ဟုဝင်ဟိုင်တစ်ယောက် ဟေးယွဲ့နန်းတော်ထဲ ရောက်ရှိလာခြင်းဟာ မဟာမိုးကောင်းကင်ဂိုဏ်းအတွင်းမှာ အတော်လေး ဂယက်ရိုက်သွားစေပါတယ်။ အထူးသဖြင့် နန်းတော်ရှင်တွေ သူ့ကို အလုအယက် ဖြစ်ခဲ့ကြတဲ့ကိစ္စဟာ ဂိုဏ်းသားတွေကြားမှာ အဓိက ပြောစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့တာပါ။
“ဟေး။ ကြားပြီးပြီလား။ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက အင်းလက်ဖွဲ့ ပါရမီရှင်တစ်ယောက်ကို ရှာတွေ့ခဲ့လို့ နန်းတော်ရှင်တွေ တစ်ယောက်နဲ့တစ်ယောက် လက်သီးချင်း ဖလှယ်တော့မလိုတောင် ဖြစ်ခဲ့ကြတာတဲ့။”
“ဘယ်ကမလဲ။ တကယ် ချကြတာလို့ ငါကြားတယ်။ အကြီးအကဲဟီနဲ့ အကြီးအကဲယွီတို့ တကယ် ချကြတာ။ တော်သေးလို့ ဆရာဘိုးဘိုးက မြန်မြန် တားလိုက်လို့ပေါ့၊ မဟုတ်ရင် ကြိုးကြာဝိညာဥ်နန်းတော် တစ်ဝက်လောက် ပြာကျသွားလောက်ပြီ။”
“အကြီးအကဲဟီနဲ့ ယွီတင် မဟုတ်ပါဘူး။ တခြား အကြီးအကဲတွေလည်း ဝင်သမကြဖို့ ပြင်နေကြတာတဲ့။”
“နောက်ဆုံးကျတော့ မဟာသူတော်စင်ကြီးက ဝင်ပါပြီး နန်းတော်ရှင်တွေ အားလုံးကို ဝင်တားလိုက်လို့ ငြိမ်သွားတာလို့ ကြားတယ်”
“အဲဒါကြောင့်လည်း ညီလေး ဟုဝင်ဟိုင်က ဟေးယွဲ့နန်းတော်ကို ရောက်သွားတာပေါ့”
“ကတောက်။ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ ရှာတွေ့တဲ့ ပါရမီရှင်ဆိုတော့ ဒီ ဟုဝင်ဟိုင်က အနာဂတ်ရဲ့ အင်းလက်ဖွဲ့ ဘုရင် ဖြစ်လာမှာပဲ”
“ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက သူ့ကို လျှပ်စီးလက်ဝါးရှင်လို့တောင် နာမည်ပေးထားတယ်လို့ ကြားတယ်”
“ဟုမိသားစုက လာတာဆိုတော့ မဆန်းပါဘူး။ အရင်က ဟုမိသားစုရဲ့ ဘိုးဘေးဟာ မဟာနေမင်း ကုန်းမြေတိုက်ကြီးရဲ့ အင်းလက်ဖွဲ့ ဘုရင်လေ။ ကုန်းစွန်းမိသားစုရဲ့ ဘိုးဘေးတောင်မှ ဟုမိသားစုဆီမှာ ပညာသင်ချင်လို့ သုံးနှစ်တောင် ဒူးထောက်တောင်းပန်ခဲ့ရတာ။ နောက်ပိုင်း ဟုမိသားစု ဆုတ်ယုတ်သွားပေမဲ့ အခု ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက ဟုဝင်ဟိုင်ကို ရှာတွေ့လိုက်ပြီဆိုတော့ ဟုမိသားစု ပြန်လည် နိုးထလာဖို့က သေချာနေပြီ”
“ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကတောင် သဘောကျတယ်ဆိုတော့ သူ့ပါရမီက ဘယ်လောက်တောင် မြင့်မားလိုက်မလဲနော်”
“ဘယ်လောက် တော်သလဲဆိုရင်။ ကုန်းစွန်းမိသားစုက မဟာမိသားစုကြီး သုံးခု စာရင်းကနေ နုတ်ထွက်မယ်လို့တောင် လူသိရှင်ကြား ကြေညာလိုက်ပြီတဲ့”
“ကုန်းစွန်းမိသားစုက အဲလောက်တောင် ကြောက်တတ်တာလား”
“ညီမလေးရာ။ ဒါက ကြောက်တာ မကြောက်တာထက်။ ကုန်းစွန်းမိသားစုက အခြေအနေကို နားလည်သွားလို့ပါကွာ။”
မဟာပါရမီရှင် ဟုဝင်ဟိုင်၊ အနာဂတ်ရဲ့ အင်းလက်ဖွဲ့ ဘုရင်ကြီး မဟာမိုးကောင်းကင်ဂိုဏ်းကို ရောက်လာပြီဆိုတဲ့ သတင်းဟာ ဂိုဏ်းတစ်ခုလုံးကို ပျံ့နှံ့သွားပါတယ်။ ဟုဝင်ဟိုင်အပေါ် စပ်စုချင်စိတ်တွေ ပြင်းပြနေကြတဲ့ ဂိုဏ်းတူ အစ်ကို၊ အစ်မတွေဟာ အနာဂတ် အင်းလက်ဖွဲ့ ဘုရင်ကြီးက ဘယ်လိုလူလဲဆိုတာ သိချင်လို့ ဟေးယွဲ့နန်းတော်ကို တဖွဲဖွဲ လာကြည့်ကြပါတယ်။
ဒါပေမဲ့ သူတို့ မြင်လိုက်ရတဲ့ အခါမှာတော့။ လန့်ပြီး သေးတောင် ထွက်ကျချင်သွားကြပါတယ်။ ပေါင် ၂၆၀ ကျော် ရှိပုံရတယ် ဒီလူဝကြီးက အနာဂတ် အင်းလက်ဖွဲ့ ဘုရင်တဲ့လား။ ပြီးတော့ သူ့ပုံစံက နည်းနည်း အူကြောင်ကြောင်နဲ့ ဘာမှမသိတဲ့ ပုံစံတော့ ပေါက်နေတယ်နော်။
(လူကို ကြည့်ပြီး အထင်မသေးနဲ့။) ဆိုသလိုပဲ၊ နန်းတော်ပေါင်းစုံက ဂိုဏ်းတူ အစ်ကို၊ အစ်မတွေက သူ့ကို တိတ်တိတ်လေး စောင့်ကြည့်နေကြရင်း နောက်ဆုံးမှာတော့ အံ့သြသွားကြရပါတယ်။
လျှပ်စီးလက်ဝါးရှင်ဟုဝင်ဟိုင် ဆိုတဲ့အတိုင်းပါပဲ။ သူ့ရဲ့ လက်မြန်မှုဟာ အမြန်နှုန်းနဲ့ နာမည်ကြီးတဲ့ ဟန်ဘင်နန်းတော်က တပည့်တွေကိုတောင် ချက်ချင်း အရှက်ရသွားစေပါတယ်။ ဒီလက်အမြန်နှုန်းက တကယ်ပဲ လူသားတစ်ယောက် ရနိုင်တဲ့ အမြန်နှုန်းမျိုးလား။ ဒီလောက် မြန်တဲ့ လက်ကို လက်နက်ပုန်း ပညာရပ်မှာ မသုံးတာ တကယ် နှမြောစရာပဲ။
“ငါတို့ ဟန်ဘင်နန်းတော်မှာ လက်မြန်ဆုံးဆိုတဲ့ အစ်ကိုကြီး လင်ချန်းတောင်မှ တစ်စက္ကန့်ကို ဝိညာဉ်သတ်အပ် ၃၆ ချောင်းပဲ ပစ်နိုင်တာ။ အခု ဟုဝင်ဟိုင်က အင်းလက်ဖွဲ့ ဖော်စပ်နေတုန်း တစ်ခဏလေးအတွင်းမှာတင် လက်လှုပ်ရှားမှုပေါင်း ၄၄ ကြိမ် ရှိတယ်။ ဆိုလိုတာက သူ့အမြန်နှုန်းက အစ်ကိုကြီး လင်ချန်းထက်တောင် ပိုမြန်နေတာပေါ့။”
ဒါကို မြင်တော့ ဟန်ဘင်နန်းတော်က တပည့်တွေက သက်ပြင်းချရင်း ချီးကျူးလိုက်ကြပါတယ်။ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ ရှာတွေ့တဲ့ ပါရမီရှင်ဆိုတော့ လျှပ်စီးလက်ဝါးရှင်ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်။
ဒါပေမဲ့ သူ့လက်အမြန်နှုန်းက အံ့သြဖို့ ကောင်းပေမဲ့ သူဖော်စပ်လိုက်တဲ့ အင်းလက်ဖွဲ့တွေက ဘာလို့ ထူးဆန်းနေရတာလဲ။ ပုံမှန်အားဖြင့် အောင်မြင်တဲ့ အင်းလက်ဖွဲ့တွေက အလင်းရောင်တွေ ထွက်ရမယ်လေ။ အလင်းရောင် တောက်ပလေ အင်းက ပိုစွမ်းလေပဲ။ ဒါပေမဲ့ ညီလေး ဟုဝင်ဟိုင် လုပ်တဲ့ အင်းတွေကျတော့ ဘာအလင်းမှ မထွက်ပါလား။ ညီလေး ဟုဝင်ဟိုင်က အလင်းကို ဖုံးကွယ်ထားနိုင်တဲ့ အဆင့်အထိ တော်နေတာလား။
နောက်ဆုံးတော့ စပ်စုချင်စိတ်ကို မထိန်းနိုင်တော့တဲ့ အစ်ကို၊ အစ်မ တစ်စုက ဟုဝင်ဟိုင်ဆီ သွားပြီး မေးလိုက်ကြပါတယ်။
“ညီလေးက လျှပ်စီးလက်ဝါးရှင် ဟုဝင်ဟိုင် မဟုတ်လား။”
ဟုဝင်ဟိုင်ကလည်း ဂိုဏ်းတူ အစ်ကို၊ အစ်မတွေကို တွေ့တော့ ချက်ချင်း အရိုအသေ ပေးပါတယ်။
“ဟုဝင်ဟိုင်က ဂိုဏ်းတူ အစ်ကို၊ အစ်မ အားလုံးကို နှုတ်ခွန်းဆက်ပါတယ်”
“မောင်လေးရေ။ အားနာစရာ မလိုပါဘူး။ အစ်မတို့က အင်းလက်ဖွဲ့ပညာကို စိတ်ဝင်စားလို့ လာကြည့်တာပါ။ မောင်လေးကို အနှောင့်အယှက်များ ဖြစ်သွားလား”
“မဖြစ်ပါဘူး။ အစ်ကိုတို့ အစ်မတို့ သိချင်တာ ရှိရင် မေးပါ။ ကျွန်တော် သိသမျှ အကုန် ပြောပြပါ့မယ်”
အဲဒီနောက်မှာတော့ သူတို့တွေက ဟုဝင်ဟိုင်ကို အင်းလက်ဖွဲ့အကြောင်း အသေးစိတ် မေးကြပါတယ်။ ဒါပေမဲ့ မေးကြည့်လိုက်တဲ့ အခါမှာတော့ အခြေအနေက ထိန်းမရအောင် ဖြစ်သွားပါတော့တယ်။ ဟုဝင်ဟိုင်က အင်းလက်ဖွဲ့အမျိုးမျိုးအကြောင်း၊ ဖော်စပ်ပုံနဲ့ အသုံးပြုပုံတွေကို သေသေချာချာ ရှင်းပြပါတယ်။ အနာဂတ် အင်းလက်ဖွဲ့ ဘုရင်ပီပီ သီအိုရီပိုင်းမှာတော့ ဟုဝင်ဟိုင်က ထိပ်တန်းပါပဲ။
ဒါပေမဲ့ အင်းလက်ဖွဲ့က ဘာလို့ အလင်းမထွက်တာလဲလို့ မေးလိုက်တဲ့အခါမှာတော့ ဟုဝင်ဟိုင်ရဲ့ အဖြေကြောင့် အားလုံး ဆွံ့အသွားကြပါတယ်။ ဟုဝင်ဟိုင်က ယုံကြည်မှု အပြည့်နဲ့ ပြောလိုက်တာကတော့ ဒီလိုပါ။
“အစ်မက ဘာလို့ အလင်းမထွက်လဲလို့ မေးတာလား။ အဖြေက ရိုးရိုးလေးပါ။ ကျွန်တော် ကျရှုံးသွားလို့လေ။”
အားလုံးငြိမ်ကျသွားပါတယ်။ “ဟင်”
အားလုံးက မှင်သက် ဆွံ့အသွားကြပြီး ငါတို့ နားကြားမှားတာလားလို့တောင် ထင်လိုက်ကြပါတယ်။ ဒါ လူတွေပြောရမယ့် စကားလား။ ကျရှုံးသွားလို့ ဆိုတာကို ဒီလောက် ယုံကြည်မှု အပြည့်နဲ့ ပြောရသလား။
“ညီလေး ဟုဝင်ဟိုင်ရာ။ ကျရှုံးတယ် ဆိုတာကို အောင်မြင်သလိုမျိုး မပြောပါနဲ့လား။ အားလုံး အထင်လွဲကုန်တော့မှာပဲ”
အဲဒီနောက် ဟုဝင်ဟိုင်က စိတ်အားထက်သန်စွာနဲ့ သူ့ရဲ့ အင်းလက်ဖွဲ့အကြောင်း ဆက်ပြောပါတယ်။ သူ့ရဲ့ လျှပ်စီးလက်ဝါးရှင် အင်းလက်ဖွဲ့တွေက အမြန်နှုန်း ကိုပဲ ဦးစားပေးတာပါ။ အင်းလက်ဖွဲ့ ဖော်စပ်တဲ့နေရာမှာ ဟုမိသားစုရဲ့ လက်အမြန်ဆုံး ဘိုးဘေးတောင် သူ့ကို မမီပါဘူး။
ပုံမှန်အားဖြင့် အင်းလက်ဖွဲ့ ဆရာတစ်ယောက်ဟာ အင်းတွေကို ကြိုတင်ဖော်စပ်ထားပြီး တိုက်ပွဲမှာ ထုတ်သုံးရတာပါ။ အင်းလက်ဖွဲ့ မရှိရင် အင်းလက်ဖွဲ့ ဆရာဆိုတာ တိုက်ခိုက်ရေး စွမ်းရည် သုညပါပဲ။
ဒါပေမဲ့ ဟုဝင်ဟိုင်ကတော့ သူ့မှာ အဲဒီလို စိုးရိမ်စရာ မရှိဘူးလို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ သူ့လက်က မိုးကြိုးလို မြန်တာကြောင့် တိုက်ပွဲအတွင်းမှာတင် လိုချင်တဲ့ အင်းလက်ဖွဲ့ကို ချက်ချင်း ဖော်စပ်နိုင်လို့ပါပဲ။ သူဟာ သမိုင်းမှာ တိုက်ပွဲဝင်ရင်း အင်းဖော်နိုင်တဲ့ ပထမဆုံး အင်းလက်ဖွဲ့ ဆရာ ဖြစ်လာမှာပါ။ ဘယ်လောက်ပဲ ခက်ခဲတဲ့ အင်းဖြစ်ပါစေ၊ သူကတော့ မျက်စိတစ်မှိတ်အတွင်းမှာတင် ဖော်စပ်နိုင်တယ်၊ ရန်သူကို အလစ်အငိုက် ဖမ်းနိုင်တယ်ပေါ့။
ဒါပေမဲ့ အခု လောလောဆယ်မှာ ရှိနေတဲ့ ပြဿနာတစ်ခုကတော့။ အင်းလက်ဖွဲ့အောင်မြင်မှုနှုန်းက သိပ်ပြီး မမြင့်မားနေသေးတာပါပဲ။
ဒါကို နားထောင်ပြီး အစ်ကို၊ အစ်မတွေ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။ ဘာကြီးလဲ။ တိုက်ပွဲဝင်ရင်း အင်းဖော်နိုင်တဲ့ ပထမဆုံး အင်းလက်ဖွဲ့ ဆရာ ဟုတ်လား။
“ညီလေးရာ။ တစ်မျိုးတွေးကြည့်ရင် မင်းက အင်းလက်ဖွဲ့ ဆရာတောင် မဟုတ်သေးဘူးလေ။ အင်းလက်ဖွဲ့ ဆရာဆိုတာ အရင်ဆုံး အင်းတွေကို အောင်မြင်အောင် ဖော်စပ်နိုင်ရမယ်လေ။ မင်းက အောင်မြင်အောင်တောင် မလုပ်နိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် အင်းလက်ဖွဲ့ ဆရာလို့ ခေါ်နေတာလား”
ဒါပေမဲ့ ဟုဝင်ဟိုင်ကတော့ ယုံကြည်မှုအပြည့်နဲ့ ပြုံးပြီး ပြန်ပြောပါတယ်။
“အစ်ကိုတို့ အစ်မတို့ရာ။ အောင်မြင်မှုနှုန်း ဆိုတာကတော့ လေ့ကျင့်မှု များရင် တက်လာမှာပါ။ ဒါပေမဲ့ တိုက်ပွဲဝင်ရင်း ဖော်စပ်နိုင်တဲ့ ဒီအမြန်နှုန်းမျိုးက ကျွန်တော် ဟုဝင်ဟိုင် တစ်ယောက်တည်းမှာပဲ ရှိတာလေ။ မဟုတ်ဘူးလား။ တခြားဟာတွေ ထားလိုက်ပါ၊ ကျွန်တော် မြန်တာကိုတော့ ဝန်ခံတယ် မဟုတ်လား။”
ဒါ့အပြင် ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ ပေးထားတဲ့ သယံဇာတ အရင်းအမြစ်တွေကြောင့် သူ့ရဲ့ အင်းဖော်တဲ့ အမြန်နှုန်းက အရင်ကထက် ၃၀ ရာခိုင်နှုန်းတောင် ပိုမြန်လာပြီလို့ ဆိုပါတယ်။ ဒီအတိုင်းသာ ဆက်သွားရင် သူ့အမြန်နှုန်းက မယုံနိုင်စရာ အဆင့်ကို ရောက်လာမှာပါ။
အားလုံးက ဟုဝင်ဟိုင်ရဲ့ ယုံကြည်မှုကို ကြည့်ပြီး အံ့ဩဆွံ့အနေကြပါပြီ။
“အင်း။ ငါတို့က အင်းလက်ဖွဲ့အကြောင်း နားမလည်ပေမဲ့လည်း။ ညီလေး။ မင်းရဲ့ ကျင့်စဉ်လမ်းကြောင်းကများ မှားနေသလားလို့။ ပုံမှန်ဆိုရင် အောင်မြင်အောင် အရင်လုပ်ပြီးမှ အမြန်နှုန်းတင်ရတာ မဟုတ်လား။ အခု မင်းက မြန်တော့ မြန်တယ်၊ ဒါပေမဲ့ တစ်ခုမှ မအောင်မြင်ဘူးဆိုတော့ ဘာထူးမှာလဲ”
အပြင်စည်းတပည့် မာလင်းလည်း ဒီသတင်းကို ကြားတော့ ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီဆီ ချက်ချင်း ပြေးသွားပါတယ်။ မာလင်းက ဟုဝင်ဟိုင်ရဲ့ နားလည်ရခက်လှတဲ့ ကျင့်စဉ်လမ်းကြောင်းအကြောင်းကို စိုးရိမ်တကြီး ပြောပြခဲ့ပါတယ်။
“ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ။ ဟုဝင်ဟိုင် ဒီလိုကျင့်နေတာက သယံဇာတ အရင်းအမြစ်တွေကို ဖြုန်းတီးနေတာပဲလေ။ ကျွန်တော် သွားပြောပေးရမလား”
ဒါကို ကြားတော့ ချူရှင်းဟီတစ်ယောက် သူ့ရင်ထဲက တုန်လှုပ်မှုတွေကို မနည်း ထိန်းလိုက်ရပါတယ်။
(ဘာ။ မင်းက သွားပြောပေးမယ် ဟုတ်လား။ မာလင်း။ မင်းက အင်းလက်ဖွဲ့အကြောင်း နားလည်လို့လား။)
(ဟုဝင်ဟိုင်က ပညာရှင်ကွ။ သူက အနာဂတ် အင်းလက်ဖွဲ့ ဘုရင် လေ။ မင်းလို နားမလည်တဲ့ လူက သူ့ကို သွားလမ်းညွှန်မလို့လား။ အရှက်မရှိလိုက်တာ။ အဲဒီအစား ဟုဝင်ဟိုင်ကို မင်းရဲ့ ဖန်းဒု သရဲတစ်သောင်း ၀င်္ကပါ အကြောင်း ပြောပြလိုက်ပါလား။)
(ပြီးတော့ မင်းက ဘာလို့ ဟုဝင်ဟိုင်ရဲ့ ကျင့်စဉ်လမ်းကြောင်းက မှားနေတယ်လို့ ပြောရတာလဲ။ “တာအိုပေါင်း သောင်းခြောက်ထောင် ရှိသော်လည်း ငါကတော့ အမြန်နှုန်းကိုပဲ မြတ်နိုးတယ်” ဆိုတဲ့ စကား ရှိတယ်လေ။ ဒါ ဘာမှားလို့လဲ။)
(မာလင်း။ မင်း ဘာသိလို့လဲ။ မြန်တာ ဘာဖြစ်လဲ။ အောင်မြင်မှုနှုန်း နည်းတာ ဘာဖြစ်လဲ။)
“မာလင်း။ ငါ ဥပမာတစ်ခု ပေးမယ်။ တိုက်ပွဲထဲမှာ မင်းက အင်းလက်ဖွဲ့ ဆရာတစ်ယောက်နဲ့ တွေ့တယ် ဆိုပါစို့။ သူက တစ်ခါတည်းနဲ့ အင်းအကြီးကြီး တစ်ခုပဲ ထုတ်နိုင်တယ်။ အဲဒီအင်းက ဘယ်လောက်ပဲ ပြင်းပါစေ။ မင်း သူ့ကို ကြောက်မှာလား”
မာလင်းက ခေါင်းခါပြပါတယ်။
“ဒါဆိုရင်။ တိုက်ပွဲထဲမှာ မင်းက တစ်ခဏအတွင်းမှာတင် အင်းပေါင်း တစ်ရာကျော် ထုတ်နိုင်တဲ့ အင်းလက်ဖွဲ့ ဆရာနဲ့ တွေ့တယ် ဆိုပါစို့။ ဘယ်အင်းက အောင်မြင်မယ်၊ ဘယ်အင်းက ကျရှုံးမယ်ဆိုတာ သူကိုယ်တိုင်တောင် မသိဘူး။ ရန်သူဖြစ်တဲ့ မင်းကရော ဘယ်အင်းက အောင်မြင်မလဲဆိုတာ ဘယ်လိုမှ မသိနိုင်ဘူးလေ။ အဲဒီလို အလစ်အငိုက် ဖမ်းတာက ပိုမကြောက်ဖို့ ကောင်းဘူးလား။”
မာလင်း တစ်ယောက် ချက်ချင်း သဘောပေါက်သွားပါတယ်။
(ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ ပြောတာ တကယ် မှန်တာပဲ။)
စဉ်းစားကြည့်ပါ။ အင်းလက်ဖွဲ့ ဆရာ နှစ်ယောက် ရှိတယ်။ တစ်ယောက်က တစ်ခါမှ တစ်ခုပဲ ထုတ်နိုင်တယ်။ ၁၀၀ ရာခိုင်နှုန်း အောင်မြင်ရင်တောင်မှ သူ ထုတ်လိုက်တာနဲ့ မင်းက ခုခံလို့ ရတယ်။
ဒါပေမဲ့ တစ်ခါတည်းနဲ့ အင်းပေါင်း ရာနဲ့ချီ ထုတ်လိုက်တဲ့သူကျတော့ ဘယ်ဟာက အောင်မြင်မလဲဆိုတာ မသိနိုင်တော့ ဘယ်လို ခုခံရမှန်းတောင် သိမှာ မဟုတ်ဘူး။
ပြီးတော့ ဟုဝင်ဟိုင် ပြောသလိုပဲ အောင်မြင်မှုနှုန်း ဆိုတာကတော့ လေ့ကျင့်ရင် တက်လာမှာပါ။ အခု ဟုဝင်ဟိုင်က သယံဇာတ အရင်းအမြစ်တွေကို အရူးအမူး ဖြုန်းနေပြီး အောင်မြင်မှုနှုန်းကလည်း သုညနီးပါး ဖြစ်နေလို့ (ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီက ဂိုဏ်းရဲ့ သယံဇာတ အရင်းအမြစ်တွေ ဖြုန်းဖို့ တမင် လွှတ်လိုက်တာလား) လို့တောင် သံသယ ဝင်စရာ ဖြစ်နေပေမဲ့လည်းပေါ့။
အချိန်ကြာလာရင်တော့ လူတင်မကဘူး၊ ဝက်တောင်မှ လေ့ကျင့်မှု များရင် တိုးတက်လာမှာပဲ မဟုတ်လား။
မာလင်း စဉ်းစားကြည့်လိုက်ပါတယ်။ ဟုဝင်ဟိုင်အနေနဲ့ သာမန် အင်းလက်ဖွဲ့ ဆရာတွေလို ၁၀၀ ရာခိုင်နှုန်း အောင်မြင်စရာ မလိုပါဘူး။ ၃၀ ဒါမှမဟုတ် ၂၀ ရာခိုင်နှုန်းလောက် အောင်မြင်ရင်တောင် ဘယ်လောက် ကြောက်ဖို့ ကောင်းလိုက်မလဲ။ တိုက်ပွဲထဲမှာ တစ်ခဏအတွင်း အင်းပေါင်း ရာနဲ့ချီ ပစ်လိုက်တယ်၊ ၂၀ ရာခိုင်နှုန်းပဲ အောင်မြင်ရင်တောင် အင်း ၂၀၊ ၃၀ က မင်းဆီကို တန်းတန်းမတ်မတ် လာနေမှာလေ။
ဒါက အင်းလက်ဖွဲ့ ဆရာ မဟုတ်တော့ဘူး၊ ဒါက ရွေ့လျား အမြောက်တပ်မဟာကြီး ဖြစ်သွားပါပြီ။
(ဒါကြောင့် ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီ မှန်တယ်။)
(သိုင်းပညာမှာ အမြန်နှုန်းကို ဘယ်အရာမှ မဖြိုခွင်းနိုင်ဘူး။)
(တခြား အင်းလက်ဖွဲ့ ဆရာတွေက အောင်မြင်မှုနှုန်းနောက်ပဲ လိုက်နေကြတာ။ သူတို့တွေ အကုန် မှားနေကြတာပဲ။ အမြန်နှုန်းကမှ အင်းလက်ဖွဲ့ ဆရာတစ်ယောက်ရဲ့ အခြေခံ အကျဆုံး အရာပဲ။)
ဂိုဏ်းတူအစ်ကိုကြီး ရှင်းဟီကတော့ ဟုဝင်ဟိုင်ရဲ့ အားသာချက်ကို အစကတည်းက မြင်ခဲ့တာပဲ။ အခု ဟုဝင်ဟိုင်က ဂိုဏ်းရဲ့ သယံဇာတ အရင်းအမြစ်တွေကို အကြီးအကျယ် ဖြုန်းနေပေမဲ့ ဒါဟာ အင်းလက်ဖွဲ့ ဆရာတွေအတွက် လမ်းကြောင်းသစ် တစ်ခုကို ဖော်ဆောင်နေတာပဲ။ ဟုဝင်ဟိုင်သာ အောင်မြင်သွားရင် သူဟာ လမ်းကြောင်းသစ်တစ်ခုကို တီထွင်ခဲ့တဲ့ ဆရာကြီး တစ်ယောက် ဖြစ်လာမှာပဲ။
ဒီလို ဆရာကြီး တစ်ယောက်ကို ပျိုးထောင်ဖို့အတွက် ဂိုဏ်းက ဖြုန်းလိုက်ရတဲ့ သယံဇာတ အရင်းအမြစ်လေးတွေကတော့ စာဖွဲ့စရာ မဟုတ်ပါဘူးလေ။
***