ကြယ်နတ်ဘုရားကို အာရုံခံစားခြင်းအဆင့်သို့ ရောက်ရှိသွားသောအခါ ရန်ချီက နေမင်းမှ အစစ်အမှန် မီးလျှံကို ထုတ်ဖော်နိုင်ကာ ၎င်းကို ဓားစွမ်းအင်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိသွားလေပြီ။
သူ့ ကျင့်ကြံခြင်း အခြေခံ ပိုမိုသန့်စင်လာသောအခါ သူ့ ဓားကျင့်စဉ်က နတ်ဘုရားကဲ့သို့ ဖြစ်လာကာ အစစ်အမှန် မီးလျှံကို အသုံးပြု၍ စကြဝဠာ မီးနန်းတော်ကိုပင် ဖန်ဆင်းနိုင်စွမ်း ရှိလာသည်။ သူ့ သွေးများက နေမင်းကဲ့သို့ ရွှေရောင် တဖြည်းဖြည်းပြောင်းလဲလာကာ နောက်ဆုံးတွင်တော့ သူ့ကိုယ်သူ နေမင်းမျိုးဆက်ဟု ခေါ်နိုင်လာပေလိမ့်မည်။
အမှန်စင်စစ် သူ့ သွေးများက ကြွေရောင်ဖြစ်သည်အထိ သန့်စင်ပြီး ဖြစ်သည်။ ထိုအရာက ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး၏ သွေးများဖြစ်ကာ နေမင်း၏ သွေးထက်သာလွန်၏။ ထို့ကြောင့် သူ့ သွေးများကို ပြောင်းလဲစေဖို့အတွက် အလွန်ပူပြင်းသည့် အစစ်အမှန် စွမ်းအင်များကို အသုံးပြုဖို့ မလိုအပ်ပေ။
နတ်ဘုရား အဖွဲ့အစည်းမှ သွေးများကြောင့် သူ့ စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား နည်းစနစ်ကို နတ်ဘုရားများ ဖန်တီးထားသည့်အဆင့် မဟုတ်သည့်တိုင် ပိုမို အားကောင်းသည့် အဆင့်တစ်ခုထိ တွန်းတင်နိုင်ခဲ့သည်။
ထိုသို့ ပြုလုပ်ခြင်းက နေကျောက်မြတ်ဖြင့် တိုးမြှင့်ခြင်းထက် ပိုမို ထိရောက်မှု ရှိသည်။
ပုံပြင်များနှင့် ဒဏ္ဍာရီများအရ နေမင်းကို နတ်ဘုရား အဖွဲ့အစည်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့က အရာအားလုံးကို အုပ်ချုပ်သော အရှင်သခင်များဖြစ်လာကာ အရာအားလုံးကို ဖန်တီးခဲ့ကြခြင်းဖြစ်၏။
မက်မွန်ကျွန်းပေါ် မီးမိုးများ ကျဆင်းလာသောအချိန်တွင် စိတ်ဝိညာဉ်စမ်းရေမှ မနှိုင်းယှဉ်နိုင်စဖွယ် ကောင်းလွန်းသည့် အအေးဓာတ် စွမ်းအင်များ ထွက်ပေါ်လာကာ မီးပွားများကို ပိတ်ဆို့ တားဆီးရန် ရေခဲပုံဆောင်ခဲ ချပ်ပြားများ ဖြစ်ပေါ်လာတော့သည်။
ထိုကျွန်းတစ်ခုလုံးကို ဖုံးလွှမ်းနိုင်ဖို့အတွက် လိုအပ်သည့် အအေးဓာတ် စွမ်းအင်ပမာဏကို စဉ်းစားကြည့်ပါက ၎င်း၏ နက်ရှိုင်းသော နေရာ၌ တစ်စုံတစ်ခု ရှိနေပေလိမ့်မည်။
မီးမိုးက အလွန်အမင်း ပြင်းထန်လေရာ မီးပွားတစ်ခုကပင် သတ္တုများကို အရည်ပျော်စေကာ ကျောက်တုံးများကိုပင် ဖောက်ထွင်းနိုင်စွမ်းရှိသဖြင့် အကယ်၍ ကျွန်းပေါ်သာ ကျဆင်းလာပါက သစ်ပင်များ အားလုံး ပျက်စီးသွားပြီး ကျောက်ဆောင်တစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည်။
ထိုကဲ့သို့သော အကြောင်းမျိုးကြောင့် ရန်ချီအနေဖြင့် အင်မော်တယ်ခြေနင်း ကျောင်းတော်၌ ကျင့်ကြံအားထုတ်ခြင်း မပြုလုပ်ခဲ့ခြင်းသာ ဖြစ်သည်။
အကယ်၍ သူသာ ပြုလုပ်ခဲ့ပါက ထိုအရာကို သတိပြုမိကြမှာ သေချာသည်။ ထို့ထက် ဆိုးဝါးသည်က ကျောင်းတော် တစ်ခုလုံးပင် မငြိမ်မသက် ဖြစ်သွားနိုင်၏။ ထို့အပြင်ကိုမှ လူတွေက ထိုအကြောင်းကို စတင် စုံစမ်းကြပေလိမ့်မည်။
ဆန့်ကျင်ဘက်အားဖြင့် ဝေးလံသော ဤကျွန်းပေါ်၌ သူ ဆန္ဒရှိသလို ကျင့်ကြံနိုင်သည်။ သူ့ အသက်ဓာတ် စမ်းရေနှင့် သက်စောင့်စွမ်းအင်များ အကြောင်းကို ထိုနေရာ၌ စိုးရိမ်နေစရာ မလိုအပ်ပေ။ ထို့အပြင် သူ့အနေဖြင့် နောက်ထပ် ကံကောင်းမှု အချို့ကို တွေ့ကြုံရသည်ဟုပင် ထင်မှတ်ရ၏။
စမ်းရေမှ ထွက်ပေါ်လာသည့် အအေးဓာတ်စွမ်းအင်က အလွန်ပြင်းထန်လှကာ ပြင်းထန်လွန်းသည့် မီးစများကိုပင် ပိတ်ဆို့နိုင်သည့် ရေခဲတိမ်များ ဖြစ်လာစေသည်။
မီးစများက ရေခဲတိမ်များနှင့် ရိုက်ခတ်မိသောအခါ ကျယ်လောင်သည့် အက်ကွဲသံများ ထွက်ပေါ်လာသည်။ နောက်ဆုံး၌ မီးစများ ပျောက်ကွယ်ပြီးနောက် တိမ်များကလည်း မီးစများ၏ ရိုက်ခတ်မှုကြောင့် ရေခိုးရေငွေ့များ အဖြစ်ပြောင်းလဲ ပျောက်ကွယ်သွားသည်။
ထိုအချိန်မှာပင် ရန်ချီက လက်ကို ဝှေ့ယမ်းလိုက်လေရာ မီးပွားများက အတူတကွ စုဝေး ပျံသန်းလာရင်း မီတာပေါင်းများစွာ ရှည်လျားသည့် မီးလျှံဓားကြီး ဖြစ်ပေါ်လာပြီးနောက် ထိုဓားဖြင့် ရေခဲတိမ်များကို အနည်းငယ် ဖြတ်လှီးလိုက်သည်။
ထို့နောက် သူက ဓားစွမ်းအင်များကို သူ့ ဒန်တျန်အတွင်း စုပ်ယူလိုက်လေရာ မီးပွားများက အစစ်အမှန် စွမ်းအင်များအလယ်၌ သိပ်သည်းမျောပါလာကြသည်။
ထိုအရာက ကြယ်နတ်ဘုရားကို ခံစားခြင်းကို ကိုယ်စားပြုသည့် စွမ်းရည်တစ်ခုဖြစ်ကာ မီးစတစ်ခုက နေမင်းကို ကိုယ်စားပြု၏။ ထိုအရာက အလွန်သေးငယ်သော်လည်း ပျောက်ကွယ် မသွားဘဲ အဆက်မပြတ် တောက်ပနေသည်။ ထိုအရာက နေမင်း၏ အစစ်အမှန် မီးလျှံမှ ပြုလုပ်ထားသည်နှင့် တူညီကာ နေမင်း၏ စိတ်ဝိညာဉ်နှင့်ပင် တူညီနေသည်။
“မြူတွေရှင်းစမ်း”
သူက ဓားစွမ်းအင်ကို ထုတ်ဖော်လိုက်ရာ လောင်ကျွမ်းနေသော ရွှေရောင်အလင်းတန်းက မီးပန်းပွင့်များ၊ မီးသစ်ပင်များ၊ မီးနွားများ၊ မီးငှက်များ၊ မီးမြင်းများ၊ မီးချွီလင်များ၊ မီးနဂါးများ၊ မီးလူသားများ၊ မီးဖီးနစ်များ၊ မီးနန်းတော်များ အစရှိသဖြင့် ပုံသဏ္ဌာန်မျိုးစုံ ဖြစ်ပေါ်လာသည်။
မီးများက ကျွန်းတစ်ခုလုံးကို ပျံ့နှံ့သွားကာ မြူများ ရှင်းလင်းသွားသဖြင့် နေအလင်းများက တစ်ဖန်ပြန်လည် ကျဆင်းလာသည်။
အံ့ဩစရာ ကောင်းလွန်းသည်က မည်သည့် မက်မွန်ပငတစ်ပင်မှ လောင်ကျွမ်းခြင်းမရှိကာ သူတို့အနေဖြင့် ယခင်ကထက် ပိုမို ဖူးပွင့်လာကြခြင်းဖြစ်၏။ ရန်ချီ၏ ဓားစွမ်းအင်က ပြီးပြည့်စုံသည့် အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားလေရာ ထိုအရာက ကိုယ်ပိုင်စိတ်သိဉာဏ်ရှိလာခဲ့ပြီး လုပ်ဆောင်မှုများကို ထိန်းချုပ်လာနိုင်စွမ်းရှိသည်။ ၎င်းက ၎င်းလမ်းကြောင်းရှိ အရာအားလုံးကို မျက်ကန်းတစ်ကောင်ပမာ ဖျက်ဆီးခြင်း မပြုလုပ်အောင် တားဆီးနိုင်ခဲ့သည်။
ရေခဲတိမ်များနှင့် မြူများ ရှင်းလင်းသွားသည့်အခါ ကျွန်းက တစ်ဖန် ပြန်လည် ရှင်သန်လာပုံ ရသည်။ စိတ်ဝိညာဉ် စမ်းချောင်းမှ အအေးဓာတ် စွမ်းအင်များ ထပ်မံ မပေါ်လာတော့ကာ သစ်ပင်များကို ထောက်ပံ့ပေးမည့် စိတ်ဝိညာဉ် စွမ်းအင်များကိုသာ ထုတ်ဖော်ပေးသည်။
‘ဒီစမ်းချောင်းနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ ထူးဆန်းနေပြီ’
ရန်ချီက အနက်ပိုင်းထဲသို့ ကြည့်လိုက်သော်လည်း ဘာကိုမှ မမြင်တွေ့ရလေရာ နောက်ဆုံး၌ စုံစမ်းဖို့အတွက် အစစ်အမှန် စွမ်းအင်စီးကြောင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
အစစ်အမှန် စွမ်းအင်က တဖြည်းဖြည်း ဆင်းသက်လာခဲ့သော်လည်း အောက်ခြေကို ရှာမတွေ့ခဲ့ပေ။
နောက်ဆုံးတွင်တော့ ရေက အလွန် အေးစက်လာလေရာ သူ့ အစစ်အမှန် စွမ်းအင်ပါ အေးခဲစ ပြုလာသည်။ သူက အောက်သို့ ထပ်ကာထပ်ကာ ဆင်းသက်လာလေသောအခါ နေရာလွတ်က ပိုမို ကျယ်ဝန်းလာ၏။
စမ်းရေ၏ တွင်းဝက ပန်းကန်လုံး အရွယ်လောက်သာ ရှိသော်လည်း ယခုနေရာ၌ မျက်နှာပြင်က မီတာထောင်ချီရှိကာ ကီလိုမီတာ ထောင်ချီ ကျယ်ဝန်းသည်။ ထိုအရာက ကျွန်းထက်ပင် ပိုမို ကျယ်ဝန်းနေသော်လည်း ပင်လယ်ရေများ မပါဝင်ပေ။
ထိုနေရာရှိ ရေများက သမုဒ္ဒရာအတွင်းမှ ပင်လယ်ရေများကဲ့သို့ မဟုတ်ချေ။ ပင်လယ်ရေက ခါးသော်လည်း ထိုရေကတော့ ချိုမြိန်ကာ မွှေးကြိုင်လျက် ရှင်သန်မှု အာရုံကို ဖြစ်ပေါ်စေသည်။
မီတာ (၁၂၀၀၀) ခန့် အနက်သို့ ရောက်သောအခါ အအေးဓာတ်က ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။ ရန်ချီ၏ အစစ်အမှန် စွမ်းအင်အနေဖြင့် အေးခဲနေလေရာ ခက်ခက်ခဲခဲ ရွေ့လျားနေရသည်။ သူက ခေါင်းခါလိုက်ကာ ငရဲချေမှုန်း နတ်ဆင်စွမ်းအား၏ အစစ်အမှန် စွမ်းအင်များကို တိုက်ရိုက် ပေါင်းထည့်လိုက်သည်။
ထိုနေရာ၌ ရေခဲအလွှာများကို သူ မြင်နိုင်သော်လည်း ပုံမှန်အားဖြင့် ထိုးခွဲဖို့၊ အရည်ပျော်စေဖို့က မဖြစ်နိုင်ပေ။ ထိုအရာက သံမဏိကဲ့သို့ မာကျောကာ အအေးဓာတ်က အခြား အစစ်အမှန်စွမ်းအင် အမျိုးမျိုးကို အေးခဲစေနိုင်သည်။ အကယ်၍ သူ့ နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ်ကြောင့်သာ မဟုတ်ပါက သူ့အနေဖြင့် အစစ်အမှန် စွမ်းအင်များကို ယခုအနက်ထိ ရောက်ရှိအောင် ပြုလုပ်နိုင်မည် မဟုတ်ချေ။
မြင့်မြတ်သော ပန်းပေါင်းစုံ သမီးတော်ကဲ့သို့ အဆင့် (၉) လောကအုပ်စိုးရှင်များပင် ထိုကဲ့သို့ မပြုလုပ်နိုင်ကြပေ။
ထိုရေခဲအလွှာများက အဆုံးအစမဲ့နေကာ ထိုနေရာတွင် မည်သည့်သက်ရှိမဆို သေဆုံးသွားနိုင်သည်။ ရန်ချီ၏ အစစ်အမှန် စွမ်းအင်စီးကြောင်းက ထိုအရာများကို ဖြတ်သန်းလာသည်နှင့်အမျှ စွမ်းအင်ကုန်ဆုံးမှုက ယခင်ကထက် ပိုမို များပြားလာသည်။ သူထံတွင် အကန့်အသတ်မရှိ သိုလှောင်ထားနိုင်ခြင်း ကျေးဇူးကြောင့်သာ ထိုကဲ့သို့ စွမ်းအင်ကုန်ဆုံးမှုကို အလွယ်တကူ ပြန်လည် ဖြည့်တင်းနိုင်ခဲ့ခြင်း ဖြစ်၏။
‘စိတ်ဝိညာဉ် စမ်းရေ အောက်ခြေမှာ ရေခဲတိုင်းပြည် ဘာလို့ ရှိနေရတာလဲ… ဒီမှာ တစ်ခုခု ဝှက်ထားတာ နေမယ်… မဟုတ်ရင် မီးပွားတွေကို ရင်ဆိုင်ဖို့ အအေးဓာတ် စွမ်းအင် အများကြီး ဘယ်လို ထွက်လာနိုင်မှာလဲ’
သူက အစစ်အမှန် စွမ်းအင်များကို မျက်လုံးသဖွယ် အသုံးပြုလိုက်ပြီး ရေခဲအနက်ပိုင်းသို့ ကြည့်လိုက်လေရာ ရုတ်တရက် ပြင်းထန်လွန်းသည့် သားရဲသဖွယ် စွမ်းအင်များက သူ့ကို ရုတ်တရက် တိုက်ခိုက်လာသည်ကို သိလိုက်ရသည်။
“အဲဒါက ဒီမှာပဲ”
ရေခဲအနက်ပိုင်း တစ်နေရာ၌ ကြီးမားသော ရေခဲနဂါးတစ်ကောင် ရှိနေသည်။
၎င်းက မီတာရာချီ ကြီးမားကာ ရေခဲလွှာများအတွင်း ဖြတ်သန်းဖို့အတွက် အနည်းငယ်မျှပင် အားထုတ်စရာ မလိုအပ်ပေ။ ၎င်းက မိုးပြာရင့်ရောင်ဖြစ်ပြီး ကျောက်စိမ်း သို့မဟုတ် ကျောက်တုံး ရုပ်တုကြီးနှင့်ပင် တူညီနေသည်။ ထိုအရာမှ အကန့်အသတ်မဲ့သည့် အအေးဓာတ် စွမ်းအင်များ ထွက်ပေါ်နေခြင်း ဖြစ်၏။
‘ရေခဲနဂါးလား… တကယ် နဂါးကြီးလား’
အစစ်အမှန် နဂါးများကို ပေါ့သေးသေး သတ်မှတ်၍ မရချေ။ ထိုအရာက အတိတ်မှ ပုံပြင်များထဲတွင် တည်ရှိကြသည်။ ဒဏ္ဍာရီအဆင့်များပါ ထိုကဲ့သို့ သားရဲမျိုးနှင့် ရင်ဆိုင်မိပါက ချက်ချင်း နောက်ဆုတ် ပြေးလွှားသွားပေလိမ့်မည်။
ယခု ခေတ်သစ်၌ စွမ်းအားအကြီးဆုံး သားရဲများက ရေနဂါးများ ဖြစ်ကြသော်လည်း သူတို့က နဂါးများ မဟုတ်ကြပေ။ ထိုနှစ်မျိုးက ကွဲပြားသော အဆင့်၌ တည်ရှိကြသည်။
တုန်လှုပ်စရာ ကောင်းသည်မှာ မက်မွန်ပင်များ တည်ရှိသည့် ကျွန်းမှ စိတ်ဝိညာဉ် စမ်းရေ အနက်ပိုင်းတွင် ရေခဲနိုင်ငံ တစ်ခုရှိကာ ထိုနေရာတွင် တကယ့် ရေခဲနဂါး တစ်ကောင် ပေါ်ထွက်လာခြင်း ဖြစ်သည်။
‘ခဏ… မဟုတ်သေးဘူး… ဒါက အစစ်အမှန်နဂါးတစ်ကောင် မဟုတ်ဘူး… ဒါက ဓားတစ်ချောင်းပဲဟ … နတ်ဘုရားဓား’
ရန်ချီ၏ အစစ်အမှန် စွမ်းအင်က ရှုံးနိမ့်တော့မည့်ပုံ ပေါ်သော်လည်း သူက စမ်းရေတွင်းဝ နံဘေးတွင် ထိုင်ရင်း ရေရွတ်လိုက်သည်။
“ငရဲချေမှုန်း နတ်ဆင်တွေက မိုးကောင်းကင် ခန္ဓာကိုယ် ရှိသူတွေကို သုတ်သင်နိုင်ပြီး နေနဲ့ လတွေကိုပါ ရှူသွင်းပစ်နိုင်တယ်”
သူ့ထံမှ အစစ်အမှန်စွမ်းအင်အားလုံးက စမ်းရေထဲသို့ ရောက်ရှိသွားကာ အစစ်အမှန် စွမ်းအင်စီးကြောင်းအဖြစ် အောက်သို့ ဆင်းသက်လာပြီး ဆင်ရိုင်းနှာမောင်း ကဲ့သို့ ဖြစ်ပေါ်လာသည်။
သူ့ ဦးခေါင်းထက်၌ နတ်ဘုရားနှင့် တူညီသည့် ဆင်ခေါင်းနှင့် လူခန္ဓာကိုယ် ပါရှိသည့် ပုံရိပ်တစ်ခုပေါ်လာကာ ထိုအရာ၏ နှာမောင်းက စမ်းရေအနက်ပိုင်းရှိ အရာရာတိုင်းနှင့် ရတနာ အားလုံးကို စုပ်ယူနိုင်စွမ်း ရှိပုံရသည်။
နဂါးနှင့် ပတ်သက်၍ ရန်ချီက ၎င်း၏ အစစ်အမှန် ပုံစံကို မြင်နိုင်လေရာ ထိုအရာက တစ်မီတာ ရှည်လျားသည့် ဓားတစ်ချောင်းဖြစ်ပြီး အစိမ်းရင့်ရောင် ဖြစ်နေပုံအရ ထိုအရာကို ကျောက်စိမ်းမှ သွန်းလုပ်ထားပုံပေါ်သည်။ ထိုအရာ၏ အရှိန်အဝါက ကဏန်းနှင့်တူသည့် မိစ္ဆာသားရဲထက် အားမနည်းပေ။ ရေခဲနဂါးကတော့ ထိုဓားမှ ထွက်ပေါ်လာသည့် အအေးဓာတ် စွမ်းအင်သဏ္ဌာန် ပြောင်းလဲခြင်း မျှသာဖြစ်၏။
ထိုအရာက နတ်ဘုရား ဓားတစ်ချောင်းဖြစ်လေရာ ကိုယ်ပိုင်စိတ်ဝိညာဉ်ရှိပြီး စမ်းရေ အနက်ပိုင်း၌ ကြီးထွားလာပုံရသည်။ ထိုအရာက အချို့သော မကောင်းဆိုးဝါး နတ်ဆိုးတစ်ကောင် ကျင့်ကြံအားထုတ်ဖို့အတွက် ပုန်းအောင်းနေခဲ့သည့်ပုံ ရသည်။
‘ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းတဲ့ ဓားလဲ…’
ရန်ချီ စဉ်းစားလိုက်မိသည်။
‘အံ့ဩစရာပဲ… ဒီလိုဓားမျိုး အရင်က မတွေ့ခဲ့ဖူးဘူး… ဘယ်လို ခွန်အားကြီးမားတဲ့ ကျွမ်းကျင်သူက ဒါကို ဒီမှာ ထားခဲ့ပြီး စမ်းရေထဲမှာ ပိတ်လှောင်ထားခဲ့လဲ မသိဘူး… ဒီဓားက ရှေးဟောင်း ရေခဲတွေကိုသာ စားသုံးပြီး အပြင်ကမ္ဘာကို မထွက်သွားဖူးဘူး ထင်တယ်… ငါ ဒါကို ရမှ ဖြစ်မယ်… တကယ်လို့ ဒါကို ငါ့ရဲ့ စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား ကျင့်စဉ်နဲ့ ပေါင်းစပ်လိုက်ရင် မီးနဲ့ ရေခဲက လိုက်ဖက်ညီမှုကြောင့် ပိုမို အစွမ်းထက်လာပြီးတော့ ကမ္ဘာပေါ်က စွမ်းအင်ပညာရှင်တွေကို ငါ လွှမ်းမိုးလာနိုင်လိမ့်မယ်’
ရန်ချီက အလွန် စိတ်လှုပ်ရှားမိသွားသည်။
သို့သော်လည်း ထိုအရာက အစွမ်းထက်လွန်းသည့် ဓားတစ်လက်ဖြစ်ကာ ဆန်းကြယ်သော ရေခဲနိုင်ငံတွင် တည်ရှိသည်။ ဒဏ္ဍာရီအဆင့် တစ်ယောက်ပင်လျှင် ထိုအရာကို ရယူနိုင်ဖို့ ခက်ခဲ၏။ ထိုအချိန်တွင် ရန်ချီလုပ်နိုင်သည်က သူမှာ ရှိသမျှစွမ်းအင်ဖြင့် ထိုဓားကို အနိုင်ယူကာ အနက်ပိုင်းမှ အပြင်သို့ ထွက်လာနိုင်ဖို့ မျှော်လင့်ထားရုံသာ။ သူ့ သွေးသားခန္ဓာဖြင့် ထိုစမ်းရေ အနက်ပိုင်းထဲသို့ မဝင်ရောက်နိုင်သည်မှာ သိသာထင်ရှားလှပေသည်။
ထို့ကြောင့် သူ့အနေဖြင့် အသုံးပြုနိုင်သော ခွန်အားက အကန့်အသတ် ရှိနေလေတော့သည်။
ထိုအရာက သဘာဝဖြစ်ရပ်ဆန်းတစ်ခု မဟုတ်သည်မှာ သိသာလှ၏။ ဒဏ္ဍာရီအဆင့် ဖြစ်နိုင်သည့် ခွန်အားကြီးမားသော ကျွမ်းကျင်သူများသာ ထိုဓားကို ထုတ်ယူနိုင်မည့်ပုံ ရှိသည်။
ရန်ချီ ထိန်းချုပ်ထားသည့် ကြီးမားသော အစစ်အမှန် စွမ်းအင် နှာမောင်းကြီးက ဆန်းကြယ်သော ရေခဲနိုင်ငံ အနက်ပိုင်းထဲသို့ ရောက်ရှိလာကာ ရေခဲနဂါးထံ ဦးတည်သွားသည်။
ထိုနဂါးက နှာမောင်းကို အထင်အမြင်သေးစွာ ကြည့်လျက် အစစ်အမှန် စွမ်းအင် နှာမောင်းကို တိုက်ခိုက်လိုက်တော့သည်။
End
***