“ ရပြီ ချန်ချန် … သူတို့ကို ဘာကိစ္စ အလုပ်ရှုပ်ခံပြီး စကားတွေ ပြောနေမှာ … ငါတို့ချင်းက အသိုင်းအဝိုင်းချင်း တူတာမှ မဟုတ်တာ ….” ဖန်းချောင်ချောင်က ကော်ဖီစားပွဲပေါ် ခြေထောက်ဆင်းလိုက်ပြီး “ ဒါပေမယ့် နင်နဲ့ မျက်နှာချင်းဆိုင်မှာ ရပ်နေတဲ့ တစ်ယောက်တော့ အတော်လေး မဆိုးဘူးလို့ ထင်တယ် … နင်သူ့ကို အိမ်ခေါ်သွားရင် ခေါ်သွားလိုက်ပါလား ….”
ဝမ်ချန်က လင်းရီကို တစ်ချက်ကြည့်လိုက်၏။ “ တကယ်လည်း ရုပ်က ချောတယ် … သူ့ကို တစ်ခါလောက်တော့ အခွင့်အရေး ပေးကြည့်ရမယ်နဲ့တူတယ် ….”
“ ဒီလိုလုပ်ပါလား … နင်တို့ …..”
“ ရပြီ ရပြီ တော်လိုက်တော့ …”
လင်းရီက စကားဖြတ်ပြောလိုက်ပြီး “ မင်းတို့ စကားဆက်ပြောနှင့်ကြ … ငါတို့ သွားတော့မယ် ….”
“ လင်းကြီး … သူတိုက ဒီလိုစကားမျိုးပြောနေတာကို ဘာလို့ …..”
“ သွားမယ်လို့ ငါ ပြောနေတယ်လေ ….”
လင်းရီ ကောင်းကျုံးယွမ်ကို ဆွဲခေါ်လာခဲ့ပြီး လျန်ကျင်းမင်၏ ရုံခန်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။ ချင်းဟန်ကလည်း သူတို့နောက်ကနေ မည်သည့် စကားမျှမဆိုဘဲ လိုက်ပါလာသည်။
“ ချီးပဲ ….”
ရုံးခန်းအပြင်ကို ရောက်တော့ ကောင်းကျုံးယွမ်က ကျိန်ဆဲလိုက်၏။
“ လျန်ကြီးက ဘာတွေ စဉ်းစားနေတာလဲကွာ …. ဦးလေးလျန်ကရော ဘယ်လိုတွေ စဉ်းစားပြီး ဘာလို့ အဲ့လို ရုပ်ဆိုးပန်းဆိုးကြီးတွေနဲ့ ကြင်ဖက်တွေ့ခိုင်းနေလဲကို မသိတော့ဘူး …..”
“ တစ်ခုခုတော့ ရှိရမယ် … လျန်ကြီးကြည့်ရတာ သူ့ဘက်ကလည်း အတော်လေး အလေးမသာနေတဲ့ပုံပဲ … နောက်မှ ဒီကိစ္စ အစ်မေးကြည့်ကြတာပေါ့ ….” ချင်းဟန် ပြောလိုက်၏။ “ ဒါပေမယ့် အဲ့မိန်းမနှစ်ယောက်ကတော့ သိပ်ပြီးမှ မောက်မာလွန်းတယ် … သူတို့ကိုယ်သူတို့ စောက်ရမ်း ချမ်းသာနေတဲ့ ပုံစံနဲ့ လျန်ကြီးကိုတောင် သူတို့ရဲ့ ကျွန်တစ်ယောက်လို သဘောထားနေလား မသိဘူး ….”
“ သူတို့ စကားပြောတဲ့ လေသံကို နားထောင်ကြည့်ရတာတော့ နောက်ခံတွေကလည်း မသေးလောက်ဘူး ….” လင်းရီ မှတ်ချက်ပေးလိုက်၏။
“ သူတို့ ဘယ်လို မြင်လဲ ဂရုစိုက်မနေနဲ့… ဘာပဲဆိုဆို လျန်ကြီးက ဒီမှာ ရှိနေသေးတယ် … သူ့ရဲ့ ညီကိုကောင်းတွေ ဖြစ်တဲ့ ငါတို့က ဂုဏ်သိက္ခာ နည်းနည်းကျသွားရင်တောင် သူ့မျက်နှာတော့ အပျက်ခံလို့ မဖြစ်ဘူး … ချင်းဟန် ပြောတဲ့အတိုင်း နောက်မှပဲ မေးကြည့်ကြတာပေါ့ ….”
“ ဒါဆိုလည်းပြီးရော … အန်တီဝမ်နဲ့ မင်းညီမကို ကြိုဖို့ လုပ်ကြတာပေါ့ ….”
“ သွားစို့ …..”
သုံးဦးသားလုံး လျန်ကျင်းမင်၏ အခြေအနေအကြောင်း ဆွေးနွေးပြောဆိုနေသည်ကို ရပ်တန့်လိုက်ကြသည်။ လျန်ကျင်းမင်ကလည်း ရှိမနေသဖြင့် ဆွေးနွေးနေလို့လည်း အဖြေရလာမှာ မဟုတ်ပေ။
သုံးယောက်သား လေဆိပ်အပြင်ဘက် ဝင်ပေါက်ဝသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ပြီး ကားထဲတွင် ကတ်ဂိမ်းခေတ္တခန့် ကစားပြီးနာက် လူများ တစ်ယောက်ပြီး တစ်ယောက် ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
“ အစ်ကိုချင် … အစ်ကိုကောင်း …..”
သူတို့သုံးယောက် ကားထဲက ထွက်သည်နှင့် နင်ယွဲ့၏ အသံကို ကြားလိုက်ရသည်။ သူမက မလှမ်းမကမ်း တစ်နေရာတွင် ရပ်နေပြီး ခြေဖျားထောက်လျက် လက်ဝှေ့ယမ်းပြနေသည်။
“ သွားစို့ … နင်ယွဲ့တို့ ရောက်လာပြီ ….”
ချင်းဟန်က ဆော်ဩလိုက်ပြီး နင်ယွဲ့ထံသို့ လျှောက်လှမ်းသွားခဲ့၏။
“ ကောင်မလေး … မင်းက အတော် မြန်တာပဲကွ ဟမ် … လက်ထပ်ပြီးတာတောင် ဘယ်လောက်မှ မကြာသေးဘူး … “ ချင်းဟန်က စနောက်သည့် လေသံဖြင့် “ ကလေး မွေးလာပြီးရင် မင်းရဲ့ အစ်ကိုကြီးချင်က မင်းကို ဟုန်ပေါင်းကြီးကြီး ပေးမယ် ….”
“ ညီမစဉ်းစားပြီးသွားပြီ … ကလေး မွေးပြီးတဲ့အခါကျရင် ရှင်ရယ် ၊ အစ်ကိုကောင်းရယ်၊ အစ်ကိုလျန်ရယ်ကို မွေးစားအဖေ လုပ်ခိုင်းမယ် … ရှင်တို့ သုံးယောက်ရဲ့ နောက်ခံနဲ့ဆိုရင် ကလေးရဲ့ အနာဂတ်က ဘာများ မှားယွင်းနိုင်တော့မှာမို့လို့ …. အိမ်နဲ့ကားလေး ပြင်ထားပေးရမယ်နော်….”
သူတို့အကုန်လုံး ကျယ်လောင်စွာ ရယ်မောမိသွားခဲ့ကြသည်။
“ မင်းလည်း မင်း အစ်ကိုအတိုင်းပဲ …. အဲ့ဒီ လှည့်ကွက်သေးသေးလေးတွေနဲ့ ငါတို့ အပေါ် လာကစားနေတယ် …..”
“ ဘယ်တတ်နိုင်မှာ … ဘယ်သူကရော အစ်ကိုတို့ကို ချမ်းသာခိုင်းနေလို့ … ကျွန်မတို့လို မရှိတဲ့လူတွေက လူချမ်းသာတွေရဲ့ အမြီးကို ဆွဲရတာ နှစ်သက်ကြတယ်လေ ဟီးဟီး ….”
“ ဒါဆိုလည်း ကောင်းပြီလေ … မွေးစားအဖေ တစ်နေရာကို ကြိုပြီး ဘွတ်ကင်ပေးထားလိုက်တော့မယ် ….”
“ ဟီးဟီး … ကောင်းတာပေါ့ …..”
သုံးယောက်သား အနီးအနားတွင် ရယ်ရယ်မောမောနှင့် စကားပြောဆိုနေကြစဉ် လင်းရီက ဝမ်ချွေ့ပင်းအနားသို့ ချဉ်းကပ်လာခဲ့ပြီး “ အမေ့ လက်ထဲက ဘာတွေတုန်း …”
ဝမ်ချွေ့ပင်း၏ လက်ထဲတွင် ကတ်ထူတစ်ခုကို မြင်တော့ လင်းရီ မေးလိုက်၏။
“ တောကြက်ဥတွေ ဝယ်လာခဲ့တာ … နင်တို့ စူပါမားကတ်တွေမှာ ရောင်းတဲ့ ကြက်ဥတွေထက် အများကြီး အာဟာရရှိတယ် … ယူသွားပြီး ချွေးမလေး အာဟာရဖြစ်ဖို့ ကောင်းကောင်း လုပ်ကျွေးလိုက် ….”
“ ဒါတွေကို ဒီအထိ သယ်လာတယ်ပေါ့ … ကျွန်တော် ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ အလွယ်လေး ရနိုင်တဲ့ဟာကိုဗျာ … ဒုက္ခခံပြီး သယ်လာရတယ်လို့ …..”
“ တူမလားဟဲ့ …. ဒါတွေက တောကြက်ဥစစ်စစ်တွေ … မြို့သားတွေ လိုချင်တိုင်းတောင် မရနိုင်ဘူး ….”
“ ဟုတ်ပါပြီ ဟုတ်ပါပြီ … ဒီမှာ အကြာကြီး စကားပြောလို့ မကောင်းဘူး … ကားပေါ်တက် … အမေတို့ကို လိုက်ပို့ပေးမယ် ….”
“ ဟုတ်သား ဟုတ်သား .. ပြန်ကြစို့ … ငါလည်း ချွေးမလေးကို တွေ့ချင်နေပြီ ….”
လင်းရီသည် ဝမ်ချွေ့ပင်းလက်ထဲက ကြက်ဥဖာကို ယူလိုက်ပြီး ကျန်သူများနှင့်အတူ ထွက်ခွာရန် ဟန်ပြင်လိုက်၏။
သို့သော် ထိုအချိန်မှာပဲ ကောင်းကျုံးယွမ်က လင်းရီကို နောက်ကနေ လှမ်းတို့လိုက်၏။
“ လင်းကြီး … လောင်ချင် … အနောက်ကို တစ်ချက် လှည့်ကြည့်လိုက်ဦး …..”
သူတို့နှစ်ယောက်လည်း မသိစိတ်အလျောက် နောက်သို့လှည့်ကြည့်လိုက်ရာ လျန်ကျင်းမင်က အမျိုးသမီး နှစ်ဦးနှင့်အတူ ထွက်လာသည်ကို မြင်တွေ့လိုက်ရသည်။
လင်းရီနှင့် အခြားသူများကို မြင်တော့ လျန်ကျင်းမင်က ခြေလှမ်းကို ခပ်သွက်သွက်လျှောက်လာပြီး လှမ်းလာနှုတ်ဆက်သည်။
“ အစ်ကိုလျန် …. “ နင်ယွဲ့က ချိုသာစွာ ပြုံးလျက် နှုတ်ဆက်လိုက်၏။
“ ငါကြားမိတာ မင်း ကိုယ်ဝန်ရနေပြီဆို … ဘယ်လိုတုန်း … အားလုံး အဆင်ပြေတယ်မလား ….” လျန်ကျင်းမင်လည်း ပြုံးလျက် မေးလိုက်၏။
“ အားလုံး အဆင်ပြေပါတယ် … ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးပါ အစ်ကိုလျန် ….”
“ ငါလည်း အခုတစ်လော အတော်လေး အလုပ်များနေတာ … နည်းတဲ့ တစ်နေ့ကျရင် အစ်ကိုလျန်က မင်းကို ထမင်းလိုက်ကျွေးမယ် … ကျိုးဟိုင်က ကြိုက်တဲ့ စားသောက်ဆိုင်ကို ရွေးထားလိုက် …”
“ ဟီးဟီး … ဒါဆိုလည်း အားနာမနေတော့ဘူးနော်….”
“ တစ်မိသားစုတည်းတွေကိုပဲ … ငါ့ကို ယဉ်ကျေးနေရင် ငါလည်း စိတ်မကောင်း ဖြစ်မိမှာပေါ့ …..”
“ ဟီးဟီး …..”
“ လျန်ကျင်းမင် ….”
ဖန်းချောင်ချောင်က နောက်ကွယ်မှ မတ်တပ်ရပ်နေပြီး “ ငါ နင့်ကို ပြောထားတာ နင် နားမဝင်ဘူးလား … ဒီလို လူစားမျိုတွေနဲ့ ဆက်ပြီး အဆက်အဆံ မလုပ်ပါနဲ့တော့လို့ ဆိုနေတာကို နင်က ထမင်းတောင် လိုက်ကျွေးဦးမယ်ပေါ့ … နင့်ဦးနှောက်က ဘာတွေ စဉ်းစားနေတာ ….”
ဖန်းချောင်ချောင်က လျန်ကျင်းမင်ကို ထိုကဲ့သို့သော လေသံမျိုးဖြင့် စကားပြောလာသည်ကို မြင်တွေ့လိုက်ရတော့ နင်ယွဲ့မှာ အံ့အားသင့်မိသွားခဲ့၏။
လင်းရီတို့ လေးဦးအနက် လျန်ကျင်းမင်၏ အကျင့်စရိုက်က ပွင့်ပွင့်လင်းလင်း၊ တက်တက်ကြွကြွ ရှိပြီး အတော်လေးလည်း ဟိတ်ဟန်များသူပင်။
ယခုလို လူရှေ့သူရှေ့၌ အပြောခံလိုက်ရသည်ကို သည်းခံနေမှာ မဟုတ်ချေ။
နင်ယွဲ့ မသိစိတ်အလျောက် လင်းရီတို့ သုံးဦးထံ လှည့်ကြည့်မိသွားခဲ့၏။
သူတို့အားလုံးမှာ အမူအရာကင်းမဲ့နေပြီး မည်သည့် စကားမျှ မဆိုကြသည်ကိုသတိပြုမိလိုက်လေသည်။
တစ်ခုခုတော့ မူမမှန်နေဟု နင်ယွဲ့ ရေးတေးတေး ခန့်မှန်းမိလိုက်၏။
အကြောင်းမူကား … ကျိုးဟိုင်တွင် အစ်ကိုလျန်ကို ထိုသို့သော လေသံမျိုးဖြင့် စကားပြောဝံ့သူက အင်မတန် နည်းပါးသောကြောင့်ပင်။
“ မင်း စကားပြောတာကို ကြည့်ပြော ….” လျန်ကျင်းမင်က အသံကို နိမ့်၍ တီးတိုးပြောလိုက်ပြီး “ ငါမင်းကို သတိပေးထားပြီးပြီ … သူတို့က ငါ့ရဲ့ ညီကိုကောင်းတွေ … “
“ ကလေးဆန်လိုက်တာဟယ် … ဒီ အသက်အရွယ်ကြီးရောက်နေပြီကို ဘယ်လိုတောင် ကလေးဆန်နိုင်သေးရတာ …”
ဖန်းချောင်ချောင်က လျန်ကျင်းမင်ကို အထင်တသေး ကြည့်လိုက်ပြီး “ သူတို့က နင့်နား ကပ်တွယ်နေတဲ့ ကပ်ပါးကောင်တွေ … နင် လက်တွေ့ကို မမြင်နိုင်ဘူးလား … နင်တို့ လျန်မိသားစု ပြဿနာတက်နေတာလည်း မဆန်းတော့ပါဘူး ….”
ထိုမျှ ပြောပြီးသည့်တိုင် မကျေနပ်နိုင်သေးပဲ ဖန်းချောင်ချောင်က စီးပိုးသည့် အမူအရာဖြင့် “ ဒီ မိန်းမနှစ်ယောက်ရဲ့ အဝတ်အစားကို ကြည့်လိုက်တာနဲ့တင် တောက လာတဲ့လူတွေမှန်း သိသာတယ် … သူတို့လက်ထဲက ပစ္စည်းတွေလည်း ကြည့်စမ်းပါဦး ….”
ဖန်းချောင်ချောင်က လျှောက်လှမ်းလာခဲ့ပြီး လင်းရီလက်ထဲက သေတ္တာကို ကြည့်လိုက်သည်။
“ ဟယ် ကြည့်စမ်းပါဦး … ကြက်ချေးတွေ ပေပွနေတဲ့ ကြက်ဥတွေကိုတောင် သယ်လာတယ် … ရွံဖို့ကောင်းလိုက်တာ … ဒီလိုဟာမျိုး ငါ့အိမ်က ခွေးတောင် မကျွေးဘူး ….”
“ ဒီမှာ မိန်းကလေး … နင် စကားကို ကြည့်ပြီးပြော … ဒါ ငါ့ယောင်းမအတွက် တကူးတက ယူလာခဲ့ပေးတဲ့ဟာတွေ ….”
ဤပစ္စည်းများက ကျီချင်းရန်အတွက် ပြင်ဆင်ပေးထားသည့် အရာများ ဖြစ်နေတော့ နင်ယွဲ့ မပျော်မရွှင် ဖြစ်သွားခဲ့သည်။
“ နင့် ယောင်းမအတွက်ဆိုတော့ရော ဘာဖြစ်လဲ …. အဲ့လို ရွံဖို့ကောင်းတဲ့ဟာတွေကို နင်တို့လို လူစားမျိုးတွေပဲ စား … ဘာလို့ဆို ငါတို့အိမ်က ခွေးက ဝက်ဂ်ယွီ အမဲသားပဲ စားလို့ပဲ ….”
“ နင် ချမ်းသာတယ်ဆိုလည်း ထုတ်ကြွားနေစရာ မလိုပါဘူး … နင်က အစ်ကိုလျန်ရဲ့ မိတ်ဆွေဖို့ ခွင့်လွှတ်ပေးလိုက်မယ် … မဟုတ်လို့ကတော့ နင်နဲ့ သေချာ စကားပြောမိမှာပဲ ….”
“ အို … နင်က ငါတို့ ဖန်းမိသားစုနဲ့ စကားပြောချင်တယ်ပေါ့ ….”
ဝမ်ချန်က စကားဝိုင်းထဲ ဝင်လာခဲ့ပြီး နင်ယွဲ့ကို တွန်းလိုက်၏။ သူမ ဟန်ချက်ပျက်သွားခဲ့ပြီး ဒယီးဒယိုင် ဖြစ်သွားခဲ့ကာ ကောင်းကျုံးယွမ်က နောက်မှ အလျင်အမြန် ထိန်းပေးလိုက်ပြီး သူမ လဲကျသွားမှာကို ကာကွယ်ပေးလိုက်၏။
လေထု အခြေအနေမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။ ပထမဦးဆုံး သတိပြုမိလိုက်သူကတော့ လျန်ကျင်းမင် ဖြစ်၏။
ဘာကြောင့်ဆိုတော့ လင်းရီ၏ စိတ်ဓာတ်ကို သူ ကောင်းကောင်းကြီး နားလည်နေသောကြောင့်ပင်။
“ ငါ့ညီမက မင်းကို သဘောကောင်းပြနေတာ မင်းက လျန်ကျင်းမင်ရဲ့ မိတ်ဆွေ ဖြစ်နေလို့ပဲ …” လင်းရီ လေသံခပ်ပျော့ပျော့ဖြင့် ပြောလိုက်သည်။ “ ပြီးတော့ ငါ့ညီမက ကိုယ်ဝန်ရှိနေတာ … မင်းရဲ့ အပြုအမူတွေက နည်းနည်း လွန်ကြူးလွန်းနေပြီလို့ မထင်ဘူးလား ….”
***