ဝှစ် …
ယခုအချိန်တွင် နှစ်ခုကွဲထွက်နေသော စကြဝဠာတစ်ခွင် နေရောင်ခြည်လွှမ်းမိုးဓား၏ နေဆန့်စိတ်ဝိညာဉ်ကို ရေခဲဓား၏ နောက်ဆုံးတိုက်ခိုက်မှုက လေထုကိုခွင်းလျက် တိုးဝင်လာ၏။ သို့သော် ရေခဲဓားထံ တိုးဝင်လာသည့် ဆင်ရိုင်းနတ်ဘုရား၏ ခွန်အားကိုမူ ခံနိုင်ရည် မရှိတော့ချေ။
သို့သော် နေဆန့်စိတ်ဝိညာဉ်များ၏ တိုးတက်လာသော စွမ်းအားအဆင့်များအရ ဓားသည် သူ့ အအေးလှိုင်းကြောင့် တစ်ဖက်ရန်သူဖြစ်သော မြေပြင်အထက်ရှိ လူသားမှာ ဓားစွမ်းအင် အဆင့်မြှင့်တင်ခြင်း အောင်မြင်သွားပြီဟု ဆိုရပေမည်။
ထိုအရာက စိတ်ရှုပ်ထွေးမှုနှင့် ဒေါသထွက်မှုတို့ တစ်ပြိုင်နက်ဖြစ်ပေါ်လာစေသော်လည်း ထိုလူသား မည်သူဖြစ်သည်ကိုမူ မသိချေ။ သူ့အစစ်အမှန်စွမ်းအင်များ အဘယ်ကြောင့် ဤမျှ သန်မာလွန်းရသနည်း။ သုံးရက်သုံးညတိုင် စွမ်းအင်များ ထုတ်သုံးခဲ့သော်လည်း မလျော့နည်းခဲ့ပေ။ ထိုအရာမျိုးမှာ ဒဏ္ဍာရီအဆင့်များသာ ပြုလုပ်နိုင်သည့် အရာမျိုး မဟုတ်ပါလား။
နောက်ဆုံးဓားကျင့်စဉ်၏ တုန်ခါမှုများထွက်ပေါ်လာချိန်၌ အအေးလှိုင်းများက ရေခဲလွှာများအတွင်း တစ်ဖန်ပြန်လည် မြင့်တက်လာပြန်သည်။
"ရှေးဟောင်းခေတ်မှ ရေခဲဝိညာဉ်"
ထိုဓားစွမ်းအင်မှ စိတ်ဝိညာဉ် နိုးထလာကာ မရေမတွက်နိုင်သည့် ဝိညာဉ်ကဲ့သို့ ဆန်းကြယ်သော ပုံရိပ်များ ရေခဲလွှာများအတွင်း ပေါ်လာ၏။ ထိုအရာများက ရန်ချီ၏ ဓားစွမ်းအင် စီးကြောင်းနှစ်ခုထံ တိုးဝင်ကာ ပေါက်ကွဲသွားတော့သည်။
ဘုန်း … ဘုန်း…ဘုန်း... ဘုန်း... ဘုန်း…
စမ်းရေအနက်ပိုင်းမှ ပေါက်ကွဲမှုများကြောင့် အအေးဓာတ် စွမ်းအင်များ လေထဲလွင့်တက်လာရာ နေမင်းကိုပင် ကောင်းစွာ မမြင်ရတော့ချေ။ မက်မန်းပင်များ ပွင့်လန်းနေသည့် ကျွန်းတစ်ခုလုံး ရေခဲတိမ်တိုက်များ ဖုံးအုပ်သွားကာ နှင်းများပင် ကျဆင်းလာတော့သည်။
ထိုသည်မှာ ယင်အအေးဓာတ် စွမ်းအင်၏ နောက်ဆုံး ဖြစ်တည်မှုပင်။
ရန်ချီမှာ ထိုအရာများ၏ သက်ရောက်မှုကို လုံးဝ ခံစားနေရသည့်ပုံ မပေါ်ပေ။ ထို့ပြင် သူက အစစ်အမှန် စွမ်းအင်များကို စမ်းရေအနက်ပိုင်းထံ ပိုမို ထည့်သွင်းလိုက်သည်။
"အလွန် ပူပြင်းတောက်လောင်နေသော ဆင်ရိုင်းနတ်ဘုရား... ဒီစိတ်ဝိညာဉ် ပုံရိပ်ဆန်းတွေကို ရှင်းလင်းပစ်လိုက်စမ်း"
လူပုံသဏ္ဍာန် အစစ်အမှန် စွမ်းအင်ပုံရိပ် နှစ်ခု၏ စွမ်းအင်များ ပိုမိုကြီးထွားလာကြကာ နတ်ဘုရားအလင်းများ တောက်ပလျက် ဝင်ရောက်လာသည့် တိုက်ခိုက်မှုများကို ဆန့်ကျင်တိုက်ခိုက် ကြသည်။ ထိုအချိန်အတွင်း၌ပင် ဆင်ရိုင်းနတ်ဘုရားက နှာမောင်းကြီးဖြင့် အားနည်းနေသော ရေခဲနဂါးဓားကို ရစ်ပတ်ကာ အပေါ်ဘက်သို့ စတင် ဆွဲတင်လာတော့သည်။
မကြာမီပင် အစိမ်းရင့်ရောင် ဓားတစ်လက် စမ်းရေအတွင်းမှ ပေါ်ထွက်လာသည်နှင့် အအေးဓာတ်စွမ်းအင်များ ပိုမိုပြင်းထန်စွာ ထွက်ပေါ်လာ၏။ ဓားက ငါးမျှားချိတ်၌ မိနေသည့် ငါးတစ်ကောင်ကဲ့သို့ ဖြည်းဖြည်းချင်း ဆွဲတင်ခံနေရသည်။
ရန်ချီ ထလာကာ ဓားကိုဆွဲကိုင်ပြီး လေထဲဝှေ့ယမ်းလိုက်သည်။ မီးလျှံများ ထွက်ပေါ်လာကာ ကောင်းကင်၌ မီးတိမ်တိုက်များ ဖြစ်ပေါ်လာပြီး ရေခဲတိမ်တိုက်များကို အဝေးသို့ လွင့်စဉ်သွားစေကာ ရေခဲပွင့်ချပ်များ အငွေ့ပြန်လာတော့သည်။ တစ်ခဏ ကြာပြီးနောက် သန့်စင်သော နေ့တစ်နေ့ ပြန်လည် ရောက်ရှိလာခဲ့၏။
‘ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ နတ်ဘုရားဓားလဲ’
ဓားကို ဆုပ်ကိုင်ထားချိန်၌ အအေးဓာတ် စွမ်းအင်များက သူ့သွေးကြောများကို ဖြတ်သန်းလျက် ဒန်တျန်နယ်မြေသို့ ဝင်ရောက်သွားကြသည်။ တစ်ချိန်တည်းမှာပင် သူ့အရေပြားပေါ်၌ ရေခဲလွှာတစ်ခု စတင်ဖုံးအုပ်လာ၏။ သာမန် လောကအုပ်ချုပ်သူများသာဆိုပါက ဤကဲ့သို့ ကြုံတွေ့ရလျှင် အေးခဲကာ ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ သို့သော် ရန်ချီက အနည်းငယ် တုန်ခါလိုက်ရာ နှင်းခဲများအားလုံး ရေငွေ့များအဖြစ် ပြောင်းလဲသွားတော့သည်။
စကြဝဠာတစ်ခွင် နေရောင်ခြည်လွှမ်းမိုးဓား၏ လောင်ကျွမ်းပူပြင်းလွန်းသော အစစ်အမှန် စွမ်းအင်များက ရေခဲဓားအတွင်း ဝင်ရောက်ကာ အအေးဓာတ် စွမ်းအင်များကို အောင်နိုင်သွားသဖြင့် ရှုပ်ထွေးလွန်းသည့် ရွှေရောင်သင်္ကေတများ ၎င်း၏ မျက်နှာပြင်ထက်တွင် ဖြစ်ပေါ်လာသည်။
ထို့ပြင် ရှေးဟောင်းပုံစံ ရေးထွင်းထားသည့် စာလုံးများ ပေါ်လာပြီး ဖတ်ကြည့်ပါက "ရေခဲဝိညာဉ် နတ်ဘုရားဓား" ဟူ၍ မြင်တွေ့နိုင်၏။
ထိုသည်မှာ ဓား၏ အမည်နာမပင်။
ဤဓားကို မည်သည့်ပစ္စည်းများဖြင့် ပြုလုပ်ထားကြောင်း မဆုံးဖြတ်နိုင်သော်လည်း လထီးဆောင်းခြင်း၏ စွမ်းအားများက ၎င်းကို သွန်းလုပ်ချိန်၌ပါဝင်ခဲ့ကြောင်း ထင်ရှားသည်။ အအေးဓာတ်စွမ်းအင်များက စကြဝဠာတစ်ခွင် နေရောင်ခြည်လွှမ်းမိုးဓား ကျင့်စဉ်မှ လောင်ကျွမ်းနေသော အပူစွမ်းအင်များနှင့် တွေ့ဆုံမိသောအခါ သဘာဝအရ ကိုက်ညီမှုမရှိဘဲ ဆန့်ကျင်နေကြ၏။ သို့သော် ငရဲချေမှုန်း နတ်ဆင်စွမ်းအား၏ အကူအညီဖြင့် ထိုနှစ်ခုကို အဆင့်မြင့်ဆုံး အခြေအနေဖြစ်သည့် ယင်နှင့်ယန်တို့ ဟန်ချက်ညီညီ ပေါင်းစပ်သွားစေတော့သည်။
သုံးရက်သုံးည တိုက်ခိုက်ပြီးနောက် ရေခဲဝိညာဉ် နတ်ဘုရားဓား၏ အခြေခံ သဘောသဘာဝ ပေါ်ပေါက်လာလေပြီ။ ထို့ကြောင့် ရန်ချီက အစစ်အမှန် စွမ်းအင်များကို ဓားအတွင်း ပိုမို ထည့်သွင်းကာ တဖြည်းဖြည်းနှင့် သေသေချာချာ သိမ်းသွင်းလိုက်သည်။
၎င်းမှာ အစွမ်းထက်သည့် ဓားတစ်လက်ဖြစ်ကာ အဆင့်ကိုး လောကအုပ်ချုပ်သူ တစ်ယောက်နှင့် အဆင့်ချင်းတူညီသည်။ ၎င်းကို ရှုပ်ထွေးလွန်းသည့် သင်္ကေတမျဉ်းများ ဖုံးအုပ်နေပြီး ထိုအရာများမှာ ဓား၏ အတွင်းသွေးကြောများမှတစ်ပါး အခြားမဟုတ်ချေ။ ထိုဓားက ကိုယ်ပိုင် စွမ်းအင်ပင်လယ်ရှိကြောင်း သိသာရာ ယခုအချိန်တွင်မူ ထိုအရာက ဗလာနတ္ထိ ဖြစ်နေသည်။
၎င်းကို သိမ်းသွင်းပြီးနောက် ရန်ချီက လက်ချောင်းကို တောက်လိုက်ရာ အသက်ဓာတ် စမ်းရေတစ်စက် ရေခဲဝိညာဉ် နတ်ဘုရားဓားအတွင်း ဝင်ရောက်သွားသည်။ ချက်ချင်းဆိုသလို ထိုဓားက စတင် တောက်ပလာကာ တစ်ချိန်တည်းမှာပင် အလွန်ပြင်းထန်သည့် အအေးဓာတ်များ ထုတ်လွှတ်လာသဖြင့် ကျွန်းပတ်လည်ရှိ ရေများ စတင်အေးခဲလာတော့သည်။ ရန်ချီက ထိုဓားကို အလုံးစုံ ထိန်းချုပ်ထားနိုင်ရာ ထိုကဲ့သို့ အေးခဲခြင်းမျိုးကိုပါ ထိန်းချုပ်နိုင်လေသည်။
သူက တုံ့ဆိုင်းမနေဘဲ ဓားဖြင့် ပင်လယ်ရေဘက်မှ လေထုထံ ဝှေ့ယမ်းလိုက်၏။
အအေးဓာတ် စွမ်းအင်လှိုင်းတစ်ခု ပေါက်ကွဲထွက်လာကာ ရေကို ရိုက်ခတ်မိပြီးနောက် ကီလိုမီတာများစွာ ရှည်လျားသည့် ရေခဲလမ်းကြောင်းတစ်ခု ဖြစ်ပေါ်စေသည်။
‘ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းအားတွေပဲ’
ရန်ချီ လက်ကို ဝှေ့ယမ်းလိုက်ရာ ရေခဲဝိညာဉ် နတ်ဘုရားဓားက လေထဲပျံသန်းသွားလျက် အအေးဓာတ် စွမ်းအင်ပြည့်ဝသည့် ရေခဲနဂါးတစ်ကောင် ဖြစ်လာသည်။
‘အံ့ဩစရာပဲ... ဒါပေမဲ့ ငါ ဒီဓားနဲ့ စကြဝဠာတစ်ခွင် နေရောင်ခြည်လွှမ်းမိုးဓား ကျင့်စဉ် အံဝင်ခွင်ကျဖြစ်အောင် သေချာလေး လေ့ကျင့်ဖို့ လိုတယ်’
ထို့နောက် သူက လက်ချောင်းများကို ဝှေ့ယမ်းလိုက်ရာ မီးနဂါးတစ်ကောင် ဖြစ်ပေါ်လာပြီး လေထဲ၌ ဝှေ့ယမ်းနေသော ရေခဲနဂါးနှင့် တွေ့ဆုံမိသည်။ သူတို့နှစ်ကောင် တစ်ကောင်နှင့်တစ်ကောင် ရစ်ပတ်ရောယှက်ကြကာ အလယ်၌ "S" ပုံစံရှိသည့် စက်ဝိုင်းတစ်ခု ဖြစ်လာ၏။ ရေခဲနှင့်မီးတို့က အတူတကွ ပြီးပြည့်စုံသည့် ထိုက်ကျိပုံစံကို ဖန်တီးခဲ့ကြခြင်းပင်။
ထို့နောက် သူက ဓားကျင့်စဉ်ကို သန့်စင်မွမ်းမံလိုက်သည်။
ရေခဲနဂါး ဝိညာဉ်နတ်ဘုရားဓားက စကြဝဠာတစ်ခွင် နေရောင်ခြည်လွှမ်းမိုးဓား ကျင့်စဉ်လောက် အစွမ်းထက်လေရာ အပြန်အလှန် မြှင့်တင်နိုင်ကြသည်။ ယင်နှင့်ယန်တို့ အတူတကွ ပေါင်းစပ်မှုကြောင့် သူ့ဓားကျင့်စဉ်က အဆက်မပြတ် တိုးတက်လာတော့သည်။
ထိုအရာနှစ်ခု ပေါင်းစပ်မှုကြောင့် သူ့အနေဖြင့် ကျောင်းတော်များအကြား သိုင်းပညာပြိုင်ပွဲကို လွှမ်းမိုးနိုင်မည်ဟု ထင်ရ၏။ အမှန်စင်စစ် သူ့အနေဖြင့် ဒဏ္ဍာရီအဆင့်အောက်မှ မည်သူ့ကိုမှ ကြောက်ရွံ့နေစရာ မလိုတော့ချေ။
ထို့ပြင် သူ့အနေဖြင့် ရေခဲဝိညာဉ်နတ်ဘုရားကိုရရှိကာ ၎င်းကို တိုးတက်မှုအတွက် အသုံးပြုကြောင်း ဖုံးကွယ်ထားစရာ မလိုတော့ပေ။
သူက ပေါင်းစပ်ခြင်းကို ပိုမို နားလည်လာရာ ထိုဓားကို ထိန်းချုပ်ဖို့က ပိုမို လွယ်ကူလာသည်။ ထိုဓားက ကိုယ်ပိုင်စိတ်ဝိညာဉ်ရှိသော်လည်း လူသားပုံစံအသွင်ယူဖို့ အဆင့်တစ်ခုကိုတော့ မရောက်ရှိသေးချေ။ ငရဲချေမှုန်း နတ်ဆင်စွမ်းအား၏ ကျေးဇူးကြောင့် သူက ထိုအရာ၏ စိတ်ဝိညာဉ်ကို ထုတ်ပယ်ကာ ကိုယ်ပိုင်စိတ်ဝိညာဉ် အစိတ်အပိုင်းအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ယခုအချိန်တွင် ထိုဓားက သူ့တစ်စိတ်တစ်ပိုင်း ဖြစ်လာရာ အအေးဓာတ် စွမ်းအင်ကို အလွယ်တကူ ထိန်းချုပ်နိုင်လေပြီ။
ထိုဓားသည် မူလ ကျောက်စိမ်းကဲ့သို့ ကျောက်တုံးတစ်ခုမှ သွန်းလုပ်ထားခြင်း ဖြစ်သော်လည်း အကြိမ်ပေါင်းများစွာ သန့်စင်ခံခဲ့ရပြီး နှစ်ပေါင်းများစွာ အအေးလှိုင်းများကို ခံစားခဲ့ရသည်။ ထိုအရာမှ အကျိုးအမြတ် မည်မျှ ရှိမည်နည်းကို ရန်ချီအနေဖြင့် တွက်ချက်ဖို့ပင် မဖြစ်နိုင်သလောက် ဖြစ်နေသည်။
ထိုအရာက ကိုယ်ပိုင်စွမ်းအား ပင်လယ်ရှိခြင်းကြောင့် သူ့နံဘေးတွင် အဆင့်ကိုး လောကအုပ်ချုပ်သူ တစ်ယောက်ကဲ့သို့ ကာကွယ်ပေးနိုင်ပေသည်။
သူက ဓားကို ဆက်လက်သန့်စင်ကာ လေ့ကျင့်နေစဉ် ဒီရေလှိုင်းများကျလာကာ နေမင်း ထွက်ပေါ်လာသည်။ ထိုအချိန်အတွင်း သူ့ဒန်တျန်အတွင်းရှိ မီးလျှံလေးက ပိုမို တောက်ပလာကာ ယခင်ထက် ဆယ်ဆခန့် ထွန်းလင်းလာတော့သည်။ ထိုအရာက မီးပွားလေးအစား ဆီမီးတစ်ခုနှင့် တူညီနေ၏။ ထို့ပြင် တောက်ပနေသော အလင်းရောင်အတွင်း မီးလျှံနန်းတော်၊ မီးလျှံစေတီများနှင့် မသေဆုံးနိုင်သည့် မီးလျှံအမျိုးမျိုးတို့ကို မြင်တွေ့နိုင်ပေသည်။
ရန်ချီ၏ ကျင့်ကြံခြင်းအဆင့်တွင် စကြဝဠာနေရောင်ခြည် လွှမ်းမိုးဓားကျင့်စဉ်ကို ထိုအထိ တွန်းပို့နိုင်သူမှာ အနည်းငယ်လောက်သာ ရှိနိုင်၏။ တစ်ယောက်မှ မရှိတာပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။
နောက်ထပ် သုံးရက်သုံးည ကုန်ဆုံးသွားပြီးနောက် ရန်ချီတစ်ယောက် ဓားကျင့်စဉ်အသစ်အပေါ် ထိန်းချုပ်နိုင်သည့်အဆင့်ကို ကျေနပ်နေမိသည်။ ထို့ပြင် သူက လောကအုပ်ချုပ်သူ အဆင့်ငါးတွင် အခြေခိုင်လာသောကြောင့် အဆင့်ခြောက်သို့ ရောက်ရှိဖို့ သိပ်လိုအပ်တော့မည် မဟုတ်ပေ။
သူ့အဓိက စွမ်းရည်ငါးခု ဖြစ်သော ငရဲနတ်ဆိုးတောင်ပံ၊ ငရဲနတ်ဆိုးလှံတံ၊ ငရဲနတ်ဆိုးချပ်ဝတ်၊ ငရဲမီးတောက်မီးပြင်းဖိုနှင့် မိစ္ဆာနတ်ဘုရားစည်းတံဆိပ်တို့က ယခင်ကထက် အသုံးပြုရ ပိုလွယ်ကူလာတော့သည်။ ထို့ပြင် မိစ္ဆာနတ်ဘုရား စည်းတံဆိပ်ကို ချက်ချင်း အသုံးပြုကာ သူ့စွမ်းအား၊ သွေးနှင့် အစစ်အမှန်စွမ်းအင် အရင်းအမြစ်များကို သေးငယ်သည့်အထိ စုပ်ယူကာ ဒန်တျန်နယ်မြေ အတွင်း မမြင်နိုင်သည့် အစိတ်အပိုင်းတစ်ခုကဲ့သို့ ထားရှိလိုက်သည်။
ထိုကဲ့သို့ ပြုလုပ်လိုက်ပါက သူ့ကို အားနည်းကာ အစွမ်းအစမရှိသော လောကအုပ်ချုပ်သူ အသစ်တစ်ယောက်အဖြစ် မြင်မိကြပေလိမ့်မည်။ ဂိုဏ်းအုပ် တိမ်တိုက်နှင့် လေပြေပင် ထိုအတုအယောင်များကို မြင်နိုင်မည် မဟုတ်ချေ။
နတ်ဘုရားအဆင့် စွမ်းအင်ပညာရပ်ကို ကျင့်ကြံပြီး လောကအုပ်ချုပ်သူ အဆင့်(၅)သို့ ရောက်ရှိလာခြင်းက သာမန်လူသားများအနေဖြင့် နားမလည်နိုင်လောက်အောင် တိုးတက်မှုမျိုး ဖြစ်သည်။ ဒဏ္ဍာရီအဆင့် အများစုက အင်ပါယာအဆင့် စွမ်းအင်ပညာရပ်များကို ကျင့်ကြံကာ အချို့သောလူများသာ သူတော်စင်အဆင့်၊ ကောင်းကင်အဆင့် ပညာရပ်များကို ကျင့်ကြံကြခြင်း ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် လက်ရှိအချိန်တွင် ချမ်းသာကြွယ်ဝတိုက်ကြီး၌ နတ်ဘုရားအဆင့် ပညာရပ်ထက် သိသိသာသာ အားနည်းသည့် ကောင်းကင်အဆင့် စွမ်းအင်ပညာရပ် တစ်ခုပင် မရှိချေ။ အင်မော်တယ်ခြေနင်း ကျောင်းတော်မှ အဓိပတိ တစ်ယောက်တွင်ပင် "အင်မော်တယ်ခြေနင်း မြင့်မြတ်သောမှော်" အမည်ရှိသည့် သူတော်စင်အဆင့် စွမ်းအင်ပညာရပ် တစ်ခုသာ ရှိပေသည်။
ရန်ချီအနေဖြင့် ထိုကျွန်း၌ စုစုပေါင်း ခြောက်ရက်ခြောက်ည အချိန်ကုန်ဆုံးခဲ့သည်။ ပထမပိုင်း တစ်ဝက်ခန့်ကို ရေခဲစိတ်ဝိညာဉ် နတ်ဘုရားဓားနှင့် တိုက်ခိုက်ရင်း ကုန်ဆုံးခဲ့ကာ ကျန်သည့်တစ်ဝက်ကတော့ ဓားစွမ်းအင် အသစ်ကို လေ့ကျင့်ခြင်းနှင့် ကျင့်ကြံခြင်းတို့ဖြင့် ကုန်ဆုံးခဲ့၏။
သို့သော် ထိုခြောက်ရက်ခြောက်ညက သူ့အတွက် နှစ်ပေါင်းခြောက်ဆယ်လောက် အကျိုးဖြစ်ထွန်းစေခဲ့သည်။ သူ့အနေဖြင့် နေနှင့်ညကိုပင် အာရုံခံနိုင်စွမ်း ပျောက်ဆုံးကာ အလုပ်ကိုသာ အာရုံစိုက်ပြီး အသက်ဓာတ်စမ်းရေဖြင့်အားဖြည့်ရင်း ဆက်တိုက်လုပ်ဆောင်ခဲ့သည်။ သူက ကမ္ဘာဦးဆင်ရိုင်း ၉၉ ကောင် အဆင့်တွင်သာ ရပ်တန့်နေသော်လည်း လက်ရှိစွမ်းအင်က သိသိသာသာ တိုးတက်လာခဲ့၏။ ကောင်းကင်နှင့် မြေပြင်မှ သက်စောင့်စွမ်းအင်များအပေါ် နားလည်မှုက မယုံကြည်နိုင်လောက်အောင် တိုးတက်လာကာ ဟင်းလင်းပြင်ထဲမှ နေမင်း၊ မီးနှင့်ရေခဲ၊ ယင်နှင့်ယန်ကဲ့သို့ ဘယ်လိုမျိုး ပြုလုပ်နိုင်ကြောင်းအပေါ် ထိုးထွင်းသိမြင်လာခဲ့သည်။
နေရောင်ခြည်ကြောင့် ရန်ချီမျက်နှာ ပူနွေးလာသောအခါ စမ်းရေဖြင့် ရေချိုးလိုက်ပြီး သန့်ရှင်းသည့် အဝတ်သစ်တစ်စုံ ပြောင်းလဲ ဝတ်ဆင်လျက် ကျောင်းသို့ပြန်ဖို့ ပြင်ဆင်လိုက်သည်။
ယခုအခါ ရေခဲဝိညာဉ် နတ်ဘုရားဓားကို စမ်းရေမှ ဖယ်ထုတ်လိုက်သဖြင့် ထိုရေများက တဖြည်းဖြည်း ခန်းခြောက်သွားပေလိမ့်မည်။ ထိုဓားသာမရှိပါက ထိုစမ်းရေက သာမန်ထက် မပိုချေ။ စမ်းရေအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များက နှစ်ပေါင်းများစွာ ကြာသည့်အခါ ပျောက်ကွယ်သွား ပေလိမ့်မည်။
‘အဲဒါ ဆိုးတာပဲ... ဒီက မက်မန်းပင်တွေ ညှိုးနွမ်းသွားမယ်နဲ့ တူတယ်’
ရန်ချီ သက်ပြင်းတစ်ချက် ချလိုက်သည်။
ရေခဲဝိညာဉ် နတ်ဘုရားဓားကဲ့သို့ အဖိုးတန်ရတနာသာမရှိပါက ထိုကျွန်း၌ အံ့ဖွယ်အရည်အသွေး အားလုံး မကြာခင် ဆုံးရှုံးသွားပေမည်။
သူထွက်သွားခါနီး၌ အဝေးမှ ထိုနေရာသို့ စွမ်းအားကြီးမားသည့် စွမ်းအင်ပညာရပ် ကျွမ်းကျင်သူတစ်ယောက်လာနေသလို ကျယ်လောင်သည့် လေတိုးသံများကို ကြားလိုက်ရသည်။ ထို့ပြင် တစ်ယောက်တည်း မဟုတ်ဘဲ အားကောင်းသော ကျင့်ကြံခြင်း အခြေခံရှိသည့် အုပ်စုတစ်စုကို မြင်တွေ့လိုက်ရ၏။
‘သူတို့က ဘယ်သူတွေလဲ... ဒီကျွန်းကို ဘာလာလုပ်ကြတာလဲ’
သူက လျင်မြန်စွာ လှုပ်ရှားလိုက်ရင်း အစစ်အမှန်စွမ်းအင် အကာအကွယ်ကို အသက်သွင်းလိုက်သည်။ ထို့နောက် ကျွန်းအနီးရှိ ရေထဲသို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်၏။ သူက ကျွန်းပေါ်မှ ကိစ္စရပ်များကို သိမြင်နိုင်ဖို့အတွက် အစစ်အမှန် စွမ်းအင်အချို့ကို ပို့လွှတ်လိုက်သည်။
လေပြင်းများ တိုက်ခတ်ခြင်းကြောင့် ကျွန်းမှ မြေများပင် တုန်ခါလာသည်။ သစ်ပင်အချို့မှ အမြစ်များ ထွက်ပေါ်လာကာ အစိမ်းရောင် အစေးများ မြေပေါ် စွန်းထင်းကုန်လေ၏။
ထို့နောက် အအေးဓာတ် စွမ်းအင်များထုတ်လွှတ်ထားသည့် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးကြီးတစ်ယောက် ဆင်းသက်လာသည်။ ထိုလူက ဖြောင့်မတ်ပုံ ပေါ်သော်လည်း ဖြောင့်မတ်ပုံမရပေ။ မကောင်းဆိုးဝါး ဆန်သော်လည်း မကောင်းဆိုးဝါး မဟုတ်ချေ။ ပို၍ ပြောရလျှင် ထိုလူက ကျွန်းအလယ်ရှိ စမ်းရေတွင်း နှုတ်ခမ်းဝ၌ ရပ်နေခြင်းဖြစ်သည်။
တစ်ခဏကြာပြီးနောက် အခြားစွမ်းအားကြီးမားသည့် သံချပ်ဝတ်လူ ခုနစ်ယောက်က သူ့နောက်မှ ဆင်းသက်လာကြသည်။ သူတို့၏ ဦးခေါင်းထက်၌ တန်ဆာဆင်ထားသည့် ငှက်မွေးများအရ အမှန်တရား အဖွဲ့အစည်းများမှ မဟုတ်ကြောင်းသိသာသည်။ သူတို့က သမုဒ္ဒရာ မျက်နှာပြင်ထက်ရှိ ထူးဆန်းသည့် နိုင်ငံများမှဖြစ်ကြောင်း ထင်ရှားလှ၏။
လူအိုကြီးက စမ်းရေတွင်းထံ လမ်းလျှောက်ကာ အထဲကို ကြည့်လိုက်ပြီးနောက် အော်ဟစ်လိုက်တော့သည်။
"ဘာလဲကွ... ငါ့ရဲ့ စိတ်ဝိညာဉ်ရေတွင်းကို တစ်ယောက်ယောက် တိုက်ခိုက်သွားတယ်... စိတ်ဝိညာဉ် စွမ်းအင်တွေကုန်ပြီ... ရေခဲဝိညာဉ်ဓားကို ယူသွားလိုက်တာလားကွ"