ကျွင့်ထျန်းချုံးက ရန်ချီ၏ ပခုံးကို ဆုပ်ကိုင်ကာ အားလုံး၏ မျှော်လင့်ချက်ကို သူ့ပခုံးထက်သို့ ထမ်းထားချင်နေသည့် ရူးသွပ်ဖွယ် ဆန္ဒကို ရပ်တန့်နိုင်ရန် ကြိုးစားလိုက်သည်။
"ညီအစ်ကို... ဒါက ရူးတာပဲ... အကြိုကောင်းကင် နတ်ဆိုးမျက်လုံးထဲမှာ ရှိနေတဲ့ မိစ္ဆာနတ်ဆိုး အဆင့်နိမ့်သခင်တွေက ဒဏ္ဍာရီအဆင့် တစ်ယောက်ကိုတောင် တိုက်ခိုက်နိုင်တယ်... မင်း ဆင်းသွားရင် သေမှာ အသေအချာပဲ... ငါတို့အားလုံး ပူးပေါင်းရင်တောင် မျှော်လင့်ချက် မရှိကြဘူး... အခုချိန် အကောင်းဆုံးက တတ်နိုင်သလောက် အချိန်ဆွဲပြီး ဒဏ္ဍာရီအဆင့် တစ်ယောက် လာကယ်တာ စောင့်ဖို့ပဲ"
ထိုနေရာမှာ ရှိနေသည့် လူတိုင်းက အကြံပေးလိုက်ကြသည်။
"ညီအစ်ကိုရန်"
သန့်စင်သော နွေဦးမီးလျှံက ဝင်ပြောလိုက်သည်။
"မင်းက မှန်တာကို လုပ်ဖို့ ကြိုးစားနေပေမယ့် ကျောက်တုံးကို ကြက်ဥနဲ့ ပစ်ပေါက်သလို ဖြစ်နေပြီ... ဒီအောက်မှာ ရှိနေတဲ့ အကောင်တွေက စိတ်ကူးထားတာထက် ကြောက်ဖို့ကောင်းတယ်... ပြီးတော့ အကြိုကောင်းကင် နတ်ဆိုးမျက်လုံးက အချိန်-စကြဝဠာကိုတောင် ဖျက်ဆီးနိုင်တဲ့ စွမ်းအားရှိတယ်"
သန့်စင်သော နွေဦးမီးလျှံက ရန်ချီကို အတော်လေး သဘောကျမိသွားသည်။ ရန်ချီက မိတ်ဆွေနှင့် အမှန်တရားကို တန်ဖိုးထားမြတ်နိုးသည့် သူရဲကောင်းတစ်ယောက်ဟု မြင်မိသည် မဟုတ်ပါလား။ ထို့ပြင် သူ့သွေးသောက်ညီအစ်ကိုက အကူအညီ လှမ်းတောင်းသည့် အချိန်တွင် သူက အားလုံးကို ပစ်ချကာ မိစ္ဆာနတ်ဆိုးကျွန်းသို့ အပြေးလာကာ ကယ်တင်ဖို့ ကြိုးစားနေခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လူတိုင်းကို ကယ်တင်နိုင်ဖို့အတွက် အလွန်အန္တရာယ်များသည့်အရာများကို လျစ်လျူရှုကာ အကြိုကောင်းကင် နတ်ဆိုးမျက်လုံးသို့ ဝင်ရောက်ဖို့ ကမ်းလှမ်းနေပြန်သည်။ ထိုအရာက အကြွင်းမဲ့ ရိုးသား ဖြောင့်မတ်မှုနှင့် သူရဲကောင်းဆန်မှုကို ပြသနေပေသည်။
ထိုအခြင်းအရာကို သန့်စင်သော နွေဦးမီးလျှံတစ်ယောက်တည်း ခံစားမိခြင်း မဟုတ်ချေ။ ထိုနေရာရှိ လူတိုင်း ရန်ချီကို သဘောကျမိလာကြသည်။
သူငယ်ချင်းများကို ဤသို့ ကူညီပေးမည့် တစ်စုံတစ်ယောက်ဆိုသည်မှာ ရှားပါးသော အရာတစ်ခုပင်။ ဘဝသက်တမ်းကိုသာ အမှန်တကယ် ဂရုစိုက်နေကြသည့် လောကအုပ်ချုပ်သူများထဲတွင် ထိုကဲ့သို့ လူမျိုးက ပို၍ပင် ရှားပါးပေသေးသည်။
"လာပါ အစ်ကိုရန်"
ဟွာဖန်းဖန်းက တားလိုက်သည်။
"ဒီလို ရူးစရာစကားတွေ ထပ်ပြောမနေပါနဲ့... ငါတို့ကို ကယ်တင်နိုင်ဖို့အတွက်နဲ့ မင်း အကြိုကောင်းကင် နတ်ဆိုးမျက်လုံးထဲမှာ ပိတ်မိနေမယ်ဆိုရင် ငါတို့ စိတ်နှလုံးက ဘယ်လိုလုပ် ငြိမ်သက်နိုင်တော့မှာလဲ... ပြီးတော့ ဒီလိုအခြေအနေကို အင်မော်တယ်ခြေနင်း ကျောင်းတော်ကို ဘယ်လိုပြန်ရှင်းပြမလဲ"
"အဲဒါ အမှန်ပဲ"
အခြားတစ်ယောက်က ထောက်ခံလိုက်သည်။
"ငါတို့ကို ကူညီဖို့အတွက်နဲ့ ဒီလို အန္တရာယ်ကြီးထဲကို မင်းကိုယ်မင်း ဝင်ရောက်လာခဲ့တယ်... အခု မင်းက မင်းဘဝကို စွန့်လွှတ်ချင်နေတာလား... မဖြစ်ရဘူး"
"ကောင်းပြီ"
ရန်ချီက သက်ပြင်းချလိုက်ပြီး စွမ်းအင်များကို လျှော့ချလိုက်သည်။
"ငါ... ငါ သွေးသောက်ညီအစ်ကိုကို ကယ်ဖို့ ဒီကိုလာခဲ့ပေမဲ့ မင်းတို့အားလုံးနဲ့ မိတ်ဆွေလို ဖြစ်ခဲ့တယ်... ကောင်းပြီ... ငါ့ကို ရှင်းပြခွင့်ပြုပါ... ငါကျင့်ကြံတဲ့ စွမ်းအင်ပညာရပ်က မိစ္ဆာနတ်ဆိုးတွေကို ရင်ဆိုင်ဖို့ အထူးတီထွင်ထားတာပဲ... တကယ်လို့ ငါအဲ့ကိုသွားရင် အန္တရာယ်များပေမဲ့ သေတော့ မသေနိုင်ပါဘူး... ငါသာ ချက်ကောင်းကို ချနိုင်ရင် နိုင်တောင် နိုင်သေးတယ်... ပြီးတော့ မိစ္ဆာနတ်ဆိုးတွေရဲ့ အစီအစဉ်က ရှင်းရှင်းလေးပါ... သူတို့က ငါတို့ကို အားကုန်အောင် လုပ်ချင်တာပဲ... ငါတို့အားလုံး သိတဲ့အတိုင်းပဲ မိစ္ဆာနတ်ဆိုးကျွန်း အနက်ပိုင်းမှာ မိစ္ဆာနတ်ဆိုး အဆင့်မြင့်သခင်တွေ ရှိတယ်... အဲလိုအကောင်တွေသာ ပေါ်လာရင် ငါတို့အားလုံး သေကုန်မယ်... အကောင်းဆုံးက တတ်နိုင်သမျှ မြန်မြန်လွတ်မြောက်နိုင်ဖို့ပဲ... မင်းတို့အားလုံး မိစ္ဆာနတ်ဆိုးကျွန်းက ချက်ချင်း ထွက်သွားပြီး ငါ ဆက်သွယ်တာ စောင့်နေပါ"
သူတို့ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် ရန်ချီ၏ အစစ်အမှန်စွမ်းအင်များက စီးဆင်းလာကာ ပတ်ဝန်းကျင်ရှိ အရာရာတိုင်းက အလွန်အမင်း တုန်လှုပ်လာလေတော့သည်။
ဝှစ်...
သူက မီးလျှံဘုရင်မီးပြင်းဖို၏ အလင်းတန်းနှင့်အတူ အရိပ်တစ်ခုပမာ မြေဆွဲအားထံ တိုးဝင်သွားလေရာ အကြိုကောင်းကင် နတ်ဆိုးမျက်လုံးက စုပ်ယူသွားတော့သည်။
"ညီအစ်ကို"
သန့်စင်သော နွေဦးမီးလျှံက အော်ဟစ်လိုက်သော်လည်း ရန်ချီကို တားဖို့ နောက်ကျသွားလေပြီ။
"ဒါ..."
ရန်ချီက အခြားသူများနှင့် တိုင်ပင်ခြင်းမရှိဘဲ သူ့အစီအစဉ်နှင့်သူ လုပ်ဆောင်သွားလေရာ ထိုနေရာရှိ လူတိုင်း အံ့ဩသွားကြသည်။ သစ္စာရှိမှုနှင့် စွန့်လွှတ် အနစ်နာခံလိုသည့် စိတ်က မယုံနိုင်ဖွယ် ကောင်းလှသဖြင့် လူတိုင်း စိတ်လှုပ်ရှားမိကုန်ကြသည်။
"အားလုံး လာကြ... ငါတို့ မိစ္ဆာနတ်ဆိုးတွေကို သေတဲ့ထိ တိုက်ကြမယ်"
"ကောင်းပြီ... တကယ်ဆို ရန်ချီက တရားမျှတမှုရှိပြီး တစ်စက္ကန့်တောင် အခြားအတွေး မဝင်ခဲ့ဘူး... ငါတို့က ဘယ်လိုလုပ် ပျော့ညံ့နိုင်မှာလဲ"
"အားလုံး စိတ်ငြိမ်ငြိမ် ထားကြပါ"
ကျွင့်ထျန်းချုံးက အော်ပြောလိုက်သည်။
"ငါ့ညီအစ်ကို အောက်ဆင်းသွားတာ ငါတို့ကို ကယ်တင်ဖို့ပဲ... ငါတို့ အခုအခြေအနေကို သေချာ တွေးသင့်တယ်... တကယ်လို့ ငါတို့ သွားမယ်ဆိုရင် သူ့စေတနာကို ငြင်းရာကျမယ်... တကယ်လို့ ငါတို့ လွတ်မြောက်ပြီး ငါတို့အဖွဲ့ အသီးသီးက အကြီးအကဲတွေကို အကြောင်းကြားနိုင်ရင် သူ့ကို ကယ်တင်နိုင်မယ့် တစ်ယောက်ယောက် ရောက်လာနိုင်တယ်"
ထိုအချိန်မှာပင် သိုင်းပညာ သူတော်စင်များ အိမ်တော်က ကျောက်ဝူဟွန်းက ပြောလိုက်သည်။
"ကျွင့်ထျန်းချုံး... မင်းက ရန်ချီရဲ့ သွေးသောက်ညီအစ်ကိုရောဟုတ်ရဲ့လား... သူက သူ့အသက်ကိုရင်းပြီး ကယ်တင်နေတာတောင် မင်းက သေမှာကြောက်ပြီး ခုလို ပြောနေတာလား"
"ရန်ချီက ငါ့ညီအစ်ကို ဖြစ်နေတာကြောင့် ငါ ခုလိုလုပ်ဖို့ ပြောနေတာပဲ"
ကျွင့်ထျန်းချုံးက ပြန်အော်လိုက်သည်။
"ငါတို့ ဒီကနေ ထွက်သွားပြီး အကူအညီရတဲ့အထိ သူ အချိန်ဆွဲထားနိုင်မယ်လို့ ယုံကြည်တယ်... တကယ်လို့ ရန်ချီသာ အကြိုကောင်းကင် နတ်ဆိုးမျက်လုံးထဲမှာ သေသွားရင် ငါ့ကိုယ်ငါ သတ်သေဖို့ ကျိန်ဆိုတယ်... မင်းတို့အားလုံး ဒီကျိန်ဆိုတာကို သက်သေခံနိုင်တယ်"
"သူပြောတာ မှန်တယ်"
သန့်စင်သော နွေဦးမီးလျှံက ထောက်ခံလိုက်သည်။
"အားလုံး စိတ်ငြိမ်ငြိမ်ထားကြပါ... ငါတို့ အရူးမီးဝိုင်းလုပ်ရင် အကုန်ပျက်စီးကုန်မယ်... အားလုံး အစစ်အမှန် စွမ်းအင်တွေ မီးလျှံဘုရင် မီးပြင်းဖိုထဲ ပေါင်းထည့်ပြီး ချိုးဖောက်ဖို့ အသင့်ပြင်ထား"
"ငါတို့ ဒီနတ်ဆိုးအစီအရင်က ထွက်နိုင်ရင် အစ်ကိုရန်ချီကို ကယ်လို့ရပြီ... ငါတို့ စည်းလုံးဖို့ လိုတယ်"
ဟွာဖန်းဖန်းက ဝင်ပြောလိုက်သည်။
"အကြိုကောင်းကင် နတ်ဆိုးမျက်လုံးက လှုပ်ရှားလာပြီနဲ့ တူတယ်"
အခြားတစ်ယောက်က သတိပေးလိုက်သည်။
"ဒါ ထိုးနှက်မှုကြီးပဲ... မြေဆွဲအားက အားနည်းသွားပြီ"
တစ်ချိန်တည်းမှာပင် ရန်ချီ၏အသံက အကြိုကောင်းကင် နတ်ဆိုးမျက်လုံးထဲမှ ထွက်ပေါ်လာသည်။
"အစ်ကိုထျန်းချုံး... ငါ ဒီမှာ အဆင်ပြေတယ်... အခုက မင်းတို့ ထွက်သွားဖို့ အကောင်းဆုံး အချိန်ပဲ"
လူတိုင်းက သူ့အသံကိုကြားသောအခါ စိတ်လှုပ်ရှားမိသွားကြပြီး သူတို့၏ မျက်လုံးများ၌ မျက်ရည်များ စိုစွတ်လာကြသည်။ သူတို့လို လူတွေအတွက် ဒီလိုအချိန်မှာ အစစ်အမှန် စွမ်းအင် ကုန်ဆုံးခြင်းက ကမ္ဘာကြီးလောက် အရေးကြီးသည် မဟုတ်ပါလား။ ထို့ပြင် ရန်ချီက သူတို့ကို ကယ်တင်ဖို့အတွက် သူ့လုံခြုံမှုပါ လျစ်လျူရှုခဲ့သည်။ ထိုအရာကြောင့် သူတို့အနေဖြင့် ထွက်ခွာသွားရန် ခက်ခဲနေသည်။
အချို့လူတွေက သူနှင့် ပူးပေါင်းနိုင်ဖို့ စဉ်းစားနေကြသည်။
သို့သော်လည်း ထိုအချိန်မှာပင် သန့်စင်သော နွေဦးမီးလျှံ၏ အော်သံ ထွက်ပေါ်လာသည်။ "အခုပဲ ထွက်ကြမယ်"
သူက အစစ်အမှန် စွမ်းအင်များကို အာရုံစိုက်ကာ မဟူရာရွှေရောင် နတ်ဆိုးအလင်းကို အင်အားအပြည့်နှင့် တိုက်ခိုက်လိုက်တော့သည်။
ထိုအချိန်အတွင်း ရန်ချီတစ်ယောက် သေစေနိုင်သည့် တိုက်ကွက်များ အလယ်သို့ ရောက်ရှိနေသည်။ သူက အကြိုကောင်းကင် နတ်ဆိုးမျက်လုံးအတွင်း ဝင်လာသည်နှင့် အချိန်-စကြဝဠာ ပျက်စီးခြင်းများစွာ ကြုံတွေ့ခဲ့ရပြီး မိစ္ဆာနတ်ဆိုး (၅) ယောက်ထံ ရောက်ရှိလာသည်။ သူတို့က ကွဲပြားခြားနားကြသည်။ တစ်ဦးက ဂဏန်းကဲ့သို့ ချပ်ဝတ်များဖုံးအုပ်နေသည်။ နောက်တစ်ဦးက သိုးခေါင်းနှင့် လူခန္ဓာ ဖြစ်သည်။ နောက်ထပ် (၃) ယောက်က ဝံပုလွေဦးခေါင်းနှင့် လူသားခန္ဓာကိုယ် ရှိကြသည်။
သူတို့အားလုံးက အပြင်ဘက်မှ သူ ကြုံတွေ့ခဲ့သည့် ပုံရိပ်များထက် ပိုမို ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများ ရှိကြသည်။
ဘာမှ မဖြစ်သေးခင်မှာပင် သူ့ 'ငရဲချေမှုန်း နတ်ဆင်စွမ်းအား' ကို ထုတ်ဖော်လိုက်သည်နှင့် ကောင်းကင်ဘုံကမ္ဘာမှ သန့်စင်သော မီးလျှံများ တောက်လောင်နေသည့် 'ငရဲနတ်ဆိုးလှံတံ' ပေါ်လာသည်။ ထိုနေရာရှိ မကောင်းဆိုးဝါး စွမ်းအင်များကို ချက်ချင်း နှိမ်နင်းနိုင်ခဲ့သည်။
"နှုတ်ဆက်ပါတယ် မိစ္ဆာနတ်ဆိုးတွေ... ငရဲကို ပြန်သွားဖို့ အသင့်ဖြစ်ပြီလား"
ထို့နောက် သူက ရှေ့သို့ တိုးဝင်လာကာ လှံတံဖြင့် တိုက်ခိုက်မှုတစ်ခု ထုတ်ဖော်လိုက်သည်။ ချက်ချင်းဆိုသလို အစွမ်းထက်သည့် စွမ်းအားပုံရိပ် (၅) ခု ထွက်ပေါ်လာကာ တစ်ခုချင်းစီက ဘဝအမျိုးမျိုးကို ဇီဝိန်ခြွေနိုင်လောက်ပြီး မိစ္ဆာနတ်ဆိုးများကို ငရဲသို့ ပြန်ပို့နိုင်ပေသည်။
ပိုမို အထင်ကြီးဖွယ်ကောင်းသည်မှာ လှံတံမှ သေဆုံးသည့် အနက်ရောင်ဝတ်စုံနှင့် ဦးထုပ်ချွန်ပါသည့် လူရိပ်တစ်ခု ထွက်ပေါ်လာခြင်းပင်။ ထိုအရာက သေဆုံးသည့် စိတ်ဝိညာဉ်များကို စုဆောင်းရန် တာဝန်ယူဆောင်ရသော ငရဲပြည်မှ ငရဲသားတစ်ယောက် ဖြစ်ပေသည်။
"ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ စွမ်းအင်ပညာရပ်လဲ"
မိစ္ဆာနတ်ဆိုးတစ်ပါးက ရေရွတ်မိလိုက်သည်။ သူတို့ (၅)ယောက်က ဒေါသတကြီးဖြင့် မကောင်းဆိုးဝါး စွမ်းအင်စီးကြောင်းများကို ထုတ်ဖော်လိုက်ရာ အကြိုကောင်းကင် နတ်ဆိုးမျက်လုံး အတွင်းရှိ အရာရာတိုင်းက ပျက်စီး ယိုယွင်းလာတော့သည်။
နတ်ဆိုးစွမ်းအင် (၅) ခုက လှံတံပုံရိပ်ငါးခုကို ချေဖျက်လိုက်သည်။
သို့သော်လည်း ရန်ချီ၏ တိုက်ခိုက်မှုက မြေဆွဲအားကို လျော့နည်းသွားစေနိုင်လောက်အောင် အင်အားကြီးမားသဖြင့် သန့်စင်သော နွေဦးမီးလျှံနှင့် လူတိုင်း ထွက်ပြေး လွတ်မြောက်ဖို့ အခွင့်အရေး တစ်ခု ဖြစ်ပေါ်စေခဲ့သည်။
အူသံတစ်ခုနှင့်အတူ ကြီးမားသော မိစ္ဆာနတ်ဆိုး တစ်ကောင်က ရန်ချီအနောက်မှာ ပေါ်လာသည်။ ထိုအရာက သိုးခေါင်းနှင့် လူခန္ဓာရှိသည့်တစ်ယောက်ဖြစ်သည်။ သူက အနက်ရောင်လိပ်ခွံနှင့် ကြီးမားသော တူကြီးတစ်ချောင်းကိုင်ကာ သတ်ဖြတ်ချင်စိတ်အပြည့်နှင့် ရန်ချီကို အကြီးအကျယ် တိုက်ခိုက်တော့သည်။
ထိုအရာက မိစ္ဆာနတ်ဆိုး အဆင့်နိမ့်သခင် တစ်ယောက်ဖြစ်ကာ လောကအုပ်ချုပ်သူ အဆင့် (၈) ၌ ရှိနေပြီး မိစ္ဆာနတ်ဆိုး အချိန်စကြဝဠာတွင် မွေးဖွားကြီးပြင်းလာခြင်း ဖြစ်သည်။ သူ့ စွမ်းအင်ပညာရပ်က အစွန်းရောက် ရက်စက်မှုများ ပြည့်နှက်နေကာ တိုက်ကွက်တစ်ခုချင်းက သတ်ဖြတ်ရန် တီထွင်ထားခြင်းဖြစ်သည်။ သူ့ တူကြီးက အစစ်အမှန် စွမ်းအင်သဏ္ဌာန် ပြောင်းလဲထားခြင်းမဟုတ်ဘဲ မိစ္ဆာလက်ကြီးများနှင့် ထုလုပ်ထားသည့် လက်နက်အစစ် တစ်ခုပင်။ ထိုအရာက မိစ္ဆာနတ်ဆိုး စွမ်းအင်ပညာရပ်ကို ပိုမို အားကောင်းစေရန် ပုံဖော်ထားခြင်း ဖြစ်သည်။
ထိုတူကြီးက ရန်ချီထက် ကြီးမားလေရာ အနက်ရောင် အရိပ်တစ်ခုကဲ့သို့ သူ့အပေါ် ဆင်းသက်လာသည်နှင့် အသားနှစ် ဖြစ်သွားနိုင်ပေသည်။
မမျှော်လင့်ဘဲ သူက ထိုအရာကို ရှောင်ရှားခြင်းမရှိချေ။ တူကြီး ဆင်းသက်လာသည်နှင့် သူ့အနောက်၌ ဆင်ခေါင်းနှင့် လူခန္ဓာကိုယ်ရှိသည့် တောက်ပသောပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာက ဖောက်ထွင်းမြင်နိုင်သည့် ပုံရိပ်ကဲ့သို့ ဖြစ်ပေါ်နေကာ ကောင်းကင်ဘုံကမ္ဘာမှ သန့်စင်သော မီးလျှံများ ထွက်ပေါ်နေ၏။ တုံ့ဆိုင်းခြင်းမရှိဘဲ ထိုအရာက လက်ကိုဆန့်ထုတ်ကာ ကြီးမားသော တူကြီးနှင့် တွေ့ဆုံစေလိုက်သည်။
ဝုန်း...
လက်နှစ်ဖက်နှင့် တူကြီး တိုက်မိပြီးနောက် တူကြီးက အဝေးသို့ လွင့်ထွက်သွားသည်။ ၎င်းတူကြီး၏ မျက်နှာပြင်၌ လက်ဝါးနှစ်ဖက်ပုံစံ ဖြစ်ပေါ်နေသည်။ သိုးခေါင်းနှင့် မိစ္ဆာနတ်ဆိုးက သူ့ လိပ်ခွံ ပေါက်ကွဲသွားခြင်းနှင့် အတူ နောက်သို့ ဒယီးဒယိုင် ဆုတ်ခွာသွားကာ သွေးများက နေရာအနှံ့ ပြန့်ကျဲနေသည်။
တစ်ချိန်တည်းမှာပင် သူ့ မိစ္ဆာဆန်သည့် သုံးမြှောင့်ပုံ မျက်လုံးထဲ၌ ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။
"သေဖို့သာ ပြင်"
ရန်ချီက ငရဲနတ်ဆိုးလှံတံကိုကိုင်ကာ အရိပ်တစ်ခုသဖွယ် အချိန်-စကြဝဠာကို ဖြတ်သန်းလျက် သိုးခေါင်းနှင့် မိစ္ဆာနတ်ဆိုးရှေ့ ပေါ်လာသည်။
ထို့နောက် သူက လှံဖြင့် မိစ္ဆာနတ်ဆိုး၏ နှလုံးသားကို ထိုးသွင်းလိုက်သည်။
စမ်းချောင်းတစ်ခုကဲ့သို့ သွေးများ ထွက်ကျလာပြီးနောက် မိစ္ဆာနတ်ဆိုးက သူ့ အစစ်အမှန် စွမ်းအင်များ အလျင်အမြန် ထွက်ခွာသွားခြင်းကြောင့် ကမ္ဘာပျက်သလို အော်ဟစ်လိုက်သည်။ 'ငရဲချေမှုန်း နတ်ဆင်စွမ်းအား' ၏ အခြေခံ အုတ်မြစ်အဆင့်ဖြင့် တိုက်ခိုက်ခြင်းကြောင့် မိစ္ဆာနတ်ဆိုးက အစိတ်စိတ် ကွဲကြေသွားတော့သည်။
ထိုအချိန်မှာပင် အခြားကြီးမားသော မိစ္ဆာနတ်ဆိုးများက အူလိုက်ကာ ခုန်ဝင်လာကြသည်။ နွယ်ပင်များကဲ့သို့ မကောင်းဆိုးဝါးစွမ်းအင်များ ထွက်ပေါ်လာပြီးနောက် အချို့က သိုးခေါင်းနှင့် မိစ္ဆာနတ်ဆိုးကို ရစ်ပတ်ကာ အချို့က ရန်ချီ၏ နှလုံးထံ တိုးဝင်လာကြသည်။
ထိုအရာက သဘာဝလွန်စွမ်းအားများကို အမိန့်ပေးနိုင်လောက်သည့်အထိ မိစ္ဆာနတ်ဆိုး အဆင့်နိမ့်သခင်များထဲမှ စွမ်းအားအကြီးဆုံး ကျွမ်းကျင်သူဖြစ်သည်။ ၎င်းက မြင့်မြတ်သော ပန်းပေါင်းစုံ သမီးတော်ကဲ့သို့ပင် လောကအုပ်ချုပ်သူ အဆင့် (၉) အထွတ်အထိပ်၌ ရှိနေကာ ဒဏ္ဍာရီလာ အဆင့်နှင့် အလွန် နီးကပ်နေသည်။
နတ်ဆိုးလက်သည်းများ ဆင်းသက်လာပြီး ရန်ချီကို ဝန်းရံလာသောအခါ ၎င်း၏ မကောင်းဆိုးဝါး စွမ်းအင်များက ရန်ချီ၏ ချပ်ဝတ်ကို ထိုးဖောက်လာသည်။
ရန်ချီ၏ ငရဲနတ်ဆိုးချပ်ဝတ်က အသွင်ပြောင်းလဲမှု စတင်ခဲ့ပြီးနောက် အကြေးခွံများ ဖြစ်လာကာ မိစ္ဆာပြောင်းလဲခြင်း၏ ပထမ လက္ခဏာ တစ်ခု ဖြစ်ပေသည်။
အစွမ်းထက်သည့် မိစ္ဆာနတ်ဆိုးများက လူသားများကို မိစ္ဆာစိတ်ဝင်စေပြီး မိစ္ဆာနတ်ဆိုး အဖြစ် ပြောင်းလဲစေနိုင်သည့် စွမ်းရည် ရှိကြသည် မဟုတ်ပါလား။
ကဏန်းကဲ့သို့ အဆင့်နိမ့် မိစ္ဆာနတ်ဆိုးသခင်က လောကအုပ်ချုပ်သူ အဆင့် (၉) တွင် ရှိနေလေရာ အဆင့် (၅) ရှိ တစ်စုံတစ်ယောက်က ၎င်း၏ မိစ္ဆာပြောင်းလဲခြင်းကို ခုခံနိုင်မည် မဟုတ်ချေ။
'ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ မကောင်းဆိုးဝါး နတ်ဆိုးစွမ်းအင် ပညာရပ်လဲ'
ရန်ချီက ငရဲနတ်ဆိုးလှံတံကို အလျင်အမြန် ပြန်လည်ဆွဲထုတ်ကာ ဂဏန်းနှင့်တူသည့် မိစ္ဆာနတ်ဆိုးကို ထိုးသွင်းလိုက်သည်။ သူ ထိုးသွင်းလိုက်သည်နှင့် လှံတံပုံရိပ် တစ်ထောင်ကျော် ဖြစ်ပေါ်လာသည်။
"အတော် အားကောင်းတဲ့ လူသားပဲ"
မိစ္ဆာနတ်ဆိုးက ပြောလိုက်သည်။ ထူးဆန်းသည်မှာ သူ့အသံက စိတ်လှုပ်ရှားနေပုံ ပေါ်နေခြင်း ဖြစ်သည်။
"မင်းက အကြိုကောင်းကင် နတ်ဆိုး အစီအရင်အတွက် ပြီးပြည့်စုံတဲ့ ယဇ်ကောင်ပဲ... မင်းကိုသာ အသုံးပြုရင် ငါ ဒဏ္ဍာရီအဆင့်ကိုတောင် ချိုးဖောက်နိုင်လိမ့်မယ်... ဒီထောင်ချောက် တစ်ခုလုံးက ငါတို့ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ထားတာ... ဒါတောင် မင်းက မိုက်ရူးရဲ ဆန်ရဲသေးတယ်"
ကဏန်းနှင့်တူသည့် နတ်ဆိုးက သိုးခေါင်းနှင့်မိစ္ဆာကို သူတို့ဘက်တော်သားများထံ ပစ်လွှတ်လိုက်သည်။ ထို့နောက် သူတို့က ရန်ချီနှင့် အသင့်အနေအထား မျက်နှာချင်းဆိုင်လိုက်ကြ တော့သည်။
End
***