“သွေးသောက် ညီအစ်ကိုတွေလား…”
ရန်ချီ တွေဝေသွား၏။ ဘာပြန်ပြောရမည်ကိုမသိအောင် ဖြစ်သွားကာ စဉ်းစားခန်း ဝင်နေမိသည်။ ထိုသူများကို ကယ်တင်ခဲ့စဉ်က ရန်ချီအနေဖြင့် မည်သည့်အရာကိုမျှ မျှော်ကိုးကာ တွေးတောထားခြင်း မရှိခဲ့ချေ။ သို့သော် သေချာ စဉ်းစားကြည့်ပြီးနောက် ဤလူများမှာ အဖွဲ့အစည်း အသီးသီးမှ ကြယ်ပွင့်များဖြစ်ကြကြောင်း သတိရလိုက်သည်။ အချို့ဆိုလျှင် ကျောင်းတော်ကြီးများမှ လက်ရင်းကျောင်းသားများဖြစ်ကြသည် မဟုတ်ပါလား။
အကယ်၍ သူတို့အားလုံးနှင့် သွေးသောက်ညီအစ်ကိုများ ဖြစ်လာပါက စွမ်းအားကြီး အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာပြီး သေခြင်းရှင်ခြင်း အခြေအနေများကိုပင် အတူတကွ ရင်ဆိုင်ကျော်ဖြတ် နိုင်ပေလိမ့်မည်။
သူက အမြဲတမ်း သူတစ်ပါး အကူအညီကို အားကိုးနေတတ်သူ မဟုတ်သော်လည်း သွေးသောက်ညီအစ်ကို များပြားခြင်းမှာ ဆိုးဝါးသော ကိစ္စတစ်ခုတော့ မဟုတ်ပေ။
“ကောင်းပြီလေ”
ရန်ချီ ခေါင်းညိတ် လက်ခံလိုက်၏။
“ငါတို့အားလုံး သေခြင်းတရားကို အတူတကွ ရင်ဆိုင်ခဲ့ပြီးမှတော့ အခုလို သွေးသောက် ညီအစ်ကိုဖွဲ့တာ အကောင်းဆုံးပါပဲ… ငါတို့အားလုံးက ဖြောင့်မတ်မှန်ကန်တဲ့ အဖွဲ့အစည်း အသီးသီးက လာကြတာလေ… ဒီမက်မွန်တောက ငါတို့ ညီအစ်ကိုဖွဲ့ဖို့ အကောင်းဆုံး နေရာပဲ… ယောက်ျား ဖြစ်ဖြစ်၊ မိန်းမ ဖြစ်ဖြစ် ကိစ္စမရှိဘူး… ငါတို့အားလုံး ညီအစ်ကိုမောင်နှမတွေ ဖြစ်လာနိုင်တယ်… ကဲ… ငါ ပထမဆုံး ကျိန်ဆိုပြမယ်”
ထို့နောက် သူက ဦးစွာ ဒူးထောက်လိုက်သည်။
အခြားလူများလည်း အစဉ်လိုက် ဒူးထောက်ချလိုက်ကြ၏။ စက်ဝိုင်းသဖွယ် ဝိုင်းဖွဲ့ကာ ဒူးထောက်ပြီးနောက် မြေဆီလွှာကို အမွှေးတိုင်အရာ အသုံးပြုလိုက်ကြသည်။
“ကျွန်တော် ရန်ချီ…”
“ကျွန်တော် သန့်စင်သော နွေဦးမီးတောက်…”
“ကျွန်တော် ကျွင့်ထျန်းချုံ…”
“ကျွန်မ ဟွာဖန်းဖန်း…”
လူတိုင်းက ကိုယ့်နာမည်ကိုယ် အသီးသီး ရွတ်ဆိုလိုက်ကြသည်။
“ဒီနေ့ မက်မွန်ကျွန်းမှာ သွေးသောက် ညီအစ်ကို မောင်နှမတွေ ဖြစ်လာဖို့ ကျိန်ဆိုပါတယ်… ငါတို့ရဲ့ မျိုးနွယ်တွေ ကွဲပြားပေမဲ့ အတူတူ ရှင်သန်ပြီး အတူတူ သေဆုံးမယ်… ကောင်းကျိုးဆိုးကျိုးကို မျှဝေခံစားမယ်… ငါတို့ရဲ့ စိတ်ဝိညာဉ်တွေကို အတူတကွ ပေါင်းစပ်ပြီး မကောင်းဆိုးဝါးနဲ့ နတ်ဆိုးတွေကို လောကကြီးကနေ တိုက်ထုတ်မယ်… ညီအစ်ကို မောင်နှမတွေအနေနဲ့ ငရဲပြည်ပဲ သွားရသွားရ၊ ရေနက်ထဲပဲ ဆင်းရဆင်းရ ငါတို့ နောက်မဆုတ်ဘူး… သစ္စာဖောက်ခဲ့ရင် ကောင်းကင်နဲ့ မြေကြီးက ဒဏ်ခတ်ပါစေသား”
ကျိန်ဆိုပြီးနောက် သူတို့ အင်္ကျီများမှ ဖုန်မှုန့်များကို ခါထုတ်ကာ မတ်တတ်ရပ်လိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်လိုက်ကြတော့သည်။
စွမ်းအားပညာ ကျင့်ကြံသူများမှာ မိုးကောင်းကင်နှင့် အထူးအာရုံခံ ဆက်သွယ်ထားနိုင်ကြရာ ကတိသစ္စာကို ရိုသေလေးစားကြပေသည်။ ယခုကဲ့သို့ မိုးမြေကို တိုင်တည်ကာ သွေးသောက်ညီအစ်ကိုများအဖြစ် ကျိန်ဆိုလိုက်ခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး ပိုမို ရင်းနှီးသွားသည်မှာ သဘာဝပင်။
ထိုနေရာတွင် စုစုပေါင်း လူ (၁၅) ယောက် ရှိနေ၏။
ရန်ချီနှင့် ကျွင့်ထျန်းချုံမှလွဲ၍ ကျန် (၁၃) ယောက်မှာ ကျောင်းတော်ကြီးများ၊ မျိုးနွယ်ကြီးများနှင့် အစွမ်းထက် အဖွဲ့အစည်း အသီးသီးမှ အဖွဲ့ဝင်များ ဖြစ်ကြသည်။ သူတို့အားလုံးက လောကအုပ်စိုးရှင် အဆင့် (၅) ထက် မြင့်မားကြကာ အများစုမှာ လက်ရင်းကျောင်းသားများ ဖြစ်ကြ၏။ သူတို့အဖွဲ့ အနေဖြင့် ချမ်းသာကြွယ်ဝတိုက်ကြီးရှိ ကောင်းကင်နှင့် မြေပြင်ကိုပင် ဖြိုချပစ်နိုင်စွမ်း ရှိကြပေသည်။
ယခုအချိန်တွင်တော့ ရန်ချီက သူတို့အားလုံးကို ညီအစ်ကို မောင်နှမရင်းချာများအဖြစ် သတ်မှတ်လိုက်လေပြီ။
သန့်စင်သော နွေဦးမီးလျှံမှာ မီးလျှံဘုရားကျောင်း၏ ပုပ်ရဟန်းမင်းကြီး လက်ထောက်တစ်ဦး ဖြစ်သည်။
ဟွာဖန်းဖန်းမှာမူ နေလကျောင်းတော်မှ လက်ရင်းကျောင်းသားတစ်ယောက်ဖြစ်ကာ အဆင့် (၇) လောကအုပ်စိုးရှင်တစ်ယောက်ဖြစ်ခြင်းကြောင့် သဘာဝဒြပ်စင်များကို ကောင်းစွာ ထိန်းချုပ်နိုင်စွမ်း ရှိသည်။ သူမက အလွန် လှပရုံမက ရဲရင့်ပြတ်သားကာ ကြောက်မက်ဖွယ် ကောင်းသူတစ်ယောက်လည်း ဖြစ်၏။ သူမအပြင် ထိုနေရာ၌ နေလကျောင်းတော်မှ ဟွာဖန်းဖန်း၏ သူငယ်ချင်းဖြစ်သူ လက်ရင်းကျောင်းသား နှစ်ယောက်လည်း ရှိနေသေးသည်။ သူမတို့မှာ ကျိရှောင်မန်းနှင့် ကျိရှောင်ဝမ့် အမည်ရှိသည့် ညီအစ်မအရင်းများ ဖြစ်ကြသည်။
ဤအုပ်စုအတွင်း ထိုမိန်းကလေးများသာ ပါဝင်သည်။
ကျောက်ဝူဟွန်းမှာ အဆင့် (၇) လောကအုပ်စိုးရှငတစ်ယောက်ဖြစ်ကာ သိုင်းပညာ သူတော်စင်များ အိမ်တော်၏ လက်ရင်းကျောင်းသားတစ်ယောက် ဖြစ်သည်။ သူ့ဆရာက ထိုအဖွဲ့အစည်းမှ ဒဏ္ဍာရီတစ်ယောက် ဖြစ်လေရာ သူ့ဂုဏ်သတင်းမှာလည်း ကျော်ကြားလှပေသည်။
နောက်တစ်ယောက်မှာ နာမည်ကျော် မုန့်မျိုးနွယ်စုမှ သခင်လေးဖြစ်သည့် မုန့်ချင်ရှန် ဖြစ်ကာ အဆင့် (၇) လောကအုပ်စိုးရှင် တစ်ယောက်ဖြစ်၏။ မုန့်မျိုးနွယ်စုမှာ ရှေးအခါကပင် ထင်ရှားကျော်ကြားသော သမိုင်းကြောင်းရှိခဲ့ပြီး ဂူမျိုးနွယ်စုကဲ့သို့ပင် မဟာသူတော်စင်တစ်ပါး ရှိသည်။ သို့သော် မုန့်ချင်ရှန်၏ အဆင့်အတန်းက ဂူမျိုးနွယ်စုမှ ဂူဖန်းရှန်း၏ အဆင့်အတန်းထက် ပို၍ မြင့်မားသည်။
ကျန်ရှိနေသော လူများမှာ လွင့်မျောမိုးတိမ်၊ လွင့်မျောတိမ်နဂါး၊ လွင့်မျောသဲမှုန်တို့ ဖြစ်ကြကာ အဆင့် (၅) လောကအုပ်စိုးရှင်များ ဖြစ်ကြသည်။ သူတို့က နွေဦးဆောင်း အိမ်တော်၊ သိုင်းပညာ သူတော်စင် အိမ်တော်တို့နှင့် ရင်ပေါင်တန်းနိုင်သည့် လွင့်မျောတိမ် အိမ်တော်မှ မွေးချင်း ညီအစ်ကိုများ ဖြစ်ကြသည်။
နောက်တစ်ယောက်ဖြစ်သည့် ယွမ်ထျန်းခုန်းက ပင်လယ်နတ်ဘုရား ကျောင်းတော်မှ လက်ရင်းတပည့် တစ်ယောက်ဖြစ်ကာ အဆင့် (၅) လောကအုပ်စိုးရှင်ဖြစ်ပြီး ကျွင့်ထျန်းချုံ၏ အစ်ကိုတော် တစ်ယောက်လည်းဖြစ်၏။
စန်းချမ်က အဆင့် (၅) လောကအုပ်စိုးရှင်ဖြစ်ကာ အစစ်အမှန် နဂါးကျောင်းတော်မှ လက်ရင်းကျောင်းသား တစ်ယောက် ဖြစ်သည်။
ထို့ပြင် လီကျန့်ထို အမည်ရှိသူသည်လည်း အစစ်အမှန် နဂါးကျောင်းတော်မှ လက်ရင်းကျောင်းသားတစ်ယောက်ဖြစ်ကာ စန်းချမ်၏ အစ်ကိုတော်တစ်ယောက် ဖြစ်သည်။ သူသည်လည်း အဆင့် (၅) လောကအုပ်စိုးရှင် အဆင့်ရှိသူပင်။
နောက်ဆုံး တစ်ယောက်ဖြစ်သည့် စုရှီးမင်မှာမူ မည်သည့် အဖွဲ့အစည်း၊ မည်သည့် မျိုးနွယ်စုမှ တပည့်တစ်ယောက် မဟုတ်ချေ။ သူက ကံကောင်းမှုတစ်ခု ရရှိခဲ့ကာ တိတ်ဆိတ်စွာ ကျင့်ကြံအားထုတ်ရင်း အဆင့် (၅) လောကအုပ်စိုးရှင်တစ်ယောက် ဖြစ်လာသူဖြစ်သည်။ သူက ကျွင့်ထျန်းချုံ၏ သူငယ်ချင်း တစ်ယောက်ဖြစ်ကာ ကိုယ်ပိုင်ဂိုဏ်းတစ်ခု တည်ထောင်ရန် ပြင်ဆင်နေသူလည်း ဖြစ်၏။ ထိုအရာအားလုံးမှာ သူ အင်ပါယာအဆင့် စွမ်းအင်ပညာရပ် ဖြစ်သော နတ်ဘုရားဆန့်ကျင် ကျမ်းစာ (၈) အုပ်တွဲ၏ အရှေ့ပိုင်း တစ်ဝက်ကို ရရှိခဲ့ခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။
ရန်ချီက သူ့ညီအစ်ကို မောင်နှမသစ်များကို တစ်ယောက်ချင်းစီ မိတ်ဆက်ကာ နောက်ခံအကြောင်း အနည်းငယ်သိရှိလာရသည်။ သူတို့အားလုံးအနေဖြင့် ရန်ချီက အင်မော်တယ်ခြေနင်း ကျောင်းတော်မှ ဖြစ်ကြောင်း သိကြသော်လည်း သူ့ စွမ်းအင်ပညာရပ်ကြောင့် အံ့အားသင့်နေမိကြ၏။ သန့်စင်သော နွေဦးမီးလျှံအနေဖြင့် အဆင့် (၈) လောကအုပ်စိုးရှင် တစ်ယောက် ဖြစ်သော်ငြား ရန်ချီနှင့် အမှန်တကယ် ယှဉ်ပြိုင် တိုက်ခိုက်ရပါက ရှုံးနိမ့်မည် ဖြစ်ကြောင်း သိရှိနေသည်။
အဆင့် (၅) လောကအုပ်စိုးရှင် တစ်ယောက်အနေဖြင့် အဆင့် (၈) လောကအုပ်စိုးရှင် တစ်ယောက်ကို အနိုင်ယူနိုင်ခြင်းမှာ နှစ်ပေါင်းထောင်ချီမှ တစ်ခါသာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမဟုတ်ပါလား။
“ညီလေး… မင်းလို ပါရမီရှင်တစ်ဦး အင်မော်တယ်ခြေနင်း ကျောင်းတော်မှာ ပေါ်လာမယ်လို့ ဘယ်သူ ထင်မိမှာလဲ”
သန့်စင်သော နွေဦးမီးလျှံက ချီးကျူးစကား ဆိုလိုက်သည်။
“ကျောင်းတော်များကြားက သိုင်းပြိုင်ပွဲက လာတော့မယ်… မင်းအနေနဲ့ ပြိုင်ဘက်တွေကို အနိုင်ယူနိုင်ပြီး ပထမနေရာ ရမယ်ဆိုတာ သေချာတယ် … မီးလျှံဘုရားကျောင်းကို လာရောက် ကြည့်ရှုဖို့ ဖိတ်ကြားထားတာကြောင့် ငါ မင်းရဲ့ စွမ်းဆောင်မှုကို သေချာပေါက် လာကြည့်မယ်”
ရန်ချီက ခေါင်းခါယမ်းလိုက်သည်။
“ငါ ကျော်ကြားမှုကို စိတ်မဝင်စားပါဘူး… ငါ့အနေနဲ့ တိတ်ဆိတ်ပြီး သာယာတဲ့နေရာမှာပဲ ကျင့်ကြံအားထုတ်ချင်တယ် … ဒဏ္ဍာရီအဆင့် မရောက်မချင်း ငါ့အစွမ်း အစစ်အမှန်ကို ထုတ်မပြချင်ဘူး… မဟုတ်ရင် ငါ့ရဲ့ အစစ်အမှန် ခွန်အားသာ ပေါ်သွားရင် လုပ်ကြံသတ်ဖြတ် ခံရမှာကို စိုးရိမ်မိတယ်”
“လုပ်ကြံသတ်ဖြတ် ခံရမယ် ဟုတ်လား”
ဟွာဖန်းဖန်းက အံ့အားသင့်စွာ မေးလိုက်သည်။
“နင်မှာ တစ်ယောက်ယောက်နဲ့ ရန်ငြိုးရှိလို့လား မောင်လေးချီ… သူက ဘယ်လောက်တောင် သန်မာလို့လဲ… ဒဏ္ဍာရီအဆင့် တစ်ယောက်လား”
ရန်ချီ ပြုံးလိုက်၏။
“ဒါက ငါ့ရဲ့ ကိုယ်ပိုင်ကိစ္စပါ… မင်းတို့ကို ပြဿနာ မဖြစ်စေချင်ဘူး”
ပြောပြီးသည်နှင့် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ လူပုံသဏ္ဌာန် အစစ်အမှန် စွမ်းအင်တစ်ခု ဖြစ်ပေါ်လာပြီး ထိုအရာက ချက်ချင်း ပြိုကွဲသွားကာ များပြားလှသော အဆောင်စာရွက်များအဖြစ် ပြောင်းလဲသွားသည်။
“ညီအစ်ကိုတို့ အစ်မတို့… ငါ့ရဲ့ လူပုံသဏ္ဌာန် အစစ်အမှန် စွမ်းအင်ထဲမှာ ငါ့နှလုံးသွေး ပါတယ်… မင်းတို့ ပြဿနာ ကြုံတွေ့ရရင် အဆောင်ကို ဖျက်ဆီးလိုက်ပါ… အဲဒါဆို ငါ အာရုံခံမိလိမ့်မယ်”
ထို့နောက် သူက အဆောင်စာရွက်များကို လေထဲတွင် ပျံဝဲစေကာ လူတိုင်းကို ခွဲဝေပေးလိုက်သည်။
သန့်စင်သော နွေဦးမီးလျှံက အဆောင်စာရွက်ကို လှမ်းဖမ်းယူပြီးနောက် မကျေမနပ် ပြောလာ၏။
“ရန်ချီ… မင်းက အခုလို သဘောထားနေတာ ငါတို့ကို ညီအစ်ကို မောင်နှမ အစစ်တွေလို့ မသတ်မှတ်လို့လား… မင်းက ငါတို့ကို ကယ်ဖို့အတွက် အကြိုကောင်းကင် နတ်ဆိုး မျက်လုံးထဲ ရဲရဲတင်းတင်း ဝင်ရောက်ခဲ့တယ်… တကယ်လို့ မင်းမှာ ပြဿနာရှိရင် ငါတို့က ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ… ဒဏ္ဍာရီအဆင့်ပဲဖြစ်ဖြစ် ငါတို့ ကြောက်လန့်နေမှာ မဟုတ်ဘူး… ငါတို့အားလုံးက ကြီးမားတဲ့ နောက်ခံ ခွန်အားတွေ ရှိကြတယ် မဟုတ်လား… အမှန်တိုင်း ပြောရရင် ငါတို့ (၁၅) ယောက် အတူတကွ ကြိုးစားရင် တိုက်ကြီးတစ်ခုလုံးကိုတောင် လှုပ်ယမ်းပစ်နိုင်တယ်… ဘယ်သူ့ကို ငါတို့ ကြောက်နေရမှာလဲ”
သန့်စင်သော နွေဦးမီးလျှံမှာ မီးလျှံဘုရားကျောင်းမှ နာမည်ကျော်ကြားသော ဒဏ္ဍာရီအဆင့် ပုပ်ရဟန်းမင်းကြီး၏ သားတော်တစ်ပါး ဖြစ်လေရာ သူ့ကိုယ်သူ ယုံကြည်ချက် အပြည့်ရှိပေသည်။
ရန်ချီက သက်ပြင်းချလိုက်သည်။
“ကောင်းပြီလေ… အမှန်တိုင်း ပြောရရင် တော်ဝင်အိမ်ရှေ့စံအဖွဲ့ဆိုတာ မင်းတို့ ကြားဖူးလား”
“တော်ဝင်အိမ်ရှေ့စံ အဖွဲ့”
အားလုံး မျက်နှာပျက်သွားကြကာ အချို့က တုန်လှုပ်သွားကြသည် အထိပင်။
“ညီအစ်ကိုရန်… မင်းရဲ့ ရန်သူက သရဖူဆောင်း အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ နာမည်ကြီး တော်ဝင်အိမ်ရှေ့စံလား… ငါကြားမိတာတော့ သူက ကောင်းကင်ကနေ သေမျိုးလောကကို ဆင်းသက်လာတဲ့ နတ်ဘုရား တစ်ပါးတဲ့ … သူ့အမေက ကြယ်ကြွေတာကို အိပ်မက်မက်ပြီးတဲ့ နောက်မှာ သူ့ကို မွေးဖွားခဲ့တာပဲ… သူက ပေါ့သေးသေး လူတစ်ယောက် မဟုတ်ဘူး”
“ငါ သူနဲ့ အဓိက ပြဿနာ ဖြစ်တာ မဟုတ်ဘူး… ဇာတ်လမ်းက ဒီလို…”
ထို့နောက် ရန်ချီက ယွမ်ဟိုက်လန် သူ့ကို သစ္စာဖောက်သွားကြောင်း၊ အင်မော်တယ်ခြေနင်း ကျောင်းတော်သို့ ဝင်ရောက်သွားကြောင်း၊ တော်ဝင်အိမ်ရှေ့စံ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ပြီး ဂိုဏ်းအုပ် တိမ်တိုက်နှင့် လေပြေတို့၏ တပည့် ဖြစ်ခဲ့ကြောင်း အစရှိသည့် အကြောင်းအရာ အားလုံးကို ရှင်းပြလိုက်သည်။
“တကယ်လို့ ငါသာ ဒဏ္ဍာရီအဆင့်ကို ရောက်ရင် တော်ဝင်အိမ်ရှေ့စံလို လူမျိုးကို တိုက်ခိုက်နိုင်လိမ့်မယ်”
“မင်းပြောတာ မှန်တယ်”
ကျွင့်ထျန်းချုံက ထောက်ခံလိုက်၏။
“ဒါက ပြဿနာ အသေးလေးပါ… အမှန်တကယ်တော့ ငါတို့အားလုံးက ချမ်းသာကြွယ်ဝ တိုက်ကြီးမှာရှိတဲ့ အစွမ်းထက် အဖွဲ့အစည်းအသီးသီးက ထင်ရှားတဲ့ သူတွေ ဆိုပေမဲ့ တော်ဝင်အိမ်ရှေ့စံက ငါတို့ထက် ပိုအဆင့်မြင့်တယ်… သူက လက်ကို ဝှေ့ယမ်းရုံနဲ့ မြေတွေ၊ ကျောက်တွေကို အမှုန့်ဖြစ်စေနိုင်တယ်… ဒါပေမဲ့ သူက အစွမ်းထက်တဲ့ သူ ဖြစ်ပေမဲ့ မင်းသာ သူနဲ့ တိုက်ခိုက်မယ်ဆို ငါတို့အားလုံး မင်းနဲ့ ပူးပေါင်းမယ်”
“မှန်တယ်”
အစစ်အမှန် နဂါးကျောင်းတော်မှ စန်းချမ်က ဝင်ပြောလိုက်သည်။
“ငါ ကောင်းကင်နဲ့ မြေကြီးကြား ဘာမှမကြောက်ဘူး”
ထို့နောက် သူက ခေါင်းခါလိုက်၏။
“ပြောရရင် တော်ဝင်အိမ်ရှေ့စံအဖွဲ့က တကယ်အစွမ်းထက်တယ်… သူတို့က ငါတို့ အစစ်အမှန် နဂါးကျောင်းတော်က ကိစ္စတွေမှာပါ ဝင်ရောက် စွက်ဖက်နေတယ်… အချို့ ကျောင်းသားတွေဆို သူတို့အဖွဲ့နဲ့ ပူးပေါင်းသွားပြီ… အဖွဲ့ရဲ့ကျေးဇူးကြောင့် သူတို့အဖွဲ့ခွဲ ခေါင်းဆောင်တွေက ကျင့်ကြံခြင်းမှာ အဆက်မပြတ် တိုးတက်လာကြတယ်… အားလုံးလည်း တော်ဝင်အိမ်ရှေ့စံ ဘယ်လောက် ရည်မှန်းချက် ကြီးမားလည်း သိကြမှာပါ… ကျောင်းတော် လေးခုလုံးက ကျောင်းသားတွေ အကုန်လုံး သူတစ်ယောက်တည်း ထိန်းချုပ်ချင်နေတယ်… ငါတို့အနေနဲ့ သူ့ကို တိုက်ခိုက်မှပဲဖြစ်မယ် ဟုတ်တယ် မဟုတ်လား”
“မင်းပြောတာ မှန်တယ် အစ်ကိုစန်းချမ်”
ရန်ချီက ဆက်မေးလိုက်သည်။
“ဒါနဲ့ အစစ်အမှန် နဂါးကျောင်းတော်မှာ ယန်ဖေးရှလို့ ခေါ်တဲ့ မိန်းမပျို တစ်ဦးကို သိလား… သူမက အဆင့်နိမ့် ကျောင်းသူ ဖြစ်နိုင်တယ်… ငါ သူမ ဘာလုပ်နေလဲပဲ သိချင်မိတာ”
“အဆင့်နိမ့် ကျောင်းသူ… ငါက တကယ်တော့ အဆင့်နိမ့်တဲ့ သူတွေကို သတိမပြုမိခဲ့ဘူး”
အမှန်စင်စစ် လက်ရင်းကျောင်းသား ဖြစ်သော စန်းချမ်လို လူနှင့် အဆင့်နိမ့် ကျောင်းသားများမှာ မိုးနှင့်မြေလို ကွာခြားလှပေသည်။
“ဒါပေမဲ့ ယန်ဖေးရှဆိုတဲ့ နာမည်တော့ ကြားဖူးတယ်… ဒဏ္ဍာရီအဆင့် အကြီးအကဲက သူမကို နှစ်သက် သဘောကျလို့ တပည့်အဖြစ် လက်ခံခဲ့တယ် ဆိုလားပဲ… သူမမှာ တော်တော်လေး အထင်ကြီးဖို့ ကောင်းတဲ့ နောက်ခံရှိတယ်… မင်း သူမနဲ့ နီးစပ်လို့လား”
“သူမနဲ့ နီးစပ်တယ် ပြောရရင် ငါ သူမအသက်ကို ကယ်ခဲ့ဖူးတယ်… ဒါပေမဲ့ အခြားတစ်ဖက်မှာ သူမက ငါ့ရန်သူ ဖြစ်နေတယ်… ငါတို့ မျိုးနွယ်စုက သူတို့ မျိုးနွယ်စုကို မြို့ထဲကနေ မောင်းထုတ်ခဲ့တာလေ”
သူက အနည်းငယ် ရှင်းပြပြီးနောက် ဆက်ပြောလိုက်သည်။
“ငါ သူမကို မသေဆုံးစေချင်ပေမဲ့ အခုလိုတွေသာ ဖြစ်လာမယ်မှန်း သိရင် ငါ သူမကို ကယ်ခဲ့မှာ မဟုတ်ဘူး… ငါ ပြောချင်တာက သူမအနေနဲ့ စစ်ပွဲကနေ ကျောက်မြတ်ရတနာ လက်ဆောင်အဖြစ် ပြောင်းလဲချင်မလား ဆိုတာကိုပါ… တကယ်တော့ ဒါကြောင့်ပဲ သူမတို့ ယန်မျိုးနွယ်စုကို မသတ်ဖြတ်ဘဲ လွှတ်ပေးခဲ့တဲ့တာလေ”
စန်းချမ်က ခေါင်းညိတ်လိုက်သည်။
“မင်း ပြောချင်တာ ငါ သိပြီ ညီအစ်ကိုရန်… တကယ်လို့ အခွင့်အရေး ရရင် ငါ သူမကို ရှင်းပြလိုက်မယ်… ငြိမ်းချမ်းရေး ယူတာက ပြိုင်ဆိုင်ခြင်းထက် ပိုကောင်းပါတယ်… ငါတို့က ကျောင်းတော် လေးခုက ကျောင်းသားတွေပဲ… မျိုးနွယ်စုချင်း စစ်ပွဲတွေမှာတော့ ငါတို့ အရေးကြီးကိစ္စ မရှိဘဲ ဝင်မစွက်ဖက်ဘူး”
ထိုအချိန်မှာပင် ဟွာဖန်းဖန်းက ဝင်ပြောလိုက်သည်။
“မောင်လေးချီ… ဘဝမှာ ပြဿနာ အများကြီး ကြုံတွေ့နိုင်ပေမဲ့ ငါတို့အတွက် လုပ်စရာ အချိန် အနည်းငယ်ပဲ ရှိတယ်… ငါတို့အားလုံး အခု ညီအစ်ကို မောင်နှမတွေ ဖြစ်သွားပြီ ဆိုတော့ အနာဂတ်မှာ ဘယ်လို အရေးကြီးကိစ္စပဲဖြစ်ဖြစ် အတူတူ လုပ်ဆောင်ကြမယ်… အခုတော့ ငါတို့ ပြန်ဖို့ အချိန်ရောက်ပြီ… သိုင်းပညာ ပြိုင်ပွဲကြီးက မကြာခင် စတော့မယ်… မောင်လေး အနေနဲ့ ပြိုင်ပွဲမှာ မရှုံးနိမ့်ဖို့ မျှော်လင့်တယ်… ငါတို့အားလုံး ပြိုင်ပွဲကို လာကြည့်ကြမှာပါ”
ရန်ချီ ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ … အားလုံးနဲ့ ပြန်ဆုံဖို့ မျှော်လင့်တယ်… သိပ်တော့ မကြာလောက်ပါဘူး”
ရန်ချီက အင်မော်တယ်ခြေနင်း ကျောင်းတော်သို့ ပြန်ရောက်ပါက အသက်ဓာတ်စမ်းရေကို ကောင်းစွာ အသုံးချဖို့ စဉ်းစားထားသည်။ အကယ်၍ သူသာ နောက်ထပ် တစ်ဆင့်၊ နှစ်ဆင့်ခန့် အဆင့်တက်သွားပါက ဒဏ္ဍာရီအဆင့်နှင့် ရင်ဆိုင်ရလျှင်ပင် သူ့ကိုယ်သူ အနည်းဆုံးတော့ ကာကွယ်နိုင်ပေလိမ့်မည်။
“ငါ သွားတော့မယ် ညီအစ်ကို”
“မင်းမှာ အချိန်ရှိရင် ငါတို့ဆီ လာလည်ပါ… ငါတို့ မင်းကို ကောင်းကောင်း ဧည့်ခံမှာပါ”
လူတိုင်း နှုတ်ဆက်လိုက်ကြသည်။ အုပ်စုထဲရှိ အခြား (၁၄) ယောက်က အကြိုကောင်းကင် နတ်ဆိုးအစီအရင်အတွင်း ခုနစ်ရက်ခုနစ်ည ပိတ်မိခဲ့လေရာ သူတို့အနေဖြင့် အစစ်အမှန် စွမ်းအင်များ ပြန်လည် ဖြည့်တင်းပြီး အတွေ့အကြုံများကို ပြန်လည်သုံးသပ်ဖို့ လိုအပ်နေသည်။ ထိုကဲ့သို့ အခြေအနေမျိုးမှ မတော်တဆ အကျိုးဖြစ်ထွန်းနိုင်သည် မဟုတ်ပါလား။
သန့်စင်သော နွေဦးမီးလျှံက လေထဲသို့ ပထမဆုံးပျံတက်သွားသည်။ ထို့နောက်တွင်တော့ ကျန်လူများလည်း အသီးသီး ပျံသန်း ထွက်ခွာသွားကြတော့သည်။
End
***