ကျီချင်းရန်၏ ရှော့ခ်ရတကြီး အော်ဟစ်သံကို ကြားတော့ လင်းရီ ကုတင်ပေါ်က ကောက်ကာငင်ကာထပြီး အပြင်သို့ ပြေးထွက်လာခဲ့၏။
များမကြာမီ စုန့်လန်နှင့် ကျီအန်းထိုက်တို့သည်လည်း အပေါ်ထပ်သို့ အလျင်စလို ပြေးတက်လာခဲ့ကြ၏။
" ကျွန်တော် အထဲ၀င်သွားကြည့်လိုက်ဦးမယ် ... "
အော်ဟစ်ပြီးနောက် လင်းရီ ရေချိုးခန်းထဲ ၀င်လာခဲ့ကာ ကျီချင်းရန်က toilet ပေါ် ထိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။ မျက်နှာထက်တွင် ကြောက်လန့်နေသည့် အမူအရာက အထင်းသား ဖြစ်ပေါ်နေပြီး မျက်ရည်များလည်း စီးကျနေသည်။
" ဘာဖြစ်တာလဲ ... "
" ငါ ... ငါ သွေးထွက်နေလို့ ... "
ကျီချင်းရန် သူမ၏ အတွင်းခံကို ညွှန်ပြပြီး ပြောလိုက်သည်။
လင်းရီ မသိစိတ်အလျောက် လှမ်းကြည့်လိုက်မိတော့ အနီရောင် အမှတ်သေးသေးလေးများကို မြင်တွေ့လိုက်ရသည်။
" အဆင်ပြေတယ်... ဒါ သာမန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ ... ကြောက်စရာ မလိုဘူး ... "
( ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် အင်မတန်နည်းပါတယ်။ )
လင်းရီ ကျီချင်းရန်၏ လက်ကောက်၀တ်ကို ဆုပ်ကိုင်လိုက်ပြီး သွေးခုန်နှုန်း ဆန်းစစ်ကြည့်လိုက်သည်။
စိုးရိမ်ကြောင့်ကြနေသည့် သူ့စိတ်အခြေအနေမှာ စိတ်သက်သာရသွားခဲ့၏။
“ သွေးခုန်နှုန်းလည်း အဆင်ပြေတယ် ….” လင်းရီ ကျီချင်းရန်ကို အကဲခတ်လိုက်ပြီး “ မနေ့ အပြင်ထွက်တုန်းက လေးတဲ့ ပစ္စည်းတွေ သယ်ခဲ့သေးလား ….”
“ အမ် ….”
လင်းရီ၏ မေးမြန်းခြင်းကို ခံလိုက်ရတော့ ကျီချင်းရန် အနည်းငယ် အပြစ်ရှိသွားသည့် စိတ်ဖြင့် “ မနေ့တုန်းက ဆေးစစ်ပြီးတော့ ဈေးဝယ်ထွက်ခဲ့ကြသေးတယ် …”
လင်းရီ သူမအား စိတ်ပျက်သွားမှာကို စိုးရိမ်သည့်အတွက် ကျီချင်းရန် အလျင်အမြန် ရှင်းပြလာခဲ့၏။
“ ငါ ကုတ်တစ်ထည်နဲ့ ဖိနပ်တစ်ရံတည်း သယ်ခဲ့တာ …. ကျန်တဲ့ ပစ္စည်းတွေ အကုန်လုံးကို ယွမ်ယွမ်ပဲ သယ်တာ … လုံးဝ မလေးဘူး ….”
“ လေးတာ မလေးတာ အကြောင်းမဟုတ်ဘူး … ဒီခုလို အချိန်မျိုးမှာ အသေးမွှား ကိစ္စလေးကတောင် ပြဿနာ အကြီးကြီး ဖြစ်သွားနိုင်လို့ ….” လင်းရီ ပြောလိုက်ပြီး “ ငါ ဆေးရုံမှာ အလုပ်လုပ်တုန်းကဆိုရင် နှာချေလိုက်လို့ ကိုယ်ဝန်ပျက်ကျသွားခဲ့တဲ့ အမျိုးသမီးနဲ့တောင် ကြုံခဲ့ဖူးတယ် ….”
“ ဟင် ….”
ဤသတင်းက ကျီချင်းရန်အတွက်တော့ လုံးဝ ယုံနိုင်စရာ မရှိပေ။ သူမ၏ မျက်နှာအရောင်မှာ ချက်ချင်း ဖြူလျော်သွားခဲ့ပြီး စိုးရိမ်ထိတ်လန့်သွားခဲ့၏။
ထိုကဲ့သို့သော ကိစ္စမျိုး ဖြစ်ပျက်လာမှာကို သူမ လုံးဝ လက်သင့်မခံနိုင်ချေ။
“ ဒီအတောအတွင်း ကိုယ့်ကိုယ်ကို သေချာပိုပြီး ဂရုစိုက် …” လင်းရီ တွက်ချက်မှု ပြုလိုက်ပြီး “ သုံးလပြည့်လို့ တည်ငြိမ်သွားတာနဲ့ နောက်ပိုင်း ကြီးကြီးမားမား စိုးရိမ်စရာတွေ ရှိတော့မှာ မဟုတ်ဘူး ….”
“ ငါ … ငါ နားလည်ပြီ …”
သူမကို သတိပေးပြီးနောက် လင်းရီ အပြင်သို့ ထွက်ခွာလာခဲ့သည်။ ကျီချင်းရန်လည်း ရေချိုးပြီးနောက် ရေချိုးခန်း အပြင်ဘက်သို့ ထွက်လာခဲ့၏။
မနက်ခင်း ကိုးနာရီ ။ မိသားစုလေးဦး မနက်စာ စားနေစဉ်မှာပဲ အပြင်ဘက်တွင် ALPHARD တစ်စင်းက ထိုးရပ်လာခဲ့၏။
ထို့နောက် ချင်းဟန်၊ ကောင်းကျုံးယွမ်နှင့် ဟော်ယွမ်ယွမ်တို့ တစ်ယောက်ပြီး တစ်ယောက် ကားပေါ်က ဆင်းပြီး အိမ်ထဲသို့ ဝင်လာခဲ့ကြသည်။
“ လာကြ … လာကြ … မြန်မြန် ဝင်လာခဲ့ကြ …”
သူတို့ သုံးယောက်ကို မြင်တော့ စုန့်လန်က နွေးထွေးစွာ ကြိုဆိုလိုက်၏။
“ သားတို့ စားပြီးကြပြီလား …..”
ချင်းဟန်က အရှက်ကင်းမဲ့စွာ ပြုံးလျက် “ မစားရသေးဘူး အန်တီ … ကျွန်တော်တို့တွေ အန်တီစုန့်ဆီမှာ အလကား လာစားဖို့ ရောက်လာခဲ့ကြတာ ….”
“ အလကား စားတယ်ဆိုတာက ဘာစကားတုန်း …. ဒီရောက်လာမှတော့ ကိုယ့်အိမ်ကိုယ့်ယာပဲပေါ့ … ထိုင်ခုံယူပြီး ထိုင်လိုက် … အန်တီ မင်းတို့ဖို့ တူတွေ၊ ပန်းကန်တွေ ယူလာခဲ့ပေးမယ် ….”
“ ဟုတ်ကဲ့ ….”
ယခင်ကလည်း စုန့်လန်၏ အိမ်သို့ ထမင်းစား လာဖူးသဖြင့် ချင်းဟန်နှင့် ကျန်သူများလည်း ဟန်တစ်ခွဲသား လုပ်မနေကြတော့ပေ။ စုန့်လန်က သူတို့ သုံးဦးအတွက် ပန်းကန်လုံးအပိုများ သွားယူလာပေး၏။
“ မင်းတို့သုံးယောက်က ဘယ်လိုဖြစ်ပြီး အတူရောက်လာကြတာ …”
ကောင်းကျုံးယွမ်က သမ်းဝေရင်း “ ယွမ်ယွမ်ပြောတာ ဒီနေ့ စစ်ဆေးထားတဲ့ ရလဒ်တွေ သွားယူဖို့ ရှိတယ်ဆိုလို့ ငါ့ကိုပါ သူနဲ့ အတူ လိုက်ခဲ့ခိုင်းလို့လေ … အဲ့တုန်းက ငါ အစ်ကိုချင်နဲ့ အတူရှိနေတာ …. ပြီးတော့ ဥက္ကဌကျီကလည်း ကိုယ်ဝန်ရနေပြီဆိုတော့ လာပြီး ဂုဏ်ပြုပေးချင်တာလည်း ပါတာပေါ့ ….”
“ လျန်ကြီးကရော … သူ့ကို မတွေ့ဖြစ်တာတောင် အတော်ကြာပြီ ….”
“ အဲ့ကောင် အခု တစ်လော မိသားစုထဲမှာ ပြဿနာ နည်းနည်းတက်နေတာ …. အခုလောက်ဆို အိမ်မှာ အလုပ်များနေလောက်တယ် ….” ကောင်းကျုံးယွမ် ပြောလိုက်၏။
“ ဒီည သူ့ကို ဖုန်းခေါ်လိုက်မယ်လေ … အပြင်ထွက်ပြီး သောက်ကြတာပေါ့ ….”
“ ဟမ် ….” လင်းရီ အသီးအရွက်ချဉ် တစ်ဖက်ကို တူဖြင့် ညှပ်ရင်း သိချင်စိတ် ပြင်းပြစွာဖြင့် “ မိသားစုထဲ ပြဿနာ တက်နေတယ်ဟုတ်လား … အရမ်းကြီးလား ….”
“ မိသားစုချင်းတော့ မဟုတ်ဘူး … ပြဿနာ တက်နေတာက သူတို့ရဲ့စီးပွားရေးလုပ်ငန်း ….” ကောင်းကျုံးယွမ်က စကားအမှန် ပြင်ပေးလိုက်ပြီး “ ငါကြားတာ သူတို့ပြဿနာ နည်းနည်း တက်နေတယ်ဆိုပဲ …. လောင်ချင်နဲ့ ငါလည်း အရင်က သူ့ကို မေးကြည့်ဖူးတယ် … ဒါပေမယ့် အများကြီး မပြောပြဘူး … ပရောဂျက် အကြီးစား တစ်ခု ဆွေးနွေးနေတာ သူ့ဘာသူ ကိုင်တွယ်နိုင်တယ်ဆိုပဲ … အဲ့တုန်းကတည်းကစပြီး ငါတို့လည်း မတွေ့ဖြစ်တာ ကြာပြီ ….”
“ မဟုတ်သေးပါဘူးဟ… ရှင်းဟွာ လေကြောင်းလိုင်းတစ်ခုလုံးက သူတို့မိသားစု အပိုင်ပဲလေ … အမြတ်ထွက်ဖို့ ဒီလောက် သေချာနေတဲ့ စီးပွားရေးလုပ်ငန်းမှာ ဘယ်နားက ပြဿနာ ရှိနိုင်ရမှာလဲ ….”
“ အဓိကက ရှင်းဟွာ လေကြောင်းလိုင်းအပြင် သူ့အမေက တခြားစီးပွားရေး လက်ခွဲတွေလည်း အများကြီး ရှိနေတာပဲ …… ပြီးတော့ အစိုးရက လေကြောင်းလိုင်းတွေအပေါ် တင်းကြပ်နေတော့ ကွင်းဆက် သက်ရောက်မှုတွေပဲ ဆိုပါတော့ ….”
ကောင်းကျုံးယွမ် ပခုံးတွန့်ပြလိုက်ပြီး “ ငါတောင် သူနဲ့ မတွေ့ဖြစ်တာ လဝက်လောက်ရှိပြီ … သူ အခု ဘာတွေ လုပ်နေလဲ တကယ်ကို မသိတာ ….”
“ အရမ်းကာရော လျှောက်ပြောမနေကြနဲ့ … အဲ့ကောင် ငါတို့နှစ်ယောက်နဲ့ ရင်းနှီးလာတာ ၇ နှစ် ၊ ၈ နှစ်မကတော့ဘူး… ငါ့စိတ်ထင် အဲ့ကိစ္စလည်း သူ့အပေါ် များများစားစား မသက်ရောက်နိုင်ပါဘူး … ဘယ်သူသိနိုင်မှာ … အခုချိန်လောက်ဆို ရုံးခန်းထဲမှာ ပွဲတော်တည်နေတာမျိုးလည်း ဖြစ်နေနိုင်တာပဲလေ …”
ကောင်းကျုံးယွမ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ လျန်ကြီးရဲ့ စရိုက်နဲ့ဆိုရင် တကယ်လည်း အဲ့လို လုပ်နေလောက်တယ် ….”
“ အချိန်ရရင် သူ့ဆီ ဖုန်းဆက်လိုက်ဦး … ဒီည လူစုံပြီး သောက်ကြတာပေါ့ …. နှစ်သစ်ကူး ရောက်ခါနီးပြီဆိုတော့ ငါလည်း ဒီရက်ပိုင်း အားတယ် … သူ့ကို အလုပ်တွေချည်း နင်းကန် လုပ်မနေနဲ့လို့ …..”
“ အိုကေ …..”
ကလင် ကလင် ကလင် ….
ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့သည်။ ဝမ်ချွေ့ပင်းထံက ဖြစ်၏။
“ ဟယ်လို အမေ …..”
“ သားလေး … ချင်းရန် ကိုယ်ဝန်ရှိနေပြီဆို …. သူ အခု ဘယ်လိုနေသေးလဲ … အော့အန်နေတုန်းပဲလား ….”
ဝမ်ချွေ့ပင်း ဤသတင်း ရရှိသွားသည့်အပေါ် လင်းရီ အံ့အားမသင့်မိခဲ့ပေ။
“ ကျွန်တော်တို့လည်း မနေ့ညလေးတင်မှ သိရတာပါ အမေရာ … ရေးကြီးခွင်ကျယ်တွေ မလုပ်စမ်းပါနဲ့ …..”
“ ဘာကို ရေးကြီးခွင်ကျယ် မလုပ်နဲ့ လျှောက်ပြောနေတာ ဟမ် ကောင်စုတ်လေး … ငါ နင်ယွဲ့ကို လက်မှတ်ဖြတ်ထားဖို့ ပြောပြီးပြီ … ခဏနေ ကျိုးဟိုင်ကို ရောက်မယ် … ဒီနေ့ ဘယ်မှ လျှောက်မသွားနဲ့ ….”
“ အာ …. ကျိုးဟိုင်ကို လာမလို့လား … မဟုတ်တောင် ကျွန်တော်နဲ့ ချင်းရန်က ရက်နည်းနည်းကြာရင် အဲ့ကို လာဖို့ လုပ်နေတာ ….”
“ နင်တို့ လာတာ ၊ မလာတာ အရေးမဟုတ်ဘူး …. အဲ့လို ဖြစ်လာပြီဆိုမှတော့ ငါတို့ဘက်က လာကို လာရမှာ …. ငါတို့ရဲ့ စိုးရိမ်ပူပန်မှုကိုလည်း ပြသပေးရာ ရောက်တာပေါ့ဟဲ့ ….”
“ ဒီတိုင်း ကိုယ်ဝန်ရှိရုံလေးပါ အမေရာ … နဂါးမွေးမှာ မဟုတ်ပါဘူး … စိတ်ကို ငြိမ်ငြိမ်ထားစမ်းပါ ….”
“ နင် နာချင်နေတာလား … ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ ….. ဒီလို အရေးကြီး ကိစ္စမျိုးကို ငါက မပူပန်ဘဲ အေးဆေး ထိုင်နေနိုင်မှာလား ….” ဝမ်ချွေ့ပင်းက လင်းရီကို ဆူငေါက်လိုက်ပြီး “ ဒီနေ့ လျှောက်သွားမနေနဲ့ … နင်ယွဲ့နဲ့ငါ ခဏနေကျရင် လေယာဉ်ပေါ်တက်တော့မှာ ….”
“ ဒါဆို ကျွန်တော် အမေတို့ကို လာကြိုပေးမယ် ….”
“ အဲ့လိုလည်း ရတယ် ….”
ဝမ်ချွေ့ပင်းက လင်းရီ လာကြိုပေးမည့် ကိစ္စနှင့် ပတ်သက်၍ ထွေထူး စဉ်းစားမနေခဲ့ချေ။ မည်သို့ပင်ဆိုစေ သူမ နှစ်ပေါင်းများစွာကြာ ကျွေးမွေးပျိုးထောင်ပေးခဲ့သည့် သားဖြစ်သူ လာကြိုပေးသည်က ဖြစ်သင့်သည့် သဘာဝသာ ဖြစ်၏။
ဖုန်းချပြီးနောက် လူတိုင်း၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည်။
“ မေမေဝမ် ဒီလာမလို့တဲ့လား ….” ကျီချင်းရန် မေးလိုက်သည်။
လင်းရီ ခေါင်းညိတ်လိုက်၏။ “ မင်း ကိုယ်ဝန်ရှိနေတာ သိတော့ ဒီလာပြီး တွေ့ချင်နေတာလေ ….”
“ နင်ယွဲ့ ပြောပြလိုက်တာ ဖြစ်မယ် ….”
“ အဲ့တာဆိုလည်း လာပါစေ … ငါတို့လည်း အားနေတာပဲဟာ ….”
“ ဟုတ်တယ် ဟုတ်တယ်… ဒါ ကောင်းတဲ့ ကိစ္စပဲ ….”
စုန့်လန်က ပြောလိုက်ပြီး “ အန်တီတို့က အခု တစ်မိသားစုတည်းတွေ ဖြစ်သွားပြီဆိုတော့ မကြာမကြာ လာလည်ပေးဖို့ လိုတယ် …. နင်တို့လည်း အိမ်ရောက်လာတယ်ဆိုတော့ ညစာကို ဒီမှာပဲ စားပြီး နောက်တစ်နေ့ကျ တစ်နေရာရာ သွားလည်ကြပေါ့ ….”
“ ကျွန်တော်ကတော့ အရေထူပြီးသား … အန်တီစုန့်သာ ခေါ်လို့ကတော့ ည ထမင်းစားဖို့ သေချာပေါက် လာခဲ့မှာ ….” ချင်းဟန်က ထိုင်ခုံနောက်သို့ မှီလိုက်ပြီး ဘာမဟုတ်သည့်နှယ် ပြောဆိုလိုက်သည်။
“ ဒါပေါ့ ဒါပေါ့ … သားတို့လည်း ည လာခဲ့ကြ … လူများတော့ ပိုပြီး ပျော်ဖို့ ကောင်းသွားတာပေါ့ ….”
“ ဒါဆိုလည်း လူခွဲပြီး သွားကြတာပေါ့ ….” လင်းရီက ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်ကို ကြည့်လိုက်ပြီး “ မင်းတို့နှစ်ယောက်က ဆေးရုံကို သွားပြီး ဆေးစစ်ချက် သွားယူလိုက် … ငါတို့ကတော့ လောင်လျန်နဲ့ သွားတွေ့လိုက်ဦးမယ် … သူ့အိမ်မှာ ပြဿနာလည်း တက်နေတာဆိုတော့ အတော်ပဲ … တစ်ခါတည်း ကူညီပေးလို့ ရတာပေါ့ ….”
“ ငါ ဒီလာတုန်းက သူ့ကို ဖုန်းဆက်ခဲ့သေးတယ် … သူပြောတာ ရုံးခန်းမှာ အလုပ်ရှုပ်နေတယ်ဆိုပဲ … ရုံးခန်းကို သွားလိုက်ရင် သူနဲ့ တွေ့ရလောက်တယ် ….” ကောင်းကျုံးယွမ်က ပြောလိုက်၏။
“ သွားကြတာပေါ့ ….”
အုပ်စုက နှစ်အုပ်စု ကွဲသွားခဲ့သည်။ ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့က ၎င်းတို့၏ ကိုယ်ပိုင်ကားဖြင့် ဆေးရုံသို့ ထွက်သွားခဲ့ကြပြီး လင်းရီတို့ကတော့ ချင်းဟန်၏ Alphard ဖြင့် လေဆိပ်သို့ ဦးတည်လိုက်ကြသည်။
…..
ရှင်းဟွာ လေကြောင်းလိုင်း ၊ ဥက္ကဌ ရုံးခန်း။
“ အဖေ တကယ်ပဲ ကျွန်တော်တို့နှစ်ယောက်ကို လက်ထပ်စေချင်နေတာလား ….” လျန်ကျင်းမင်က ဆိုဖာပေါ်တွင် ထိုင်ပြီး တည်ငြိမ်သည့် ဟန်အမူအရာဖြင့် လေးနက်စွာ မေးမြန်းလိုက်သည်။
သူ့လေသံထဲတွင် မလိုလားမှု အရိပ်အယောင်တို့ အနည်းငယ်မျှ ပါဝင်နေသည်။
လျန်ကျင်းမင်၏ ဖခင်၊ လျန်ကျန်းတုန်းက “ မင်းလည်း အဖေတို့အိမ် အခြေအနေကို သိရဲ့သားနဲ့ …. ပြုပြင် ပြောင်းလဲဖို့အတွက် ကျင်းရန် ပရောဂျက်ကို သေလုမတတ် လိုအပ်နေတယ် .. သူတို့ရဲ့ အကူအညီနဲ့သာဆိုရင် အများကြီး ပိုလွယ်ကူသွားမှာ … နောင်ကျရင် အဖေတို့ရဲ့ လွှမ်းမိုးမှုကိုတောင် ကျိုးဟိုင်မှာ ချဲ့ထွင်လို့ ရဦးမယ်…”
***