ရေခဲနဂါးသဏ္ဌာန် ပြောင်းလဲနေသည့် ဓားက သူ့ လက်သည်းများဖြင့် ဖြတ်ပိုင်းလိုက်ရာ အအေးဓာတ် စွမ်းအင်များက ရန်ချီ၏ အစစ်အမှန်စွမ်းအင် နှာမောင်းကြီးကို သံကွင်းများသဖွယ် ချည်နှောင်သွားတော့သည်။
‘အစစ်အမှန် စွမ်းအင် ပြောင်းပြန်လှန်ခြင်း’
နှာမောင်းကြီးက လွှဲယမ်းလိုက်ရာ သံကွင်းများမှာ ကျိုးပဲ့ပျက်စီးကုန်၏။
‘နေဆန့်ကျင် စိတ်ဝိညာဉ် ထွက်ပေါ်လာခြင်း’
ရန်ချီက စမ်းရေ အနက်ပိုင်းသို့ အစစ်အမှန် စွမ်းအင်များ ပိုမိုပေါင်းထည့်ကာ ဆင်ခေါင်းနှင့် လူခန္ဓာ ပါရှိသည့် လူပုံသဏ္ဌာန် အစစ်အမှန် စွမ်းအင်ကို ဖွဲ့စည်းလိုက်သည်။
ထိုပုံရိပ်သဏ္ဌာန်ကို ကိုယ်တိုင် ထိန်းချုပ်ကာ ငရဲချေမှုန်း နတ်ဆင်စွမ်းအားနှင့်အတူ ရေခဲနဂါးကို တိုက်ခိုက်ဖို့ ၎င်းကို စေလွှတ်လိုက်သည်။
ဤအချက်အရ ရန်ချီ၏ အစစ်အမှန်စွမ်းအင် ကုန်ဆုံးမှုမှာ သူ့ စုစုပေါင်း အကန့်အသတ် တစ်ဝက်ခန့် လျော့ကျသွားလေပြီ။
နောက်ဆုံး၌ ဆင်ခေါင်းနှင့် လူခန္ဓာရှိသည့် နတ်ဘုရား ပုံရိပ်ကြီးကို ထုတ်ဖော်နိုင်ဖို့အတွက် ရန်ချီ တတ်နိုင်သမျှ တိုက်ပွဲစွမ်းအားကို ထုတ်ဖော်ဖို့ လိုအပ်ပေသည်။ ထိုကဲ့သို့ မဟုတ်ပါက ထိုအရာက အချိန်တိုလေးအတွင်း ရေခဲနဂါး၏ တိုက်ခိုက်ဖျက်ဆီးခြင်းကို ခံရပေလိမ့်မည်။
‘အသက်ဓာတ် စမ်းရေ’
အသက်ဓာတ် စမ်းရေတစ်စက်က သူ့ လက်စွပ်မှ ပျံထွက်လာကာ ပါးစပ်အတွင်း ဝင်ရောက်သွားသည်နှင့် အစစ်အမှန်စွမ်းအင်များအဖြစ် အရည်ပျော်ပြီး သူ့ကို ပြန်လည် အားပြည့်စေလိုက်သည်။
သူက အသက်ဓာတ် စမ်းရေကို မှီဝဲထားသဖြင့် အခြေအနေက ပြောရခက်လှ၏။ သူမှလွဲ၍ ဒဏ္ဍာရီအဆင့် တစ်ယောက်ပင် ထိုနတ်ဘုရားဓားကို ယဉ်ပါးစေဖို့က မဖြစ်နိုင်ပေ။
စမ်းရေ၏ ရေခဲနေသော အနက်ပိုင်း၌ တိုက်ပွဲအရှိန် ပြင်းထန်လာသည်နှင့်အမျှ နတ်ဆင်ရိုင်းကြီး၏ လက်ထဲ၌ ကောင်းကင်ဘုံကမ္ဘာမှ သန့်စင်ခြင်း မီးလျှံများ လောင်ကျွမ်းနေသော လှံတစ်ချောင်း ပေါ်လာသည်။
ငရဲနတ်ဆိုး လှံတံ ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ္ဆေများ၏ ငိုကြွေးသံနှင့် နတ်ဘုရားများ၏ ကြိမ်းမောင်းသံများ ထွက်ပေါ်လာတော့သည်။ ထိုမြင်ကွင်းက ငရဲခန်း တစ်ခုနှင့်ပင် တူညီနေ၏။
ဝုန်း…
ထိုလှံဖြင့် ရေခဲနဂါးကို ထိုးသွင်းလိုက်သောအခါ အပိုင်းပိုင်း ကွဲကြေသွားလျက် ဓား၏ အစိမ်းရင့်ရောင် ကိုယ်ထည် ပေါ်လာသည်။
ဓားက ဒေါသထွက်သွားသည့်အလား ကခုန်သွားကာ ၎င်းအနီးရှိ အမှောင်ထုထဲ၌ အအေးဓာတ် စွမ်းအင်များ ပိုမို ဖြာထွက်လာတော့သည်။
ရေခဲနဂါးဓားနှင့် ငရဲနတ်ဆိုး လှံတံတို့ အကြိမ်ပေါင်းများစွာ အပြန်အလှန် တိုက်ခိုက်မှုကြောင့် ကျယ်လောင်သောအသံများ ထွက်ပေါ်နေသည်။ အသက်ဓာတ်စမ်းရေက ရန်ချီ၏ အရင်းအမြစ်ကို ထောက်ပံ့ထားလေရာ ရန်ချီ၏ အစစ်အမှန် စွမ်းအင်များက အကန့်အသတ်မဲ့နေ၏။ အခြား အခြေအနေမျိုးတွင် သူက ထိုကဲ့သို့ အတင်းအကျပ်ပြုလုပ်မည် မဟုတ်ချေ။ အကြိုကောင်းကင် နတ်ဆိုးမျက်လုံးအတွင်း မိစ္ဆာနတ်ဆိုး အဆင့်နိမ့်သခင် (၅) ယောက်နှင့် တိုက်ခိုက်စဉ်က သူ့ အစစ်အမှန်စွမ်းအင်များ ကုန်ဆုံးဖို့ပင် မနီးစပ်ခဲ့ပေ။
ထိုနတ်ဘုရားဓားကိုသာ ယဉ်ပါးအောင်ပြုလုပ်ပြီး ယူဆောင်နိုင်ပါက ဘယ်လောက် အကျိုးအမြတ် ရှိနိုင်မည်နည်းဟု သူ တွေးမိသည်။
ထို့အပြင် ထိုအရာကို ယူဆောင်သွားဖို့ သူ့ကိုယ်သူ သတိပေးလိုက်မိသည်။
သူ့ထံမှ ထွက်ပေါ်လာသော အစစ်အမှန် စွမ်းအင်များက ပုံဆောင်ခဲကဲ့သို့ ဖြစ်နေကာ ထိုအရာက ရေခဲလွှာများကို ချေဖျက်ရင်း ထိုကြီးမြတ်သည့် တိုက်ပွဲအတွက် အားဖြည့်ပေးနေ၏။
နတ်ဘုရား ဆင်ရိုင်းကြီး၏ပုံရိပ်က ပိုမိုကြီးမားလာကာ ကောင်းကင်နှင့် မြေပြင်ကို လှုပ်ယမ်းနိုင်သည့် စွမ်းအားများ ထုတ်ဖော်လာမှုကြောင့် ထိုအရာ၏ အနီးနားရှိ ရေခဲများပင် အရည်ပျော်လာကာ စမ်းချောင်းတစ်ခုကဲ့သို့ ဖြစ်လာသည်။
‘ငရဲစွမ်းအားနှင့် နတ်ဘုရား အဖွဲ့အစည်း စွမ်းအား… အရာရာတိုင်းကို အုပ်စိုးပြီး မြင့်မြတ်သည်… ခွန်အားကြီးမားသည်…’
ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို သူ့ လက်ရှိ အကန့်အသတ်ထိ ထုတ်ဖော်လိုက်လေရာ ထိုနေရာတွင် ကောင်းကင်တမန်များ တေးချင်းသီဆိုသကဲ့သို့ နတ်ဘုရား အဖွဲ့အစည်းမှ လှပလွန်းသည့် ကျမ်းစာ စာလုံးများ ဝန်းရံလှည့်ပတ်လာလေတော့သည်။
“အချိန်ကာလ အေးခဲခြင်း…”
ရုတ်တရက် ထူးခြားဆန်းကြယ်သည့် တစ္ဆေနတ်ဘုရားအချို့၏ ကြွေးကြော်သံကဲ့သို့ ရေရွတ်မြည်ကြွေးသံတစ်ခု ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။ ဓားကို ကြောက်မက်ဖွယ် ကောင်းသည့် ဖိအားများ ဖိနှိပ်လာမှုကြောင့် ရေခဲနဂါးပင် ပျောက်ကွယ်လုနီးပါး ဖြစ်လာ၏။ ထို့နောက် တောင်တန်းများ လှုပ်ယမ်းကာ ပင်လယ်တစ်ခုလုံးကို အေးခဲသွားစေနိုင်သည့် အအေးဓာတ် စွမ်းအင်များ ဓားထံမှ ပေါက်ကွဲထွက်လာကာ အရာရာတိုင်း အေးခဲသွားပြီး ဆင်ရိုင်းနတ်ဘုရားပင် ထိုနေရာ၌ ပိတ်ဆို့ခံလိုက်ရချေပြီ။
ဆင်ရိုင်းနတ်ဘုရားက အစစ်အမှန်စွမ်းအင်များ စတင် စုစည်းကာ သူ့ လက်သီးများဖြင့် ရေခဲလွှာများကို ထိုးခွဲလိုက်သည်။ ထို့နောက် သူက ရန်ချီ သိုင်းပညာ၏ အဆုံးစွန် အနှစ်သာရကို ထုတ်ဖော်ကာ ငရဲနတ်ဆိုး လှံတံဖြင့် လွှဲရိုက်လိုက်သည်။ လှံချက် တစ်ချက်စီတိုင်းက ငရဲနတ်သားများ စိတ်ဝိညာဉ်ကို သိမ်းပိုက်သလို ထွက်ပေါ်လာကာ ကောင်းကင်ဘုံကမ္ဘာမှ သန့်စင်ခြင်း မီးလျှံက လောင်ကျွမ်းနေသော အရောင်များတောက်ပကာ စမ်းရေ၏ အအေးဓာတ်ကို ဆန့်ကျင် တိုက်ခိုက်လာသည်။
နတ်ဘုရားဓားက ဂရုစိုက်သည့်ပုံ မပေါ်ပေ။ ထိုအရာက စတင် တုန်ခါလာလေရာ စမ်းရေ အနက်ပိုင်းမှ အအေးဓာတ်လှိုင်းများ ထွက်ပေါ်လာသည့် အသံများ ဖြစ်ပေါ်လာတော့သည်။ ထိုအရာက နက်မှောင်နေကာ အလွန် အေးစိမ့်လွန်းသည့် အတွက်ကြောင့် နတ်ဘုရား ဆင်ရိုင်းကြီး၏ အစစ်အမှန် စွမ်းအင်များက အက်ကွဲလာကာ ငရဲနတ်ဆိုး လှံတံပေါ်ရှိ ကောင်းကင်ဘုံ ကမ္ဘာမှ သန့်စင်ခြင်း မီးလျှံများ တဖြည်းဖြည်း ငြိမ်းသတ်သွားသည်။
“အအေးလွန်လှိုင်း”
ရန်ချီတစ်ယောက် တုန်လှုပ်ကာ ရေရွတ်မိလိုက်သည်။ ထိုအရာက ကမ္ဘာမြေအောက်မှ ထုတ်လွှတ်သည့် အသန့်စင်ဆုံး အအေးလှိုင်း အမျိုးအစားဖြစ်ကာ အအေးလွန်လှိုင်းများအဖြစ် သိထားကြ၏။ လထီးဆောင်းချိန်အတွင်း ညတစ်ည၏ ညဉ့်အနက်ဆုံး အပိုင်း၌ အအေးဓာတ် စွမ်းအင်များက ကုန်းမြေတစ်လျှောက် စိမ့်ဝင်လာကာ အရာရာတိုင်းကို အေးခဲစေသည်။ ထိုအရာက အအေးဓာတ် ယင်စွမ်းအင်များဖြစ်ကာ အဆုံးစွန် အေးခဲမှုဖြစ်၍ အစွမ်းထက်သည့် လောကအုပ်စိုးရှင်များပင် ထိုကဲ့သို့ တစ်စုံတစ်ခုကို မကိုင်တွယ်နိုင်ကြပေ။
အချို့သော လောကအုပ်စိုးရှင်များက အဆင့်တစ်ခုကို ရောက်သောအခါ အအေးလွန် လှိုင်းများကို လှုံ့ဆော်မိကြကာ ထိုကပ်ဘေးက သူတို့ကို မျက်စိတစ်မှိတ်အတွင်း ဖုတ်ကောင်တစ်ကောင် အဖြစ် ပြောင်းလဲသွားစေနိုင်သည်။
ရန်ချီက ကျောင်းတော်မှ အကြီးအကဲတစ်ယောက်ပြောပြသည့် မြေနှင့်ဆိုင်သော သီအိုရီ ဟောပြောချက်များကို သတိရမိသွားသည်။ ထိုအကြီးအကဲက အအေးလွန်လှိုင်းကြောင့် ဝေဒနာ ခံစားရကာ ဖုတ်ကောင်အဖြစ် ပြောင်းလဲသွားသည့် အဆင့် (၈) လောကအုပ်စိုးရှင် တစ်ယောက် ဖြစ်သော လက်ရင်းကျောင်းသားတစ်ယောက်ကို လေ့လာစောင့်ကြည့်နေသူ ဖြစ်၏။ သူ့ အေးခဲနေသော အရိုးအဆစ်များကြောင့် လူတိုင်း သူ့ကို ကြောက်ရွံ့ကြပေသည်။
ထိတ်လန့်စရာကောင်းလောက်အောင်ပင် ထိုရေခဲနဂါးဓားက အအေးလွန်လှိုင်းကို ဆင့်ခေါ်နိုင် လေရာ နတ်ဘုရား စွမ်းအားများက ပြင်းပြင်းထန်ထန် ဖိအားပေးခြင်းကို ခံနေရသည်။
‘ကောင်းပြီ… ယင်က ယန်ကို အကျိုးသက်ရောက်စေနိုင်မှာပဲ… ဒီအအေးလွန်လှိုင်းကို သုံးပြီးတော့ ငါ့ရဲ့ စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား ကျင့်စဉ်ကို တိုးတက်ဖို့ အသုံးချရမယ်’
ထိုအရာကို အာရုံစိုက်ထားသော်လည်း ရန်ချီက ငရဲချေမှုန်း နတ်ဆင်စွမ်းအားကို ထိန်းချုပ်ကာ စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓားကို တစ်ပြိုင်တည်း ထုတ်ဖော်လိုက်သည်။
“ဓားကို နတ်ဘုရားအဖြစ် သတ်မှတ်ပါ … နတ်ဘုရားကို ကောင်းကင်ကဲ့သို့ သတ်မှတ်ပါ… အိုး ကြီးမြတ်သော နေမင်း… မင်းရဲ့ လောင်ကျွမ်းခြင်း စွမ်းအင်ကို ထုတ်လွှတ်ပေးပါ…”
ရန်ချီက စကြဝဠာနေရောင်ခြည် လွှမ်းမိုးဓား၏ ထူးဆန်းသော ဂါထာများကို ရေရွတ်လိုက်လေရာ သူ့ စွမ်းအင် ပင်လယ်အတွင်းရှိ မီးပွားလေးက ဘဝကို ထွန်းလင်းစေသကဲ့သို့ တောက်ပလာကာ အပေါ်ဘက်ရှိ နေမင်းနှင့် ဆက်သွယ်သွားလျက် ရွှေရောင်အလင်းတန်းများ ဆင်းသက်လာကာ မျက်စိကျိန်းမတတ် တောက်ပနေသော ဓားစွမ်းအင်များ ဖြစ်လာသည်။
ရန်ချီက လက်ချောင်းကို ဝှေ့ယမ်းလိုက်ပြီး ဓားစွမ်းအင်များကို စမ်းရေအတွင်း စေလွှတ်လိုက်သည်။ ဆန်းကြယ်သော ရေခဲနိုင်ငံ အနက်ပိုင်း၌ ထိုအရာက လူသားသဏ္ဌာန် ဖြစ်လာ၏။ ထိုအရာက ရှည်လျားသော ရွှေရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် ဓားသမား တစ်ယောက်ဖြစ်ကာ ရန်ချီနှင့် ချွတ်စွပ်တူညီနေသည်။ ထိုဓားသမားက ရေခဲနဂါးဓားနှင့် အအေးလွန်လှိုင်းတို့ကို တိုက်ခိုက်ဖို့ နတ်ဘုရား ဆင်ရိုင်းနှင့် ပူးပေါင်းလိုက်တော့သည်။
ထိုအရာက နေမင်းမှ ရန်ချီဓားစွမ်းအင် နေဆန့်ကျင် စိတ်ဝိညာဉ် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ထိုပူးပေါင်းထားမှုက အတော်ကလေး အားနည်းနေ၏။ အအေးလွန်လှိုင်းများ မြင့်တက်လာသည်နှင့် ထိုပူးပေါင်းထားမှုကို အချိန်မရွေး ဖျက်ဆီးပစ်တော့မည့်ပုံ ပေါ်နေသည်။
အသက်ပြင်းပြင်း ရှူလိုက်ကာ ရန်ချီတစ်ယောက် နေမင်း၏ အစစ်အမှန်မီးလျှံကို နောက်တစ်ကြိမ် ဆင့်ခေါ်လိုက်ပြီး နေဆန့်ကျင် နတ်ဘုရားထံစေလွှတ်ကာ ပိုမို စွမ်းအား တိုးပွား စေလိုက်သည်။
အအေးလှိုင်းများ အလယ်၌ မီးအမျိုးအစား ဓားစွမ်းအင်ကို တိုးတက်အောင် ပြုလုပ်ဖို့က အကောင်းဆုံး နည်းလမ်းဖြစ်သည်။ ယင်က ယန်ကို အကျိုးသက်ရောက်စေလေရာ ကောင်းကင်နှင့် မြေပြင်ကို နီးကပ်စေကာ ပြီးပြည့်စုံသည့် အဆုံးမဲ့ သံသရာ စက်ဝန်းကို ဖြစ်ပေါ်စေသည် မဟုတ်ပါလား။
ပုံမှန်အားဖြင့် ရန်ချီတစ်ယောက် ထိုနိယာမကို နားလည်ခဲ့သည်။
ယခုအချိန်၌ ကောင်းကင်က မည်းမှောင်လာကာ နေဝင်ချိန်ဖြစ်သဖြင့် နေမင်း၏ စွမ်းအင်များ လျော့နည်းလာသည်။ ထိုအရာက သူတိုက်ခိုက်နေသည့် တိုက်ပွဲကို ပိုမို ခက်ခဲစေ၏။ သို့သော်လည်း တိုးတက်လာစေဖို့အတွက် အခက်အခဲကို ကျော်လွှားခြင်းက အကောင်းဆုံး ဖြစ်ပေသည်။
ရန်ချီက စမ်းရေ နံဘေးထောင့်တွင် ထိုင်နေကာ အစစ်အမှန်စွမ်းအင်များ အဆက်မပြတ် ပို့လွှတ်နေသည်။ သူ့ ဦးခေါင်းထက်တွင် ရွှေရောင် အလင်းများ တောက်ပနေကာ မီးလျှံများက သူ့ကို ဝန်းရံနေလျက် သူပုံစံက လောင်ကျွမ်းနေသော နတ်ဘုရားတစ်ပါးနှင့်ပင် တူညီနေ၏။
မကြာမီမှာပင် နေမင်းက မိုးကုပ်စက်ဝိုင်းအတွင်း ဝင်ရောက်သွားကာ စန္ဒာလမင်းကြီး ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် ယန်စွမ်းအင် သဏ္ဌာန်ပြောင်းလဲဖြစ်သည့် နူးညံ့သော လရောင်ခြည်များက ကမ္ဘာပေါ် ဖုံးလွှမ်းသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း ရန်ချီအနေဖြင့် သူ့ စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား ကျင့်စဉ်ကို ထုတ်ဖော်ဖို့ ယခင်ထက် (၁၀) ဆကျော် ပိုမို ခက်ခဲလာလေတော့သည်။
သို့သော်လည်း ရန်ချီက အရှုံးပေးဖို့ မစဉ်းစားပေ။ သူ့ အာရုံကို နှစ်ဆပိုမို စူးစိုက်သော်လည်း နေဝင်နေခြင်းကို ထိတွေ့ခံစားမိသောကြောင့် သူစုဆောင်းထားသည့် နေအလင်းရောင်က ရေပုံးလောက် ထူထပ်နေရာမှ ပိုးချည်မျှင် အရွယ် ဖြစ်လာသည်။
စမ်းရေ အနက်ပိုင်း၌ စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား၏ နေဆန့်ကျင် စိတ်ဝိညာဉ်က အအေးလွန်လှိုင်းကြောင့် အေးခဲကာ ကွဲကြေသွားလေတော့သည်။ ထိုသို့ ကွဲကြေသွားသည်နှင့် ရန်ချီတစ်ယောက် ဆိုးကျိုးကို ခံစားလိုက်ရကာ သူ့ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ နောက်ထပ် အသက်ဓာတ် စမ်းရေတစ်စက်က သူ့ ပါးစပ်အတွင်း ပျံဝဲလာကာ သူ့ ဒဏ်ရာများကို ကုသဖို့အတွက်နှင့် အစစ်အမှန်စွမ်းအင်များကို အကန့်အသတ်ထိ ပြန်လည်တိုးမြင့်ဖို့ အသုံးပြုလိုက်သည်။ နူးညံ့သည့် ရွှေရောင် ချည်မျှင် အလင်းတန်းက ယခုအခါ တူတစ်ချောင်းအရွယ် ပြန်လည် ထူထပ်လာကာ စမ်းရေအနက်ပိုင်းသို့ စီးဆင်းသွားပြီး စကြဝဠာတစ်ခွင် နေရောင်ခြည် လွှမ်းမိုးဓား၏ နေဆန့်ကျင် စိတ်ဝိညာဉ်အသွင် ပြန်လည် ဖြစ်ပေါ်လာသည်။
ထိုကဲ့သို့ အဆက်မပြတ် တစ်ကြိမ်ပြီးတစ်ကြိမ် ထပ်တလဲလဲ ဖြစ်ပေါ်နေ၏။
ရန်ချီအနေဖြင့် သူ့ နေဆန့်ကျင် စိတ်ဝိညာဉ် အကြိမ်မည်မျှ ဖျက်ဆီးခံရကြောင်းပင် မမှတ်မိတော့ပေ။ သို့သော်လည်း သူ့ ဓားစွမ်းအင် ပြောင်းလဲကာ နေမင်းနှင့် နက်ရှိုင်းသည့် ဆက်နွှယ်မှု ဖြစ်ပေါ်လာသည်ကို ခံစားမိသည်။
မကြာမီမှာပင် သူ့ စိတ်က အမှောင်ထုနှင့် မကောင်းဆိုးဝါးများကို ပျက်ပြယ် ဖယ်ရှားပေးနိုင်သည့် နေမင်း ထွက်ပေါ်လာသည့်အဆင့်သို့ ဝင်ရောက်မိသွားသည်။ သူက ပိုမို တောက်ပကာ ဖြောင့်မတ်သည်ကို ခံစားမိကာ သူ့ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်က အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာသကဲ့သို့ သန့်စင်လာလေတော့သည်။ သူ့ ဓားကျင့်စဉ်ကို ပိုမို မြင့်မားလာအောင် မြှင့်တင်လာနိုင်သည်။
သူက နေမင်း၏ အံ့မခန်းစွမ်းအားကို ဆင့်ခေါ်နိုင်သည့် ဉာဏ်အလင်း ပွင့်ခြင်းအဆင့်သို့ ရောက်ရှိသွားသည်။
မကြာမီမှာပင် သေဆုံးနေသော ညအချိန်သို့ ရောက်ရှိလာက အအေးလှိုင်းက ပိုမို အားကောင်းသည့်အဆင့်သို့ ရောက်ရှိလာသည်။ သို့သော်လည်း သူအထက်ရှိ နေမင်း၏ အစစ်အမှန် မီးလျှံများက ပိုမို သန်မာလာကာ လက်မောင်းအရွယ်ခန့် အလင်းစီးကြောင်းများ ထုတ်လွှတ်ခဲ့သည်။
ထိုည ကျော်လွန်သွားပြီးနောက် စမ်းရေအတွင်းမှ နေဆန့်ကျင် စိတ်ဝိညာဉ်က မရေမတွက် နိုင်သည့် အကြိမ်များစွာ ရှုံးနိမ့်ခဲ့သည်။ မကြာမီမှာပင် နေထွက်လာသောအခါ ယန်စွမ်းအင်များက ကုန်းမြေတစ်လျှောက် ပျံ့နှံ့လာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်ချီ၏ ဓားကျင့်စဉ်က ယခင်ထပ် (၁၀) ဆခန့် ပိုမို အားကောင်းလာလေတော့သည်။ စမ်းရေ အနက်ပိုင်းမှာတော့ ထိုအရာက အအေးလွန်လှိုင်းများကို အလွယ်တကူ ပြန်လည် တိုက်ခိုက်နိုင်နေတော့သည်။
ထို့နောက် ရန်ချီက ရေခဲနဂါးဓားကို တိုက်ခိုက်ဖို့အတွက် အစစ်အမှန်စွမ်းအင်များ အဆက်မပြတ် ပို့လွှတ်နေသည်။ သုံးရက် သုံးည ကုန်ဆုံးသွားခဲ့လေပြီ။ ထိုအချိန်အတွင်း သူ့ အစစ်အမှန်စွမ်းအင်များက ထပ်ခါထပ်ခါ ကုန်ဆုံးခဲ့သော်လည်း အသက်ဓာတ် စမ်းရေဖြင့် ပြန်လည် အားဖြည့်ခဲ့၏။ သူ့ အစစ်အမှန် စွမ်းအင်များပါ ပိုမို တည်ငြိမ်လာကာ သူ့ကိုယ်တိုင်လည်း မယုံကြည်နိုင်ဖွယ် စိတ်ရှည်သည်းခံနိုင်လာသည်။ သူ့ သွေးကြောဆုံမှတ်များရှိ အစစ်အမှန် စွမ်းအင် အရင်းအမြစ်များပါ ပိုမို သန့်စင်လာတော့သည်။
ရန်ချီတစ်ယောက် ပုံမှန်အားဖြင့် (၁၀) နှစ်တာ ကျင့်ကြံအားထုတ်မှသာ ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် ဉာဏ်အလင်းများကို တွေ့ကြုံခံစားခဲ့ရသည်။
ရေခဲနဂါးဓားအတွက် ကံမကောင်းချင်တော့ ရန်ချီကဲ့သို့ စွမ်းအင်များစွာ မစုဆောင်းထားနိုင်လေရာ သုံးရက် သုံးည ကြာပြီးနောက် သူက စတင် မောပန်းလာတော့သည်။ နောက်ဆုံးမှာတော့ ထိုအရာက သူ့ နောက်ဆုံး တိုက်ကွက်အတွက် အစစ်အမှန် စွမ်းအင်များကို စုစည်းလိုက်တော့သည်။
“ရေခဲဝိညာဉ်… ရေခဲဝိညာဉ်…”
End
***