မဟာမိုးကောင်းကင်ဂိုဏ်းကတော့ အကြီးအကျယ် ကံကောင်းသွားခဲ့ပါပြီ။ တစ်ကမ္ဘာလုံးကလည်း မိစ္ဆာသားရဲအသားတွေရဲ့ အကြောင်းကို သိရှိသွားခဲ့ကြပါတယ်။
ဟုတ်တာပေါ့။ ယွင်ရှောင်ဂိုဏ်းကတော့ မိစ္ဆာသားရဲအသားတွေကို မရရှိခဲ့ဘူးဆိုတာကိုလည်း တစ်ကမ္ဘာလုံးက သိနေကြတာပါ။ ဒါပေမဲ့ ဒီအချိန်မှာ ယွင်ရှောင်ဂိုဏ်း ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဘယ်သူက ဂရုစိုက်နေဦးမှာလဲ။
ချူရှင်းဟီကတော့ ဟေးယွဲ့နန်းတော်ထဲမှာ ရပ်နေရင်း၊ ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေးတစ်ယောက် မိစ္ဆာသားရဲအသားတွေကို စာရင်းတွက်ချက်ပြီး ပါးစပ်မစိနိုင်အောင် ပြုံးနေတာကို ကြည့်ရင်း ရင်ထဲမှာ သွေးထွက်မတတ် ခံစားနေရပါတယ်။
“ဝေရှင်း။ မင်း တကယ်တော်ပါတယ်။ ဟေးယွဲ့နန်းတော်မှာပဲ သေချာ တရားကျင့်ပါ။ ဒီမိစ္ဆာသားရဲအသားတွေ ရှိနေရင် မင်းရဲ့ ပါရမီပြဿနာက ပြေလည်သွားမှာပါ။ ကျင့်ကြံခြင်းမှာ ဘာပြဿနာပဲ ရှိရှိ၊ ဂိုဏ်းထဲက ဘယ်သူ့ကိုမဆို အချိန်မရွေး မေးမြန်းလို့ ရတယ်နော်”
ဖန်းဖေးက ဝေရှင်းရဲ့ ပုခုံးကို ပုတ်ရင်း ပြောလိုက်ပါတယ်။
ဒါပေမဲ့ ဝေရှင်းနဲ့ ပတ်သက်လာရင်တော့ ဂိုဏ်းတူညီလေး ရှင်းဟီရဲ့ လူကဲခတ်နိုင်စွမ်းက တကယ်ကို ပြိုင်စံရှားပဲလို့ ဖန်းဖေး တွေးမိပါတယ်။ အမှန်အတိုင်း ပြောရရင် ဝေရှင်း မဟာမိုးကောင်းကင်ဂိုဏ်းကို စဝင်တုန်းက ဖန်းဖေးအနေနဲ့ ဘာမှ ထူးခြားတယ်လို့ မခံစားခဲ့ရပါဘူး။ ဂိုဏ်းတူညီလေး ရှင်းဟီက ဝေရှင်းကို ဆုလာဘ်ပေးတဲ့ အနေနဲ့ ခေါ်လာတယ်လို့ပဲ ထင်ခဲ့တာပါ။
ဒါပေမဲ့ နောက်ပိုင်းမှာ ဝေရှင်းရဲ့ ဟေးယွဲ့နန်းတော်ထဲက စွမ်းဆောင်ရည်တွေက ဖန်းဖေးကိုတောင် တိတ်တဆိတ် ချီးကျူးမိစေခဲ့ပါတယ်။ ရှင်းဟီ ရှာဖွေတွေ့ရှိထားတဲ့ ပါရမီရှင်ဆိုတာ တကယ်ကို မမှားပါဘူး။ သူ့ရဲ့ ပါရမီကို ထားလိုက်ပါဦး။ သူ့ရဲ့ ဇွဲနပဲကတင် မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နံပါတ်တစ် စစ်သည်တော်ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်နေပါပြီ။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ဝေရှင်းက အားလုံးကို အကြီးအကျယ် အံ့အားသင့်အောင် လုပ်နိုင်ခဲ့ပါတယ်။ သူက မိစ္ဆာသားရဲအသားရဲ့ အာနိသင်တွေကိုပါ စမ်းသပ်တွေ့ရှိသွားခဲ့တာပါ။
ဒီကိစ္စက နောက်ဆုံးမှာ ဂိုဏ်းတူညီလေး ရှင်းဟီကြောင့် ဖြစ်လာခဲ့တာ မှန်ပေမယ့်လည်း၊ ဝေရှင်းသာ မရှိရင် ဒီနက်နဲမှုတွေကို ရှာဖွေတွေ့ရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဂိုဏ်းတူညီလေး ရှင်းဟီကတော့ ဘယ်တော့မှ အကြောင်းမဲ့ မလုပ်ဘူးဆိုတာ ဖန်းဖေး သိလိုက်ပါပြီ။ ရှင်းဟီရဲ့ ခြေလှမ်းတိုင်းမှာ ရည်ရွယ်ချက်တွေ ရှိနေခဲ့တာပါ။
“ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေး။ ဝေရှင်း အခုလို အတွင်းစည်းတပည့် ဖြစ်လာရတာက ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီရဲ့ မြှင့်တင်ပေးမှုကြောင့်ပါ။ ဝေရှင်းကို အခုလို အခွင့်အရေး ပေးခဲ့တဲ့အတွက် ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကို အထူးပဲ ကျေးဇူးတင်ပါတယ်”
မျက်ရည်လေးတွေ ဝဲပြီး သူ့ကို ကျေးဇူးတင်နေတဲ့ ဝေရှင်းကို ကြည့်ရင်း ချူရှင်းဟီတစ်ယောက် ကိုယ့်ကိုယ်ကိုယ်ပဲ ပါးရိုက်ချင်စိတ် ပေါက်သွားပါတယ်။
(ဝေရှင်း။ မင်း။ မင်းက ငါ့ကို ကျေးဇူးတင်နေတာလား။ မင်းမှာ အရှက်ရော ရှိရဲ့လားကွာ။ ငါ မင်းကို ဥက္ကာခဲသံတွင်းကနေ အတွင်းစည်းထဲ ခေါ်လာတာက အခွင့်အရေးရရင် ငါ့ကို ကျောကုန်းကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးဖို့ ခေါ်လာတာ မဟုတ်ဘူးလေ။ ဒီလို ရလဒ် ထွက်လာမယ်မှန်း သိရင် မင်းကို ဥက္ကာခဲသံတွင်းမှာပဲ ဆက်ထားလိုက်ပါတယ်ကွာ။)
(မင်းက စီးပွားရေး ပါရမီရှင် ဆိုပေမယ့်လည်း မင်း ဘယ်လောက်ပဲ တော်တော် ဥက္ကာခဲသံတွင်းကနေ ဆယ်ဆလောက်ပဲ အမြတ်ထွက်မှာပါ။ ဒါပေမဲ့ အခုတော့။ ဒီမိစ္ဆာသားရဲအသားတွေနဲ့ ဆိုရင်တော့ ဒါက ပိုက်ဆံကိစ္စတင် မဟုတ်တော့ဘူး။ မဟာမိုးကောင်းကင်ဂိုဏ်းကတော့ တကယ်ကြီးကို အကြီးအကျယ် ကံထူးသွားပြီလေ။)
ဒါတင်မကသေးပါဘူး။ မဟာမိုးကောင်းကင်ဂိုဏ်းတင် မကဘဲ လူရိုင်းမျိုးနွယ်စုတွေပါ ချမ်းသာသွားကြပါပြီ။ ဟို ၄၀ ရာခိုင်နှုန်း ဝေစုကို အားကိုးပြီး ဘီနီကတောင် နောင်ဆိုရင် လူရိုင်းမျိုးနွယ်စုတွေအတွက် မဟာမိုးကောင်းကင်ဂိုဏ်းဆီက အထောက်အပံ့တွေ မလိုတော့ဘူးလို့ ပြောလာပါတယ်။ ဘီနီက စာရင်းအုပ်တွေပါ ရှာထားပြီး သူတို့ လူရိုင်းမျိုးနွယ်စုတွေ အနေနဲ့ မဟာမိုးကောင်းကင်ဂိုဏ်းဆီက နှစ်ပေါင်းများစွာ အကြွေးယူထားတဲ့ သယံဇာတ အရင်းအမြစ်တွေကို တဖြည်းဖြည်း ပြန်ဆပ်သွားမယ်လို့တောင် ဆိုနေပါသေးတယ်။
မင်းတို့ရဲ့ မိစ္ဆာသားရဲတွေကို တကယ်ပဲ ကောင်းကောင်း မွေးမြူနိုင်ခဲ့ကြတာပဲ။ အိုးရန်မိသားစုကလည်း ကောင်းကောင်း စားနိုင်ကြတယ်။ မင်း ဝေရှင်းကလည်း အခွင့်အရေး ရတာနဲ့ မိစ္ဆာသားရဲအသားကို စမ်းသပ်တွေ့ရှိတယ်။ မင်းတို့တွေ ငါ ရှင်းဟီရဲ့ ခံစားချက်ကို လုံးဝ ထည့်မတွက်ကြဘူးလား။
ငါ မင်းကို ဥက္ကာခဲသံတွင်းကနေ အတွင်းစည်းထဲ ခေါ်လာတာက ငါ့ကို ကျောကုန်းကို နောက်ကွယ်က ဓားနဲ့ထိုးဖို့ ပိုလွယ်သွားအောင် လုပ်ပေးမိသလို ဖြစ်နေပြီလား။
အရင်တုန်းကဆိုရင် လူရိုင်းမျိုးနွယ်စုတွေက ဂိုဏ်းရဲ့ သယံဇာတ အရင်းအမြစ်တွေကို အကြီးအကျယ် ဖြုန်းတီးနေခဲ့တာပါ။ အခုတော့ ကောင်းကြသေးရဲ့လား။ သူတို့က ဘာမှလည်း မသုံးတော့တဲ့အပြင် ငါတို့ကိုပါ အမြတ်အစွန်းတွေ အများကြီး ရအောင် လုပ်ပေးနေကြတယ်။ ဒါက ငါ ချုရှင်းဟီအတွက် ဘယ်လောက်တောင် စိတ်ဒဏ်ရာ ရစေသလဲဆိုတာ မင်းတို့ သိကြရဲ့လား။
(ကိုယ်ပြုတဲ့ကံ ကိုယ်ထံပြန်လာတာပဲ။ ဝေရှင်းကို ခေါ်လာမိတာက ငါ့ရဲ့ အမှားပဲ။)
ဒါပေမဲ့ အခြေအနေတွေက ဒီလို ဖြစ်လာမှတော့ လူရိုင်းမျိုးနွယ်စုတွေဆီကနေ အရှုံးပေါ်အောင် လုပ်ဖို့က မဖြစ်နိုင်တော့ဘူးဆိုတာ ချူရှင်းဟီ နားလည်လိုက်ပါပြီ။ ဒါကြောင့် သူ အသေအချာ စဉ်းစားပြီးတဲ့နောက်မှာတော့ စိတ်ကြိုက်ရွေးချယ်ခွင့် သင်ရိုးညွှန်းတမ်း အစီအစဉ်ကို စောစောစီးစီး စတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမဲ့ အဲဒီ အစီအစဉ်မှာလည်း အားနည်းချက် တစ်ခု ရှိနေပါတယ်။ အမှန်တော့ ဒီအစီအစဉ်က ခြောက်မှတ်တန် ပါရမီရှင်တွေ (တစ်ဖက်သတ် ပါရမီ ထူးချွန်သူတွေ) အတွက် ရည်ရွယ်ထားတာပါ။
မင်းက မှော်ဆေးဝါးဖော်စပ်တဲ့ ပါရမီက သုည ဖြစ်နေတယ် ဟုတ်လား။
အဲဒါ ကောင်းတာပေါ့။ ကြိုးကြာဝိညာဉ်နန်းတော်က မင်းလို ပါရမီရှင်မျိုးကို လိုအပ်နေတာ။။
ဘာ။ မင်းက မှော်ရတနာ သွန်းလောင်းတဲ့ ပါရမီ မရှိဘူး ဟုတ်လား။ အဲဒါ ပိုတောင် ကောင်းသေးတယ်။ အိုးရန်မင်က ပေါက်ကွဲသံတွေကို ကြားချင်နေတာ။ မြန်မြန်။ မှော်ပန်းပဲဖိုတွေကို ပေါက်ကွဲအောင် လုပ်လိုက်စမ်းပါ။
ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ တပည့်တွေက သူတို့ရဲ့ အားသာချက်တွေကို အသုံးချပြီး အားနည်းချက်တွေကို ဖုံးကွယ်ရမယ်။ မဟုတ်ဘူး။ အားသာချက်တွေကို ဖျောက်ဖျက်ပြီး အားနည်းချက်တွေကိုပဲ ရှေ့တန်းတင်ရမယ်။
ဒါက တကယ့်ကို ပြည့်စုံတဲ့ စိတ်ကြိုက်ရွေးချယ်ခွင့် သင်ရိုးပဲ။
ဒါပေမဲ့ အခုလောလောဆယ်မှာ ခြောက်မှတ်တန် ပါရမီရှင်တွေက ဂိုဏ်းထဲကို အချိန်တိုအတွင်း ဝင်မလာနိုင်သေးတာကြောင့် လက်ရှိရှိနေတဲ့ တပည့်တွေကြားမှာပဲ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရပါတော့မယ်။
ဒါပေမဲ့ ဒီညီ၊ ညီမတွေရဲ့ ပါရမီတွေက တကယ်ကို ကြောက်စရာကောင်းလောက်အောင် ထူးချွန်နေကြတာပါ။ သူတို့တွေက ဒုတိယအဆင့် စစ်ဆေးမှုမှာ ရုပ်ပိုင်းဆိုင်ရာရော ဝိညာဉ်ပိုင်းဆိုင်ရာမှာပါ အမှတ်ပြည့်နီးပါး ရထားကြတဲ့ သူတွေလေ။
မိုးကြိုးနန်းတော်က မိုးကြိုးပစ်နိုင်တဲ့ တပည့်တွေကို ဆေးဖော်ခိုင်းမယ်ဆိုရင် သူတို့က ကြိုးကြာဝိညာဉ်နန်းတော်က တပည့်တွေလောက် မတော်ရင်တောင်မှ တခြားသော ပါရမီရှင် မှော်ဆေးဝါးပညာရှင်တွေထက်တော့ တော်နေဦးမှာပါပဲ။
အကယ်၍ သူတို့သာ ဆက်ပြီး လေ့ကျင့်နေကြမယ်ဆိုရင် နေရာတိုင်းမှာ အောင်မြင်မှုတွေ ရလာဦးမှာ မဟုတ်ဘူးလား။ သယံဇာတ အရင်းအမြစ်တွေတော့ ကုန်မှာပါ။ ဒါပေမဲ့ နောက်ဆက်တွဲ ရလဒ်တွေက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။
အဲဒါကို ငါခံနိုင်ပါ့မလား။
ဒါကြောင့် ချူရှင်းဟီ အသေအချာ စဉ်းစားပြီးတဲ့နောက်မှာတော့ ဒီအစီအစဉ်မှာ အာမခံချက်တစ်ခု ထည့်ထားမှ ဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
အားလုံးကို အနာဂတ် လုံးဝမရှိမယ့် စိတ်ကြိုက်သင်ရိုးကိုပဲ ရွေးခိုင်းရမယ်။ ဒီသင်ရိုးက အချက်နှစ်ချက်နဲ့ ပြည့်စုံရမယ်။
ပထမအချက် အနေနဲ့ သယံဇာတ အရင်းအမြစ် အများကြီး ကုန်ရမယ်။ ဒုတိယအချက် အနေနဲ့ လုံးဝ အသုံးမကျရဘူး။
ဒါပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်းမှာ နန်းတော်တွေ အများကြီး ရှိနေပေမယ့် လုံးဝ အသုံးမကျတဲ့အရာကို ရှာဖို့ကတော့ မလွယ်ပါဘူး။ ဒါကြောင့် လွန်ခဲ့တဲ့ ရက်ပိုင်းတွေမှာ ချူရှင်းဟီ တစ်ယောက် နန်းတော်တွေအနှံ့ လိုက်ပတ်ကြည့်နေခဲ့ပါတယ်။
“ဂိုဏ်းတူညီလေး။ ငါတို့ ဟန်ဘင်နန်းတော်မှာ လုံးဝ အသုံးမကျတဲ့ အမှိုက်လို အရာမျိုး မရှိဘူးလား။ ဘာ။ လုံးဝ မရှိဘူး ဟုတ်လား။ ဒါဆို ဘာစောင့်နေတာလဲ။ မြန်မြန် သုတေသန လုပ်စမ်း။”
“ဂိုဏ်းတူအစ်မတော်။ ငါတို့ ချိန်းချန်နန်းတော်မှာ သယံဇာတ အရင်းအမြစ်တွေ အများကြီး ကုန်ပြီး အသုံးမကျတဲ့ အရည်အချင်းမျိုး မရှိဘူးလား။ ဘာ။ ဆေးစမ်းသပ်တာလား။ အစ်မတော် နန်ကုန်းယန်။ စိတ်ကောင်းလေး ထားပါဦး။ အစ်မ ပြောတဲ့ အကုန်အကျက ကျွန်တော် ပြောတဲ့ အကုန်အကျနဲ့ မတူဘူးလေ။ အစ်မက လူ့အသက်တွေကို ဖြုန်းတီးဖို့ ကြိုးစားနေတာ မဟုတ်လား။”
“ဂိုဏ်းတူညီလေး။ မိုးကြိုးနန်းတော်မှာ အသုံးမကျတာ ဘာရှိလဲ။ ဘာ။ မိုးကြိုး တိုက်ပွဲ အက (မိုးကြိုးစစ်သည်တော် ကခုန်မှု) လား။ မလိုဘူး။ မလိုဘူး။ ငါ မင်းတို့ မိုးကြိုးတိုက်ပွဲ အက ကတာကို မကြည့်ချင်ဘူး။ နောက်ပြီး။ ငါတို့ မိုးကြိုးနန်းတော်မှာ ကနိုင်တဲ့ ဂိုဏ်းတူညီမလေးတွေရော မရှိဘူးလား။ ဘာလို ယောက်ျားတွေပဲ အပေါ်ပိုင်းဗလာနဲ့ ကကြတာလဲ။”
(စာကြွင်း - မိုးကြိုးစစ်သည်တော် ကခုန်မှုကို မိုးကြိုးတိုက်ပွဲအက အဖြစ် ပြောင်းလဲ အသုံးပြုထားပါတယ်။ )
လိုက်မေးကြည့်တော့ အသုံးမကျဆုံးအရာက မိုးကြိုးနန်းတော်ရဲ့ မိုးကြိုးတိုက်ပွဲအက ဖြစ်နေပါတယ်။ ဒါပေမဲ့ ပြဿနာက မိုးကြိုးတိုက်ပွဲအကက အသုံးမကျပေမယ့် သယံဇာတ အရင်းအမြစ်တွေတော့ မကုန်ပါဘူး။ တစ်ဂိုဏ်းလုံးကလူတွေကို အဲဒါ ကခိုင်းရင်တောင် ဘာမှ ကုန်သွားမှာ မဟုတ်ပါဘူး။
နောက်ဆုံးမှာတော့ ချူရှင်းဟီတစ်ယောက် ဟေးယွဲ့နန်းတော်ကို ရောက်လာခဲ့ပြီး ဝင်ဝင်ချင်းမှာပဲ သက်ပြင်းချနေတဲ့ ဆရာဘိုးဘိုးနဲ့ တိုးပါတော့တယ်။
“ ဆရာဘိုးဘိုးကို ဂါရဝပြုပါတယ်” ချူရှင်းဟီက ချက်ချင်းပဲ ဦးညွှတ်လိုက်ပါတယ်။
ရှင်းဟီကို မြင်လိုက်ရတာနဲ့ ဆရာဘိုးဘိုးရဲ့ မပျော်မရွှင်ဖြစ်နေတဲ့ မျက်နှာက ချက်ချင်းပဲ ပြုံးရွှင်သွားပါတော့တယ်။
“ဆရာဘိုးဘိုး။ ဘာပြဿနာများ တက်နေလို့လဲဟင်”
“ဘာမှ မဟုတ်ပါဘူးကွယ်။ ဟို မိစ္ဆာသားရဲအသား ကိစ္စပါပဲ”
ဆရာဘိုးဘိုးက လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြပါတယ်။ မိစ္ဆာသားရဲအသားက တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့ပြီး ကမ္ဘာကြီးရဲ့ ဖွဲ့စည်းပုံကိုပါ ပြောင်းလဲပစ်နိုင်တဲ့ နတ်ဘုရားအဆင့် ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဂိုဏ်းအသီးသီးက တပည့်တွေကို လေ့ကျင့်ပေးဖို့အတွက် မဟာမိုးကောင်းကင်ဂိုဏ်းဆီကနေ ဈေးကြီးပေးပြီး မိစ္ဆာသားရဲအသားတွေကို ဝယ်ယူနေကြတယ်ဆိုတဲ့ သတင်းက တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားခဲ့ပါပြီ။ ဒါပေမဲ့ ဆရာဘိုးဘိုး သိထားတာကတော့ အသားရဲ့ လိုအပ်ချက်က အဲဒါထက် အများကြီး ပိုတယ်ဆိုတာပါပဲ။
ဒီကမ္ဘာပေါ်မှာ အိမ်မက်တွေ ရှိပေမယ့် မကျင့်ကြံနိုင်တဲ့လူတွေ ဘယ်လောက်တောင် များမလဲ။ မိစ္ဆာသားရဲအသားက သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မယ့် နတ်ဘုရားပေးတဲ့ လက်ဆောင်ပဲလေ။
ဒါပေမဲ့ အခုလောလောဆယ်မှာ လူရိုင်းမျိုးနွယ်စုတွေ မွေးမြူထားတဲ့ မိစ္ဆာသားရဲ အရေအတွက်က အရမ်းနည်းလွန်းနေပြီး ဂိုဏ်းကြီးတွေကိုတောင် မလောက်မင ဖြစ်နေပါတယ်။ ဂိုဏ်းအသေးလေးတွေဆိုရင်တော့ ရဖို့တောင် အခွင့်အရေး မရှိပါဘူး။
လွန်ခဲ့တဲ့ ရက်ပိုင်းတွေမှာ မဟာမိုးကောင်းကင်ဂိုဏ်းကို လူပေါင်းများစွာ ရောက်လာပြီး မိစ္ဆာသားရဲအသား အနည်းငယ်လောက်ပဲဖြစ်ဖြစ် ဝယ်ယူခွင့်ပေးဖို့ ဆရာဘိုးဘိုးကို တောင်းပန်နေကြပါတယ်။ ဂိုဏ်းငယ်လေးတွေတင်မကဘဲ မိသားစုကြီးတွေကလည်း လူလွှတ်ပြီး စုံစမ်းနေကြသလို သာမန်လူတွေကလည်း မဟာမိုးကောင်းကင်ဂိုဏ်း အနေနဲ့ ရှင်းဟီတံဆိပ် ဆေးဝါးမျိုးစုံလိုမျိုး အားလုံး ဝယ်နိုင်အောင် မိစ္ဆာသားရဲတွေကို ပိုပြီး မွေးမြူပေးဖို့ မျှော်လင့်နေကြပါတယ်။
ဆရာဘိုးဘိုး ဒီကိစ္စအတွက် ဟေးယွဲ့နန်းတော်ကို ရောက်လာတာပါ။ ဒါပေမဲ့ ဘီနီကလည်း ရှင်းရှင်းပဲ ပြောပါတယ်။ လူရိုင်းမျိုးနွယ်စုတွေက ပိုပြီး မွေးမြူချင်တာ မှန်ပေမယ့် မိစ္ဆာသားရဲတွေက ထိန်းချုပ်ရခက်ပြီး မွေးမြူဖို့ ခက်ခဲပါတယ်။ လူရိုင်းမျိုးနွယ်စုတွေက အခုဆိုရင် အစွမ်းကုန် ကြိုးစားနေကြပါပြီ။
ဒါပေမဲ့ တစ်ကမ္ဘာလုံး သုံးနိုင်လောက်အောင် မွေးမြူဖို့ဆိုရင်တော့ မိစ္ဆာသားရဲတွေက သိုးသူငယ်လေးတွေလို နာခံမှုရှိပြီး လှောင်အိမ်ထဲမှာ မွေးမြူလို့ ရမှသာ ဖြစ်နိုင်မှာပါ။ မဟုတ်ရင်တော့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မိစ္ဆာသားရဲတွေက ဝက်၊ နွား၊ သိုးတွေလို မဟုတ်ဘဲ သူတို့ရဲ့ သဘာဝက ရိုင်းစိုင်းကြပါတယ်။ သူတို့ကို အတူတူ ထားလိုက်ရင် အချင်းချင်း သတ်ဖြတ်ကြမှာဖြစ်ပြီး တစ်ညတည်းနဲ့ အကုန်သေသွားနိုင်ပါတယ်။ ဒါကြောင့် သူတို့ကို သီးသန့်စီပဲ မွေးလို့ ရပါတယ်။ အကြီးအကျယ် မွေးမြူဖို့ကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။
ဆရာဘိုးဘိုးက ဘီနီကို အကြံတစ်ခု ပေးခဲ့ပါတယ်။ မဟာမိုးကောင်းကင်ဂိုဏ်းက တပည့်တွေလည်း အရိုင်းအစိုင်းတွေရဲ့ နည်းလမ်းအတိုင်း မိစ္ဆာသားရဲ မွေးမြူနည်းကို လေ့လာပြီး ပိုပြီး မွေးမြူနိုင်မလားဆိုတာ စမ်းကြည့်ဖို့ပါ။
ဘီနီကလည်း ဆရာဘိုးဘိုးရဲ့ အကြံကို သဘောတူပြီး စမ်းသပ်ကြည့်ခဲ့ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ မိစ္ဆာသားရဲ မွေးမြူတဲ့နေရာမှာ လူရိုင်းမျိုးနွယ်စုတွေကသာ တကယ့် ပညာရှင်တွေ ဖြစ်နေပါတယ်။ ဘီနီ ရွေးချယ်ပေးထားတဲ့ သားရဲထိန်းကျောင်းတဲ့ ပါရမီရှိတဲ့ တပည့်အနည်းငယ် မွေးမြူထားတဲ့ မိစ္ဆာသားရဲတွေက ပုံမှန်အတိုင်း ဖြစ်နေပေမယ့်လည်း။
သယံဇာတ အရင်းအမြစ်တွေ အများကြီး ကုန်ပေမယ့် အသား အကျိုးသက်ရောက်မှု လုံးဝ မရှိပါဘူး။
ဆရာဘိုးဘိုးလည်း စိတ်ပျက်လက်ပျက်နဲ့ လက်လျှော့လိုက်ရပါတော့တယ်။ အိုးရန်မိသားစုကတော့ သူတို့ ပိုလုပ်နိုင်တယ်ဆိုပြီး ဝမ်းသာအားရ ပြောကြပေမယ့်လည်း ဆရာဘိုးဘိုးကတော့ ဒီအကြံကို ခဏ ရပ်ထားလိုက်ပါတယ်။
ဆရာဘိုးဘိုးက သူ စိတ်လောသွားမိကြောင်းနဲ့ လူရိုင်းမျိုးနွယ်စုတွေကို အချိန်ပေးရမှာဖြစ်ကြောင်း၊ နောက်ထပ် နှစ်ပေါင်း တစ်ရာလောက်ကြာပြီး လူရိုင်းမျိုးနွယ်စုတွေ အင်အားကြီးလာမှ လူအင်အား ပိုသုံးပြီး မွေးမြူနိုင်လိမ့်မယ်လို့ ပြောနေချိန်မှာတော့။ ချူရှင်းဟီ ဝမ်းသာအားရ ဖြစ်သွားပြီး မျက်ရည်တွေတောင် ဝဲတက်လာခဲ့ပါပြီ။
ကျေးဇူးတင်ပါတယ် ဆရာဘိုးဘိုး။ ကျွန်တော့်ကို ကူညီလိုက်တာပဲ။
လွန်ခဲ့တဲ့ ရက်ပိုင်းတွေမှာ ကျွန်တော် ရှင်းဟီတစ်ယောက် ဂိုဏ်းတူ အစ်ကို၊ အစ်မ၊ ညီ၊ ညီမတွေ အားလုံးအတွက် အသုံးမကျတဲ့ စိတ်ကြိုက်သင်ရိုးကို ရှာဖို့ ခေါင်းခြောက်နေခဲ့ရတာပါ။
အဖြေမှန်က ဒီဟေးယွဲ့နန်းတော်မှာ ရှိနေမယ်လို့ ကျွန်တော် မမျှော်လင့်ထားခဲ့ဘူး။
ဒီမိစ္ဆာသားရဲ မွေးမြူတဲ့ သင်ရိုးထက် သယံဇာတ အရင်းအမြစ်တွေ ပိုကုန်တာ ဘာရှိဦးမှာလဲ။ အဓိက အချက်က ဒီသင်ရိုးက လုံးဝကို အသုံးမကျတာပဲ။
ဆရာဘိုးဘိုး ပြောလိုက်တယ် မဟုတ်လား။ လူရိုင်းမျိုးနွယ်စုတွေ မဟုတ်ရင် တခြားလူတွေ မွေးမြူတဲ့ မိစ္ဆာသားရဲတွေက အသုံးမကျဘူး၊ အသား ဖြစ်မလာဘူးတဲ့လေ။
အရင်တုန်းကတော့ အားလုံးကို အရိုင်းအစိုင်းတွေနဲ့အတူ မွေးခိုင်းရမလားလို့ စဉ်းစားခဲ့သေးတယ်။ ဒါပေမဲ့ အဲဒီ အကြံကို ချက်ချင်းပဲ ဖျောက်ပစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တကယ်လို့ အောင်မြင်သွားရင် မိစ္ဆာသားရဲတွေ အများကြီး ထွက်လာပြီး အမြတ်တွေ အများကြီး ရသွားမှာ မဟုတ်လား။
ဒါပေမဲ့ အခုတော့။ ဆရာဘိုးဘိုးက ကျွန်တော့်အတွက် လမ်းဖောက်ပေးလိုက်ပါပြီ။ လူရိုင်းမျိုးနွယ်စုတွေ မဟုတ်ရင် ကျွန်တော်တို့ မွေးမြူတဲ့ မိစ္ဆာသားရဲတွေက အသုံးမကျဘူး၊ အဆင့်တက်တဲ့ အသားတုံး အဖြစ် သုံးလို့ မရဘူးပေါ့။
ဒါဆိုရင် သယံဇာတ အရင်းအမြစ်တွေပဲ ကုန်ပြီး ဘာမှ ထွက်လာမှာ မဟုတ်ဘူးလေ။ ဟုတ်တယ်မလား။
ဒီလောက် ကောင်းတဲ့ကိစ္စကို မီးအိမ်ထွန်းပြီး လိုက်ရှာရင်တောင် တွေ့မှာ မဟုတ်ဘူး။
မိစ္ဆာသားရဲ မွေးမြူရမယ်။ အသေအချာ မွေးမြူရမယ်။ ဒီနေ့ကစပြီး တစ်ဂိုဏ်းလုံးကလူတွေရဲ့ စိတ်ကြိုက်ရွေးချယ်ခွင့် သင်ရိုးက မိစ္ဆာသားရဲ မွေးမြူခြင်း ဖြစ်စေရမယ်။
ဆရာဘိုးဘိုးကတောင် ကြိုပြီး စမ်းသပ်ပေးထားမှတော့ ငါ ချူရှင်းဟီ ဘယ်လိုလုပ် ရှုံးနိမ့်နိုင်ပါဦးမလဲ။
***