လျန်ကျင်းမင် အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်သွားခဲ့ပြီး အဆုံးတွင် စကားဟလာခဲ့၏။
“ ဒါဆိုလည်း ကောင်းပြီလေ … ဘယ်လိုပဲ ဖြစ်ဖြစ် လက်ထပ်ရမှာကတော့ လက်ထပ်ရမှာပဲ … ကျွန်တော်ကတော့ ဂရုမစိုက်ပါဘူး ….”
လျန်ကျင်းမင်သည် သူ့အနေအထားကို ကောင်းစွာ သိရှိနားလည်ထားသည်။ မဟုတ်လျှင်လည်း သူ့ဘဝအခြေအနေကို ချင်းဟန်၊ ကောင်းကျုံးယွမ်တို့ထက် ပို၍ ဆုပ်ဖမ်းမိထားသောကြောင့်လည်း ဖြစ်နေနိုင်သည်။
ထိုနှစ်ယောက်က နေ့တိုင်းနေ့ သူတို့ချစ်ရသူနှင့် လက်ထပ်ရဖို့ အကြောင်းကို စိတ်ကူးယဉ်တတ်ကြသော်လည်း သူကတော့ ထိုသို့မဟုတ်။ မိမိတို့၏ လူမှု အသိုင်းအဝိုင်းတွင် အိမ်ထောင်ရေးဆိုသည်မှာ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးစီးပွား ဖြစ်မည့် စီးပွားရေး လုပ်ငန်း တစ်ရပ်ဖြစ်သည်။
ကောင်းကျုံးယွမ်ကတော့ ဟော်ယွမ်ယွမ်နှင့် ဆုံတွေ့ခွင့်ရခဲ့သည့်အတွက် ကံကောင်းသည်ဟု သတ်မှတ်နိုင်သည်။ သို့သော် သူကတော့ ထိုသို့ မဟုတ်ခဲ့။
ထို့ကြောင့် ယခုလို အခိုက်အတန့်မျိုးတွင် အတော်လေး တည်ငြိမ်နေရခြင်းပင်။
အိပ်စက်သည်မှာ မည်သူနှင့် အိပ်အိပ် အတူတူပဲ ဖြစ်၏။ ရောဂါ မကူးစက်သရွေ့ ကိစ္စမရှိပေ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ဘက်ကတော့ အမြတ်ထွက်တာချည်း ဖြစ်၏။ အရှုံးမရှိပေ။
“ တခြား ဘာမှ မရှိတော့ဘူးဆို ကျွန်တော် အခု သွားတော့မယ် ….”
လျန်ကျန်းတုန်းက သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး “ သူ ခဏနေ ဒီကို ရောက်လာတော့မယ် … မင်း သွားပြီး ကြိုပေးလိုက်… ပေါ့ပြက်ပြက် မလုပ်နဲ့ … ဒီကိစ္စအတွက် ငါ အကြီးကြီးရင်းထားရတာ ….”
“ ဟုတ်ကဲ့ … ကျွန်တော် သိပါတယ် ….”
လျန်ကျင်းမင် လက်ဝှေ့ယမ်းလိုက်ပြီး ထွက်ခွာဟန်ပြင်လိုက်သည်။
သို့သော် သူ တံခါးဖွင့်တော့မည့် အချိန်မှာပဲ လျန်ကျန်းတုန်းက အနောက်မှနေ၍ လှမ်းအော်လာခဲ့၏။
“ ခဏလေး ….”
“ ဘာရှိသေးလို့ ….”
လျန်ကျန်းတုန်း၏ မျက်နှာအမူအရာက တုံ့ဆိုင်းသွားခဲ့ပြီး တစ်စုံတစ်ရာကို ထုတ်ပြောဖို့ ခက်ခဲနေဟန်ပင်။ သို့ပေမယ့် သူ ဖြည်းဖြည်းချင်း ပြောလာခဲ့၏။
“ မင်းရဲ့ အဲ့ဒီ ဘော်ဒါတွေနဲ့ရော ဆက်သွယ်ဖြစ်သေးလား ….”
လျန်ကျင်းမင် မျက်မှောင် ကြုတ်သွားခဲ့သည်။ ထို့နောက် သက်ပြင်းချလိုက်၏။
“ အဖေဘာစဉ်းစားနေလဲ ကျွန်တော်သိတယ် … ကျွန်တော်တို့ ဆုံမိလဲ စားလိုက်သောက်လိုက်ပဲ … ကျန်တာ ထွေထူး ဘာမှမရှိဘူး ….”
ပြောဆိုပြီးနောက် လျန်ကျင်းမသည် အခြား မည်သည့် အပိုစကားတို့မျှ မဆိုတော့ဘဲ တံခါးပေါက်ဝမှတစ်ဆင့် ထွက်ခွာသွားခဲ့သည်။
လျန်ကျင်းမင်လည်း သက်ပြင်းခံလိုက်၏။ စိတ်ထဲတွင်တော့ ဖော်ပြမရနိုင်သည့် စိတ်ပျက်ခြင်း တစ်စုံတစ်ရာကို ခံစားနေရသည်။
ရုံးခန်းထဲက ထွက်လာခဲ့ပြီးနောက် လျန်ကျင်းမင် ဓာတ်လှေကား မစီးပေ။ ထိုအစား လှေကားထစ်သို့သွားပြီး ပြတင်းပေါက်တစ်ခုရှေ့တွင် တစ်ယောက်တည်း မတ်တပ်ရပ်နေခဲ့၏။ စီးကရက်တစ်လိပ်ကို မီးညှိရင်း စစ်ဆေးကြည့်ဖို့အတွက် ဖုန်းကို အပြင်သို့ ထုတ်ယူလိုက်သည်။
ဝီချက်တွင် သူတို့လေးယောက် စကားပြောခန်း အသေးလေး တစ်ခု ရှိ၏။
သူ့ကိုယ်သူ လေတံတီးတိုးဖြင့် “ ငါ တကယ်လို့ ထုတ်ပြောပြလိုက်ရင် သူတို့ ငါ့ဘက်မှာ ရှိပေးကြလောက်မှာပါ ဟုတ်တယ်မလား ….”
စီးကရက်ကို ခပ်ပြင်းပြင်း ရှိုက်လိုက်ပြီး လျန်ကျင်းမင်သည် ဖုန်းကို ပြန်သိမ်းထားလိုက်၏။
တစ်ချိန်တည်းတွင် ၊ အချို့သော စကားများက ပြောထွက်ပြီးသည်နှင့် ပြန်ရုတ်သိမ်း၍ မရကြောင်းကို နားလည်နေသည်။
“ စောက် *** ပါကွာ ….”
လျန်ကျင်းမင် ကျိန်ဆဲလိုက်၏။ “ ဒီလောက် နှစ်တွေ အကြာကြီး အလေလိုက်ထားပြီး ဒီတစ်ခါတော့ ငါ့ကိုယ်ငါ စတေးပေးလိုက်ပါမယ် …”
စီးကရက်တိုကို ခြေထောက်ဖြင့် တက်နင်းပြီးနောက် လျန်ကျင်းမင် စတင်ထွက်ခွာတော့၏။
….
တစ်နာရီနီးပါးခန့် ကြာမြင့်ပြီးနောက် သုံးဦးသား လေဆိပ်သို့ ရောက်ရှိလာခဲ့သည်။
အချိန်စာရင်း အတိုင်းဆိုပါက ဝမ်ချွေ့ပင်းနှင့် နင်ယွဲ့တို့ ကျိုးဟိုင် ရောက်ရှိလာဖို့က တစ်နာရီခန့်မျှ လိုသေးသည်။
လင်းရီတို့တွေ စောစောထွက်လာခဲ့ကြပြီး လျန်ကျင်းမင်နှင့် တွေ့ဆုံဖို့ စိတ်ကူးထားကြ၏။ သူတို့တွေ မတွေ့ဖြစ်တာလည်း အတော်လေး ကြာနေလေပြီ။
သုံးယောက်က တံခါးကို ဖွင့်ရင်း လျန်ကျင်းမင်၏ ရုံးခန်းထဲသို့ အေးဆေး သက်တောင့်သက်သာပဲ ဦးတည်လာခဲ့ကြသည်။
“ ညီကိုလင်း … လောင်ချင် …. လျန်ကြီး အဲ့ကောင် အထဲမှာ ဖတ် ဖတ် ဖတ် လုပ်နေလောက်တယ်လို့ မထင်ဘူးလား ….” ကောင်းကျုံးယွမ်က ပြီတီတီ အပြုံးကြီးဖြင့် မေးလိုက်၏။
“ ငါတော့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် သေချာတယ် ….” ချင်းဟန် ပြောလိုက်သည်။
“ တံခါး သော့ခတ်ထားလား ၊ မခတ်ထားဘူးလား ကြည့်လိုက်ရင် သိနေပြီပဲမဟုတ်လား ….” လင်းရီ တစ်ချက်ရယ်မောရင်း ပြောလိုက်သည်။
“ အိုကေလေ … ဒါဆိုလည်း ဘာတွေ စောင့်နေကြတာ … အခုပဲ ကြည့်လိုက်ကြတာပေါ့ ….”
ချင်းဟန်က ရှေ့သို့ တက်လာခဲ့ပြီး လက်ကိုင်ကို ဆွဲ၍ ရုံးတံခါးကို ဖွင့်လိုက်သည်။
“ အထဲမှာ ဘာမြင်ကွင်းမှတော့ မရှိလောက်ပါဘူးနော်….”
ကောင်းကျုံးယွမ်က ထိုသို့ ရေရွတ်ရင်း သူတို့ သုံးဦးသား အထဲသို့ ဝင်လာခဲ့ကြသည်။
သို့သော် သူတို့ကို အံ့အားသင့်သွားစေသည်က ရုံးခန်းထဲတွင် လျန်ကျင်းမင် တစ်ဦးတည်းသာ မဟုတ်ဘဲ အခြား အမျိုးသမီး နှစ်ဦးလည်း ရှိနေသည်။
အမျိုးသမီးတစ်ဦးက တင်ပါးနားလောက်အထိ ရှည်လျားသည့် ဆံနွယ်နှင့် အဖြူရောင် လေဒီရှပ်ကို ဝတ်ဆင်ထားသည်။ ဘလက် ဘယ်ရီရောင် ကုတ်အင်္ကျီတစ်ထည်က သူမထိုင်နေသည့် ဆိုဖာနံဘေးပေါ်တွင် တင်ထား၏။
ရုပ်ရည်သွင်ပြင်ကတော့ မဆိုးဟု ပြော၍ရသည်။ တစ်ဆယ်တွင် ငါးမှတ်ပေးနိုင်သည်။
သူမ နံဘေးရှိ စင်ဂယ် ဆိုဖာတွင် ဆံပင်ဂုတ်ဝဲနှင့် အမျိုးသမီး တစ်ဦး ထိုင်နေပြီး အနောက်တိုင်း အမျိုးသမီး တစ်ဦးပုံစံ ဝတ်စားဆင်ယင်ထား၏။ သူမ၏ ဖက်ရှင်က အတော်လေး ချဲ့ကားလှပြီး ဟွာရှ၏ ရေစီးကြောင်းနှင့် လိုက်ဖက်ညီမနေချေ။
ဆံပင်အရှည်နှင့် အမျိုးသမီး၏ နာမည်က ဖန်းချောင်ချောင် ဖြစ်ပြီး သူမ နံဘေးတွင် ထိုင်နေသူကတော့ သူမ၏ အချစ်ဆုံး သူငယ်ချင်း ဝမ်ချန်ပင်။
အမျိုးသမီး နှစ်ယောက်ကို မြင်တော့ သုံးဦးသားလုံး အေးခဲသွားခဲ့ကြ၏။
ရုံးခန်းထဲတွင် အမျိုးသမီးနှစ်ဦးနှင့် အတူရှိနေသည်က ကျိန်းသေပေါက်ကို ဧရာမသတင်းကြီးပင်။
သို့သော် သူမတို့ နှစ်ဦး၏ ကိုယ်လုံးကိုယ်ပေါက်က လျန်ကျင်းမင်၏ ပုံမှန်အကြိုက်နှင့် ကွဲပြားနေသည်။
လင်းရီနှင့် သူ့သူငယ်ချင်းများက အကဲခတ်နေစဉ် အမျိုးသမီးနှစ်ဦးကလည်း သူတို့သုံးဦးလုံးကို တန်ပြန် အကဲခတ်နေကြ၏။
အထင်သေးသည့် မျက်ဝန်းများဖြင့် လူကို ဘေးတစ်စောင်း ကြည့်နေပြီး လင်းရီတို့ကို အထက်စီးက အုပ်မိုးပြီး ကြည့်သည့် အကြည့်မျိုးပင်။
“ အစ်ကိုကြီးလင်း … ညီကိုချင် … မင်းတို့ ဒီရောက်လာကြတာလား …”
သူတို့ သုံးယောက်ကို မြင်တော့ လျန်ကျင်းမင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ တစ်ချိန်တည်းတွင် ဝမ်းသာသွားခဲ့ပြီး သူတို့ သုံးဦးအား ကြိုဆိုလိုက်၏။
“ အလုပ်တွေ အတော်ရှုပ်နေတယ်ပေါ့ ….” ချင်းဟန်က မျက်စ ပစ်ပြလိုက်၏။
“ ဆက်ရှုပ်နေလိုက်ဦး … ငါတို့ သွားတော့မယ် … မင်း ပြီးရင် ဖုန်းခေါ်လိုက် …..”
ထိုသို့ ပြောပြီးနောက် သုံးဦးသား ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ သို့သော် ထိုအချိန်မှာပဲ လျန်ကျင်းမင်၏ အသံက အနောက်မှ ထွက်ပေါ်လာသည်။
“ ဟေး ဟေး … မင်းတို့ကောင်တွေ အဲ့လောက်ထိ အလျင်လိုဖို့ မလိုပါဘူး … ဒါက ဖန်းချောင်ချောင် … ငါ့ မိသားစု ငါ့ကို မိတ်ဆက်ပေးထားတဲ့ ငါ့ကောင်မလေး …. ပြီးတော့ ဒီတစ်ယောက်က သူ့ သူငယ်ချင်း ဝမ်ချန် ….”
“ ဟမ် …..”
သုံးယောက်လုံး အံ့အားတကြီး ဖြစ်သွားခဲ့ကြသည်။ မျက်စိရှေ့ရှိ မြင်ကွင်းက ဂေါ့တစ်ချက်နှင့် နှစ်ကျင်းဝင်သည့် မြင်ကွင်းမျိုး ဆိုသော်ငြားလည်း ယခုအချိန်ကျတော့မှ သူတို့ စိတ်ကူးထားသည်နှင့် မတူညီသည်ကို သတိထားမိတော့သည်။
“ မင်း မိသားစုက မိတ်ဆက်ပေးတယ်ဟုတ်လား …..”
လျန်ကျင်းမင် ခေါင်းညိတ်လိုက်၏။ စကား များများစားစား မပြောခဲ့ချေ။
“ ဒီမှာတွေ့တာက ရေစက်ပဲ … မင်းတို့မှာ အချိန်ရတယ်ဆိုရင် ငါ ဧည့်ခံမယ်လေ … ငါ့ နေရာမှာ ဆုံလို့လည်း အဆင်ပြေတယ် ….” ချင်းဟန်က အဆိုပြုလိက်သည်။
“ စီစဉ်တာက လွယ်ပါတယ် … အလျင်လိုစရာ မလိုပါဘူး …..”
“ လျန်ကျင်းမင် … သူတို့ သုံးယောက်က ဘယ်သူတွေလဲ ….”
ဖန်းချောင်ချောင်က လင်းရီတို့ သုံးယောက်ကို မနှစ်မြို့သည့် ဟန်အမူအရာဖြင့် ကြည့်နေခဲ့ပြီး သူတို့ ဝင်ရောက်လာသည်က လေညစ်ညမ်းမှုများကို ဆောင်ကြဉ်းလာသူများနှယ်ပင်။
“ ငါ့ညီကိုတွေလေ … သိလာတာ နှစ်တွေ အတော်ကြာနေပြီ ….”
“ နင် နောင်ကျ ငါနဲ့အတူ နေမယ်ဆိုရင် ဒီလို အဆင့်မရှိတဲ့ သူငယ်ချင်းတွေနဲ့ မပေါင်းစမ်းနဲ့ … ပြီးတော့ နင့်အရင် အသိုင်းအဝိုင်းကိုလည်း မေ့လိုက်တော့ … အသုံးမဝင်ဘူး ….”
ဤစကားကြားတော့ သုံးဦးလုံး မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့ကြသည်။ သူတို့ အစက တွေးထင်ထားခဲ့သည်မှာ ဝင်ရောက်ရန် ခက်ခဲလှသည့် မိမိတို့ အသိုင်းအဝိုင်းလေးထဲ လူသစ်တစ်ယောက် ရောက်ရှိလာသည်က ပျော်သင့်သည့် ကိစ္စဖြစ်သည်ဟူ၍ပင်။ သို့ပေမယ့် အထင်အမြင်သေးစွာ မှတ်ချက်ပေးခံလိုက်ရလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပါချေ။
“ သူတို့က ငါ့ညီကိုကောင်းတွေပဲ … အဆင့်မရှိတဲ့ကောင်တွေ မဟုတ်ဘူး ….” လျန်ကျင်းမင်က လေသံကို နိမ့်ပြီး တီးတိုးပြောလိုက်သည်။ မပျော်မရွှင် ဖြစ်နေသည်မှာ သိသာလှ၏။
“ ဪ ဟုတ်လား … တကယ်လို့ မဟုတ်ဘူးဆိုရင် နင့်မိသားစု ပြဿနာတက်နေတဲ့ အချိန်တုန်းက ဘာလို့ မကူညီပေးခဲ့လဲ … ငါတို့ ချောင်ချောင်ကရော ဘာလို့ ဝင်ပတ်သက်ခဲ့ရလဲ ….” ဝမ်ချန်က ထေ့ငေါ့သည့် လေသံဖြင့် ဆိုလိုက်၏။
“ နင့်သူငယ်ချင်းအုပ်စုက ဘယ်လိုအုပ်စုလဲဆိုတာ မသိဘူးများ ထင်နေလား …. ဘာလေးလေးနက်နက်မှ မရှိဘဲ ကလေကချေတွေ စုပြီး ဖွဲ့ထားတဲ့ အုပ်စုကိုများ … တကယ်လို့ ငါတို့ ချောင်ချောင်ကသာ နင်တို့မိသားစုကို အကူအညီ မပေးခဲ့ဘူးဆိုရင် လျန်မိသားစု ဒီကပ်ဘေးကြီးကို ကျော်လွှားနိုင်ပါ့မလားဆိုတာ သေချာတာ မဟုတ်ဘူးနော်…”
“ တော်ပြီ ချန်ချန် … ဒီ ကိစ္စ ထပ်မပြောနဲ့တော့ ….”
ဖန်းချောင်ချောင်က လျန်ကျင်းမင်ကို စီးပိုးစွာ ကြည့်လိုက်ပြီး “ ဒီနေ့ ခရီးကိုစီစဉ်လိုက် .. ဒါပေမယ့် ဟိုတယ်မှာတော့ ဘွတ်ကင်မလုပ်နဲ့ … အဲ့လိုနေရာမျိုးတွေ သွားရတာ ကျင့်သား မရှိဘူး … အနည်းဆုံး စတုရန်း မီတာ ၃၀၀ ကျော်ကျယ်တဲ့ ဗီလာ ဖြစ်ရမယ် …. အမြန် စီစဉ်လိုက်စမ်း ….”
“ ဟုတ်သား … ပြီးတော့ မီချယ်လင်းကြယ်သုံးပွင့် စားသောက်ဆိုင်ရော ဘိုကင်လုပ်ထားဦး …. ငါတို့ ဗိုက်ဆာနေပြီ ….” ဝမ်ချန်ကလည်း ရဲတင်းစွာ ဝင်ပြောလာသည်။ ပြီးသည့်နောက် လင်းရီနှင့် အခြားသူများကို သိမ်းကျုံးကြည့်လိုက်ပြီး “ ဟဲ့ နင်တို့ကောင်တွေက ဘာရပ်လုပ်နေကြတာ .. နင်တို့ကို ထွက်သွားဖို့ ပြောနေတာ မကြားဘူးလား …. ဒီမှာလာပြီး ငတ်ပြတ်နေတဲ့ ခွေးတွေလို လာလုပ်ပြမနေနဲ့ …. အခုချိန်ကစပြီး အလကား မျိုစို့ဖို့ ကြံချင်နေသေးရင် ရပ်တန်းက ရပ်လိုက်တော့ …. “
“ အလကား မျိုစို့တယ် ဟုတ်လား ….” ကောင်းကျုံးယွမ် မျက်နှာကြီး မည်းမှောင်သွားခဲ့သည်။
“ ငါ ပြောတာ မှားနေလို့လား ….” ဝမ်ချန်က သူမ၏ စကားကို ဆက်လိုက်၏။ “ နင်တို့ကောင်တွေက လျန်ကျင်းမင်နား အလကား စားရလို့ ကပ်နေတဲ့ ကောင်တွေ မဟုတ်ဘူးလား … ဒီနေ့ကစပြီး နင်တို့ ဆင်ဖြူမှီပြီး ကြံစုပ်လို့ရတဲ့ ဘဝက အဆုံးသတ်ပြီ … ဘာလို့ဆို အခုချိန်ကစပြီး လျန်ကျင်းမင်က ချောင်ချောင်တစ်ယောက်တည်းကို အလုပ်အကျွေး ပြုရတော့မှာကြောင့်ပဲ ….”
***