည့် ထိပ်တန်းကျွမ်းကျင်သူများ ရှိကြကာ ပင်လယ်စမ်းရေထဲရှိ စိတ်ဝိညာဉ် လျှိုမြောင်များတွင် ထိပ်တန်းကလန်များ တည်ရှိကြသည်။
ကောင်းကင်အလောင်း ဒိုင်မေးရှင်းနှင့် တူညီသည့် အသေးစား မြေပြန့်များ ဖြစ်ပေါ်နေသည့် အချိန်-စကြဝဠာ ခွဲခြားထားမှုများလည်း တည်ရှိနေကြ၏။
ပုံပြင်များအရ ကမ္ဘာဦးခေတ်တုန်းက ငရဲမှ မိစ္ဆာနတ်ဆိုးများက စွမ်းအားကြီးသည့် စွမ်းအင်ပညာရပ်ကို အသုံးပြုကာ ဟင်းလင်းပြင်ကို အပေါက်ဖောက်ပြီး စကြဝဠာကို ဖွင့်လှစ်ခဲ့ကာ မိစ္ဆာနတ်ဆိုးများ မွေးဖွားသည့် အထူးနယ်မြေတစ်ခုကို တည်ထောင်ခဲ့သည်။ ထိုနေရာကို နောက်ဆုံး၌ 'မိစ္ဆာနတ်ဆိုးကျွန်း' ဟူ၍ ခေါ်ဝေါ်ခဲ့ကြသည်။
နောင်ပိုင်းတွင်တော့ ထိုကျွန်းကို ပင်လယ်နတ်ဘုရားကျောင်းတော်က ကျင့်ကြံခြင်းအတွက် အသုံးပြုခဲ့ကြ၏။ ထိုအရာက အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ကောင်းကင်အလောင်း ဒိုင်မေးရှင်းကို အသုံးပြုခြင်းနှင့် ဆင်တူပေသည်။ တစ်ခါတစ်ရံ အခြားအဖွဲ့အစည်းမှ ကျောင်းသားများက ထိုနေရာသို့သွားကာ မိစ္ဆာနတ်ဆိုးများကို အမဲလိုက်ရန် ဖိတ်ခေါ်ခံကြရသည်။
ကျွင့်ထျန်းချုံးမှာ အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေသဖြင့် ရန်ချီအနေဖြင့် ထိုင်ကာ စဉ်းစားမနေနိုင်တော့ချေ။ သူက မိစ္ဆာနတ်ဆိုးကျွန်းစုသို့ အမြန်ဆုံး ရောက်ရှိနိုင်မည့် လမ်းကြောင်းကို ရွေးချယ်လိုက်တော့သည်။ သူ့သွေးသောက်ညီအစ်ကိုက အကူအညီ တောင်းလာသောအခါ ငရဲပြည်သို့ သွားရစေ၊ ရေနက်ပိုင်းသို့ သွားရစေ၊ သူ တွန့်ဆုတ်နေမည် မဟုတ်ပေ။
သူ့တွင် မြေပုံရှိနေခြင်းကိုပင် ကျေးဇူးတင်ရပေမည်။ ထိုအရာကြောင့် ထိုနေရာသို့ မည်သို့ သွားရမည်ကို အကြမ်းဖျင်း သိရှိနိုင်ခဲ့ခြင်းဖြစ်သည်။
"အဖေ၊ အစ်ကိုကြီး၊ အစ်ကိုနှစ်... ကျွန်တော့် သွေးသောက်ညီအစ်ကိုတစ်ယောက် အန္တရာယ်ကြီး ကျရောက်နေတယ်... ကျွန်တော် သူ့ကို သွားကယ်ရဦးမယ်... ယန်ကောင်းကင်ကို အဖေတို့ လက်ထဲ အပ်ခဲ့ပြီ... ဘာအကူအညီပဲလိုလို ဆက်သွယ်လိုက်ပါ... အဆိပ်ဘုရင် အရိုးခေါင်းမိစ္ဆာကို သတ်ပြီးတော့ ရရှိထားတဲ့ ဖြေဆေးတွေ ဒီမှာ ယူထားလိုက်ပါ... တကယ်လို့ အရိပ်ပိုးစံအိမ်က လူတွေ ရောက်လာရင် ဒီဆေးတွေက အကူအညီကြီး ဖြစ်လာနိုင်တယ်"
ထို့နောက် သူက တိမ်ပင်လယ်အတွင်း မိုးကြိုးလျှပ်စီးကဲ့သို့ တိုးဝင်သွားကာ အစအနမရှိ ပျောက်ကွယ်သွားတော့သည်။
အပြင်လူများ၏ ရှေ့တွင်ပင် သူက ငရဲနတ်ဆိုးတောင်ပံကို ထုတ်ဖော်ပြသခဲ့သည်။ ထိုအရာက အတိတ်တစ်ချိန်က နက်မှောင်နေသော်လည်း ယခုအခါ မြင့်မြတ်သည့် ရောင်စဉ်များ တောက်ပနေပြီး သူ့အား ကောင်းကင်တမန်တော်တစ်ပါးနှင့်ပင် တူညီစေသည်။ ၎င်းတို့ထံမှ ဆိုးရွားညစ်ထေးနေသည့် စွမ်းအင်များ ဖယ်ထုတ်ထားလေရာ တဖြည်းဖြည်း ကောင်းကင်တမန်တော် အတောင်ပံများနှင့် တူညီလာခြင်းပင်။
ထို့အပြင် ၎င်း၏ အမြန်နှုန်းမှာလည်း ပိုမို တိုးတက်လာခဲ့သည်။
အင်မော်တယ်ခြေနင်း ကျောင်းတော်မှ အိမ်သို့ ပြန်ရောက်စဉ်တွင် သူက လောကအုပ်ချုပ်သူ အဆင့် (၃) ၌သာ ရှိသေးသည်။ ထိုအချိန်ကပင် အလွန်လျင်မြန်စွာ အလင်းတန်းတစ်ခုကဲ့သို့ ပျံသန်းနိုင်ခဲ့သည် မဟုတ်ပါလား။ ထို့ပြင် သူက တောင်ထွတ်ကို ဝင်တိုက်မိလျှင်ပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်စွမ်း ရှိခဲ့သည်။
အနက်ရောင် အလောင်းတောင်တန်း၌ သူက မိစ္ဆာတစ္ဆေများစွာ စားသောက်ပြီး လောကအုပ်ချုပ်သူ အဆင့် (၄) သို့ တက်လှမ်းနိုင်ခဲ့သည်။ ယခု သူ့အနေဖြင့် အသက်ဓာတ်စမ်းရေ၏ အကူအညီကြောင့် သက်တမ်း (၅) ကြိမ်မြောက် လုယူနိုင်ခဲ့လေပြီ။
လက်ရှိအချိန်တွင် သူက အဆင့် (၅) လောကအုပ်ချုပ်သူတစ်ယောက် ဖြစ်နေချေပြီ။ သူကိုယ်တွင်းမှ နိုးထလာသည့် အစိတ်အပိုင်း (၉၉) ခုကြောင့် သူ့အား ကမ္ဘာဦးဆင်ရိုင်း (၉၉) ကောင်၏ သန်မာမှုကို ပေးစွမ်းထားပေသည်။
ကမ္ဘာဦးဆင်ရိုင်းများမှာ မျက်မှောက်ခေတ် ဆင်ရိုင်းများကဲ့သို့ မဟုတ်ချေ။ သူတို့၏ နှာမောင်းဖြင့် တောင်တန်းများကို အမြစ်မှ ဆွဲလှန်နိုင်သလို ကျားများ၊ ဝက်ဝံများနှင့် အခြားသားရဲမျိုးစုံတို့ကို အလွယ်တကူ နင်းချေနိုင်စွမ်းရှိသည်။ ကမ္ဘာဦး အချိန်တုန်းက သူတို့က စွမ်းအား၏ စံနမူနာရှင်များ ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။ သူတို့က စမ်းချောင်းတစ်ခုလုံးမှ ရေများကို ခန်းခြောက်အောင် စုပ်ယူနိုင်သလို ထိုရေများကို ပစ်လွှင့်ခြင်းဖြင့် မိုးမုန်တိုင်းများ ဖြစ်ပေါ်စေနိုင်သည်။
ရန်ချီ၏ ကိုယ်တွင်း၌ ထိုသတ္တဝါ အကောင်တစ်ရာနီးပါး၏ စွမ်းအင်များ ရှိနေလေရာ ရန်ချီ၏ သွေးသားခန္ဓာနှင့် သွေးများက ကြောက်မက်ဖွယ် ကောင်းလွန်းနေသည်။
ဝှစ်...
သူက တိမ်ပင်လယ်အတွင်း နေမင်းကဲ့သို့ ရွှေရောင်အလင်းတန်းပမာ ဖြတ်သန်းသွားသည်။ သူက သဘာဝအတိုင်း တည်ရှိနေသော နတ်ဘုရားများ၏ စွမ်းအင်ကို အသုံးပြုခဲ့လေရာ ထိုအရာက သူ့အား ဖန်ဆင်းခြင်း အားလုံးနှင့် တစ်သားတည်းကျအောင် ပြုလုပ်ပေးသဖြင့် စွမ်းအင်လှိုင်းများပင် ထွက်ပေါ်မလာချေ။
ယခုအချိန်တွင်တော့ သူ့အနေဖြင့် ပျံသန်းရန် သိပ်အားမထုတ်ရတော့ပေ။ အစစ်အမှန် စွမ်းအင်များကို သေချာ ထိန်းချုပ်ထားနိုင်သဖြင့် သူ့ဝန်းကျင်၌ မည်သည့် အန္တရာယ်မှ မဖြစ်ပေါ်စေချေ။
စွမ်းအင်ပညာရှင်များအနေဖြင့် စွမ်းအားကို ရရှိဖို့ အတော်လေး လွယ်ကူသော်လည်း စွမ်းအင်ကို ထိန်းချုပ်နိုင်ဖို့ကမူ အခြားကိစ္စတစ်ခု ဖြစ်သွားသည်။ ကျောက်တုံးကြီးကို ခွဲပစ်ရန် လွယ်ကူသော်လည်း စွမ်းအားကို အသုံးပြုကာ အပ်ချည်ထိုးဖို့ကမူ အလွန်ခက်ခဲလွန်းလှသည် မဟုတ်ပါလား။
ဆရာသခင် အဆင့်မှ လောကအုပ်ချုပ်ခြင်းအဆင့်သို့ တက်လှမ်းချိန်က အင်မော်တယ်ခြေနင်း ကျောင်းတော်နှင့် နီးကပ်သည့် တောင်ပင်လယ်သို့ ပျံသန်းခဲ့ဖူးသည်။ ယခုအချိန်တွင်မူ သူက ပိုမိုဝေးလံသည့် အရှေ့ပင်လယ်သို့ သွားရောက်နေခြင်း ဖြစ်သည်။
နေ့တစ်ဝက်ခန့် ပျံသန်းပြီးနောက် သူက စိုစွတ်သော ပြောင်းလဲမှုကို အာရုံခံမိကာ ပင်လယ်လေနံ့ကိုပင် ရလိုက်သည်။ သူ့ စွမ်းအင်ပညာရပ်ကို ရပ်တန့်လိုက်ကာ ရေများ ဖုံးလွှမ်းနေသည့် အဆုံးအစမဲ့ ကျွန်းများကို လှမ်းကြည့်လိုက်သည်။
သူက မြေပုံကိုကြည့်ကာ နေရာအတိအကျသိနိုင်ရန် ခဏတာ ပျံသန်းလိုက်၏။ ထိုအချိန်တွင် သူက အရှေ့ပင်လယ်၏ အစွန်အဖျား၌ ရောက်ရှိနေပြီး မိစ္ဆာနတ်ဆိုးကျွန်းမှာ ပင်လယ်အနက်ပိုင်းထဲတွင် တည်ရှိနေကြောင်း သိလိုက်ရသည်။
ထိုမြေပုံက အလွန်အသေးစိတ် တိကျသဖြင့် သူ့ တန်ဖိုးရှိသော အချိန်များကို ခြွေတာနိုင်ခဲ့ပေသည်။
ယခုအချိန်က ညနေစောင်းနေပြီဖြစ်ကာ လမင်းကြီး ထွက်ပေါ်လာပြီး များပြားလွန်းသည့် ကျွန်းများပေါ်သို့ အလင်းရောင်များ ဖြာကျနေသည်။ ထိုအရာက အလွန်လှပသော မြင်ကွင်း ဖြစ်နေသော်လည်း သူက သူ့သွေးသောက်ညီအစ်ကိုအတွက် အလွန်စိတ်ပူနေသဖြင့် အချိန်မဖြုန်းနိုင်ချေ။ လှိုင်းလေပြင်းများက သူ့ကို တိုက်ခိုက်နေသော်လည်း သူက မိစ္ဆာနတ်ဆိုးကျွန်းဆီသို့သာ ဦးတည်သွားလိုက်သည်။
ညနက်လာသည်နှင့်အမျှ အပူချိန်က ကျဆင်းလာသည်။ တစ်ချိန်တည်းမှာပင် သူက မိစ္ဆာစွမ်းအင်များနှင့် ရွံရှာဖွယ် သွေးနံ့များကို အာရုံခံမိလိုက်သည်။ ထိုအနံ့က အလွန်ပြင်းထန်နေပြီး ရေနှင့်ပင် ရောနှောနေလေ၏။ ထိုနေရာတွင် မိစ္ဆာသားရဲများစွာ ရှိနေကြကာ တစ်ကောင်ကို တစ်ကောင် သတ်ဖြတ်လျက် ကြိုးစား ရုန်းကန်နေကြခြင်း ဖြစ်သည်။
'ဒီနေရာက မိစ္ဆာနတ်ဆိုး ကျွန်းစုကို ဦးတည်နေတာပဲ'
ထိုနေရာရှိ အကန့်အသတ်မဲ့ တည်ရှိနေသာ မကောင်းဆိုးဝါး စွမ်းအင်များ၏ အရင်းအမြစ်က ကြီးမားသော ကုန်းမြေကြီး ဖြစ်သည်။ ထိုအရာက ကျွန်းတစ်ခုနှင့် မတူဘဲ ကုန်းမြေတိုက်ကြီးနှင့် ပိုတူနေလေ၏။ သို့သော် ထိုနေရာတွင် နေထိုင်ကြသူများက လူသားများ မဟုတ်ဘဲ အခြားအရပ်မှ မိစ္ဆာနတ်ဆိုးများ ဖြစ်ကြပေသည်။
ထိုနေရာကို ကမ္ဘာဦးခေတ်မှ အစွမ်းထက် မိစ္ဆာနတ်ဆိုးများ တည်ထောင်ခဲ့ပြီး အစွမ်းထက်သည့် မိစ္ဆာနတ်ဆိုးများမှ ဆင်းသက်လာသောမျိုးဆက်များ နေထိုင်ကြကာ အဓိက ကုန်းမြေနှင့် ဝေးကွာလွန်းသောကြောင့် ပျံသန်း၍ပင် မရောက်ရှိနိုင်ကြချေ။ ထို့ကြောင့် ထိုနေရာတွင် နေထိုင်ကြသူများက ထိုနေရာတစ်ဝိုက်ရှိ ပင်လယ်သတ္တဝါများကို သတ်ဖြတ်ကာ စားသောက်ကြရသည်။
သူ နီးကပ်လာသည်နှင့်အမျှ ရန်ချီက မိစ္ဆာနတ်ဆိုး အမျိုးမျိုးကို တွေ့လိုက်ရသည်။ သူတို့ထဲမှ အချို့က သာမန်လူတစ်ဝက်ခန့် ပိုမိုမြင့်မားကာ ရုပ်ဆိုးလွန်းပြီး ကြောက်မက်ဖွယ်မျက်နှာများ ပိုင်ဆိုင်ထားကြ၏။ သူတို့၏ ကျောဘက်ရှိ အတောင်ပံများက ယခင်က ရန်ချီ၏ ငရဲနတ်ဆိုးတောင်ပံ အသေးစားပုံစံနှင့် တူညီနေကြသည်။
သူတို့အနီးရှိရေထဲမှ မိစ္ဆာသားရဲများကို မြင်တွေ့တိုင်း ရေထဲထိုးဆင်းကာ သတ်ဖြတ်တတ်ကြသည်။ မိစ္ဆာနတ်ဆိုး အနည်းငယ်က စွမ်းအင်ပညာရပ်များ တတ်မြောက်ကာ သူတို့၏ ပါးစပ်မှ မီးများ မှုတ်ထုတ်နိုင်ကြ၏။ ထိုမီးများက ငရဲမှ ဆာလ်ဖာနံ့များကဲ့သို့ အနံ့ထွက်နေပေသည်။
နောက်ထပ် ကုန်းတွင်းပိုင်း၌ မိစ္ဆာနတ်ဆိုး အနည်းငယ် ရှိကြကာ သူတို့က ကြီးမားသော မိစ္ဆာနတ်ဆိုးများ ဖြစ်ကြသည်။ သူတို့က သာမန် လူသားများထက် နှစ်ဆ၊ သုံးဆခန့် ကြီးမားကြကာ ကြီးမားသော အတောင်ပံများနှင့် နက်နဲသော စွမ်းအင် ပညာရပ်များ ပိုင်ဆိုင်ထားကြသည်။ သူတို့က လောကအုပ်ချုပ်သူ တစ်ယောက်ကဲ့သို့ အစွမ်းထက်ကာ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
ရန်ချီ ရောက်ရှိလာသည်နှင့် အနီးနားရှိ ကြီးမားသော မိစ္ဆာနတ်ဆိုးများ၏ အာရုံကို ဆွဲဆောင်မိလိုက်သည်။
ဝုန်း...
မိစ္ဆာနတ်ဆိုး အနည်းငယ်က ကျိုင်းကောင်အုပ်ကြီးကဲ့သို့ ကောင်းကင်မှတဆင့် သူ့ထံ တိုးဝင်လာကြကာ ပါးစပ်အပြည့် မီးများ မှုတ်ထုတ်လိုက်ပြီး လက်သည်းများဖြင့် သူ့ကို ထိုးခွဲရန် ကြိုးစားလိုက်ကြသည်။
သူတို့က များပြားလွန်းသဖြင့် ပုရွတ်ဆိတ်အုပ်စုနှင့်ပင် တူညီနေသည်။ အချို့ လောကအုပ်ချုပ်သူ တော်တော်များများက ထိုကဲ့သို့ ကြမ်းတမ်း ရက်စက်သည့် မိစ္ဆာနတ်ဆိုးအုပ်ကြီးနှင့် ရင်ဆိုင်ကြရပါက ထွက်ပြေးဖို့သာ ရွေးချယ်ကြပေလိမ့်မည်။
သို့သော်လည်း ရန်ချီက အမှုမထားခဲ့ပေ။
"မိစ္ဆာတွေ... သေစမ်း"
သူက စွမ်းအင်လှိုင်းကို ထုတ်ဖော်လိုက်သည်နှင့် သေးငယ်သော မိစ္ဆာနတ်ဆိုးများက ခြေလှမ်း တစ်ထောင် အကွာအဝေးမှာပင် ပေါက်ကွဲသွားကာ သူတို့၏ မိစ္ဆာအမြုတေက ကွဲကြေသွားပြီး ငရဲမီးတောက်မီးပြင်းဖို အတွင်းရောက်ရှိကာ သက်စောင့်စွမ်းအင်များ ဖြစ်သွားကြသည်။
သေးငယ်သော မိစ္ဆာသားရဲများနှင့် အချိန်မဖြုန်းလိုသောကြောင့် သူက လေထဲ၌ အဖြူရောင် အလင်းတန်းကဲ့သို့ ပျံသန်းသွားကာ နီးကပ်လာသမျှကို ဖျက်ဆီးပစ်လိုက်သည်။ အချို့ ကြီးမားသော မိစ္ဆာနတ်ဆိုးကြီးများက သူ့လမ်းကြောင်း၌ ပိတ်ဆို့လာသောအခါ သူက သတ်ဖြတ်ပစ်ပြီး သူတို့၏ မိစ္ဆာအမြုတေများကို ယူဆောင်သွားကြသည်။
ကောင်းကင်အလောင်း ဒိုင်မေးရှင်း၏ အတွေ့အကြုံကြောင့် သူက ကျွင့်ထျန်းချုံးအနေဖြင့် အခြားဒိုင်မေးရှင်း တည်ရှိနေရာ ကျွန်းအနက်ပိုင်းသို့ ရောက်ရှိနေနိုင်ကြောင်း သိရှိလိုက်သည်။ ထို့အပြင် မိစ္ဆာနတ်ဆိုးငယ်များနှင့် မိစ္ဆာနတ်ဆိုးကြီးများကို သတ်ဖြတ်ခြင်းက အကျိုးအနည်းငယ် ရှိပေသည်။ သူ့ အဓိက ရည်ရွယ်ချက်မှာ မကောင်းဆိုးဝါးစွမ်းအင်များ အသန်မာဆုံးနေရာသို့ သွားရောက်ရန်ပင် မဟုတ်ပါလား။
သူက ကုန်းတွင်းပိုင်းသို့ ပျံသန်းလာသောအခါ အက်ကြောင်းများကို ပိုမိုတွေ့ရှိလာရသည်။ ထိုအက်ကြောင်းများမှ များပြားလှသည့် မိစ္ဆာနတ်ဆိုးများ ထွက်ပေါ်လာကြခြင်း ဖြစ်သည်။
"သူ ဘယ်မှာလဲ... ကမ္ဘာမြေကြီးရဲ့ ထောင့်လေးထောင့် အဆောင်က ပေါက်ကွဲသွားတော့ ငါသူ့ကို မဆက်သွယ်နိုင်တော့ဘူး... မြေပုံရဲ့ သတင်းအချက်အလက်တွေ အရတော့ မိစ္ဆာနတ်ဆိုးကျွန်းမှာ အခြား ဒိုင်မေးရှင်းတွေကို ဦးတည်နေတဲ့ အက်ကြောင်းတွေ အများကြီးရှိတယ်တဲ့... သူတို့ အားလုံးကို မိစ္ဆာနတ်ဆိုးအမျိုးမျိုးက ထိန်းချုပ်ထားတာပဲ... ဒါက ပင်လယ်ထဲမှာ အပ်တစ်ချောင်း ရှာနေရသလိုပဲ... အချိန်ဖြုန်းသလို ဖြစ်နေလိမ့်မယ်... ကောင်းပြီ... ငါ့အနေနဲ့ အခုချိန်မှာ စိုးရိမ်နေရုံနဲ့ မပြီးဘူး... သူတို့ကို တတ်နိုင်သမျှ မြန်မြန်ရှာမှ ဖြစ်မယ်"
အချိန်အချို့ ကြာပြီးနောက် သူက ရှေ့တိုးမရ၊ နောက်ဆုတ်မရ ဖြစ်လာလေရာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
"ညီအစ်ကို ထျန်းချုံး... ငါ ရန်ချီ ရောက်လာပြီ... မင်း ဘယ်မှာလဲ"
သူ့အသံက ကျောက်တုံးကြီး မြေပေါ်ကျသည့် ကြောက်စရာ လှိုင်းကြီးနှင့် တူညီနေသည်။ ထိုအသံကြောင့် များပြားလွန်းသည့် သေးငယ်သော မိစ္ဆာနတ်ဆိုးများနှင့် မိစ္ဆာနတ်ဆိုးကြီးများက တုန်လှုပ်စွာ ပတ်ဝန်းကျင်ကို ကြည့်လိုက်မိကြသည်။ သူတို့ထဲမှ အတော်များများကတော့ ရိုးရိုးရှင်းရှင်းဖြင့် ပေါက်ကွဲသွားကြတော့သည်။
End
***