“ ငါ တကယ်ကို ဘာမှ မဖြစ်တာ … ငါ့ကိစ္စ ပူစရာမလိုဘူး ….”
လျန်ကျင်းမင် ရယ်သွမ်းလိုက်ပြီး “ ဥက္ကဌကျီက ကိုယ်ဝန်ရှိနေပြီ … ဒါကောင်းတဲ့ ကိစ္စပဲ … ငါ့ဘက်က ဂရုစိုက်ကြောင်း ပြပေးသင့်တာပေါ့ … ပြီးတော့ ကောင်းကြီး … မင်းတို့နှစ်ယောက်လည်း အတူနေတာ ကြာပြီ မဟုတ်လား …. အခုထိ ဘာလှုပ်ရှားမှု မရှိသေးဘူးလား …. မင်းမှာ ပြဿနာ ရှိနေတယ်ဆိုရင်လည်း စောစီး ကုသထားတာ ပိုကောင်းမယ်နော်….”
“ ငါ-ီးကို ကုရမှာလား … စကားလမ်းကြောင်း မပြောင်းစမ်းနဲ့ … ဘာတွေ ဖြစ်နေလဲဆိုတာပဲ အရင် ရှင်းပြစမ်းပါ ….” ကောင်းကျုံးယွမ်က ကျိန်ဆဲလိုက်သည်။
“ တကယ်ပဲ အရေးမကြီးဘူးဆိုရင် အဲ့ မိန်းမနှစ်ယောက် မင်းကို အဲ့လိုမျိုး ဆက်ဆံဝံ့မှာ မဟုတ်ဘူးဆိုတာ သေချာတယ် ….”
“ တကယ်ကို ဘာမှမဖြစ်တာ … မင်းတို့ကောင်တွေ အတွေးလွန်နေပါပြီ ….” လျန်ကျင်းမင် ပြောလိုက်ပြီး စီးကရက်တစ်လိပ်ကို မီးညှိကာ ဘာမျှ ထပ်မပြောလာတော့ချေ။
“ စကားကို ဝေ့လည်ကြောင်ပတ် မလုပ်နေစမ်းနဲ့ ဟေ့ကောင် … ရှိတယ်ဆိုလည်း ရှိတယ်ပြောလိုက် … ဘာလို့ ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့ မိန်းကလေးလို လုပ်နေရတာ ….” ချင်းဟန် စိတ်လက်မရှည်စွာ ပြောလိုက်သည်။
“ ဒီတိုင်း စီးပွားရေးပြဿနာ အသေးလေးပါကွာ ….”
လျန်ကျင်းမင်လည်း ၎င်းတို့အားလုံး စိတ်ပူပေးနေကြတာကို မြင်တော့ အကယ်၍ သူသာ အမှန်အတိုင်း ထုတ်မပြောပြဘူးဆိုပါက ကျိန်းသေပေါက် လွှတ်ပေးကြမှာ မဟုတ်ဘူးဆိုတာကို သိနေသည်။
“ မင်းတို့ အရင် စီးပွားရေး ကိစ္စတွေ အကုန်လုံး ပြေလည်နေတာပဲ မဟုတ်ဘူးလား … ပြဿနာက ဘယ်နားက ဖြစ်နေတာ ….” လင်းရီ မေးလိုက်သည်။
ငွေကြေး အရင်းအမြစ်အရဆိုလျှင် လျန်မိသားစုက သူတို့ လေးယောက်ထဲတွင် အင်အား အနည်းဆုံး ဖြစ်၏။ သို့တိုင် အဆင့်သတ်မှတ်ချက်တွင်တော့ မြင့်နေဆဲပင်။
ယုတ္တိကျကျ ပြောကြေးဆိုပါက ထိုမျှ တည်ငြိမ်စွာ လည်ပတ်နေသည့် မိသားစုကြီးတစ်ခုက လွယ်လွယ်နှင့် ပြဿနာ မတက်နိုင်ပေ။
“ လတ်တလော အခြေအနေတွေက သိပ်မဟန်ဘူးကွာ … ကြည့်ရတာ အထက်မှာရှိတဲ့ တစ်စုံတစ်ယောက်က ငါတို့ လျန်မိသားစုကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားနေသလိုပဲ …. တော်တော်များများက ချောချောမွေ့မွေ့ ဖြစ်မနေဘူး .. အထူးသဖြင့် အခုလို အရေးကြီးနေတဲ့ အချိန်အခိုက်အတန့်မျိုးမှာကွာ …. ငါတို့လည်း ချက်ချင်းလက်ငင်း မဖြေရှင်းနိုင်ဘူး ဖြစ်နေတယ် ….”
လျန်ကျင်းမင်က ဆေးလိပ်ပြာတစ်ချက် တောက်ချလိုက်ပြီး “ ငါအမေက သူပိုင်တဲ့ စည်းစိမ်တစ်ချို့ကို ရောင်းချပြီး ပိုက်ဆံနည်းနည်းပါးဆွဲရင်း ကျင်းရန်မှာ ရှိတဲ့ ဖန်းမိသားစုနဲ့ ကျောက်မီးသွေးတွင်း စီးပွားရေး လုပ်ငန်း တစ်ချို့ လုပ်ကိုင်ဖို့ စီစဉ်ထားတယ် … ဒီရဲ့ သဘောတူညီချက်ကတစ်ဆင့် လျန်မိသားစုရဲ့ အခြေအနေကို တည်ငြိမ်အောင်လို့ပေါ့ … ယေဘုယျကတော့ အဲ့လိုပဲ ….”
“ ခဏလေး ….” လင်းရီ ပြောလိုက်ပြီး “ မင်းပြောတာ အထက် တစ်စုံတစ်ယောက်က မင်းတို့ လျန်မိသားစုနဲ့ ဇယားရှုပ်ချင်နေတယ်လို့ ပြောတယ်နော်… အဲ့တာက ဘာကို ပြောချင်တာ ….”
“ ငါလည်း လုံးဝကြီးတော့ မသေချာဘူး … ငါ့အဖေနဲ့ အမေ ပြောနေရင်း နားစွန်နားဖျား ကြားမိတာပဲ ရှိတယ် …” လျန်ကျင်းမင် ရှင်းပြလိုက်ပြီး “ ငါ့အမေမှာ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ် … ငါတို့ချင်းလည်း စပ်တူ စီးပွားရေးလုပ်ငန်းတွေ အများကြီး လုပ်ဖူးတယ် … ဒါပေမယ့် လတ်တလောမှာ ငါ့အမေရဲ့ အဲ့ဒီ သူငယ်ချင်း ကြည့်ရတာ အဆင်မပြေ ဖြစ်နေသလိုပဲ … အဲ့နောက်မှာ ငါတို့ မိသားစုပါ ပြဿနာတွေ စတက်လာတယ် …”
“ မဖြစ်နိုင်လောက်ပါဘူးနော် ……” ကောင်းကျုံးယွမ်က သူ့အမြင်ကို ပြောလိုက်ပြီး “ အထက်က မင်းတို့ကို ကိုယ်တိုင်ကိုယ်ကျ အရေးယူရတယ်ဆိုတာ ဘာကို ဆိုလိုလဲ မင်းသိလား … ပြီးတော့ မင်းတို့ မိသားစုကရော ဘာတွေများ လုပ်ထားမိလို့ ….”
“ အဲ့တာတော့ ငါလည်း မရှင်းဘူး … သူတို့လည်း ငါ့ကို အများကြီး မပြောပြဘူး ….” လျန်ကျင်းမင် ပခုံးတွန့်ပြလိုက်သည်။
လင်းရီ၏ မျက်လုံးတို့ ဂနာမငြိမ်ဖြစ်သွားခဲ့ပြီး “ မင်းရဲ့ အဲ့ဒီ အဒေါ်က ဘယ်သူလဲ … နာမည် ဘယ်လိုခေါ်လဲ ….”
လျန်ကျင်းမင် အနည်းငယ်မျှ တွေးတာလိုက်ပြီး “ ငါ့အထင် သူ့မျိုးရိုးနာမည်လီ … လီရုံယွမ် ထင်တာပဲ ….”
“ ဖက်ခ် … မင်းတကယ်ပဲ သူနဲ့ သိနေတယ်ပေါ့ ….”
လင်းရီ၏ ပြောင်းလဲသွားသည့် မျက်နှာအမူအရာကို မြင်တော့ လျန်ကျင်းမင်တို့ သုံးဦးလုံး ရှုပ်ထွေးသွားခဲ့ကြသည်။
“ ဘာလဲဖြစ်လို့ … မင်းက အဲ့လူကို သိနေတာလား …..” ချင်းဟန် မေးလိုက်သည်။
လင်းရီ တောက် တစ်ချက် ခေါက်ပြီး တိုက်ဆိုင်လွန်းသည်ဟု ခံစားနေရ၏။
“ လီရုံယွမ်ရဲ့ ခင်ပွန်းက ကျိုးကွမ်းယောင် … သူ လတ်တစ်လောပိုင်းမှာ ပြစ်မှု အကြီးကြီး ကျူးလွန်ထားတာ … သူ့ကို ဖမ်းဖို့ အမှုမှာ ငါတောင် ပါဝင်ခဲ့သေးတယ် ….”
“ စောက်ကျိုးနည်း … အတည်ကြီးလား …..”
သုံးယောက်လုံး တစ်ယောက်ပြီး တစ်ယောက် မြည်တမ်းမိလိုက်ကြပြီး အတော်လေး ရှော့ခ်ရနေမိကြ၏။
“ ဒါပေါ့ … အမှန်ပဲ … ဒါပေမယ့် အသေးစိတ်တော့ ငါလည်း ပြောပြလို့ မရဘူး … တကယ်လို့ ရှေးခေတ်တုန်းက ဖြစ်မယ်ဆိုရင် သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှုက ဆွေစဉ်မျိုးဆက် ကိုးဆက်လုံး အသတ်ခံရမယ့် ပြစ်မှုမျိုးပဲ … ဒီအတိုင်းပဲ သိထားလိုက် ….” လင်းရီ ပြောလိုက်သည်။
“ ဒီလိုရှုထောင့်က ကြည့်မယ်ဆိုရင် လျန်မိသားစု ဒုက္ခရောက်နေတာက နားလည်ပေးလို့ ရသွားပြီ … ဒီတော့ မမျှမတ ဖြစ်နေတယ်ဆိုပြီး ခံစားမနေနဲ့ ….”
“ ဖက်ခ် … တကယ်ပဲ သူတို့ကြောင့် ဖြစ်နေတာကိုး …..” လျန်ကျင်းမင် မကျေမချမ်းဖြစ်စွာ ကျိန်ဆဲလိုက်သည်။
“ ဒီကိစ္စ မပူနဲ့တော့ … ပြန်ပြီး ဦးလေးလျန်နဲ့ အန်တီချန်ကို အေးအေးဆေးဆေးနေဖို့ ပြောလိုက် … နှစ်သစ်ကို ကောင်းကောင်းမွန်မွန်ကူး ….” လင်းရီ ပြောလိုက်ပြီး “ နှစ်သစ်ကူးပြီးရင် ငါ ရန်ကျင်း သွားပြီး မင်းဖို့ ဒီကိစ္စ ဖြေရှင်းပေးမယ် … လျန်မိသားစုကိုလည်း အာရုံစိုက်စရာ ဖြစ်နေတဲ့ နေရာကနေ ဖယ်ရှားပေးမယ် …. မင်း ပြန်ရောက်တဲ့အချိန်ကျရင် ငွေဘယ်လောက်လိုလဲ မေးလိုက် … သုံးလေးဘီလီယမ် လား … အဲ့လောက်ကတော့ မင်းကို အေးဆေး ကူညီပေးလို့ရတယ် ….”
“ ငါလည်း အိမ်ပြန်ပြီး ငါ့အဖေနဲ့ စကားပြောလိုက်မယ် … ၁ ဘီလီယမ်လောက်အထိတော့ ထုတ်ပေးလို့ရတယ် ….” ချင်းဟန်ပြောလိုက်သည်။
“ ငါလည်း ပြဿနာ မရှိဘူး … လျန်မိသားစုကို ဒီကပ်ဘေးကနေ ကျော်လွှားနိုင်ဖို့အထိ ကူညီပေးဖို့က လုံလောက်တယ် ….” ကောင်းကျုံးယွမ်လည်း ပြောလိုက်၏။
စီးကရက် ကိုင်ထားသည့် လျန်ကျင်းမင်၏ လက်တို့ တုန်ယင်နေသည်။ တစ်စုံတစ်ရာ ပြောချင်ပါသော်လည်း သူ့နှုတ်က ပြောမထွက်နိုင် ဖြစ်နေခဲ့၏။
“ ဟားဟား … ပုံဆိုးပန်းဆိုးကြီးနဲ့ ငိုနေတယ် … ယီးမှ ကြည့်မကောင်းဘူး ဟေ့ကောင် … မငိုစမ်းနဲ့ ….” ချင်းဟန် ကျိန်ဆဲလိုက်သည်။
“ ကျေးဇူးပါပဲ ….”
“ မင်းရဲ့ ကျေးဇူးတင်တဲ့ လေသံကြီး နားထောင်ရတာ အန်ချင်စရာ ကောင်းလွန်းလို့ …. စော်လေးဆီက ကျေးဇူးတင်ခံရတာပဲ ကောင်းတယ် …” ကောင်းကျုံးယွမ်က ကျယ်လောင်စွာ ရယ်မောရင်း ဆူဟောက်လိုက်၏။
“ ဒါဆို မင်းတို့က ငါ့ကို ဘာစကားပြောစေချင်နေတာ … မင်းတို့က ငါ့ရဲ့ ညီကိုကောင်းတွေဆိုရင်တောင် ဒီလိုမျိုး အများကြီး ကူညီပေးလာခဲ့တာကို ငါ့ဘက်က စိတ်ထဲ ခံစားမိသွားတာ မရဘူးလား ….”
“ လစ်စမ်းပါကွာ… မင်းလို ယောက်ျားကြီးကို ငါတို့က ထိုင်ချော့ပေးနေရဦးမှာလား ဟုတ်လား … တွေးကြည့်တာနဲ့ ကြက်သီးဖြန်းလာပြီ ….”
“ -ီးပဲ ….”
“ ခဏလေး ….” လင်းရီ စကားဖြတ်ပြောလိုက်ပြီး “ လမ်းမှာတုန်းက အန်ကယ်လျန် မင်းဆီ ဖုန်းခေါ်လာတာ ဥပဒေ လမ်းကြောင်းက သွားမယ်ဆိုတာက ဘာစကားတုန်း …”
“ ငါ စောနတုန်းက ဖန်းမိသားစုနဲ့ ပူးပေါင်းမယ့် ပရောဂျက်အကြောင်း ပြောပြခဲ့တယ်မလား …. ငါတို့ မိသားစုက ပိုက်ဆံ နည်းနည်း စုဆောင်းပြီး ၃ ဘီလီယမ် လွှဲပေးလိုက်တယ် … ဒါပေမယ့် မင်းတို့ကောင်တွေ ဖန်းချောင်ချောင်ကို ရိုက်နှက်ပြီးလို့ မကြာခင်မှာပဲ ငါ့အဖေဆီ ဖုန်းတစ်ခု ဝင်လာခဲ့တယ် … သူတို့ပြောတာ ဒီကိစ္စကို အဆုံးထိလိုက်မယ်တဲ့ … ငါ့အဖေကလည်း ပိုက်ဆံ ၃ ဘီလီယမ်ကို ပြန်မရမှာ စိုးရိမ်နေတာ … အဲ့လို ဖြစ်သွားခဲ့ရင် လျန်မိသားစုရဲ့ အနာပေါ် ဆားသိပ်သလို ဖြစ်သွားမှာလေ …..”
“ ကျင်းရန်သားတွေရဲ့ စရိုက်အတိုင်းဆိုရင် တကယ်ပဲ အဲ့လိုလုပ်နိုင်ချေရှိတယ် …” ကောင်းကျုံးယွမ် ပြောလိုက်၏။
“ အမှန်ပဲ … အကုန်လုံးက အတည်ပေါက်ကြီးတွေ …. ရည်မှန်းချက်ကြီးတာနဲ့ သူများကို ထိန်းချုပ်တဲ့နေရာမှာ ဆရာကျတဲ့သူတွေဆိုရင် တစ်နိုင်ငံလုံးနဲ့ ယှဉ်ရင်တောင် သူတို့ကို ယှဉ်နိုင်တဲ့လူက ဘယ်လောက်မှ ရှိမှာ မဟုတ်ဘူး ….” ချင်းဟန် ပြောလိုက်သည်။
“ ငါလည်း ဒီအကြောင်း နည်းနည်းပါးပါး ကြားဖူးတယ် … ကျင်းမြို့ရဲ့ ကုန်သည်ကြီးများအသင်းက အဲ့မှာ အတော်လေး နာမည်ကြီးတယ်ဆိုပဲ …” လင်းရီလည်း ဝင်ပြောလိုက်သည်။
“ တကယ့်ကိုပဲ … သူတို့ အသင်းဝင်တွေက နိုင်ငံအနှံ့မှာ ရှိပြီး အရေးကြီးဆုံးကတော့ အဖွဲ့ဝင်အချင်းချင်း စည်းလုံးကြတာပဲ …. ကမ်းရိုးတန်းပိုင်းက အုပ်စုတွေထက် ပိုပြီး သန်မာတယ် ….”
လင်းရီ တောက်တစ်ချက် ခေါက်ပြီး လျန်ကျင်းမင်ကို ကြည့်လိုက်သည်။ “ မင်း ဖန်းမိသားစုအကြောင်း ဘယ်လောက်ထိ ကောင်းကောင်း သိထားလဲ ….”
“ သူတို့ကြည့်ရတာတော့ အတော်လေး အထင်ကြီးဖို့ကောင်းတယ် … အနောက်ပိုင်းဒေသမှာတောင် အချမ်းသာဆုံး စာရင်းထဲဝင်တယ် … ငါတို့ လျန်မိသားစုက ပြဿနာ တက်မနေဘူးဆိုရင်တောင် ငွေကြေးအင်အားချင်းယှဉ်ရင် ငါတို့က နောက်ကောက်ကျနေတုန်းပဲ ….” လျန်ကျင်းမင် စီးကရက်တိုကို ခြေထောက်ဖြင့် နင်းပြီး ပြောလိုက်သည်။
“ ပြီးတော့ ဝမ်ချန်ဆိုတဲ့ ကောင်မရဲ့ မိသားစုကလည်း ကောင်းတဲ့ထဲ မပါဘူး … သူ့အဖေက အရင် မြေအောက်အင်အားစုတွေရဲ့ ဘော့စ်အဟောင်း …. အတော်လေး လွှမ်းမိုးမှုရှိတယ် ….”
“ လက်စသတ်တော့ အဲ့တာကြောင့်ကိုး …. သူ့မိသားစုက အဲ့လိုဆိုမှတော့ ဒီလောက်ထိ မောက်မာနေတာလည်း မဆန်းတော့ပါဘူး ….” ချင်းဟန် အထင်အမြင်သေးစွာ ပြောလိုက်သည်။
“ အမှန်ပဲ … ဒါပေမယ့် အနောက်ဘက်ဒေသမှာ သူတို့ရဲ့ လွှမ်းမိုးနိုင်စွမ်းကို ကြည့်ရင် တကယ်လည်း အဲ့လိုမျိုး မောက်မာနိုင်စွမ်း ရှိတယ် …”
“ ဆက်တော့ စောင့်ကြည့်ထားပေါ့ … တကယ်လို့ ပိုက်ဆံကို ပြန်ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီကိစ္စတွေ အေးအေးချမ်းချမ်းနဲ့ပဲ အုံးသတ်မယ် … မဟုတ်လို့ကတော့ သူတို့နဲ့ သေချာလေး စကားပြောရတော့မှာပဲ ….”
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ လျန်ကျင်းမင်၏ ဖုန်းက အသံမြည်လာသည်။
ခေါ်ဆိုလာသူကို တစ်ချက် ကြည့်လိုက်တော့ သူ့အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
“ ဘယ်သူတဲ့တုန်း ….” ကောင်းကျုံးယွမ် မေးမြန်းလိုက်၏။
လျန်ကျင်းမင် ဖုန်းကို သုံးဦးလုံးရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
ခေါ်ဆိုလာသူက ဖန်းချောင်ချောင် ဖြစ်နေသည်။
“ ကျားအကြောင်းပြောရင် ကျားရောက်လာတယ် …. တစ္ဆေအကြောင်းပြောရင် တစ္ဆေရောက်လာတယ်ဆိုတာ တယ်မှန်ပါလား …”
လင်းရီ ဖုန်းကို ဖြေလိုက်ပြီး စပီကာ ဖွင့်လိုက်၏။ ဘာမျှ မပြောရသေးခင်မှာပဲ ဖန်းချောင်ချောင်က ကျယ်လောင်စွာ ဟိန်းဟောက်လာသည်။
“ လျန်ကျင်းမင် … သပစားလေး … နင်တို့ မိသားစု ဒေဝါလီခံဖို့သာ ပြင်ထားလိုက်တော့ ….”
***