ထိုနေရာရှိ ထိပ်တန်းအဖွဲ့အစည်းများမှ လက်ရင်းတပည့်များက ရန်ချီကို ကြည့်လိုက်ကြသည်။
သူတို့က အကြိုကောင်းကင် နတ်ဆိုးအစီအရင်၌ ပြီးခဲ့သည့် ရက်များမှစ၍ ပိတ်မိနေကာ ချိုးဖောက် လွတ်မြောက်ဖို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ထို့ကြောင့် သူတို့က အစစ်အမှန် စွမ်းအင်များကို စုပေါင်းကာ မှော်ရတနာဖြစ်သည့် 'မီးလျှံဘုရင်မီးပြင်းဖို' ကို အသုံးပြုခဲ့ရသည်။
ထိုမီးပြင်းဖိုမှ ထုတ်ပေးသည့် အကာအကွယ် အတားအဆီးက သူတို့ကို အန္တရာယ်မှ ကာကွယ်ပေးထားခြင်း ဖြစ်သည်။
ရက်ပေါင်းများစွာ အားထုတ်ပြီးနောက် သူတို့က မီးစာကုန်သော ဆီမီးခွက် တစ်ခုကဲ့သို့ ဖြစ်လာသည်။ သူတို့၏ အစစ်အမှန် စွမ်းအင်ကို အားဖြည့်ပေးသော မှော်ဆေးလုံးများလည်း ကုန်ဆုံးလု ဖြစ်လာလေရာ ရန်ချီ၏ လုပ်ဆောင်နိုင်စွမ်းကို သံသယဝင်မိသော်လည်း အနည်းငယ်တော့ မျှော်လင့်နေမိကြ၏။
နေလကျောင်းတော်မှ လှပသော မိန်းမပျိုလေးက ရန်ချီကို မီးပြင်းဖို ဆက်လက် မောင်းနှင်စေချင်ကာ ထိုအချိန်တွင် သူတို့အားလုံး အနားယူပြီး ပြန်လည်အားဖြည့်ချင်ကြသည်။
"ကောင်းပြီ... မင်းတို့အားလုံးက ငါ့ညီအစ်ကို ကျွင့်ထျန်းချုံးရဲ့ သူငယ်ချင်းတွေ ဆိုမှတော့ ငါ ရန်ချီရဲ့ သူငယ်ချင်းတွေပါပဲ... ငါတို့ အတူတူ ထွက်ခွာနိုင်ဖို့အတွက် ငါ အာမခံတယ်"
"တကယ်လား"
'သန့်စင်သော နွေဦးမီးလျှံ' (ဟောင်ချင်းချွမ်) က မေးလိုက်သည်။
"ကောင်းပြီ... အစစ်အမှန်စွမ်းအင်တွေ မီးပြင်းဖိုထဲစီးဆင်းခိုင်းလိုက်... သတိထားပါ... စိတ်ကြီးမဝင်နဲ့... မင်းသိတဲ့အတိုင်းပဲ ငါတို့အားလုံးအတွက် မင်း ဂရုစိုက်ဖို့လိုတယ်... ဒီအကြိုကောင်းကင် နတ်ဆိုးအစီအရင်က အထဲဝင်ဖို့ လွယ်ကူတာက မင်းဝင်ချင်ချင် မဝင်ချင်ချင် သူက အထဲကို စုပ်ယူတာကြောင့်ပဲ... ပြန်ထွက်နိုင်ဖို့ကတော့ အခြားကိစ္စ တစ်ခု ဖြစ်သွားပြီ... အစီအရင်မှာ မိစ္ဆာများရဲ့ တာအိုမှော်ဥပဒေသတွေ ပါဝင်နေတာကြောင့် မင်းက ဒဏ္ဍာရီအဆင့် မဟုတ်ရင် လွတ်မြောက်ဖို့ အခွင့်အရေး အနည်းငယ်ပဲ ရှိတယ်"
သူက ကြီးမြတ်သည့် ကျောင်းတော်ကြီးလေးခုမှ တစ်ယောက်မဟုတ်ပေ။ သို့သော်လည်း ထိုအဆင့်နီးနီး အစွမ်းထက်သည့် အဖွဲ့အစည်းတစ်ခုမှ ဖြစ်သည်။ သူက 'မီးလျှံဘုရားကျောင်း' မှ လက်ရင်းတပည့် တစ်ယောက်ဖြစ်ကာ ပုပ်ရဟန်းမင်းကြီး၏ လက်ထောက်တစ်ဦးဖြစ်သည်။ သူက အဆင့် (၈) လောကအုပ်ချုပ်ခြင်းအဆင့်၌ရှိနေကာ ကောင်းကင်နှင့် မြေကြီးမှ ကံကောင်းမှုအဖြစ် ရရှိထားသည့် ဉာဏ်အလင်းကြောင့် အကြိုကောင်းကင် အစီအရင်ကို အချိန်အကြာကြီး တောင့်ခံထားနိုင်ခဲ့ခြင်း ဖြစ်သည်။
သူက စိုးရိမ်နေကာ ရန်ချီက ထူးခြားသည့် လူတစ်ယောက်ဟု ထင်မှတ်မထားကြောင်း သူ့ လေသံအရ သိသာလှသည်။
ထိုနေရာရှိ လူတိုင်းက အံ့မခန်း လူစွမ်းကောင်းများ ဖြစ်ကြပြီး အဆင့် (၅) လောကအုပ်ချုပ်သူ ဖြစ်သည့် ရန်ချီထက် သာလွန်ကြရာ တစ်ယောက်မှ ရန်ချီ အမှန်တကယ် မကူညီနိုင်လောက်ဘူးဟု ယုံကြည်နေကြသည်။
ရန်ချီက အေးအေးဆေးဆေးဖြင့်ပင် လက်ခံလိုက်ကာ ယခုအချိန်တွင် အကောင်းဆုံးအရာမှာ သူ့ကိုယ်သူ သက်သေပြဖို့ဖြစ်ကြောင်း နားလည်ထားသည် မဟုတ်ပါလား။
"စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုး..."
သူက ရေရွတ်လိုက်ကာ ရှေ့သို့ တစ်လှမ်းတိုးပြီး မီးပြင်းဖိုကို ကြည့်လိုက်သည်။ သူက ရေပုံးအရွယ်လောက်ရှိသည့် ကြက်သွေးရောင် ဓားစွမ်းအင်ကို ထုတ်ဖော်လိုက်၏။
ဓားစွမ်းအင်က နားကွဲမတတ် ကျယ်လောင်သည့်အသံနှင့် ထွက်ပေါ်လာသည်နှင့် ထိုနေရာရှိ လူတိုင်းက အန္တရာယ်များလွန်းသည့် အပူများ ပါဝင်နေသည်ကို ခံစားလိုက်ရသည်။
ထိုစွမ်းအင်က မီးလျှံဘုရင်မီးပြင်းဖိုကို ထိမိသည်နှင့် ရန်ချီ၏ ပုံရိပ်က ၎င်းအတွင်း ပေါ်လာသည်။ သူက နေနတ်ဘုရားတစ်ပါးအလား တောက်ပနေကာ အဆုံးမရှိသည့် နေရောင်ခြည် အလင်းများက သူတို့အနီးရှိ မှော်အစီအရင်မှ မဟူရာရွှေရောင် အလင်းတန်းများကို စတင် လောင်ကျွမ်းစေခဲ့တော့ သည်။
"ဒီလောက်တောင် သန်မာတဲ့ အစစ်အမှန် စွမ်းအင်တွေ..."
ဖီးနစ်ပုံစံနားကပ်နှင့် အမျိုးသမီးက ကျေနပ်သွားကာ သူမ၏ မျက်လုံးများ၌ ပျော်ရွှင်သည့် အရိပ်အယောင်များ တောက်ပလာသည်။
"စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားက မီးအမျိုးအစား စွမ်းအင်ဆိုတော့ မီးလျှံဘုရင် မီးပြင်းဖိုအတွက် အကောင်းဆုံးလောင်စာပဲ... အဆင့် (၅) လောကအုပ်ချုပ်သူ တစ်ယောက်က ဒီလိုစွမ်းအင် ထုတ်နိုင်စရာအကြောင်းမရှိဘူး... အဆင့် (၅) လောကအုပ်ချုပ်သူ (၁၀) ယောက်လောက် ပူးပေါင်းရင်တောင် ဒီလောက် လုပ်နိုင်မှာ မဟုတ်ဘူး"
ယခုအချိန်၌ ရန်ချီက လောကအုပ်ချုပ်သူ အဆင့် (၅) ၌ ရှိနေကာ သူ့ သွေးကြောဆုံမှတ်များ၌ အစစ်အမှန်စွမ်းအင်များကို သိမ်းဆည်းထားနိုင်သည့် အစစ်အမှန် စွမ်းအင် အရင်းအမြစ်များ ရှိနေပေသည်။ ထို့ပြင် သူ့ထံ၌ ကမ္ဘာဦးဆင်ရိုင်း (၉၉) ကောင် စွမ်းအားကလည်း ရှိသေးသည် မဟုတ်ပါလား။ ထို့ပြင် သူ့ စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား၏ သဘာဝက ၎င်းတို့ကြောင့် ပြောင်းလဲသွားခဲ့သည်။ ယခုအချိန်၌ သူက နေမင်းနှင့် အမှန်တကယ် ဆက်သွယ်နိုင်ကာ ၎င်းအတွင်းရှိ နေနတ်ဘုရားအား ထိန်းချုပ်နိုင်သကဲ့သို့ ဖြစ်နေသည်။
လောင်ကျွမ်းနေသော နေမင်းက စကြဝဠာတစ်ခွင် ထွန်းလင်းနိုင်စွမ်း ရှိပေသည်။
သူက လူစိမ်းများရှေ့၌ 'ငရဲချေမှုန်း နတ်ဆင်စွမ်းအား' ကို အသုံးပြုလျှင် မလုံခြုံသလို ခံစားရသဖြင့် အကောင်းဆုံး ရွေးချယ်စရာက အခြားဂိုဏ်းတစ်ခုမှ ဓားပညာကို အသုံးပြုခြင်းပင်။ ထို့အပြင် စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားက အကောင်းဆုံး ရွေးချယ်စရာ တစ်ခု ဖြစ်ပေသည်။
သူ့ 'လေးရာသီ ဓားပညာ' မှ အစစ်အမှန် စွမ်းအင်အားလုံးကို သူ့အဖေနှင့် အစ်ကိုများ ကျင့်ကြံနိုင်ဖို့အတွက် ပေးထားခဲ့ပြီးဖြစ်သည်။
သို့သော်လည်း သူက ထိုဓားကျင့်စဉ်၏ အနှစ်သာရကို စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုး ဓားကျင့်စဉ်၌ ထည့်သွင်း ပေါင်းစပ်ခဲ့သည်။ ယခုအချိန်တွင် ထိုအရာက ရေနှင့်မီး ဒြပ်စင်နှစ်ခုကို အတူရောနှောကာ အပျော့နှင့်အမာကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၎င်းကို မြင်တွေ့လိုက်ရသူတိုင်း ထိုကျင့်စဉ်၏ နက်ရှိုင်းမှုကြောင့် အလွန် တုန်လှုပ်သွားကြသည်။
'သူ့ရဲ့ အစစ်အမှန် စွမ်းအင်က ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ'
သန့်စင်သော နွေဦးမီးလျှံပင် အံ့ဩသွားမိသည်။ အမှန်စင်စစ် သူက ထိုနေရာရှိ လူတိုင်းထဲတွင် ကျင့်ကြံခြင်း အခြေခံ အမြင့်ဆုံးဖြစ်သည်။ နောက်ဆုံး၌ မီးလျှံဘုရားကျောင်း၏ ပုပ်ရဟန်းမင်းကြီး၏ လက်ထောက်က ဒဏ္ဍာရီတစ်ယောက် ဖြစ်လာနိုင်သည် မဟုတ်ပါလား။ ယခုအချိန်တွင် သူက လောကအုပ်ချုပ်သူ အဆင့် (၈) ၌သာ ရှိသေးသည်။ သို့သော်လည်း ရန်ချီက သူ့လောက် သန်မာကြောင်း သူ ပြောနိုင်ပေသည်။ ထိုအရာ ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း။
ကျွင့်ထျန်းချုံးက ပျော်ရွှင်စွာ ရယ်မောလိုက်သည်။
"ညီလေးက တကယ် လုံလောက်တာပဲ... မင်း အံ့ဖွယ်တစ်ခု လုပ်ပြမယ်ဆိုတာ ငါ သိနေတယ်... လာပါ... ငါ မင်းကို မိတ်ဆက်ပေးမယ်... ဒါက နေလကျောင်းတော်က အစ်မတော် ဟွာဖန်းဖန်းပဲ... သူ့အဖေ ဟွာထျန်းရှုံးက ဒဏ္ဍာရီအဆင့် မြင့်မြတ်တဲ့ အကြီးအကဲတစ်ဦးလေ... ဒါကတော့ မီးလျှံဘုရားကျောင်းက ပုပ်ရဟန်းမင်းကြီးရဲ့ လက်ထောက် အစ်ကိုတော် သန့်စင်သော နွေဦးမီးလျှံတဲ့... ဒီက နှစ်ယောက်က ပင်လယ်နတ်ဘုရားကျောင်းတော်က လက်ရင်းတပည့် နှစ်ယောက်ပဲ"
ကျွင့်ထျန်းချုံးနှင့် ရန်ချီ မပါလျှင်ပင် ထိုနေရာ၌ လူ (၁၃) ယောက် ရှိနေကာ သူတို့အားလုံးက လက်ရင်းတပည့်များ မဟုတ်ကြချေ။ အချို့က သူတို့ဂိုဏ်းများနှင့် ကလန်များမှ လက်ထောက် ခေါင်းဆောင်များ ဖြစ်ကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့အားလုံးမှာ သာမန်လူများ မဟုတ်ကြချေ။
ပြောရမည်ဆိုပါက ငှက်မွေးများက တူရာတူရာ စုကြသည် မဟုတ်ပါလား။ ကျွင့်ထျန်းချုံးက ပင်လယ်နတ်ဘုရား ကျောင်းတော်မှ လက်ရင်းကျောင်းသားတစ်ယောက် ဖြစ်သည့်အလား သူနှင့် အဆင့်အတန်းချင်း တူညီသည့် လူများနှင့် တာဝန်တစ်ခု လုပ်ဆောင်ဖို့ ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။
ကျွမ်းကျင်သူများထဲမှ တစ်ယောက်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ညီအစ်ကိုရန်... မင်းရဲ့ အစစ်အမှန် စွမ်းအားတွေက မထင်ထားလောက်အောင်ကို အထင်ကြီးစရာ ကောင်းတာပဲ... ပြောရရင် ငါတို့အားလုံး ဒီမှာ ပိတ်မိနေတုန်းပဲ... မင်းရဲ့ အစစ်အမှန် စွမ်းအင်တွေ နောက်ဆုံး ကုန်ဆုံးသွားရင် ဒီမှာရှိတဲ့ မွန်းစတားတွေထဲ ငါတို့အားလုံး ကျရောက်သွားလိမ့်မယ်"
"ငါ အခု အခြေအနေ ကောင်းပါတယ်"
ရန်ချီက ပြန်ပြောလိုက်သည်။ ထို့နောက် သူက စွမ်းအင်စီးကြောင်းကို ပြောင်းလဲမှုအချို့ ပြုလုပ်လိုက်ရာ မီးလျှံဘုရင်မီးပြင်းဖို၏ အလင်းရောင်က ယခင်ထက် ပိုမို တောက်ပလာသည်။
လူတိုင်းက တောက်ပနေသော အလင်းရောင်ကြောင့် သူတို့၏ အစစ်အမှန် စွမ်းအင်များ ပြန်လည် ဖြည့်တင်းလာသည်ကို ခံစားလိုက်ကြရ၏။
ထိုသို့ဖြစ်ရခြင်းက ရန်ချီ၏ အစစ်အမှန် စွမ်းအင်များ၌ အသက်ဓာတ်စမ်းရေ အရှိန်အဝါများ ပါဝင်နေခြင်းကြောင့်ပင်။ သန့်စင်သော နွေဦးမီးတောက်နှင့် ဟွာဖန်းဖန်းတို့ ထိုအဖြစ်အပျက်ကို အာရုံခံမိသောအခါ သူတို့၏ မျက်လုံးများက ကျေးဇူးတင်သည့် အရိပ်အယောင်များ တောက်ပလာသည်။
"ညီအစ်ကိုရန်"
သန့်စင်သော နွေဦးမီးတောက်က ခေါ်လိုက်သည်။
"ငါတို့က အကူအညီ မပေးနိုင်ပေမဲ့ မင်း ဒီလို စွန့်လွှတ်အနစ်နာခံတာက ငါတို့အတွက် အရှက်ရစေတယ်... မင်းရဲ့ အစစ်အမှန် စွမ်းအင်ထဲက သန်မာတဲ့ အသက်ဓာတ်စွမ်းအင် အရှိန်အဝါ အရဆိုရင် မင်းက အင်မော်တယ်ခြေနင်း ကျောင်းတော်ရဲ့ ဒဏ္ဍာရီလာ ရတနာအသက်ဓာတ်စမ်းရေကို ရရှိထားတာ မဟုတ်လား... ဒါက တကယ်ကို ပြီးပြည့်စုံတဲ့ အရာတစ်ခုပဲ"
"မင်းပြောတာ မှန်တယ်... ငါ နည်းနည်း ရခဲ့တာပါ"
အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ကျောင်းသားအများစုက တော်ဝင်အိမ်ရှေ့စံ ကျေးဇူးဖြင့် အသက်ဓာတ်စမ်းရေ အသုံးပြုနိုင်ကြကြောင်း ရန်ချီ သိထားလေရာ အမှန်တရား အချို့ကို ဖုံးကွယ်ပြီး ပြောလိုက်ခြင်းဖြစ်သည်။
"အစ်ကိုရန်... အစစ်အမှန် စွမ်းအင်တွေ အရမ်း မသုံးနဲ့... ကယ်နိုင်သလောက်ပဲ ကယ်ပါ... ကျွန်မတို့ ဒီအစီအရင်က ထွက်နိုင်ဖို့ နည်းလမ်းရှာရမယ်... ဒါမှမဟုတ်ရင် နောက်ဆုံး ကြာကြာနေနိုင်ဖို့ အချိန်ဆွဲထားရမယ်"
ဟွာဖန်းဖန်က အကြံပေးသည်။
"မင်းတို့ ဒီမှာ ပိတ်မိနေတာ ဘယ်လောက် ကြာပြီလဲ"
"ခုနစ်ရက်၊ ခုနစ်ည ရှိပြီ"
ကျောက်ဝူဟွန်း အမည်ရှိသည့် လူငယ်တစ်ယောက်က ဖြေလိုက်သည်။
"ငါတို့အားလုံး ငါတို့ဂိုဏ်းက ဝါရင့်အကြီးအကဲတွေကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ သူတို့ဘက်က အကြောင်းမထူးလာဘူး... ငါတို့ သတင်းရပြီး ကူညီဖို့ ရောက်လာတဲ့ လောကအုပ်ချုပ်သူတွေလည်း ဒီမှာ ပိတ်မိနေတယ်... ဒဏ္ဍာရီအဆင့်တွေတော့ ရောက်မလာသေးဘူး"
ကျောက်ဝူဟွန်းက ကျောင်းတော်ကြီး လေးခုအောက် အဆင့်နိမ့်ကာ နွေဦးဆောင်း အိမ်တော်နှင့် အဆင့်တူ အစွမ်းထက် အဖွဲ့အစည်းဖြစ်သည့် 'သိုင်းပညာ သူတော်စင်များ အိမ်တော်' ၏ လက်ရင်းကျောင်းသား တစ်ယောက် ဖြစ်သည်။
"လောကအုပ်ချုပ်သူတွေပဲ မင်းတို့ အကြောင်းကြားရတာလား"
ရန်ချီက မေးလိုက်ကာ တင်းကျပ်သလို ခံစားလိုက်ရသည်။
"ဒဏ္ဍာရီအဆင့် လူတွေက ခုအခြေအနေကို မသိကြဘူးလား... အဲဒါ ဆိုးတာပဲ... အဲဒါ ဆိုးတာပဲ... ငါထင်တာ ဒါတွေအားလုံးက မိစ္ဆာနတ်ဆိုးရဲ့ အစီအစဉ်တွေပဲနေမယ်... ငါတို့ရဲ့ အဓိက ဦးစားပေးက လွတ်မြောက်ဖို့ပဲ... အချိန်အရမ်းကြာသွားရင် ငါတို့ အစစ်အမှန်စွမ်းအင်တွေ ကုန်သွားလိမ့်မယ်... အဲဒါဆို အခြေအနေ ဆိုးသွားမှာ"
"ညီအစ်ကိုရန်... ငါတို့အားလုံး အဲဒါကို သိတယ်"
အမျိုးသားငယ် တစ်ယောက်က ဝင်ပြောလိုက်သည်။
"ဒါပေမဲ့ ငါတို့မှာ ရွေးချယ်စရာမရှိဘူး... အကြိုကောင်းကင် နတ်ဆိုးအစီအရင်က ဟင်းလင်းပြင်ကိုတောင် ကွေးညွှတ်စေနိုင်တယ်... အစီအရင် မျက်လုံးကလည်း မြေဆွဲအားနဲ့ ပြည့်နှက်နေတယ်... အဲဒါကို ဘယ်လို ချိုးဖောက်ချိုးဖောက် ပြန်ဆွဲငင်ခံနေရတယ်... တကယ်လို့ ညီအစ်ကို ငါတို့ကို မယုံရင် မီးလျှံဘုရင်မီးပြင်းဖိုကို သုံးပြီး ဘယ်လောက်ဝေးဝေး သွားနိုင်မလဲ စမ်းကြည့်လို့ ရတယ်"
ရန်ချီက မဟူရာရွှေရောင် နတ်ဆိုးအလင်းများဖြင့် ပြုလုပ်ထားသော အစီအရင်ကို ကြည့်လိုက်ရာ ကြီးမားသော မျက်လုံးကြီးက သူတို့ကို စိုက်ကြည့်နေသည်အား တွေ့လိုက်ရသည်။
ထိုအရာက ဖြူဖွေးနေကာ အကြည့်တစ်ခုကပင် ကြောက်စရာ ကောင်းလွန်းလှ၏။ ထိုအရာက မှော်အစီအရင်၏ မျက်လုံးဖြစ်ကာ မြေအောက် အနက်ပိုင်း၌ တည်ရှိသည်။
စမ်းသပ်သည့်အနေဖြင့် သူက အစစ်အမှန် စွမ်းအင်အချို့ကို အစီအရင်သို့ ပို့လွှတ်လိုက်ရာ နတ်ဆိုးမျက်လုံးမှ ပြင်းထန်သည့် မြေဆွဲအားကြောင့် အစစ်အမှန် စွမ်းအင်များက ပြန်ကန်ထွက်လာသည်။
"သေဆုံးနတ်ဆိုးမျက်လုံး..."
သူက တုန်လှုပ်စွာ ရေရွတ်လိုက်သည်။
"မဟုတ်ဘူး... သေဆုံးနတ်ဆိုးမျက်လုံး မဟုတ်ဘူး"
သန့်စင်သော နွေဦးမီးတောက်က ခေါင်းခါကာ ငြင်းလိုက်သည်။
"သေဆုံးနတ်ဆိုးမျက်လုံးက တစ္ဆေနဲ့ အလောင်းတာအိုရဲ့ ပစ္စည်းပဲ... ဒါက မိစ္ဆာနတ်ဆိုးတာအိုရဲ့ အကြိုကောင်းကင် နတ်ဆိုးမျက်လုံးပဲ... အကြိုကောင်းကင် နတ်ဆိုးအစီအရင်ကို လည်ပတ်ဖို့ တစ်ယောက်ထက်ပို လိုအပ်တာ သိသာတယ်... နတ်ဆိုးမျက်လုံးက မိစ္ဆာနတ်ဆိုးရဲ့ မကောင်းဆိုးဝါး စွမ်းအင်ကို အသုံးပြုပြီးတော့ အချိန်-စကြဝဠာကို ကွေးညွှတ်ထားတာပဲ... အခု ငါတို့ အဲဒါရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်နေတာ... ငါတို့ကို မျက်လုံးအတွင်း ပိတ်လှောင်ခံထားရတာ ဒါကြောင့်ပဲလေ"
"ဒီမှာ မိစ္ဆာနတ်ဆိုး အဆင့်နိမ့်သခင် (၅) ယောက် ရှိတယ်"
'အစစ်အမှန် နဂါးကျောင်းတော်' မှ ကျောင်းသား တစ်ယောက်ဖြစ်သည့် ကျွမ်းကျင်သူက ပြောလိုက်သည်။
"သူတို့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်က အကြိုကောင်းကင် နတ်ဆိုးမျက်လုံးထဲမှာပဲ... ငါတို့ မြင်နေရတာက ပုံရိပ်ယောင်တွေပဲ... အဆင့်နိမ့်သခင်တစ်ယောက်က အဆင့် (၉) လောကအုပ်ချုပ်သူ ဖြစ်နေလို့ နတ်ဆိုးမျက်လုံးက ပုံမှန်ထက် ပိုအားကောင်းနေတာ... သူတို့ရဲ့ အဓိက ရည်မှန်းချက်က ငါတို့ကို မျက်လုံးထဲ ပိတ်လှောင်ထားဖို့ပဲ... အဲဒါက သေတာထက် ဆိုးဝါးတာ သေချာတယ်"
ယခုအချိန်၌ အစစ်အမှန် နဂါးကျောင်းတော်၊ နေလကျောင်းတော်၊ ပင်လယ်နတ်ဘုရား ကျောင်းတော်နှင့် အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ကျောင်းသားများ ရှိနေကြသည်။ သူတို့က ကျောင်းတော်ကြီး (၄) ခုကို ကိုယ်စားပြုကြသည်။
အချို့အရာများကို စဉ်းစားပြီးနောက် ရန်ချီက အကြံပြုလိုက်သည်။
"ကြည့်ရတာ အကောင်းဆုံးကတော့ သူတို့ (၅) ယောက်ကိုတိုက်ဖို့ တစ်ယောက်ယောက်ကို အကြိုကောင်းကင် မျက်လုံးထဲ ပို့မှနဲ့တူတယ်... တကယ်လို့ သူတို့ မျက်လုံးအပေါ် ထိန်းချုပ်နေတာကိုသာ ငါတို့ အနှောင့်အယှက် ပေးနိုင်ရင် လူတိုင်း လွတ်မြောက်ဖို့ အခွင့်အရေး ရနိုင်တယ်"
သန့်စင်သော နွေဦးမီးလျှံတစ်ယောက် ခေါင်းခါလိုက်သည်။
"ငါတို့ ပူးပေါင်းတာတောင် နောက်ဆုံးမဖြစ်နိုင်ခဲ့ဘူး... ဒဏ္ဍာရီအဆင့်က လူတွေသာ နတ်ဆိုးမျက်လုံးက မကောင်းဆိုးဝါး စွမ်းအင်လှိုင်းတွေကို ကြံ့ကြံ့ခံနိုင်တာ... အဲဒီအဆင့်အောက် ဘယ်သူမဆို အသတ်ခံရလိမ့်မယ်"
"ငါ သွားမယ်... ငါ မင်းတို့ လွတ်အောင် အချိန်အနည်းငယ် ဖန်တီးပေးမယ်"
ရန်ချီက ပြတ်သားစွာ ပြောလိုက်သည်။
"ဘာ"
လူတိုင်း အံ့ဩသွားကြသည်။
"ညီအစ်ကို"
ကျွင့်ထျန်းချုံးက စိုးရိမ်သည့် အသံဖြင့် တားလိုက်သည်။
"မင်း ရူးနေပြီလား... တစ်ယောက်တည်း သွားရင် သတ်သေလိုက်သလိုပဲ"
End
***