မိစ္ဆာသားရဲအသားရဲ့ သတင်းဟာ မကြာခင်မှာပဲ ဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။ ဂိုဏ်းသားတွေ ဒီသတင်းကို ကြားတဲ့အခါမှာတော့ အားလုံးပဲ မှင်သက်သွားကြရပါတယ်။
လူရိုင်းမျိုးနွယ်စုတွေ မွေးမြူထားတဲ့ မိစ္ဆာသားရဲတွေက ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ အာနိသင် ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
အတွင်းစည်းတပည့်တွေကတော့ ထူးချွန်တဲ့ ပါရမီရှင်တွေ ဖြစ်ကြလို့ သူတို့ရဲ့ ခန္ဓာကိုယ် တိုးတက်ဖို့အတွက် မိစ္ဆာသားရဲအသားကို မလိုအပ်ဘူး ဆိုပေမဲ့လည်း၊ လူရိုင်းမျိုးနွယ်စုက အနာဂတ် မိစ္ဆာသားရဲအသားရဲ့ ၆၀ ရာခိုင်နှုန်းကို ဂိုဏ်းကို လွှဲပြောင်းပေးမယ်ဆိုတဲ့ သတင်းကို ကြားတဲ့အခါမှာတော့ အတွင်းစည်းတပည့်တွေဟာ တစ်ယောက်ပြီး တစ်ယောက် "မဟာမိုးကောင်းကင်ဂိုဏ်းကို မိုးနတ်မင်း စောင်မ စောင့်ရှောက်ပေးတော်မူပါ။" ဆိုပြီးကြွေးကြော်ခဲ့ကြပါတယ်။
နောက်ဆုံးတော့ ဒါဟာ ဘယ်လောက်တောင် ကြီးမားတဲ့ ဝင်ငွေဖြစ်မလဲဆိုတာ လူတိုင်း မြင်ယောင်နိုင်ကြပါတယ်။ အဲဒီ ၆၀ ရာခိုင်နှုန်းကိုသာ ရောင်းချလိုက်မယ်ဆိုရင် အစ်ကိုကြီး ရှင်းဟီက လူတိုင်းရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ချက်ချင်း နှစ်ဆ ထပ်တိုးပံ့ပိုးပေးမှာ မဟုတ်လား။
ငါတို့ အတွင်းစည်းတပည့်တွေ ရရှိနေတဲ့ ခံစားခွင့်တွေက တခြားဂိုဏ်းကြီးတွေက အကြီးအကဲတွေရဲ့ ခံစားခွင့်ကိုတောင် မှီနေပြီဆိုပေမဲ့လည်း အရင်းအမြစ်တွေ ပိုရတာကို ဘယ်သူက ငြင်းမှာလဲ။
ဒါပေမဲ့ ဘယ်သူတွေ အစိတ်လှုပ်ရှားဆုံးလဲလို့ မေးရင်တော့ အပြင်စည်းတပည့်တွေပါပဲ။
အပြင်စည်းတပည့်တွေရဲ့ ပါရမီက အတွင်းစည်းတပည့်တွေကို မမှီဘဲ လိုအပ်ချက်နည်းနည်း ရှိနေတာပါ။ အခုတော့ ဒီမိစ္ဆာသားရဲ အသားရှိလာပြီဆိုတော့ အပြင်စည်းတပည့်တွေဟာ ဒီအသားကို အားကိုးပြီး သူတို့ရဲ့ ခန္ဓာကိုယ် ပါရမီကို အသစ်တစ်ဖန် ပြောင်းလဲနိုင်တော့မယ်ဆိုတာ သိသွားကြပါပြီ။ အတွင်းစည်းတပည့်တွေကို လိုက်မှီဖို့ဆိုတာ ပြဿနာ မဟုတ်တော့ပါဘူး။
အပြင်စည်းတပည့်တွေထဲမှာတော့ ချူချန်းဟာ သူ့ရဲ့ ကုတင်ပေါ်မှာ လှဲလျောင်းရင်း မိစ္ဆာသားရဲအသား သတင်းကို မထေမဲ့မြင် ပြုနေပါတယ်။
"ငါ ချူချန်းက တောင်ခြေရွာလေးရဲ့ ပါရမီအရှိဆုံး လူသားပဲ။ အဲဒီ ရှင်းဟီဆိုတဲ့ ဝက်သူခိုးတောင် ငါ့ပါရမီနဲ့ ယှဉ်ရင် ဒုတိယပဲ ရှိတယ်။ ဒါကြောင့် ငါ ချူချန်းက မိစ္ဆာသားရဲအသားကို လုံးဝ မလိုဘူး။"
"မင်းတို့အားလုံးက ရှင်းဟီ ဝက်သူခိုးကို ကျေးဇူးတင်နေကြတာလား။ ရှင်းဟီ ဝက်သူခိုး ပေးတဲ့ မိစ္ဆာသားရဲအသားနဲ့ မင်းတို့တွေ ကောင်းကင်ကို ပျံတက်နိုင်မယ် ထင်နေတာလား"
"မင်းတို့တွေ အတွေ့အကြုံ အရမ်း နုနယ်လွန်းပါသေးတယ်။ မိစ္ဆာသားရဲအသားဆိုတာ ပြင်ပ အထောက်အကူတစ်ခုပဲ။ ငါ ချူချန်းရဲ့ ပါရမီနဲ့ဆိုရင် မင်းတို့ မိစ္ဆာသားရဲအသားတွေ ဘယ်လောက်ပဲ စားစား ငါ့ကို ဘယ်လိုလုပ် မှီမှာလဲ"
"ဒီနေ့မှာ မင်းတို့ ငါ့ကို စော်ကားတယ်။ ကျိန်ဆဲတယ်၊ နာကျင်စေတယ်၊ ရိုက်နှက်တယ်၊ မုန်းတီးကြတယ်။ ဒါတွေက ငါ့အတွက် စမ်းသပ်မှုတစ်ခုပဲ။ ဒါတွေကြောင့် ငါ ချူချန်းက အလျှော့ပေးမယ် ထင်နေလား။ ဟင့်အင်း။ လုံးဝ မဖြစ်နိုင်ဘူး။ ငါ ချူချန်းက အခုဆို ဒုတိယအဆင့်ကို ရောက်နေပြီ။ ကမ္ဘာ့နတ်ဘုရားဆိုတာ ငါနဲ့ တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း၊ လေးလှမ်း... ခြေလှမ်းပေါင်းများစွာပဲ လိုတော့တာ။ လက်တစ်ကမ်းမှာ ရှိနေပြီ။ ငါ ကမ္ဘာ့နတ်ဘုရား အဆင့်ကို ရောက်တဲ့နေ့မှာ ရှင်းဟီ ဝက်သူခိုးရဲ့ သွေးကို သောက်ပြီး သူ့အသားကို စားပြီးတော့မှ ငါ့ရင်ထဲက အာဃာတတွေကို ဖြေဖျောက်မယ်။"
ကမ္ဘာ့နတ်ဘုရား ဖြစ်ဖို့ ခြေလှမ်းပေါင်းများစွာ လိုနေသေးတဲ့ ချူချန်း စကားပြောလို့လည်း ဆုံးရော၊ ဒုန်းခနဲ ဒိုင်းခနဲ အသံနဲ့အတူ မကြာသေးခင်ကမှ ပြင်ထားတဲ့ သူ့အခန်းတံခါးဟာ ကန်ဖွင့်ခံလိုက်ရပါတယ်။
ခရုကြီးလို မျက်နှာထားမျိုးနဲ့ ဂိုဏ်းတူအစ်ကိုကြီး လျှိုဘိုဟာ လူတစ်စုနဲ့အတူ အခန်းထဲကို ဝင်လာပါပြီ။
အဲဒီနောက်မှာတော့ အလွန် ချစ်ကြည်ရင်းနှီးတဲ့ မြင်ကွင်းတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ ဂိုဏ်းတူအစ်ကိုကြီး လျှိုဘိုက ဦးဆောင်ပြီး အနာဂတ် ကမ္ဘာ့နတ်ဘုရား ချူချန်းကို သူတို့ရဲ့ လက်သီးတွေနဲ့ အရိုအသေ ပေးလိုက်ကြပါတယ်။
တကယ်လို့ ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ရင်တော့ ချူချန်းဟာ ကမ္ဘာ့နတ်ဘုရား ဖြစ်ဖို့ နောက်ထပ် တစ်လှမ်း၊ နှစ်လှမ်းလောက် ပိုဝေးသွားရဦးမှာပါပဲ။
မိစ္ဆာသားရဲအသားရဲ့ သတင်းဟာ လျှို့ဝှက်ချက်အဖြစ် မရှိနိုင်တော့ပါဘူး။ မကြာခင်မှာပဲ မဟာမိုးကောင်းကင်ဂိုဏ်းကနေ သတင်းတွေ ပျံ့နှံ့သွားပြီး မဟာနေမင်း ကုန်းမြေတိုက်ကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်သွားပါတော့တယ်။
ဒီသတင်းကို ပထမဆုံး ကြားရသူတိုင်းဟာ ဒါဟာ အစစ်အမှန် ဟုတ်မဟုတ် သံသယ ဝင်နေကြပါပြီ။
မဟာမိုးကောင်းကင်ဂိုဏ်း... မင်းတို့ ဘာတွေ ပြောနေတာလဲ။ ဒါက နည်းနည်းတော့ လွန်မနေဘူးလား။
ဒါပေမဲ့ ဒီသတင်းက ချူရှင်းဟီနဲ့ ပတ်သက်နေတယ်လို့ ကြားလိုက်ရတဲ့အခါမှာတော့ သံသယတွေ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။
တခြားလူတစ်ယောက်က ဒီသတင်းကို ထုတ်ပြန်တာဆိုရင် အတုဖြစ်နိုင်ပေမဲ့၊ ဒါက ချူရှင်းဟီ ဖန်တီးလိုက်တဲ့ အရာပဲ။ ချူရှင်းဟီက ဘယ်တုန်းက အတုအယောင်တွေ လုပ်ဖူးလို့လဲ။
ဘိုးဘေးအင်မော်တယ် မြို့တော် မှာဆိုရင် အစ်ကိုကြီး ရှင်းဟီဟာ အရာရာကို လုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာ သိထားတဲ့ ကျန်းယုတောင်မှ ဒီတစ်ကြိမ် မိစ္ဆာသားရဲအသား သတင်းကြောင့် မှင်သက်သွားရပါတယ်။
ကျန်းယုရဲ့ ပါရမီအရတော့ ဒီမိစ္ဆာသားရဲအသားကို သူ့ဘဝတစ်လျှောက်လုံး သုံးစရာ မလိုတာတော့ အမှန်ပါပဲ။
ဒါပေမဲ့ ဒီမိစ္ဆာသားရဲအသားက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာ ကျန်းယု ကောင်းကောင်း သိပါတယ်။
မနှစ်က ဘိုးဘေးအင်မော်တယ် မြို့တော်က တပည့်သစ်တွေ စုဆောင်းတုန်းက ပါရမီရှင်တစ်ယောက် ပေါ်လာခဲ့ဖူးပါတယ်။ သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက ဘယ်လောက်တောင် မြင့်မားသလဲဆိုရင် ကျန်းယုတောင် မယုံနိုင်အောညင် ဖြစ်ခဲ့ရပါတယ်။
သူဟာ ဘယ်လို အခြေခံကျင့်စဉ်ကိုမဆို တစ်ကြိမ် ကြည့်လိုက်ရုံနဲ့ ချက်ချင်း နားလည်နိုင်စွမ်း ရှိပါတယ်။
ဒီလို နားလည်နိုင်စွမ်းမျိုးက တကယ့်ကို မိစ္ဆာနတ်ဆိုးတစ်ကောင်လိုပါပဲ။
ဒါပေမဲ့ ကောင်းကင်ဘုံက သူ့အတွက် ပြတင်းပေါက်တစ်ခု ဖွင့်ပေးခဲ့ပေမဲ့ တံခါးမကြီးကိုတော့ ပိတ်ထားခဲ့ပါတယ်။
သူ့မှာ အဲဒီလို ကြောက်စရာကောင်းတဲ့ နားလည်နိုင်စွမ်း ရှိပေမဲ့လည်း သူ့ရဲ့ မွေးရာပါ ခန္ဓာကိုယ် ပါရမီကတော့ ချို့ယွင်းနေခဲ့ပါတယ်။ ဘယ်လောက်ပဲ နားလည်နိုင်စွမ်း မြင့်မားပါစေ၊ လိုက်ဖက်တဲ့ ခန္ဓာကိုယ် ပါရမီ မရှိရင်တော့ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်ကို စတင်ဖို့တောင် ခက်ခဲနေမှာပါ။ အထွတ်အထိပ်ကို ရောက်ဖို့ဆိုတာတော့ ဝေးလာဝေးပါပဲ။
ဒါကြောင့် နောက်ဆုံးမှာတော့ ကျန်းယုဟာ ကံကြမ္မာရဲ့ လှောင်ပြောင်မှုကိုသာ ရင်နာနာနဲ့ ကြည့်နေခဲ့ရပါတယ်။
ပြီးတော့ မဟာနေမင်း ကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာ ဒီလိုလူတွေ ဘယ်လောက်တောင် များမလဲ။
အတိတ်တုန်းကတော့ သူတို့ဟာ လှောင်ပြောင်စရာတွေသာ ဖြစ်ခဲ့ရပါတယ်။ မင်းရဲ့ နားလည်နိုင်စွမ်း ဘယ်လောက်ပဲ မြင့်မားပါစေ၊ လိုက်ဖက်တဲ့ ခန္ဓာကိုယ် ပါရမီ မရှိရင် မင်းကို ပါရမီရှင်လို့ မခေါ်ပါဘူး၊ အမှိုက်လို့ပဲ ခေါ်ကြတာပါ။
ဒါပေမဲ့ ဒီနေ့မှာတော့ မဟာမိုးကောင်းကင်ဂိုဏ်းက မိစ္ဆာသားရဲအသားနဲ့ဆိုရင် အရာအားလုံးက ပြောင်းလဲသွားပါတော့မယ်။
စျေးနှုန်းတစ်ခု ပေးရုံနဲ့၊ အဲဒီလို နားလည်နိုင်စွမ်း မြင့်မားတဲ့ ပါရမီရှင်တွေဟာ မိစ္ဆာသားရဲအသားကို သုံးပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်တော့မှာပါ။ ဒါက ကံကြမ္မာကို ဆန့်ကျင်ပြီး ဘဝကို တိုက်ရိုက် ပြောင်းလဲလိုက်တာနဲ့ အတူတူပါပဲ။
ပြိုင်ဘက်ကင်းတဲ့ နားလည်နိုင်စွမ်းရှိတဲ့သူကသာ ခန္ဓာကိုယ် ပါရမီပါ ပြည့်စုံသွားရင်တော့ သူဟာ ပြိုင်စံရှား ပါရမီရှင်ကြီး ဖြစ်လာမှာ မဟုတ်လား။
အရင်တုန်းက အစ်ကိုကြီး ရှင်းဟီက လူရိုင်းမျိုးနွယ်စုတွေကို ခေါ်ထုတ်လာတုန်းက တစ်ကမ္ဘာလုံးက လူတွေဟာ ရှင်းဟီကို အသုံးမကျတဲ့ အလုပ်တွေ လုပ်နေတယ်ဆိုပြီး တိတ်တဆိတ် လှောင်ပြောင်ခဲ့ကြပါတယ်။
စဉ်းစားကြည့်လေ။ လူရိုင်းမျိုးနွယ်စုတွေ ဘယ်လို အခြေအနေ ရှိနေလဲဆိုတာ လူတိုင်း သိနေတာပဲ မဟုတ်လား။
သူတို့ကိုယ်တိုင်တောင် မျိုးတုန်းလုနီးပါး ဖြစ်နေတာလေ။ ဝိညာဉ်သားရဲ တွေ မရှိတော့တဲ့ လူရိုင်းမျိုးနွယ်စုက ဘာထပ်ဖြစ်လာမှာမို့လဲ။
မင်း ချူရှင်းဟီက ဒီလိုလူရိုင်းတွေကို ခေါ်ထုတ်လာပြီး ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးတာကလွဲလို့ ဘာလုပ်နိုင်မှာလဲ။
အဲဒီတုန်းက ကျန်းယုတောင်မှ အစ်ကိုကြီး ရှင်းဟီဟာ မဟာမိုးကောင်းကင်ဂိုဏ်းနဲ့ လူရိုင်းမျိုးနွယ်စုက မဟာမိတ်တွေ ဖြစ်နေတာကြောင့်ရယ်၊ ပြီးတော့ အစ်ကိုကြီး ရှင်းဟီက အလွန် သစ္စာရှိပြီး မေတ္တာကရုဏာ ကြီးမားတဲ့သူ ဖြစ်တာကြောင့်ရယ်ကြောင့်သာ ဒီလို လုပ်တာလို့ ထင်ခဲ့တာပါ။ အစ်ကိုကြီး ရှင်းဟီက သူ့ရဲ့ မဟာမိတ်တွေ လုံးဝ ပျက်စီးသွားတာကို မကြည့်ရက်လို့ ခေါ်ထုတ်လာတာလို့ပဲ တွေးခဲ့တာပါ။
ဆိတ်ကွယ်ရာမှာတော့ လူအတော်တော်များများက ချူရှင်းဟီကို အရမ်း မိုက်မဲတယ်လို့ ပြောခဲ့ကြပါတယ်။ တကယ်လို့ လူရိုင်းမျိုးနွယ်စုသာ မျိုးတုန်းသွားရင် မြေရိုင်းအရဟာ အလွန် အရသာရှိတဲ့ အသားတစ်တုံး ဖြစ်လာမှာ မဟုတ်လား။ အဲဒီအခါကျရင် လူတိုင်းက ဝိုင်းပြီး လုယူနိုင်ကြမှာပါ။
မဟာမိုးကောင်းကင်ဂိုဏ်းက အသုံးမကျတဲ့ လူရိုင်းမျိုးနွယ်စု တစ်စုအတွက်နဲ့ မြေရိုင်းအရပ်ကို စွန့်လွှတ်လိုက်တယ်ပေါ့။
ဒါက ရူးသွပ်မှု မဟုတ်ဘူးလား။
ဒါပေမဲ့ အခုအချိန်မှာတော့ ကျန်းယု တစ်ယောက် နားလည်သွားပါပြီ၊ သူ မှားခဲ့တယ်။ သူ လုံးဝ မှားသွားခဲ့တာပါ။
အစ်ကိုကြီး ရှင်းဟီဟာ တကယ်ပဲ မေတ္တာကရုဏာ ကြီးမားပြီး သစ္စာရှိတဲ့သူ ဖြစ်သလို၊ အရာရာကို အတိအကျ တွက်ချက်နိုင်တဲ့သူလည်း ဖြစ်ပါတယ်။ အစ်ကိုကြီး ရှင်းဟီက မဟာမိုးကောင်းကင်ဂိုဏ်းကို ဘယ်တော့မှ အရှုံးမခံစေပါဘူး။
အခုတော့ အမှန်တရားက သက်သေပြနေပါပြီ။ အစ်ကိုကြီး ရှင်းဟီရဲ့ နည်းလမ်းတွေက ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ။
လူတိုင်းရဲ့ အမြင်မှာ အမှိုက်လို့ သတ်မှတ်ခံထားရတဲ့ လူရိုင်းမျိုးနွယ်စုတွေဟာ အစ်ကိုကြီး ရှင်းဟီရဲ့ လက်ထဲမှာ တောက်ပလာခဲ့ပါပြီ။ မြေရိုင်းအရပ်က လူတိုင်းအတွက် ဆွဲဆောင်မှု ရှိနေတယ် ဆိုပေမဲ့လည်း၊ မိစ္ဆာသားရဲအသားတွေကို အဆက်မပြတ် ထုတ်လုပ်ပေးနိုင်တဲ့ လူရိုင်းမျိုးနွယ်စုနဲ့ ယှဉ်ရင်တော့ မြေရိုင်းအရပ်က ဘာမှ မဟုတ်တော့ပါဘူး။
လူရိုင်းမျိုးနွယ်စုက မဟာမိုးကောင်းကင်ဂိုဏ်းကို အကျိုးအမြတ်ရဲ့ ၆၀ ရာခိုင်နှုန်းတောင် ပေးလိုက်တာပါ။ ၆၀ ရာခိုင်နှုန်းတောင်နော်... အဲဒီ ၆၀ ရာခိုင်နှုန်းက အနာဂတ်မှာ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဝင်ငွေ ဖြစ်လာမလဲ။
ဒါပေမဲ့ အခုအချိန်မှာ ကျန်းယုက ဒါတွေကို စဉ်းစားမနေတော့ပါဘူး။ ကျန်းယုဟာ သူ့ရဲ့ ဆရာဖြစ်သူ ချန်ရှောင်တျန်းနဲ့အတူ မဟာမိုးကောင်းကင်ဂိုဏ်းဆီကို ချက်ချင်း အပြေးသွားပါတော့တယ်။
နောက်ဆုံးတော့ မိစ္ဆာသားရဲအသားဆိုတာ ဘယ်အဖွဲ့အစည်းအတွက်မဆို ကြီးမားတဲ့ ဆွဲဆောင်မှု ရှိနေတာလေ။
မင်းဆီမှာ မိစ္ဆာသားရဲအသား ရှိနေရင် အနာဂတ်မှာ တပည့်သစ်တွေ စုဆောင်းတဲ့အခါ သူတို့ရဲ့ ခန္ဓာကိုယ် ပါရမီကို လုံးဝ ထည့်စဉ်းစားစရာ မလိုတော့ဘဲ တခြားသော ပါရမီတွေကိုပဲ ကြည့်ရင် ရပါပြီ။
တခြားပါရမီတွေသာ လုံလောက်မယ်ဆိုရင် မင်းရဲ့ ခန္ဓာကိုယ် ပါရမီက ဘယ်လောက်ပဲ အသုံးမကျပါစေ၊ အထွတ်အထိပ်ကို ရောက်နိုင်ဦးမှာပါ။
အစ်ကိုကြီး ရှင်းဟီက တကယ့်ကို လမ်းကြောင်းသစ်ကြီးတစ်ခုကို ဖောက်လိုက်တာပဲ။
မဟာမိုးကောင်းကင်ဂိုဏ်းမှာတော့ ချူရှင်းဟီ တစ်ယောက်တည်း အခန်းထဲမှာ ထိုင်နေပါတယ်။
ဒီမိစ္ဆာသားရဲအသား ကိစ္စနဲ့ ပတ်သက်ပြီး ချူရှင်းဟီကတော့ ဒီလို ခံစားနေရပါပြီ။
"မင်းတို့တွေ အခုတော့ တကယ်ကို အကြောင်းပြချက် မရှာကြတော့ဘူးနော်"
"အရင်တုန်းက မင်းတို့ ငါ့ကို ကျောကနေ ဓားနဲ့ ထိုးတုန်းက အနည်းဆုံးတော့ အရိပ်အယောင်လေးတွေ ပြခဲ့သေးတယ်။"
"ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မင်းတို့က ငါ့မျက်နှာကို လာကန်လိုက်တာပဲ။ ဟန်တောင် မဆောင်ကြတော့ဘူးလား"
"ငါက မိစ္ဆာသားရဲ မီးပုံပွဲကို သွားတာ ဘယ်သူ့ကိုမှလည်း မနှောင့်ယှက်ဘူး။ ဘယ်သူ့ကိုမှလည်း မစော်ကားဘူးလေ၊ ပြီးတော့ အသားစားနေတုန်းမှာမှ အမှတ်မထင် မိစ္ဆာသားရဲအသားကို စားမိသွားရတယ်လို့..."
ဒါပေမဲ့ သေချာ ပြန်တွက်ကြည့်ရင်တော့ ဒါက သူ ကိုယ်တိုင် ပြဿနာ ရှာခဲ့လို့ပါပဲ။
ဘာလို့ ငါက ဝေရှင်းကို ခေါ်ပြီးမှ အတူစားဖို့ ဖိတ်ခေါ်ခဲ့ရတာလဲ။
ချူရှင်းဟီက တွေးနေမိပါတယ်။
"ငါ မှားသွားပြီ... ငါ တကယ် မှားသွားပြီ... အစကတည်းက ဝေရှင်းကို ဆုမချခဲ့သင့်ဘူး။ သူ့ကို ဟေးယွဲ့နန်းတော်ကို မပို့ခဲ့သင့်ဘူး။"
တကယ်လို့ ဝေရှင်းသာ ဟေးယွဲ့နန်းတော်ကို မရောက်ခဲ့ရင် ဒီဘဝမှာ ဘယ်သူမှ မိစ္ဆာသားရဲ အသားရဲ့ ထူးခြားတဲ့ အာနိသင်ကို သိသွားကြမှာ မဟုတ်ပါဘူး...
ဒါပေမဲ့ အခုအချိန်မှာ ချူရှင်းဟီကို အနှောင့်အယှက် အပေးဆုံးက မိစ္ဆာသားရဲအသားက ရမယ့် အမြတ်အစွန်းကြီး မဟုတ်ပါဘူး။ တပည့်တွေနဲ့ ပတ်သက်တဲ့ ပြဿနာပါ။
ငါ ချူရှင်းဟီက ရေခဲမြို့တော်က မိသားစုကြီးတွေဆီကနေ တပည့်တွေကို ဘာဖြစ်လို့ ခက်ခက်ခဲခဲ ခေါ်လာခဲ့တာလဲ။
လာမယ့်နှစ် တပည့်သစ်တွေ စုဆောင်းတဲ့အခါ သူတို့အားလုံးကို အမှိုက်လမ်းကြောင်းထဲမှာ ထားဖို့ မဟုတ်လား။
ဒါပေမဲ့ အခုတော့ ဘာအမှိုက် လမ်းကြောင်းလဲ။ သူတို့က ဘယ်လောက်ပဲ အသုံးမကျပါစေ၊ မဟာမိုးကောင်းကင်ဂိုဏ်းထဲ ရောက်လာပြီး မိစ္ဆာသားရဲအသားတွေသာ ကျွေးလိုက်ရင် သူတို့က ဘယ်လိုလုပ် အမှိုက် ဖြစ်နေမှာလဲ။
ဒါတင်မကသေးဘူး။ ဒီမိသားစုကြီးတွေက တပည့်တွေက အရင်တုန်းက အမှိုက် ဖြစ်နေခဲ့တာက သူတို့ရဲ့ ခန္ဓာကိုယ် ပါရမီ ညံ့လို့လေ၊ သူတို့ရဲ့ ဗဟုသုတတွေ ညံ့လို့ မဟုတ်ဘူး။
သူတို့က မိသားစုကြီးတွေမှာ မွေးလာတာဆိုတော့ ငယ်ငယ်ကတည်းက ကြားဖူးနားဝတွေ၊ မြင်ဖူးတာတွေ အများကြီး ရှိမှာပဲ မဟုတ်လား။
သူတို့ရဲ့ ကျင့်စဉ် ကျင့်ကြံမှုနှုန်းက နှေးနေနိုင်ပေမဲ့ သူတို့က အများကြီး သိကြတယ်။
အရင်တုန်းကတော့ ခန္ဓာကိုယ် ပါရမီ ညံ့တဲ့အတွက် သူတို့ကို စုဆောင်းရင် အမှိုက်တွေ ဖြစ်မယ်လို့ ထင်ခဲ့တာ။ အခုတော့ သူတို့မှာ ခန္ဓာကိုယ် ပါရမီပါ ရှိသွားပြီဆိုရင် သူတို့က ပါရမီရှင်တွေထဲက ပါရမီရှင်တွေ ဖြစ်ကုန်တော့မှာပေါ့။
ငါ မြေရိုင်းအရပ်ကနေ လူရိုင်းမျိုးနွယ်စုတွေကို ခေါ်ထုတ်လာတာက ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို တစ်ဝုန်းဝုန်း ဖြုန်းတီးစေချင်လို့ပါ။ အခုတော့ ဖြုန်းတီးဖို့ ဝေးစွ။ လူရိုင်းမျိုးနွယ်စုက ငါတို့ရဲ့ အနာဂတ် တပည့်တွေ အမှိုက် ဖြစ်နိုင်မယ့် ပြဿနာကိုတောင် ဖြေရှင်းပေးလိုက်ပြီ။
အရင်တုန်းက တပည့်တွေ စုဆောင်းရင် သေချာ ရွေးချယ်နေရတာလေ။ အခုတော့ ရွေးချယ်နေစရာ မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ မှားရွေးမိရင်တောင် ပြဿနာ မရှိဘူး။ ငါတို့မှာ မိစ္ဆာသားရဲအသား ရှိတယ်။ အမှားလုပ်မိရင် ပြန်ပြင်လို့ ရတယ်။
ဒါက တကယ်ကို အကြောင်းပြချက် မရှိတော့တာပဲ။
(ဒါက ငါ့အတွက် အမှိုက်တပည့်တွေ စုဆောင်းမိနိုင်တဲ့ ပြဿနာကို တခါတည်း ပြင်ပေးလိုက်တာ မဟုတ်လား။)
(အနာဂတ်မှာ ငါ့ရဲ့ မဟာမိုးကောင်းကင်ဂိုဏ်းမှာ ပါရမီရှင်တွေပဲ ရှိတော့မှာပေါ့။ သူတို့က ပါရမီရှင် မဟုတ်ရင်တောင် ငါတို့က သူတို့ကို ပါရမီရှင် ဖြစ်အောင် လုပ်ယူလို့ ရနေပြီလေ။)
တပည့်သစ် စုဆောင်းတဲ့အခါမှာ အမှားတွေ လုပ်ဖို့ဆိုတာ အနာဂတ်မှာ မေ့ထားလိုက်တော့။ ဒါက လုံးဝကို လမ်းပိတ်သွားပြီ။
(ပြီးတော့ ဆရာဘိုးဘိုးရဲ့ မျက်နှာကို ကြည့်ဦး၊ ဒီနှစ်ရက်အတွင်းမှာ ဂန္ဓမာပန်းလို ပြုံးနေပြီး ရှင်းဟီက ဂိုဏ်းအတွက် အများကြီး ကြိုးစားပေးခဲ့တာလို့ပဲ ခဏခဏ ပြောနေတယ်။)
(ဆရာဘိုးဘိုးရာ... ကျွန်တော် ဒီလောက် ဖြစ်နေတာကို ကျိန်ဆဲတာတွေ ရပ်လို့ မရဘူးလား။)
ချူရှင်းဟီ တစ်ယောက် သူ့ရဲ့ စောင်တွေ စိုရွဲသွားတဲ့အထိ ငိုကြွေးနေတုန်းမှာပဲ မဟာမိုးကောင်းကင်ဂိုဏ်းဆီကို အရပ်ရပ်က ဧည့်သည်တွေ ရောက်ရှိလာကြပါတယ်။
မိစ္ဆာသားရဲအသားအကြောင်း သိလိုက်ရတဲ့အခါမှာတော့ တစ်ကမ္ဘာလုံးက အင်အားကြီး အဖွဲ့အစည်းတွေဟာ မဟာမိုးကောင်းကင်ဂိုဏ်းဆီကို အပြေးအလွှား ရောက်လာကြတာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။
မိစ္ဆာသားရဲအသား ဝယ်ယူဖို့အတွက် မဟာမိုးကောင်းကင်ဂိုဏ်းနဲ့ ညှိနှိုင်းဖို့ပါပဲ။
ဂိုဏ်းချုပ်ကြီးကတော့ တံခါးပိတ် ကျင့်ကြံနေဆဲမို့ ဆရာဘိုးဘိုးက ရှင်းဟီကို ခေါ်ပြီး တစ်ကမ္ဘာလုံးက ဂိုဏ်းပေါင်းစုံက အစွမ်းထက် ပုဂ္ဂိုလ်ကြီးတွေကို ဧည့်ခံရပါတယ်။
အရပ်ရပ်က ဧည့်သည်တွေကို ဧည့်ခံနေရချိန်မှာ ချူရှင်းဟီရဲ့ မျက်လုံးတွေကတော့ မျက်ရည်တွေနဲ့ ပြည့်နေပါပြီ။
(မင်းတို့ လာတာတော့ လာတာပေါ့။ ဒါပေမဲ့ ဘာလို့ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းဆီကို ဘာမှ မပြောမဆိုနဲ့ လက်ဆောင်တွေ အများကြီး သယ်လာကြတာလဲ။)
(ပြီးတော့ မင်းတို့ရဲ့ လက်ဆောင်တွေကလည်း နည်းနည်းတော့ လွန်မနေဘူးလား။)
အရင်တစ်ခေါက် ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေးရဲ့ မင်္ဂလာဆောင်တုန်းက လက်ဆောင်တွေထက်တောင် ပိုတန်ဖိုးကြီးနေတယ်ဆိုတာ ဘာသဘောလဲ။
(စီးပွားရေးအကြောင်းပဲ ပြောကြရအောင်လေ၊ မင်းတို့က ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်တွေ ပေးပြီး ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းကို စော်ကားနေတာလား။)
အများကြီး စဉ်းစားပြီးတဲ့နောက်မှာတော့ ချူရှင်းဟီဟာ စျေးနှုန်းကနေ စတင်ဖို့ မတတ်သာဘဲ ဆုံးဖြတ်လိုက်ပါတယ်။
(ကြီးမားတဲ့ အမြတ်အစွန်းတွေ ရတော့မှာက ပြောင်းလဲလို့ မရတော့ဘူးဆိုရင်၊ ငါ စျေးနှုန်းကို လျှော့ချလိုက်မယ်။ စျေးနှုန်းကသာ အနိမ့်ဆုံး ဖြစ်နေမယ်ဆိုရင် ငါ့ရဲ့ မဟာမိုးကောင်းကင်ဂိုဏ်းက အမြတ်နည်းနည်းလေးပဲ ရမှာ မဟုတ်လား။)
***