ဟုပုချီဟာ ဟုဝင်ဟိုင်ကိုခေါ်ပြီး မဟာမိုးကောင်းကင်ဂိုဏ်းကို ရောက်ရှိလာခဲ့ပါတယ်။
ဟုပုချီကတော့ စိတ်လှုပ်ရှားမှုတွေနဲ့ အနာဂတ်မျှော်လင့်ချက်တွေ ပြည့်နှက်နေပေမဲ့ ဟုဝင်ဟိုင်ကတော့ သူ့ဖခင်နဲ့မတူဘဲ စိုးရိမ်စိတ်တွေ ဝေနေပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက် ရေခဲမြို့တော်ကနေ အိမ်ပြန်ရောက်ကတည်းက သူ့ဖခင်ဟာ တချိန်လုံးပဲ ဟုမိသားစု ဘိုးဘေးတွေကဗျည်းတိုင်တွေရှေ့မှာ မှောက်ခုံကြီး ဝပ်စင်းပူဇော်နေတာကို ဟုဝင်ဟိုင် မြင်ခဲ့ရတာပါ။
သူ့ဖခင်က သူတို့ရဲ့ ဘိုးဘေးသင်္ချိုင်းကနေ ကံကောင်းခြင်း မီးခိုးတွေ ထွက်နေပြီ။ သူ့သားဟာ ချူရှင်းဟီရဲ့ မျက်စိကျခြင်းကို ခံလိုက်ရပြီလို့ ပြောခဲ့ပါတယ်။ ပေါင် ၂၀၀ ကျော် လေးတဲ့ သူ့ဖခင်ကြီး ကလေးတစ်ယောက်လို ငိုယိုနေတာကို ဟုဝင်ဟိုင် ကိုယ်တိုင် မြင်ခဲ့ရတာပါ။
သူ့ဖခင်ဟာ များသောအားဖြင့် အားကိုးမရတတ်ပေမဲ့ ဟုမိသားစုရဲ့ ခေါင်းဆောင်ကြီးတစ်ယောက်အနေနဲ့ ဒီလိုမျိုး ငိုကြွေးတာကို ဟုဝင်ဟိုင် တစ်သက်မှာ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ သူ့ဖခင်က ဘိုးဘေးတွေကို တတွတ်တွတ်ပြောရင်း ဦးချနေပါတယ်။ သူ ဟုပုချီဟာ အသုံးမကျတဲ့သူမဟုတ်ကြောင်း၊ သားကောင်းတစ်ယောက် ရခဲ့ပြီဖြစ်ကြောင်းနဲ့ အဲဒီသားဟာ ချူရှင်းဟီရဲ့ ရွေးချယ်မှုကို ခံခဲ့ရကြောင်းပေါ့။ ဟုမိသားစုဟာ နဂိုဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်နိုင်ရုံတင်မကဘဲ အမြင့်ဆုံးကိုပါ တက်လှမ်းနိုင်တော့မယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ သူ့ဖခင် ဟုပုချီဟာ အကြီးအကျယ် မူးရူးပြီး အိပ်မက်ထဲမှာတောင် ဟုမိသားစု အောင်မြင်တော့မယ့်အကြောင်းတွေ အော်ဟစ်နေခဲ့တာပါ။
ဒါပေမဲ့ ဖခင်ဖြစ်သူရဲ့ စိတ်လှုပ်ရှားမှုတွေနဲ့ယှဉ်ရင် ဟုဝင်ဟိုင်ကတော့ စိုးရိမ်နေမိပါတယ်။ ချူရှင်းဟီက နာမည်ကြီးတာ မှန်ပေမဲ့ ပညာရပ်တိုင်းမှာ ကျွမ်းကျင်သူ သီးသန့်ရှိကြတယ် မဟုတ်လား။ ချူရှင်းဟီက အင်းလက်ဖွဲ့ပညာရပ်အကြောင်း ဘာမှ သိပုံမရပါဘူး။ ဒါ့အပြင် မဟာဂိုဏ်းကြီး ၁၀ ဂိုဏ်းထဲမှာ မဟာမိုးကောင်းကင်ဂိုဏ်းဟာ အင်းလက်ဖွဲ့ပညာနဲ့ နာမည်ကြီးတာ မဟုတ်ပါဘူး။
သူ မဟာမိုးကောင်းကင်ဂိုဏ်းကို ရောက်သွားရင်ရော တကယ် တစ်ခုခု တတ်မြောက်ပါ့မလား။ ဒါ့အပြင် ဟုဝင်ဟိုင်မှာ တခြား စိုးရိမ်စရာလေးတွေလည်း ရှိပါသေးတယ်။ ချူရှင်းဟီရဲ့ ဂုဏ်သတင်းက ကြီးကျယ်ပေမဲ့ ချူရှင်းဟီက ဂိုဏ်းကတပည့်တစ်ယောက်အဆင့်ပဲ ရှိပါသေးတယ်။ သူ ချူရှင်းဟီရဲ့ အထူးခေါ်ယူမှုနဲ့ ဂိုဏ်းထဲဝင်လာတဲ့ကိစ္စက အပြင်မှာ ပြောစရာတွေ ဖြစ်နေပါပြီ။
ဒါကြောင့် သူ ဂိုဏ်းထဲရောက်တဲ့အခါ အေးစက်စက် ဆက်ဆံခံရမလားလို့ စိုးရိမ်နေတာပါ။ ဂိုဏ်းကြီးတွေမှာ တပည့်တွေက အုပ်စုဖွဲ့တတ်ကြတယ်လို့ သူ ကြားဖူးပါတယ်။ အတူတူ ဂိုဏ်းထဲဝင်လာတဲ့ တပည့်ချင်းက ခင်မင်ကြပြီး အထူးခေါ်ယူခံရတဲ့ တပည့်တွေကိုတော့ ဖယ်ကြဉ်တတ်ကြတယ်လေ။ သူရော အပယ်ခံ ဖြစ်ရမလား။
ဒါကြောင့် ခရီးတစ်လျှောက်လုံး ဟုဝင်ဟိုင်ဟာ စိတ်မအေးနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဂိတ်ဝကို ရောက်တဲ့အချိန်မှာတော့ အဲဒီစိုးရိမ်စိတ်တွေ အားလုံး အရည်ပျော်သွားပါတယ်။
သူ့ဖခင်က ဟုမိသားစု တံဆိပ်တော်ပြပြီး ဂိတ်စောင့်တပည့်ကို သူတို့လာရတဲ့ အကြောင်းရင်း ပြောပြလိုက်တဲ့အခါ၊ အစက တည်တည်တံ့တံ့ရှိနေတဲ့ ဂိတ်စောင့်တပည့်ဟာ ချက်ချင်း ပြုံးရွှင်သွားပါတယ်။ အဲဒီနောက် ဟုဝင်ဟိုင်ကို "ဝင်ဟိုင် အစ်ကိုကြီး" လို့ တတွတ်တွတ် ခေါ်နေတာကြောင့် ဟုဝင်ဟိုင်မှာ ပါးစပ်အဟောင်းသားဖြစ်သွားရပါပြီ။ ဖယ်ကြဉ်ခံရဖို့ နေနေသာသာ၊ သူတို့ရဲ့ ရင်းနှီးဖော်ရွေမှုက ဟုဝင်ဟိုင်ကို (ငါ တကယ်ပဲ နံပါတ်တစ်ဂိုဏ်းကို ရောက်နေတာလား။ လမ်းမှားများ သွားတာလား။) ဆိုပြီး ထင်မှတ်သွားစေပါတယ်။
ဂိတ်စောင့်တပည့်ရဲ့ လမ်းပြမှုနဲ့အတူ ဟုဝင်ဟိုင်ဟာ ကြိုးကြာဝိညာဉ်နန်းတော်ထဲကို ဝင်လာခဲ့ပါတယ်။ ဟုမိသားစုက ဆုတ်ယုတ်သွားပြီဆိုပေမဲ့ တစ်ချိန်ကတော့ နာမည်ကျော် မိသားစုကြီး ဖြစ်ခဲ့တာပါ။ ဆင်းရဲသွားတဲ့ သူဌေးဟာ သာမန်လူထက်တော့ သာသေးတယ်ဆိုသလို ဟုဝင်ဟိုင်ဟာ လောကကြီးအကြောင်း အတော်အတန် မြင်ဖူးပါတယ်လို့ သူ့ကိုယ်သူ ထင်ထားတာပါ။
ဒါပေမဲ့ ကြိုးကြာဝိညာဉ်နန်းတော်ကို ပထမဆုံးအကြိမ် မြင်လိုက်ရတဲ့အခါမှာတော့ ခမ်းနားထည်ဝါမှုကြောင့် ဟုဝင်ဟိုင် အံ့အားသင့်သွားရပါတယ်။ ဒါဟာ ဒဏ္ဍာရီလာ ကြိုးကြာဝိညာဉ်နန်းတော်ပေါ့။
အဲဒီနောက် မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဆရာဘိုးဘိုး ကိုယ်တိုင် သားအဖနှစ်ယောက်ကို လက်ခံတွေ့ဆုံပါတယ်။ နာမည်ကျော် ဆရာဘိုးဘိုးကြီးကို မြင်လိုက်ရတဲ့အခါ ဟုဝင်ဟိုင်ဟာ ကြောက်ရွံ့သွားပါတယ်။ ဆရာဘိုးဘိုးရဲ့ ရှိန်စရာကောင်းတဲ့ အော်ရာအမြန်နှုန်းအဝါကြောင့် ဟုဝင်ဟိုင်ဟာ ခေါင်းငုံ့ထားရုံသာ တတ်နိုင်ပြီး မော့မကြည့်ဝံ့ပါဘူး။ လူမှုဆက်ဆံရေး ကောင်းလှပါတယ်ဆိုတဲ့ သူ့ဖခင်တောင်မှ ဆရာဘိုးဘိုးရှေ့မှာ တုန်လှုပ်နေပါတယ်။
ဟုဝင်ဟိုင် အခုချိန်မှာ အရမ်းစိုးရိမ်နေပါပြီ။ ပုံမှန်အားဖြင့် အထူးခေါ်ယူခံရတဲ့ တပည့်တွေဟာ အကြီးအကဲ တစ်ယောက်ယောက်က သူတို့ရဲ့ ပါရမီကို သဘောကျလို့ ခေါ်ယူတာဖြစ်ပြီး အဲဒီအကြီးအကဲဆီမှာ ပညာသင်ရတာပါ။
ဒါပေမဲ့ သူ ဟုဝင်ဟိုင်ကတော့ အကြီးအကဲ ခေါ်တာမဟုတ်ဘဲ တပည့်တစ်ယောက်ဖြစ်တဲ့ ချူရှင်းဟီက ခေါ်တာ ဖြစ်နေပါတယ်။ ဒါကြောင့် သူ ဘယ်နန်းတော်ကို ရောက်မလဲ။ မဟာမိုးကောင်းကင်ဂိုဏ်းမှာ အင်းလက်ဖွဲ့ပညာကို အထူးပြုတဲ့ နန်းတော် မရှိပါဘူး။ ဘယ်နန်းတော်ကမှ သူ့ကို လက်မခံချင်တဲ့ အခြေအနေမျိုး ဖြစ်လာမလား။
ဟုဝင်ဟိုင် စိုးရိမ်နေတုန်းမှာပဲ အပြင်ကနေ လူအုပ်ကြီးတစ်စု အလုအယက် တိုးဝင်လာကြပါတယ်။ ဟုဝင်ဟိုင်က အဲဒီလူတွေကို မသိပေမဲ့ သူတို့ဝတ်ထားတဲ့ အင်္ကျီတွေကို ကြည့်ပြီး ဒီလူတွေဟာ သာမန်မဟုတ်ဘူးဆိုတာ ချက်ချင်း သိလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ရောက်လာတဲ့သူတိုင်းဟာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နန်းတော်ရှင် ဝတ်ရုံတွေကို ဝတ်ထားကြလို့ပါပဲ။
ဟုပုချီလည်း နန်းတော်ရှင်တွေ ရုတ်တရက် ပေါ်လာတာကြောင့် လန့်သွားပါတယ်။ ဒီနန်းတော်ရှင်တွေထဲက ဘယ်သူမဆို ကောင်းကင်တာအို အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးက လူတွေချည်းပါပဲ။ ဟုပုချီဟာ ဟုမိသားစုရဲ့ ခေါင်းဆောင်ကြီး ဖြစ်ပေမဲ့ သူ့ဘဝမှာ မိုးကောင်းကင်တာအို အဆင့်သတ်မှတ်ချက် စာရင်းဝင်တဲ့ ပုဂ္ဂိုလ်အကျော်အမော်တွေကို ဒီလောက်အများကြီး တစ်ပြိုင်နက် မြင်ဖူးတာ ဒါပထမဆုံးပါပဲ။
နန်းတော်ရှင်တွေ ဘာလို့ ဒီကို ရောက်လာတာလဲလို့ ဟုပုချီ တွေးနေတုန်းမှာပဲ ရှေ့ဆုံးက မိုးကြိုးနန်းတော်ရဲ့ နန်းတော်ရှင် အကြီးအကဲဟီက စကားစလိုက်ပါတယ်။
“အားလုံးပဲ။ မင်းတို့တွေက အင်းလက်ဖွဲ့ပညာအကြောင်း နားမလည်ကြဘူးလေ။ ဒါကြောင့် ရှင်းဟီ အထူးခေါ်ထားတဲ့ ဒီတပည့်ကို ငါ အဖိုးကြီးဟီပဲ ယူလိုက်မယ်။ ငါက ဗဟုသုတစုံတဲ့နေရာမှာ ပြိုင်ဘက်မရှိသလို အင်းလက်ဖွဲ့ပညာမှာလည်း အတော်လေး ကျွမ်းကျင်တယ်”
“ဖူး။ အကြီးအကဲဟီ။ ခင်ဗျားမှာ အရှက်မရှိဘူးလား။ မင်းရဲ့ ဗဟုသုတဆိုတာကို ငါတို့ မသိတာကျလို့။ မင်းအင်းလက်ဖွဲ့ပညာကို လေ့လာတာ ၅ ရက်ပဲ ရှိသေးတာကို ကျွမ်းကျင်တယ်လို့ ပြောရဲတယ်ပေါ့”
“အကြီးအကဲ ယွီ ပြောတာ မှန်တယ်။ အကြီးအကဲဟီက အင်းလက်ဖွဲ့အကြောင်း ဘာမှမသိဘူး။ ငါတို့ ချိန်းချန်နန်းတော်ကို လာတာ ပိုကောင်းပါတယ်။ ငါတို့ နန်းတော်က အင်းလက်ဖွဲ့ပညာကို နားမလည်ပေမဲ့ အင်းလက်ဖွဲ့ ကျမ်းစာအုပ်တွေ အများကြီး စုဆောင်းထားတယ်”
“ချိန်းချန်နန်းတော်မှာ အင်းလက်ဖွဲ့ကျမ်း ၃ အုပ်ပဲ ရှိတာလေ။ ပြီးခဲ့တဲ့တစ်ခေါက်ကမှ ငါတွေ့ခဲ့သေးတယ်။”
“ငါတို့ ဟန်ဘင်နန်းတော်ရဲ့ လက်နက်ပုန်းပညာက အင်းလက်ဖွဲ့ပညာနဲ့ ဆက်စပ်မှု ရှိတယ်။ ဒါကြောင့် ဟုဝင်ဟိုင်က ဒီတစ်ခါ ငါတို့ ဟန်ဘင်နန်းတော်ကို ဝင်သင့်တယ်”
“ဟန်ဘင်နန်းတော်က ဘယ်တုန်းက ဒီလောက် အရှက်မဲ့သွားတာလဲ။ လက်နက်ပုန်းက အင်းလက်ဖွဲ့နဲ့ ဆက်စပ်တယ်လို့ ဘယ်လိုမျက်နှာမျိုးနဲ့ ပြောနေတာလဲ”
“ငါတို့ ဟန်ဘင်နန်းတော်ရဲ့ လက်နက်ပုန်းက အင်းလက်ဖွဲ့နဲ့ ဆက်စပ်တာ မဆက်စပ်တာ ခဏထားပါဦး။ မင်းတို့ ချိုးလင်နန်းတော်က မိန်းကလေး တပည့်တွေပဲ လက်ခံတာ မဟုတ်လား။ ဘာလို့ လာပြီး ရောနေတာလဲ”
“ဘာပြောလိုက်တယ် ဟန်ဘင်နန်းတော်။ ငါတို့ ချိုးလင်နန်းတော်က မိန်းကလေးပဲ လက်ခံမယ်လို့ ဘယ်တုန်းက ပြောလို့လဲ။ ဘာ။ အရင်က ပြောခဲ့တယ် ဟုတ်လား။ အေး။ အခု ပြောင်းလိုက်ပြီ။”
ရောက်လာကြတဲ့ နန်းတော်ရှင်တွေဟာ တစ်ယောက်တစ်ပေါက် ငြင်းခုံနေကြတာကြောင့် ဟုပုချီ သားအဖမှာ ဇဝေဇဝါ ဖြစ်ကုန်ကြပါတယ်။
စောနတုန်းကမှ သူတို့သားအဖဟာ ဟုဝင်ဟိုင် ဘယ်နန်းတော်ကို ရောက်မလဲဆိုတာ စိုးရိမ်နေခဲ့တာပါ။ ဟုဝင်ဟိုင်က အင်းလက်ဖွဲ့ပညာရှင် ဖြစ်နေပြီး မဟာမိုးကောင်းကင်ဂိုဏ်းမှာ အဲဒီပညာအတွက် သီးသန့်နန်းတော် မရှိတော့ ဘယ်သူကမှ သူ့ကို အလိုမရှိမှာ ကြောက်နေခဲ့တာပါ။
ဒါပေမဲ့ အခုက ဘာကြီးလဲ။ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နန်းတော်ရှင်တွေ အားလုံး ဒီကို ရောက်လာပြီး တပည့်တစ်ယောက်အတွက်နဲ့ ရန်ဖြစ်တော့မလို ဖြစ်နေကြတာလား။
ဟုပုချီကတော့ လုံးဝ ပါးစပ်အဟောင်းသားဖြစ်နေပါပြီ။
(ငါ့သားက တော်တာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီလောက်ထိ တော်လိမ့်မယ်လို့ ငါ အိပ်မက်တောင် မမက်ဖူးဘူး။ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နန်းတော်ရှင်တွေက သူ့ကို အလုအယက် လိုချင်နေကြတာပဲ။ ဒါဟာ ဟုမိသားစုအတွက် နှစ်ပေါင်း တစ်ရာလောက် ကြွားလို့ရတဲ့ ကိစ္စပဲ။)
နန်းတော်ရှင်တွေ အကြီးအကျယ် ငြင်းခုံနေတုန်းမှာပဲ ချူရှင်းဟီဟာ ဂိုဏ်းတူအစ်ကိုတော် ရှန်ချန်းနဲ့အတူ အထဲကို ဝင်လာပါတယ်။ သူ ဝင်လာတဲ့အချိန်မှာ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ချူရှင်းဟီ အံ့အားသင့်သွားရပါပြီ။
(ဘာတွေ ဖြစ်နေတာလဲ။ နန်းတော်ရှင်တွေ အားလုံးက ဘာလို့ ချကြတော့မယ့် ပုံစံပေါက်နေရတာလဲ။)
ဒါပေမဲ့ ချူရှင်းဟီ ချက်ချင်းပဲ အခြေအနေကို နားလည်သွားပါတယ်။ နန်းတော်ရှင်တွေက လူတစ်ယောက်ကို အတင်းလုနေကြတာပေါ့။ ဒါက နည်းနည်းတော့ လွန်မနေဘူးလား။
တခြားလူတွေက ဟုဝင်ဟိုင်ရဲ့ အခြေအနေကို မသိပေမဲ့ သူကတော့ သိတာပေါ့။ ဟုဝင်ဟိုင်က အင်းလက်ဖွဲ့အကြောင်း ဘာမှ မသိဘူးလေ။ သူ့ရဲ့ ပါရမီက အမြန်နှုန်းပါဟ။ အမြန်နှုန်းနဲ့ အင်းလက်ဖွဲ့နဲ့ ဘာဆိုင်လို့လဲ။
ချူရှင်းဟီ မှင်သက် အံ့ဩနေတုန်းမှာပဲ နန်းတော်ရှင်တွေက သူ့ကို ဝိုင်းလိုက်ကြပါတယ်။ နန်းတော်ရှင်တွေက တစ်ယောက်တစ်မျိုး ပြောရင်း ဟုဝင်ဟိုင်ကို သူတို့ နန်းတော်ထဲ ထည့်ပေးဖို့ တောင်းဆိုနေကြပါပြီ။ အကြီးအကဲဟီကဆိုရင် ဟုဝင်ဟိုင်သာ မိုးကြိုးနန်းတော်ထဲ ဝင်မယ်ဆိုရင် အင်းလက်ဖွဲ့ပညာမှာ ထိပ်ဆုံးရောက်အောင် သယံဇာတ အရင်းအမြစ်စ်တွေ အကုန်ပုံအောပြီး ထောက်ပံ့ပေးမယ်လို့တောင် ကတိပေးလိုက်ပါတယ်။
တခြား နန်းတော်ရှင်တွေကလည်း အရှုံးမပေးဘဲ သူတို့ နန်းတော်ကလည်း အစွမ်းကုန် ပံ့ပိုးပေးမယ့်အကြောင်း အသီးသီး ပြောနေကြပါတယ်။ ဒါကို နားထောင်ရင်း ချူရှင်းဟီရဲ့ မျက်လုံးမှာ မျက်ရည်တွေ ဝဲလာပါပြီ။
(လေးစားရတဲ့ နန်းတော်ရှင်တို့ရာ။ ခင်ဗျားတို့ သိပ်ပြီး အတွေးလွန်နေကြပြီ။ ကျွန်တော် ဟုဝင်ဟိုင်ကို ခေါ်လာတာက အင်းလက်ဖွဲ့ပညာ တိုးတက်ဖို့မှ မဟုတ်တာ။ ဂိုဏ်းရဲ့ သယံဇာတ အရင်းအမြစ်စ်တွေကို ဖြုန်းတီးဖို့ ခေါ်လာတာလေ။)
(အခု အကြီးအကဲတို့က သူ့ကို အပြည့်အဝ ပံ့ပိုးမွေးမြူပေးမယ် ဟုတ်လား။ ကျွန်တော် ချူရှင်းဟီရဲ့ ခံစားချက်ကိုရော ထည့်စဉ်းစားပေးကြပါဦး။ တကယ်လို့အကြီးအကဲတို့ လက်ထဲမှာ သူက နောက်ထပ် အင်းလက်ဖွဲ့ ဘုရင် တစ်ယောက် ဖြစ်လာရင် ကျွန်တော် ဘယ်လို လုပ်ရတော့မလဲ။)
ဒါကြောင့် ချူရှင်းဟီဟာ အံကြိတ်ပြီး ဆုံးဖြတ်ချက် တစ်ခုကို အပြတ်ပြောလိုက်ပါတယ်။
“လေးစားရတဲ့ အကြီးအကဲတို့ရေ။ ကျေးဇူးပြုပြီး စိတ်အေးအေးထားကြပါ။ လူမှန် နေရာမှန် ဖြစ်စေဖို့အတွက်။ ဟုဝင်ဟိုင်ကို ဟေးယွဲ့နန်းတော်ထဲကိုပဲ ပညာသင်ဖို့ ထည့်လိုက်ပါ့မယ်။”
***