ကျီချင်းရန်၏ ကိုယ်ဝန်ဆောင် ဆီးစစ်တံပေါ်ရှိ ပန်းနုရောင် မျဉ်းနှစ်ကြောင်းကို မြင်တော့ စုန့်လန်မှာ အလွန်အမင်း ရှော့ခ်ရသွားခဲ့ဟန်ဖြင့် ရင်ဘက်ပေါ် လက်တင်ထားမိသည်။
“ ဒီကောင်မလေးနဲ့တော့ … နင် ငါ့ကို သေအောင် သတ်နေတာပဲ … ဒါ သတင်းကောင်းလေ … ဘာ ငိုစရာလိုလို့တုန်း ….”
“ သမီး … သမီး မယုံကြည်နိုင် ဖြစ်နေလို့ ….”
ကျီချင်းရန် မျက်ရည်များဖြင့် ပြုံးနေမိသည်။ သူမ၏ ဝမ်းဗိုက်ထဲတွင် မွေးဖွားမလာသေးသည့် အသက်သေးသေးလေးအတွက် အစစ်အမှန် ပျော်ရွှင်မှုမျိုး ခံစားနေရလေသည်။
ထိုအချိန်မှာပဲ လင်းရီသည် ကျီချင်းရန်နှင့် လျန်ရူရွှယ်တို့၏ ကိုယ်ဝန်အပေါ် တုံ့ပြန်မှုတို့က လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်ကို သတိထားမိလိုက်သည်။
လျန်ရူရွှယ်က မဆန့်ကျင်သော်ငြား ကျီချင်းရန်ကဲ့သို့ စိတ်လှုပ်ရှားမှုမျိုး မပြခဲ့ပေ။
ဤအတိုင်း မှန်ကန်သည့် အချိန် မဟုတ်သေးဟုသာ ခံစားနေခဲ့ရ၏။
လျန်ရူရွှယ်က ကျီချင်းရန်ထက် ချမ်းသာသည့် မိသားစုက ပေါက်ဖွားလာခဲ့လင့်ကစား သူမ၏ မိသားစုသည် နိမ့်ချခြင်းကို ကျင့်သားရနေသူများပင်။ ၎င်းတို့သည်လည်း သာမန်လူများကဲ့သို့ နေ့စဉ်ဘဝတွင် အသေးအဖွဲ ကိစ္စရပ်များကို ရင်ဆိုင်ဖြေရှင်းရလေသည်။
ဆိုရလျှင် … လျန်ရူရွှယ်က သာမန်မိသားစုရှိ ကလေးတစ်ယောက်နှင့် ပိုတူသည်။ ကလေးများအပေါ် သူမ၏ သဘောထားအပြုအမူကို ကြည့်ခြင်းအားဖြင့် အထင်းသား မြင်တွေ့နိုင်လေသည်။
ကျီချင်းရန်အတွက်ကတော့ …. ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်း ဆိုသည်မှာ သူမ ဘယ်တုန်းကမျှ မကြုံတွေ့ဖူးသည့် အရာဖြစ်၏။ မြင်တွေ့ဖူးသည်ပင် ခပ်ရှားရှားပင်။
ဤအကြောင်းကြောင့်ပဲ ကိုယ်ဝန်ရှိကြောင်း သိရှိလိုက်ရသည့်အချိန်၌ လျန်ရူရွှယ်ထက်ပိုပြီး စိတ်လှုပ်ရှားသွားခဲ့ခြင်း ဖြစ်၏။
“ အမေ့သမီးလေး … နင် အခုကစပြီး အရင်လို နေလို့မရတော့ဘူးနော်… အလုပ်တွေလည်း ပင်ပန်းအောင် လုပ်လို့ မရတော့ဘူး …. အလုပ်ကိစ္စတွေ ရီလေးနဲ့ပဲ လွှဲထားတော့ … အခုကစပြီး အိမ်မှာပဲ နေပြီး အနားယူရမယ် ….” စုန့်လန်က လေးနက်တည်ကြည်စွာ ပြောဆိုလိုက်သည်။
“ ဒီည စောစောအိပ်တော့ …. ပြီးတော့ မနက်ဖြန်ကျရင် အမေတို့နှစ်ယောက် ဆေးရုံသွားပြီး ဆရာဝန် ဘာပြောမလဲ ဆေးစစ်ကြည့်ကြမယ် ….”
“ အမေရယ် … အဲ့လောက်ကြီးလည်း အလျင်လိုဖို့ မလိုပါဘူး ….”
ခေတ္တမျှ စိတ်လှုပ်ရှားပြီးနောက် ကျီချင်းရန် ပြန်လည် တည်ငြိမ်သွားခဲ့သည်။
“ အခုမှ အစောပိုင်းပဲ ရှိသေးတာ အရမ်းကြီး အလျင်လိုစရာ မလိုပါဘူး …. မနက်ဖြန်ကျရင် သမီး ယွမ်ယွမ်နဲ့ ဆေးရုံ သွားလိုက်မယ် ….”
“ အဲ့လိုလည်း ရတယ် … ယွမ်ယွမ်က အသေးစိတ်ကျတဲ့လူဆိုတော့ သူနဲ့ဆိုရင် အမေလည်း စိတ်ချတယ် …
ကျီချင်းရန် ခေါင်းညိတ်လိုက်သည်။ သူမ၏ လက်ဖဝါးကို ချပ်ရပ်နေသည့် ဝမ်းဗိုက်လေးပေါ် တင်ထားရင်း ဗိုက်အတွင်းရှိ သက်ရှိသေးသေးလေး၏ သွေးခုန်နှုန်းကို ခံစားကြည့်နေသည်။
“ ကဲ … နင်လည်း မတ်တပ်ရပ်မနေနဲ့တော့ … သွားပြီးနားတော့ … အစောပိုင်းကာလက မတည်ငြိမ်ဆုံးမို့ ဂရုစိုက်ရဆုံးပဲ … အိပ်ရေးကို ဝအောင်အိပ် ….”
ကျီချင်းရန် ခေါင်းညိတလိုက်၏။ သူမ၏ အသံနှင့် အမူအကျင့်တို့က ပိုပြီ နူးညံ့ပျော့ပျောင်းလာသည်။
စုန့်လန်နှင့် ကျီချင်းရန်တို့က အပေါ်ထပ်သို့ အတူတက်သွားကြပြီး လင်းရီကတာ့ ရေချိုးခန်းထဲ သွားကာ ကိုယ်လက်သန့်စင် လိုက်သည်။ ပြီးသည့်နောက် အိပ်ခန်းထဲသို့ ပြန်ရောက်လာသည်။
လင်းရီ ဝင်လာသည်ကို မြင်တော့ စုန့်လက်က သတိထားရမည့် အရာများကို နောက်တစ်ကြိမ် ထပ်ပြောပြီး အခန်းထဲက ထွက်သွားကာ စုံတွဲအတွက် ကိုယ်ပိုင် အချိန်လေး ဖန်တီးပေးလိုက်သည်။
အိပ်ရာပေါ်သို့ ရောက်လာပြီးနောက် ကျီချင်းရန်က သူမ၏ မျက်လုံးရွှဲကြီးများဖြင့် လင်းရီကို စူးစိုက်ကြည့်လိုက်သည်။
“ ဒါ သိပ်ကို မျက်လှည့်ဆန်လွန်းတယ်လို့ မထင်ဘူးလား ….”
“ မျက်လှည့်ဆန်တာလား ….” လင်းရီ စကားခေတ္တရပ်ဆိုင်းလိုက်ပြီး “ ကိုယ်ဝန်ရဖို့ဆို အဲ့လိုပဲ ကြိုးစားရတာ မဟုတ်ဘူးလား ….”
“ ငါ ပြောနေတာ အဲ့ကိစ္စ မဟုတ်ဘူးလ ….”
ကျီချင်းရန်က ရင်ဘက်ကို လက်ဖြင့် ဖိထားလိုက်ပြီး ခုန်ပေါက်နေသည့် သူမ၏ နှလုံးသားကို တည်ငြိမ်အောင် ပြုလုပ်နေဟန်ရသည်။
“ လနည်းနည်းပဲ ရှိသေးတာကို ငါက အမေ တစ်ယောက် ဖြစ်လာတော့မယ် … ဒါ အရမ်း လျှပ်တစ်ပြက်ဆန်လွန်းတယ်လို့ နင် မထင်ဘူးလား …”
ကျီချင်းရန်၏ စကားကို ကြားတော့ လင်းရီ ကြက်သေသေသွားခဲ့သည်။
ဤသည်က သူ ယခင်တုန်းက ဘယ်တုန်းကမှ စိတ်ကူးမယဉ်ကြည့်ခဲ့ဖူးသည့် အရာဖြစ်သည်။
သူလည်း မကြာခင် အဖေ တစ်ယောက် ဖြစ်လာတော့မယ် ….
ယင်းက လင်းရီ နားမလည်နိုင်သေးသည့် အတွေ့အကြုံတစ်ခု ဖြစ်၏။
သို့သော် ကျီချင်းရန်ကို ကြည့်မိတော့ ဤသည်က တကယ့်ကို မှော်ဆန်လှသည့် အရာတစ်ခု ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
ထိုကဲ့သို့သော တယုတယ မျက်ဝန်းများကို ယခင်သုံးနှစ်လုံးတွင် လင်းရီ တစ်ကြိမ်တစ်ခါလေးမျှ မမြင်တွေ့ဖူးခဲ့ကြောင်း သေချာသည်။
အိပ်စက်ရတာကို နှစ်သက်သည့် ကျီချင်းရန်သည် အွန်လိုင်းပေါ်တွင် ကလေး အသုံးအဆောင် ပစ္စည်းများကို ကြည့်ရှုရင်း ည တစ်နာရီ ထိုးသွားခဲ့သည်။
ယခင်ကတော့ နင်ယွဲ့ အတွက်။ ယခုမူကား သူမကိုယ်တိုင် အတွက်ပင်။
နောက်တစ်နေ့ နံနက်ခင်း၌ လင်းရီ အိပ်ရာ မနိုးသေးခင်မှာပဲ ဟော်ယွမ်ယွမ်၏ အသံကို ကြားလိုက်ရ၏။
အိပ်ခန်းထဲသို့ ဝင်ရောက်လာပြီးနောက် သူမက လင်းရီ၏ စောင်ကို လှန်လိုက်သည်။
“ မင်း ငါ့ကို သူဌေးတစ်ယောက်အနေနဲ့ လေးစားမှုလေး မပေးနိုင်ဘူးလားကွာ ….”
လင်းရီ ကျိန်ဆဲလိုက်ပြီး ဟော်ယွမ်ယွမ်ကို ပြတင်းပေါက်ကနေ ကန်ချပစ်ချင်နေမိတော့သည်။
“ အခု ဘယ်အချိန်ရှိနေပြီလို့ထင်လဲ … အိပ်ကောင်းနေသေးတယ်ပေါ့ … ရှင့်မှာ တာဝန်သိစိတ် နည်းနည်းလေးတောင် မရှိဘူးလား ….”
လင်းရီ အတွင်းခံဘောင်းဘီလေး တစ်ထည်နှင့် အိပ်မောကျနေသည်ကို မြင်လင့်ကစား ဟော်ယွမ်ယွမ် စိုးစဉ်းသော်မျှ ရှက်ရွံ့သွားခြင်း မရှိပေ။
အမေ တစ်ယောက်က သားဖြစ်သူကို အိပ်ရာထ နောက်ကျသဖြင့် လာရောက်ဆူပူကြိမ်းမောင်းသည်နှင့်ပင် ဆင်တူနေတော့၏။
“ ခုနစ်နာရီကျော်ကျော်ပဲ ရှိသေးတာကို လခွမ်းမို့လို့ အစောကြီး ထရမှာလား ….”
“ ဘာပဲ ဖြစ်ဖြစ် မအိပ်နဲ့တော့ … ခဏနေကျရင် ကျွန်မနဲ့ အစ်မချင်းရန်ကို ဆေးရုံလိုက်ပို့ပေး … ဒီနေ့ ဆေးသွားစစ်ကြမှာ … တန်းစီဖို့က အချိန်ပေးရတယ် ….”
“ လခွမ်းကို တန်းစီ … ဆေးရုံအုပ်ကြီးနဲ့တွေ့ပြီး ငါ့နာမည်ပြောလိုက် … မင်းတို့ကို ဘယ်သူ တန်းစီခိုင်းရဲလဲ ….”
“ အဲ့လိုလည်း မရဘူး … ရှင် ကျွန်မတို့ကို ကားမောင်းလိုက်ပို့ပေးရမှာပဲ ….. “
“ ထားလိုက်ပါ ယွမ်ယွမ်ရယ် …..”
ကျီချင်းရန်က အပြင်ဘက်ကနေ ဝင်ရောက်လာခဲ့ပြီး “ ဒီတိုင်း ဆေးစစ်တာလေးပဲမလား … ထွေထူး ကိစ္စကြီးလည်း မဟုတ်တာ သူ့ကို သွားခေါ်နေစရာ မလိုပါဘူးဟယ် ….”
“ သူက ကလေး အဖေ ဖြစ်တော့မှာလေ … ဒါပေါ့ … သူလည်း လိုက်ခဲ့ရမှာပေါ့ ….”
“ တကယ် မလိုတာပါ ….” ကျီချင်းရန် ပြောလိုက်ပြီး “ တကယ်တော့ … သူ မလိုက်ခဲ့ရင် ပိုတောင် အဆင်ပြေသေးတယ် … သူလိုက်ခဲ့မယ်ဆို ငါလည်း သက်တောင့်သက်သာ မဖြစ်လောက်ဘူး … နင် အဖော်လိုက်လုပ်ပေးရင်ကို ရပါပြီ ယွမ်ယွမ်ရယ် ….”
“ အဲ့လိုလား … ပြီးတာပဲလေ ….”
ဟော်ယွမ်ယွမ်က သူမ၏ မေးစေ့ကို မော့လိုက်ပြီး “ ဒါဆိုလည်း ပြန်အိပ်တော့ ….”
“ ချီးကို အိပ် …. မင်းက စောင်လှပ်ပစ်လိုက်မှတော့ ငါက ဘယ်နားက သွားအိပ်ချင်တော့မှာတုန်း ….”
လင်းရီ စိတ်မကြည်မသာဖြင့် အိပ်ရာက ထလိုက်ပြီး အဝတ်စားဝတ်ကာ မျက်နှာသစ် သွားတိုက်လိုက်သည်။ ပြီးသည့်နောက် အားလုံးအတူ မနက်စာ စားကြ၏။
ထမင်းစားပွဲဝိုင်း၏ စကားဝိုင်းကတော့ ကျီချင်းရန်၏ ကိစ္စများနှင့်သာ ပတ်ပတ်လည်နေသည်။
မည်သို့ပင်ဆိုစေ သူမက ယခုဆို တစ်အိမ်လုံးက ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရမည့် အဖိုးတန် သက်ရှိလေး ဖြစ်လာပြီ ဖြစ်၏။
“ ယွမ်ယွမ် … နင်နဲ့ ကောင်းကြီးလည်း အတူနေတာ ကြာလှပြီ … မြန်မြန် လှုပ်ရှားသင့်နေပြီနော်….”
“ သမီးတို့ကတော့ အလျင်မလိုပါဘူး အန်တီ … နည်းနည်းလေး စောင့်ကြည့်ချင်သေးတယ် … အစ်မရန် ကလေးမွေးပြီး အဲ့ကနေ အတွေ့အကြုံ နည်းနည်းပါးပါးယူမယ် … ပြီးမှပဲ ကလေးယူဖို့ အစီအစဉ် ဆွဲတော့မယ် ….”
“ အဲ့လိုလည်း အဆင်ပြေသားပဲ … နင်က ရန်ရန်ထက် ငယ်တော့ နောက် တစ်နှစ်၊ နှစ်နှစ်လောက် စောင့်လိုက်လည်း ဘာမှ ဖြစ်မသွားဘူး ….” စုန့်လန်က ပြုံးလျက် ဆိုလိုက်၏။
“ အချိန်ကျလို့ နင်တို့နှစ်ယောက်က တစ်ယောက်က ယောက်ျားလေး၊ တစ်ယောက်က မိန်းကလေး မွေးလာခဲ့ရင် တစ်ခါတည်း ကြိုပြီး စီစဉ်ထားပေးလို့ရတယ် … ဒီလိုနဲ့ မျိုးရိုးကောင်းတွေ ဆက်တိုက် ထိန်းသိမ်းပြီးသား ဖြစ်တာပေါ့ ….”
“ ဟီးဟီး … သမီးလည်း အဲ့လို တွေးနေတာ ….”
“ မင်းတို့နှစ်ယောက်လုံး သားလေး မွေးတာ အကောင်းဆုံးပဲ … အဲ့ခါကျရင် ငါ့သားကို မင်းရဲ့သားကို ရိုက်ခိုင်းမယ် …”လင်းရီ ပြောလိုက်သည်။
“ အဲ့တာဆို ကျွန်မလည်း ရှင့်ကို ဒေါက်ဖိနပ်နဲ့ လာရိုက်မှာပေါ့ ….”
“ စကားမစပ် ကောင်းမိသားစုက သမီးထက် သားတွေကို ပိုအလေးပေးတတ်တဲ့ မိသားစုတော့ မဟုတ်ဘူးမလား ….” စုန့်လန်က စိုးရိမ်ပူပန်သံစွက်၍ မေးမြန်းလိုက်သည်။
“ အဲ့ကိစ္စ ပူစရာမလိုဘူး … သမီး ရှင်းအောင် ပြောပြထားပြီးသား … ကလေးရဲ့လိင်က ဘာပဲ ဖြစ်နေပါစေ ၊ တစ်ယောက်ပဲ ယူမှာ … ကောင်းမိသားစု ဘာပဲ စဉ်းစားစဉ်းစား အဲ့တာ သူတို့ ကိစ္စ …..”
လင်းရီ နှုတ်ခမ်းတို့ တွန့်ကွေးသွားခဲ့၏။ စုန့်လန်၏ စိုးရိမ်စိတ်ကလည်း အကြောင်းအရင်းမဲ့တာ မဟုတ်ပေ။
မည်သို့ပင်ဆိုစေ နှစ်ဘက်၏ နောက်ခံများက ကမ္ဘာကြီးလောက်ကို ကွာခြားနေလေသည်။
ကောင်းမိသားစု ရှေ့မှောက်တွင် ဟော်ယွမ်ယွမ်က အသာစီးရှိသည့် အနေအထားမှ မဟုတ်ပေ။ ထို့ပြင် မိသားစုကြီးများ၌ သားယောက်ျားလေးများက တန်ဖိုးထားခြင်းကို ပိုခံရ၏။
သို့ပေမယ့်လည်း ဟော်ယွမ်ယွမ်၏ အစွမ်းအစများဖြင့်ဆိုပါက ကောင်းမိသားစုနှင့် ပြီးပြည့်စုံစွာ လိုက်ဖက်ညီလေသည်။
မဟုတ်ဘူးဆိုရင်တောင် ကောင်းမိသားစု၏ စီးပွားရေး လုပ်ငန်း အတိုင်းအတာက သူမ၏ အလားအလာများကို ပြည့်ပြည့်ဝဝ အသုံးချပိုင်ခွင့် မရှိသည်မျိုးတောင် ဖြစ်ကောင်းဖြစ်နေနိုင်သည်။
“ ငါတော့ မင်းတို့နှစ်ယောက်လုံး သားလေး မွေးတာကပဲ အကောင်းဆုံးလို့ ထင်တယ် ….” လင်းရီ ပြောလိုက်သည်။
“ ရှင်က ဘာလို့ အဲ့လိုပြောရတာ ….”
“ သားယောက်ျားလေးတွေက သူ့အမေနဲ့ ပိုတူတယ် … တကယ်လို့ မင်းသာ ကောင်းကြီးလို ဦးနှောက်မျိုးနဲ့ မိန်းကလေး မွေးလာခဲ့ရင် တကယ့် ခေါင်းကိုက်စရာပဲ မဟုတ်လား ….”
“ ဟားဟား ….”
ဟော်ယွမ်ယွမ် ကျယ်လောင်စွာ အော်ရယ်မိသွားခဲ့သည်။
“ ရှင် ဒီနေ့ ပြောသမျှထဲ ဒီစကားတစ်ခွန်းက ယုတ္တိအရှိဆုံးပဲ ….”
သို့နှင့် ရိုးရှင်းသည့် မနက်စာထမင်းဝိုင်းလေးလည်း ရယ်မောသံများကြား အဆုံးသတ်သွားခဲ့သည်။
လင်းရီ စစချင်းတုန်းကတော့ ကျီချင်းရန်နှင့်အတူ ဆေးရုံသို့ လိုက်ချင်သော်လည်း ပိတ်ပင်ဟန့်တားခြင်းကို ခံလိုက်ရ၏။
သူမက ဤသို့သော သီးသန့်ဆန်သည့် ကိစ္စရပ်များကို ဟော်ယွမ်ယွမ်နှင့် မိန်းမသားချင်း စကားပြောသည်က ပိုပြီး သက်တောင့်သက်သာ ဖြစ်သည်ဟု ခံစားနေရ၏။ လင်းရီနှင့် တိုင်ပင်ဖို့က အနည်းငယ် ရှက်ဖို့ကောင်းနေသည်။
သို့သဖြင့် … လင်းရီလည်း မလိုက်သွားတော့ပေ။ ထိုအစား ရှင်းရှန်း ရဲစခန်းသို့သာ ဦးတည်လိုက်တော့သည်။
လမ်းတွင် လော့ချီထံက ဖုန်းဝင်လာသည်။
“ အစ်ကိုရီ … ကျွန်မတို့တွေ လေဆိပ်သွားတဲ့လမ်းမှာ … မကြာခင် ကျိုးဟိုင်ကို ရောက်မယ် …”
***