ချူရှင်းဟီကတော့ ဆရာဘိုးဘိုးကို မျက်ရည်အဝဲသားနဲ့ ကြည့်နေမိပါတယ်။ သူ ရက်ပေါင်းများစွာ အဖြေရှာမရဘဲ ခေါင်းခြောက်နေခဲ့ရတဲ့ ကိစ္စက နောက်ဆုံးတော့ ဆရာဘိုးဘိုးရဲ့ အကူအညီနဲ့ ပြေလည်သွားခဲ့ပြီလေ။
ဒါကြောင့် ချူရှင်းဟီက ဂိုဏ်းတစ်ခုလုံးအတွက် စိတ်ကြိုက်ရွေးချယ်ခွင့် သင်ရိုးညွှန်းတမ်း အစီအစဉ်ကို ချက်ချင်းပဲ တင်ပြလိုက်ပါတယ်။ ဒါပေမဲ့ ချူရှင်းဟီရဲ့ စကားကို ကြားပြီးနောက် ဆရာဘိုးဘိုးမှာ အံ့အားသင့်သွားရပါပြီ။
(ဒါက ဘာကြီးလဲ။ ရှင်းဟီလေး။ ဂိုဏ်းသားတွေကို စိတ်ကြိုက်ဘာသာရပ်တွေ သင်ခိုင်းတာကို ငါ မကန့်ကွက်ပါဘူး။ အပိုပညာတစ်ခု တတ်ထားတာက မဆိုးဘူး မဟုတ်လား။ ဒါပေမဲ့။ ရှင်းဟီလေး။ ဂိုဏ်းသားအားလုံးကို မိစ္ဆာသားရဲ မွေးမြူခိုင်းတာကတော့ နည်းနည်းတော့ လွန်မနေဘူးလား။)
(ငါ အခုနက ပြောတာကို မင်း နားမလည်တာလား။)
ဒါကြောင့် ဆရာဘိုးဘိုးက ချူရှင်းဟီကို အမြန်ပဲ သတိပေးလိုက်ပါတယ်။ တပည့်တွေကို စမ်းသပ်ခိုင်းကြည့်ပြီးပြီဖြစ်ကြောင်း၊ သူတို့မွေးတဲ့ သားရဲတွေက အဆင့်တက်နိုင်တဲ့အသားလုံး၀ ဖြစ်မလာတဲ့အတွက် အသုံးမကျကြောင်း ထပ်ပြောပြပါတယ်။
ဒါပေမဲ့ ဆရာဘိုးဘိုးကတော့ ဘာမှမပြောတာ ပိုကောင်းမယ်ဆိုတာ နောက်ကျမှ သိလိုက်ရပါပြီ။ ဘာလို့လဲဆိုတော့ သူပြောလိုက်လေလေ ချူရှင်းဟီက ပိုပြီး စိတ်လှုပ်ရှားလာလေလေ ဖြစ်နေလို့ပါပဲ။
“ဆရာဘိုးဘိုး။ အောင်မြင်မှုဆိုတာ တစ်ညတည်းနဲ့ ရတာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ အောင်မြင်မှုတိုင်းက မရေမတွက်နိုင်တဲ့ ကျရှုံးမှုတွေပေါ်မှာ တည်ဆောက်ထားတာပါ။ မိစ္ဆာသားရဲအသားက အရမ်းအရေးကြီးတာကြောင့် ကျရှုံးမှု တစ်ခုနှစ်ခုလောက်နဲ့ လက်လျှော့လိုက်လို့ ဖြစ်မလား”
“ဒီနေ့ မဟာမိုးကောင်းကင်ဂိုဏ်း ရရှိထားတဲ့ အောင်မြင်မှုတွေက ရှေးဦးလူကြီးတွေ ကျရှုံးမှုတွေကြားကနေ တဖြည်းဖြည်း ရှာဖွေဖော်ထုတ်ခဲ့လို့ ရလာတာပါ။ ဒီနေ့ မိစ္ဆာသားရဲ မွေးမြူတာ ရှုံးသွားပေမယ့် နောင်မှာလည်း ရှုံးမယ်လို့ မဆိုလိုပါဘူး။ ဒါကြောင့် ကျွန်တော့်အမြင်ကတော့ အခက်အခဲကို ထိပ်တိုက်ရင်ဆိုင်ရပါမယ်။”
ချူရှင်းဟီရဲ့ 'အခက်အခဲကို ထိပ်တိုက်ရင်ဆိုင်မယ်' ဆိုတဲ့ အမြင်ကို ကြားတော့ ဆရာဘိုးဘိုး တွေးမိတာက။
(ဒါကိုပြောတာ တခြားလူဆိုရင် ပါးရိုက်လွှတ်လိုက်တာ ကြာလှပြီ) ဆိုတာပါပဲ။
ဒါပေမဲ့ ချူရှင်းဟီ ပြောတာကလည်း မမှားပါဘူး။
ဒါပေမဲ့ ဆရာဘိုးဘိုးက အသေအချာ စဉ်းစားပြီးတဲ့နောက် ဘီနီရဲ့ သဘောထားကို သွားမေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဘီနီက လူရိုင်းမျိုးနွယ်စုရဲ့ အရှင်သခင်ဖြစ်သလို ဒီပညာမှာလည်း တကယ့် ပညာရှင် မဟုတ်လား။
မကြာခင်မှာပဲ ဆရာဘိုးဘိုးက ချူရှင်းဟီကိုခေါ်ပြီး မိစ္ဆာသားရဲတစ်ကောင်နဲ့ ဆော့ကစားနေတဲ့ ဘီနီဆီ ရောက်လာပါတယ်။ ဆရာဘိုးဘိုးက အချိန်မဆွဲဘဲ ဘီနီကို တိုက်ရိုက်မေးလိုက်ပါတယ်။ မိစ္ဆာသားရဲတွေက လူရိုင်းမျိုးနွယ်စုဝင်တွေ မွေးမှပဲ အဆင့်တက်နိုင်တဲ့ အသား ဖြစ်နိုင်တာလားဆိုတာပါ။
“ဆရာဘိုးဘိုးတို့ မသိတာက ကျွန်မတို့ လူရိုင်းမျိုးနွယ်စုရဲ့ တန်ခိုးကျင့်စဉ် စနစ်က ဆရာဘိုးဘိုးတို့နဲ့ မတူဘူးလေ။ ဒါကြောင့် ကျွန်မတို့ မိစ္ဆာသားရဲတွေကို မွေးမြူတဲ့အခါ ကျွန်မတို့ရဲ့ ထူးခြားတဲ့ စွမ်းအင်က မိစ္ဆာသားရဲတွေထဲမှာ အပြောင်းအလဲတွေ ဖြစ်စေပြီး အဆင့်တက်နိုင်တဲ့အသားကို ဖြစ်လာစေတာပါ။ မဟာမိုးကောင်းကင်ဂိုဏ်းက တပည့်တွေ အနေနဲ့ အောင်မြင်ဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်ပါဘူး”
ဘီနီရဲ့ ပြတ်သားတဲ့ အဖြေကို ကြားပြီးနောက် ဆရာဘိုးဘိုးကတော့ စိတ်ပျက်သွားပေမယ့် ချူရှင်းဟီကတော့ စိတ်လှုပ်ရှားမှုတွေ အပြည့် ဖြစ်နေပါတယ်။
(ဘာလဲ။ ရှင်းဟီလေး။ မင်း နားမလည်သေးဘူးလား။ ဘီနီက သူတို့ကလွဲရင် ဘယ်သူမှ မအောင်မြင်နိုင်ဘူးလို့ ပြောနေတာလေ။ ဒါကို မင်းက ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေရတာလဲ။)
ဆရာဘိုးဘိုးရဲ့ ဇဝေဇဝါဖြစ်နေမှုကို ချူရှင်းဟီက ပြန်ပြောလိုက်ပါတယ်။
“ဆရာဘိုးဘိုးကလည်း။ ဝေခွဲမရဖြစ်နေပြီလား။ မိစ္ဆာသားရဲ မွေးမြူခြင်းရဲ့ အခြေခံက ဘာလဲ။ မွေးမြူခြင်းပဲ မဟုတ်လား။ အောင်မြင်တာ မအောင်မြင်တာက အရေးမကြီးပါဘူး။ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က မိစ္ဆာသားရဲတွေကို မွေးမြူဖို့ပဲလေ။”
“စဉ်းစားကြည့်ပါဦး။ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ မှတ်တမ်းတွေအရ နှစ်ပေါင်းများစွာအတွင်း မိစ္ဆာသားရဲတွေရဲ့ ပါးစပ်ထဲမှာ တပည့်တွေ ဘယ်လောက်တောင် သေခဲ့ရလဲ။ ဒါက ဘာကြောင့်လဲ။ ကျွန်တော်တို့ တပည့်တွေက မိစ္ဆာသားရဲတွေအကြောင်း နားမလည်လို့ မဟုတ်ဘူးလား”
“အခုတော့ မိစ္ဆာသားရဲတွေကို အနီးကပ် နားလည်ဖို့၊ မွေးမြူဖို့ အခွင့်အရေး ရနေပြီလေ။ ဒါက ဂိုဏ်းတော်ကတပည့်တွေအတွက် အခွင့်အရေးကြီး တစ်ခု မဟုတ်ဘူးလား။ ဒီလို အခွင့်အရေးကောင်းကို ကျွန်တော်တို့ လက်လွတ်မခံသင့်ဘူး မဟုတ်လား”
ချူရှင်းဟီရဲ့ စကားကြောင့် ဆရာဘိုးဘိုး အတော်ကြာ ကြောင်အသွားပေမယ့် အသေအချာ ပြန်စဉ်းစားကြည့်တော့လည်း ဟုတ်သလိုလို ရှိနေပါတယ်။ ဂိုဏ်းသားတွေက အပြင်ထွက် လေ့ကျင့်တဲ့အခါ မိစ္ဆာသားရဲတွေနဲ့ ကြုံရလေ့ရှိပြီး နှစ်တိုင်းလည်း ထိခိုက်ဒဏ်ရာ ရသူတွေ ရှိနေတာပါ။ ချူရှင်းဟီ ပြောသလိုပဲ သူတို့က မိစ္ဆာသားရဲတွေအကြောင်း သိပ်မသိကြလို့ပါပဲ။
အခုတော့ ဘေးကင်းကင်းနဲ့ မိစ္ဆာသားရဲတွေကို မွေးမြူရင်း လေ့လာခွင့်ရမှာဆိုတော့ ဒါက တကယ့်ကို ကောင်းတဲ့အရာပါ။ မိစ္ဆာသားရဲ မွေးမြူတာက ဂိုဏ်းရဲ့ သယံဇာတ အရင်းအမြစ်တွေ အများကြီး ကုန်မှာ မှန်ပေမယ့် အခု မဟာမိုးကောင်းကင်ဂိုဏ်းက ဘယ်လောက်တောင် ချမ်းသာနေပြီလဲ။ ဒီလောက် ပိုက်ဆံလေးကိုတော့ နှမြောနေစရာ မလိုဘူး မဟုတ်လား။
ဒါ့အပြင် ချူရှင်းဟီရဲ့ စိတ်ကြိုက်သင်ရိုး အစီအစဉ်က ကြည့်ရတာ အပေါ်ယံ မြင်ရတာထက် ပိုပြီး နက်နဲတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှာ အသေအချာပါပဲ။
မကြာခင်မှာပဲ ဆရာဘိုးဘိုးက ဂိုဏ်းချုပ်ကြီးကို အသိပေးလိုက်ပြီး၊ ဂိုဏ်းချုပ်ကြီးကလည်း ဂိုဏ်းအစည်းအဝေးကို ချက်ချင်း ခေါ်ယူလိုက်ပါတယ်။ နန်းတော်အသီးသီးက နန်းတော်ရှင်တွေလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြပါပြီ။ ချူရှင်းဟီရဲ့ သင်ရိုးအစီအစဉ်ကို ဂိုဏ်းချုပ်ကြီးက အရင်ဆုံး ထောက်ခံလိုက်တဲ့အတွက် နန်းတော်ရှင်တွေကလည်း အားလုံး သဘောတူညီခဲ့ကြပါတယ်။
ဒါပေမဲ့ အစီအစဉ် မစတင်ခင်မှာ ချူရှင်းဟီက ဟေးယွဲ့နန်းတော်က ဘီနီဆီကို ကိုယ်တိုင် သွားမေးပါသေးတယ်။ မဟာမိုးကောင်းကင်ဂိုဏ်းသားတွေ အနေနဲ့ အောင်မြင်နိုင်ခြေ လုံးဝ မရှိဘူးလားဆိုတာကိုပါ။ ဘီနီကတော့ ဒါဟာ လုံးဝ မဖြစ်နိုင်ကြောင်း ထပ်လောင်း အတည်ပြုပေးပါတယ်။
တစ်ချိန်တည်းမှာပဲ ဘီနီက ဘာကြောင့် ဒီလောက် အသုံးမကျတဲ့ အရာကို ဂိုဏ်းသားတွေကို သင်ခိုင်းရတာလဲလို့ ပြန်မေးပါတယ်။
(နားထောင်လိုက်ပါဦး။ ဘီနီကိုယ်တိုင်ကတောင် ဒါက လုံးဝ အသုံးမကျဘူးလို့ ပြောနေတာနော်။ အခုတော့ ဒီကိစ္စက တကယ်ကို သေချာသွားပြီ။)
မကြာခင်မှာပဲ နန်းတော်အသီးသီးက တပည့်တွေဟာ အသုတ်လိုက် ခွဲပြီး မိစ္ဆာသားရဲ မွေးမြူဖို့ ဟေးယွဲ့နန်းတော်ကို ရောက်လာကြပါတယ်။ ချူရှင်းဟီကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဟေးယွဲ့နန်းတော်မှာပဲ အခြေချပြီး တိုးတက်မှု တစ်ခုခု ရှိလာမလားဆိုတာကို စောင့်ကြည့်နေပါတယ်။ တစ်ခုခု ထူးခြားလာတာနဲ့ ချက်ချင်း ရပ်ပစ်ဖို့ ပြင်ထားတာပါ။
ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ ချူရှင်းဟီတစ်ယောက် 'ကြိုးစားတဲ့သူကို ကောင်းကင်က မစတယ်' ဆိုတဲ့ အဓိပ္ပာယ်ကို နားလည်သွားပါပြီ။ ငါ ချူရှင်းဟီလို ကြိုးစားတဲ့သူကတော့ နောက်ဆုံးမှာ လမ်းမှန်ကို ရှာတွေ့ခဲ့ပြီလေ။
ပထမဆုံး ရောက်လာကြတဲ့သူတွေကတော့ ဂိုဏ်းတူညီလေး မူပိုင်နဲ့ အဖွဲ့ပါပဲ။ ဒီကောင်တွေက အခုတလော ရူးသွပ်နေကြတာပါ။ ရှင်းဟီတံဆိပ်ဆေးဝါးမျိုးစုံတွေ ဖော်စပ်တဲ့နေရာမှာ တတိယအဆင့်အောက် မှော်ဆေးလုံးတွေက သူတို့ကို မတင်းတိမ်စေတော့ပါဘူး။ အခုဆိုရင် ပဉ္စမအဆင့်ထိတောင် ဖော်စပ်ဖို့ ကြိုးစားနေကြပြီလေ။
(ဒါက လူသားဆန်တဲ့ အလုပ်လားကွ။ မူပိုင်။ မင်းက လူရောဟုတ်သေးရဲ့လားဟင်။)
ဒါကြောင့် မူပိုင်တို့ရဲ့ ပလန်တွေကို ဖျက်စီးဖို့အတွက် ချူရှင်းဟီက သူတို့ကို မိစ္ဆာသားရဲ မွေးမြူတဲ့ ပထမဆုံး အသုတ်အနေနဲ့ ထည့်လိုက်တာပါ။ မူပိုင်တို့အဖွဲ့က ဝိညာဉ်ဆေးပင် စိုက်ပျိုးတဲ့နေရာမှာ ဘယ်လောက်ပဲ ထူးချွန်နေပါစေ၊ မိစ္ဆာသားရဲ မွေးမြူတဲ့နေရာမှာတော့ ဘာမှ မဟုတ်ပါဘူး။
မူပိုင်တို့က မိစ္ဆာသားရဲ မွေးမြူတဲ့နေရာမှာ အသုံးမကျပေမယ့် သူတို့မှာ အတွေးအခေါ်တွေတော့ ရှိပါတယ်။ မူယွဲ့နိုင်ငံက တပည့်တွေက မိစ္ဆာသားရဲတွေကို ဝိညာဉ်ဆေးပင်တွေ အတင်းကျွေးကြတာပါ။ ချူရှင်းဟီ ဒါကို မြင်တော့ နည်းနည်း စိုးရိမ်သွားပါသေးတယ်။
(ထူးဆန်းတာတွေ ဖြစ်မလာပါဘူးနော်။)
ဒါပေမဲ့ လက်တွေ့မှာတော့ ဒီတစ်ခါ သူက တောင်ကြီးတစ်လုံးလို ခိုင်မာနေပါတယ်။ မူပိုင်တို့ ကျွေးတဲ့ ဝိညာဉ်ဆေးပင်တွေကို စားတဲ့ မိစ္ဆာသားရဲတွေကတော့ အဲဒီနေ့မှာတင် အားလုံး အနိစ္စရောက်သွားကြပါတော့တယ်။
ပညာရပ်တိုင်းမှာ ပညာရှင်ရှိတာ မှန်ပါတယ်။ မူပိုင်တို့ရဲ့ ဝိညာဉ်ဆေးပင် မွေးမြူတဲ့ ပါရမီက မိစ္ဆာသားရဲတွေအတွက်တော့ လုံးဝ အသုံးမကျပါဘူး။ ကင်ဖို့အတွက် အကင်ဖိုတွေနဲ့ ပြေးလာကြတဲ့ အိုးရန်မိသားစုဝင်တွေရဲ့ ပျော်ရွှင်နေတဲ့ မျက်နှာတွေကို ကြည့်ရင် ဒါက သိသာနေပါတယ်။
ချူရှင်းဟီကို အပျော်ဆုံးဖြစ်စေတဲ့ အချက်ကတော့ ဝိညာဉ်ဆေးပင်ကျွေးတဲ့ နည်းလမ်းက ကျရှုံးသွားပေမယ့် မူပိုင်တို့က တကယ်ကို ခေါင်းမာကြတာပါပဲ။ ဒီကောင်တွေက သူတို့ရဲ့ ဆေးပင်တွေက ပြဿနာရှိတယ်လို့ မထင်ဘဲ မိစ္ဆာသားရဲတွေရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ပြဿနာရှိတယ်လို့ ထင်နေကြတာပါ။ ဒါကြောင့် အခုဆိုရင် မိစ္ဆာသားရဲတွေ စားဖို့အတွက် ဝိညာဉ်ဆေးပင်တွေကို သီးသန့် သုတေသန လုပ်နေကြပါပြီ။
မူပိုင်ရဲ့ သုတေသန လမ်းကြောင်းကို ကြားလိုက်ရတဲ့အခါ ချူရှင်းဟီကတော့ ရယ်ရလွန်းလို့ အူတက်မတတ် ဖြစ်သွားရပါတယ်။
(ညီလေး မူပိုင်ရာ။ မင်း စိတ်ကြိုက်သာ သုတေသန လုပ်စမ်းပါ။ မင်း အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ အနည်းဆုံးတော့ မင်းရဲ့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကတော့ အောင်မြင်သွားပြီလေ။ မင်း အောင်မြင်သွားရင်လည်း။ မိစ္ဆာသားရဲတွေ စားတဲ့ ဝိညာဉ်ဆေးပင်က ဘာအတွက် အသုံးဝင်မှာလဲ။ ကျရှုံးသွားရင်လည်း မင်းက သယံဇာတ အရင်းအမြစ်တွေ အများကြီး ဖြုန်းတီးနေဦးမှာဆိုတော့ ပိုပြီး ပြည့်စုံသွားတာပေါ့။)
မူယွဲ့နိုင်ငံအပြင် အိုးရန်မိသားစုကလည်း မိစ္ဆာသားရဲ မွေးမြူတဲ့အထဲ ပါလာပါတယ်။ ဒါပေမဲ့ အိုးရန်မိသားစုရဲ့ နည်းလမ်းကတော့ နည်းနည်း ရက်စက်လွန်းပါတယ်။ အိုးရန်မိသားစုလက်ထဲ ရောက်တဲ့ မိစ္ဆာသားရဲတိုင်းက သုံးရက်ထက် ပိုမအသက်ရှင်ဘဲ အကင်ဖိုပေါ် ရောက်ရောက်သွားကြတာပါ။
အိုးရန်မိသားစုက အခုဆိုရင် သားရဲပေါက်လေးတွေကို ဘယ်လိုကင်စားရင် ပိုကောင်းမလဲဆိုတာကိုတောင် သုတေသန လုပ်နေကြပါပြီ။ တခြားနန်းတော်က တပည့်တွေက မိစ္ဆာသားရဲ အကိုက်ခံရမှာ ကြောက်ပြီး ဂရုတစိုက် မွေးမြူနေချိန်မှာ အိုးရန်မိသားစုကတော့ မိစ္ဆာသားရဲတွေကို ကြည့်ပြီး သွားရည်ကျနေကြတာပါ။ ကြည့်လေလေ ပိုပြီး အရသာရှိပုံ ပေါက်လေလေလို့တောင် ထင်နေကြပါတယ်။
နန်းတော်အသီးသီးက တပည့်တွေက ဟေးယွဲ့နန်းတော်ကို အလှည့်ကျ လာပြီး စိတ်ကြိုက်သင်ရိုးကို လေ့လာကြပါတယ်။ မိစ္ဆာသားရဲတွေကလည်း သူတို့ရဲ့ ထူးဆန်းတဲ့ နည်းလမ်းတွေအောက်မှာ တစ်မျိုးပြီးတစ်မျိုး ပုံစံပြောင်းနေကြပါတယ်။
ဟေးယွဲ့နန်းတော်ရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ ဝေရှင်းကတော့ သူ့ရဲ့ ဂိုဏ်းတူ အစ်ကို၊ အစ်မတွေကို မိစ္ဆာသားရဲ မွေးမြူတဲ့နေရာမှာ မကူညီနိုင်မှန်း သိပါတယ်။
(ဒါပေမဲ့ ငါ ဝေရှင်းကလည်း ဂိုဏ်းအတွက် အသုံးဝင်တဲ့သူ တစ်ယောက် ဖြစ်ချင်တယ်။)
ဒါကြောင့် ဝေရှင်းက မိစ္ဆာသားရဲတွေ အောင်အောင်မြင်မြင် မွေးမြူနိုင်ခြင်း ရှိ၊ မရှိ သိရအောင် သူကိုယ်တိုင် အသားတွေကို မြည်းစမ်းကြည့်ပေးမယ်လို့ အဆိုပြုလိုက်ပါတယ်။
ဝေရှင်းရဲ့ တောင်းဆိုမှုကို ချူရှင်းဟီတောင်မှ လက်မထောင်ပြီး ချီးကျူးမိပါတယ်။ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နံပါတ်တစ် သတ္တိခဲဆိုတဲ့ ဘွဲ့က တကယ်ကို မမှားပါဘူး။ ဒါကိုတောင် မြည်းစမ်းဝံ့တယ်ပေါ့။
လက်တွေ့မှာလည်း နံပါတ်တစ် သတ္တိခဲက တကယ်ကို သတ္တိရှိပါတယ်။ ဘယ်နန်းတော်က မွေးတဲ့ သားရဲဖြစ်ဖြစ် ဝေရှင်းက မြည်းကြည့်တာပါပဲ။ အစပိုင်းမှာတော့ မဆိုးပါဘူး။ မူပိုင်တို့ မွေးတဲ့ သားရဲတွေက ဝိညာဉ်ဆေးပင်ကြောင့် အဆိပ်သင့်သလို ဖြစ်နေပေမယ့် ဝိညာဉ်ဆေးပင်ကိုယ်တိုင်က အန္တရာယ်မရှိတာကြောင့် အသားက အရသာ မရှိတာကလွဲရင် ဘာမှ မဖြစ်ခဲ့ပါဘူး။
ဒါပေမဲ့ ချိန်းချန်နန်းတော်နဲ့ တခြား ထူးဆန်းတဲ့ နန်းတော်တွေ ပါလာတဲ့အခါမှာတော့ အသားက အရသာကိစ္စတင် မဟုတ်တော့ပါဘူး။
“မောင်လေး ဝေရှင်း။ နင်ဘာလို့ အသားတွေ စိမ်းဖက်လာရတာလဲ။ မြန်မြန်။ မြန်မြန်လုပ်ကြဦး။ အူလမ်းကြောင်း ဖောက်ထွက်စေတဲ့ အူပေါက်ဆေးမှုန့်အတွက် ဖြေဆေး ယူလာကြဦး။ မောင်လေး ဝေရှင်း အဆိပ်မိနေပြီ။”
နန်ကုန်းယန်က ဝေရှင်းကို အတင်း ကူညီပြီး အဆိပ်ဖြေပေးရပါတယ်။
“မောင်လေး ဝေရှင်း။ မြန်မြန်။ မြန်မြန်။ ဝေရှင်း အဆိပ် ထပ်မိပြန်ပြီ။ ဒါက ဘာအဆိပ်လဲဆိုတာတောင် ငါ မသိတော့ဘူး။ ဘာ။ ဒါက ကျူးလီမွေးထားတဲ့ မိစ္ဆာသားရဲလား။ မောင်လေးဝေရှင်း။ မင်းကတော့ တကယ်ကို ဝေဝါးနေပြီ။ မြန်မြန် ဂိုဏ်းတူအစ်ကိုကြီး ဖန်းဖေးဆီ သွားပြီး အကူအညီ တောင်းလိုက်ဦး။”
နန်ကုန်းယန်က ငိုယိုအော်ဟစ်နေပေမယ့် သူမရဲ့ စိတ်ထဲမှာတော့ ဝေရှင်းကို တကယ်ကို လေးစားသွားမိပါတယ်။
နန်းတော်ပေါင်းစုံက တပည့်တွေက မိစ္ဆာသားရဲတွေကို အပူတပြင်း မွေးမြူနေကြပြီး ချူရှင်းဟီကတော့ ရက်ပေါင်းများစွာ စောင့်ကြည့်ရင်း စိတ်ကျေနပ်မှုတွေ ရနေပါတယ်။ ဘာလို့လဲဆိုတော့ သူ တွက်ထားတဲ့အတိုင်း ဘယ်နန်းတော်က ဘယ်လိုနည်းလမ်းနဲ့ မွေးမွေး၊ ဘယ်သားရဲကမှ အဆင့်တက်နိုင်တဲ့ ဝိညာဉ်အသား ဖြစ်လာမယ့် အရိပ်အယောင် လုံးဝ မပြလို့ပါပဲ။ (စာကြွင်း- အဆင့်တက်နိုင်တဲ့ အသားကို ဝိညာဉ်အသားဆိုပြီး အဆင်ပြေသလို ဘာသာပြန်သုံးနှုန်းသွားပါမယ်။)
ဘီနီကတော့ ငါ့ကို လုံးဝ မညာခဲ့ဘူးပဲ။
နန်းတော်ပေါင်းစုံက အပူတပြင်း မွေးမြူနေကြတာနဲ့အမျှ ဂိုဏ်းရဲ့ သယံဇာတ အရင်းအမြစ်တွေကလည်း အရှိန်အဟုန်နဲ့ ကုန်ဆုံးနေပါပြီ။ ကံကြမ္မာဖန် သံလိုက်အိမ်မြောင်ကလည်း တဖြည်းဖြည်း လည်ပတ်လာပါတယ်။
(ဒီတစ်ခါတော့ မိစ္ဆာသားရဲတွေက ငါ့ကို ကူညီနေပြီ။ ငါ ဘယ်လိုလုပ် ရှုံးနိုင်ဦးမှာလဲ။)
ချူရှင်းဟီကတော့ နေ့ကောင်းရက်မြတ် သီချင်းလေးကို ညည်းဆိုရင်း လူမရှိတဲ့ နေရာမှာ ကတောင် ကလိုက်ပါသေးတယ်။
(ဒီတစ်ခါတော့ ငါ ချူရှင်းဟီက ရှုံးနိမ့်ခြင်း မရှိတဲ့ နယ်မြေမှာ ရပ်တည်နေနိုင်ပြီ။)
(ဘယ်သူ။ ရှိသေးလဲ။)
ချူရှင်းဟီက ပျော်ပျော်ပါးပါးနဲ့ မိုးကြိုးတိုက်ပွဲအက (မိုးကြိုးစစ်သည်တော် ကခုန်မှု) ကဖို့ ပြင်နေတုန်းမှာပဲ ဂိုဏ်းတူအစ်ကိုတော် ရှန်ချန်းတစ်ယောက် ချောင်တစ်ချောင်ကနေ ပေါ်လာပါတယ်။
“ဂိုဏ်းတူညီလေး ရှင်းဟီ။ ဆရာဘိုးဘိုးက မင်းကို ခေါ်နေတယ်”
“ဘာကိစ္စလဲဆိုတာ အစ်ကိုကြီး သိလားဟင်”
“ဟုပုချီ လို့ခေါ်တဲ့ လူဝကြီးတစ်ယောက် သူ့ရဲ့ ဝက်ကလေးလို သားလေးနဲ့အတူ ရောက်လာတယ်လေ။ သူတို့က ဂိုဏ်းတူညီလေး ချူရှင်းဟီ ကိုယ်တိုင် အထူးခေါ်ယူထားတဲ့ တပည့်တွေလို့ ပြောနေကြတယ်”
ရှန်းချန်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ချူရှင်းဟီရဲ့ မျက်လုံးတွေထဲ မျက်ရည်တွေ ဝဲတက်လာပါတော့တယ်။
(တစ်နှစ်တောင် ရှိသွားပြီ။ ဒီတစ်နှစ်လုံး ငါ ဘယ်လို ဖြတ်သန်းခဲ့ရလဲ မင်းတို့ သိကြရဲ့လား။)
နောက်ဆုံးတော့ နှစ်ကုန်ခါနီးမှာ သတင်းကောင်းတွေ တစ်ခုပြီးတစ်ခု ရောက်လာပါပြီ။ ပထမဆုံး စိတ်ကြိုက်သင်ရိုး အစီအစဉ်က အကြီးအကျယ် အောင်မြင်ခဲ့သလို၊ အခု ဟုဝင်ဟိုင် လည်း ရောက်လာပြီပေါ့။
သူ့ရဲ့ လျှပ်စီးလို မြန်တဲ့ လက်အရှိန်နဲ့ဆိုရင် ဂိုဏ်းရဲ့ သယံဇာတ အရင်းအမြစ်တွေကို အကြီးအကျယ် ဖြုန်းတီးပေးနိုင်မှာ အသေအချာပါပဲ။
ငါကတော့ အဲဒီ ဝတုတ်လေးကို လျှပ်စီးလက်ဝါးရှင် ဟုဝင်ဟိုင် လို့ပဲ ခေါ်လိုက်ချင်ပါတော့တယ်။
***