ချင်းဟန် စီးကရက်တစ်လိပ်ကို မီးညှိရင်း အားပါးတရ ရယ်မောလိုက်ပြီး ကောင်းကျုံးယွမ်ကို ကြည့်လိုက်သည်။
“ သည့်မတိုင်ခင်တုန်းက လင်းကြီးကို တော်တော်လေး အံ့ဩဖို့ကောင်းလှပြီ မှတ်နေတာ … ဒါပေမယ့် မင်းရဲ့ ဟော်ယွမ်ယွမ်ကို ဒီမရောက်လာခင်အထိပဲ … အဲ့တော့မှပဲ လက်ရည်တူ ပြိုင်ဘက်တွေဆိုတာက ဘာလဲဆိုတာကို သဘောပေါက်သွားတော့တယ် ….”
“ ဟားဟား ….”
လျန်ကျင်းမင်လည်း ရယ်မောလိုက်၏။ “ လက်ရည်ညီတဲ့ ပြိုင်ဘက် ဖြစ်ရုံတင် မကဘူး … သူက လင်းကောရဲ့ ဘဝရန်ဘက်လို့ ပြောရင်တောင် မမှားဘူး ….”
ကောင်းကျုံးယွမ် ကိုးရို့ကားယားနိုင်စွာဖြင့် သူ့ခေါင်းသူ ကုတ်လိုက်၏။ “ ငါလည်း အိမ်မှာဆို သူများ ကိစ္စထဲ ဝင်ဝင်မပါဖို့ ပြောပါတယ်ကွာ … ဒါပေမယ့် ပြဿနာက ငါ့စကားဆို နားမထောင်တာပဲ …. တကယ်လို့ မင်းက ဥက္ကဌကျီကို ဆိုးဆိုးရွားရွား ဆက်ဆံမယ်ဆိုရင် အသက်ချင်းလဲပစ်မယ်ဆိုပဲ … ဆိုတော့ … ငါ့ကို အပြစ်မတင်ပါနဲ့ ညီကိုရာ ….”
“ ချီးပဲ … ရှုပ်ယှက်ကို ခတ်နေတာပဲ …..”
ကျိန်ဆဲရင်း လင်းရီ လျန်ကျင်းမင်ဘက်သို့ ကြည့်လိုက်သည်။ “ လျန်ကြီး … ငါ မင်းကို တစ်ခု အကူအညီ တောင်းစရာ ရှိတယ် ….”
“ ဘာကိုလဲ …..”
“ ငါတို့နိုင်ငံထဲကို ဝင်ထွက်နေတဲ့ ဂျပန်နိုင်ငံသားစာရင်းကို စောင့်ကြည့်ပေးထားစမ်းပါ … ပြီးရင် အချက်အလက်တွေကို ငါ့ဆီပို့ပေး … ဘယ်လောက်ပဲ များများ ကိစ္စ မရှိဘူး …..”
“ ပြဿနာ မရှိဘူး … ကျိုးဟိုင်လေဆိပ်ကိုတော့ လင်းကော ကိုယ်စား စောင့်ကြည့်ထားပေးလို့ရတယ် …..”
လျန်ကျင်းမင် သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်မိ၏။ “ ဒါနဲ့ ဘာဖြစ်လို့လဲ … ဂျပန်က တစ်ယောက်ယောက် အစ်ကိုကြီးလင်းကို စော်ကားထားလို့လား …..”
“ ငါနဲ့ ဘာမှမဆိုင်ပါဘူးကွာ ….” လင်းရီ မျက်နှာကြက်ကို ညွှန်ပြရင်း “ အထက်က အမိန့်ပေးလာလို့ … ဒါကြောင့်မို့ သေချာ ဂရုစိုက်မှ ရမှာ …..”
“ ငါတို့ မိသားစုကလည်း သင်္ဘောသယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ လုပ်ပိုင်ခွင့် နည်းနည်းရှိတယ် … အဲ့ဒီအပိုင်းမှာ ကူပြီး စောင့်ကြည့်ပေးလို့ရတယ် …” ကောင်းကျုံးယွမ် ပြောလိုက်သည်။
“ ဒါဆို ငါလည်း ရထားလမ်း စနစ်မှာ ငါလုပ်နိုင်တာ လုပ်ပေးမယ် … လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားလိုက်မယ် …” ချင်းဟန်လည်း ဝင်ပြောလာခဲ့၏။
“ ဒါပေမယ့် ဒီလိုလုပ်တာက သိပ်ပြီးမှ အဓိပ္ပာယ်မရှိသလိုပဲ … တကယ်လို့ သူတို့တွေက တစ်ခြားမြို့ကို သွားပြီး ကျိုးဟိုင်ကို ကားမောင်းလာရင် ငါတို့ စောင့်ကြည့်နေတဲ့ကြားက လွတ်သွားနိုင်သေးတာပဲ မဟုတ်လား …..”
“ အခြေအနေက မင်းတို့ ထင်ထားသလောက်လည်း ချဲ့ကားမနေပါဘူး …” လင်းရီ ပြောလိုက်ပြီး “ တကယ့်လက်တွေ့ဘဝဆိုတာ ရုပ်ရှင်ဇာတ်ကားတွေလိုမျိုး မဟုတ်ဘူး …. ပြဿနာတွေကို မြင်တဲ့အချိန်မှာ ဘုရားသခင်ရဲ့ ရှုထောင့်ကနေ ကြည့်လို့မရဘူး … ငါလည်း ကိစ္စပြီးလို့ ပြန်သုံးသပ်ကြည့်တဲ့ အချိန်ကျရင် ချို့ယွင်းချက်တွေ ၊ အပြစ်အနာအဆာတွေ အများကြီး တွေ့ရတယ် … တစ်နေရာသွားစရာရှိတယ်ဆိုရင် ဒီတိုင်း လေယာဉ်နဲ့ ချက်ချင်း သွားလိုက်တာပဲ …. ဒီတော့ တခြားလူတွေလည်း အဲ့လိုပဲ လုပ်မိမှာ ကျိန်းသေတယ် … ဘယ်လိုပဲပြောပြော သတိထားတာကတော့ မမှားဘူးပေါ့ ….”
“ အိုကေ … နားလည်သွားပြီ ….” ချင်းဟန် နားရွက်ကို ညွှန်ပြရင်း ဝှေ့ဝဲပြီး ပြောလိုက်သည်။
“ လာကွာ … ဒီကိစ္စ ထပ်မပြောကြစို့ .. သောက်စရာရှိတာ သောက်ကြမယ် ….”
ခေတ္တမျှ စကားပြောဆိုပြီးနောက် လေးယောက်သား ညဆယ်နာရီကျော်သည်အထိ အရက်သောက်နေခဲ့ကြသည်။
စစချင်းတုန်းက ဟော်ယွမ်ယွမ်မှာ အိမ်ပြန်ဖို့ ဟန်ပြင်နေသော်လည်း ကျီချင်းရန်က သူမကို နေဖို့ ဆွဲထားလိုက်၏။ မည်သို့ပင်ဆိုစေ … ယခင်တုန်းကလည်း သူမတို့တွေ အတူအိပ်ပြီး တီးတိုး စကားတွေ ပြောခဲ့ဖူးကြ၏။
ယခုအချိန်တွင် ပြောစရာ စကားတွေ အများကြီး ရှိနေမှာက ထုံးစံပင်။
လင်းရီနှင့် ပတ်သက်၍ကတော့ … ယနေ့ည သူနှင့် အတူအိပ်ဖို့ အစီအစဉ် မရှိသဖြင့် ထည့်တွက်မနေတော့ချေ။
လင်းရီလည်း ပျော်ပျော်ရွှင်ရွင်ပင်။ အားလပ်ချိန်ရသဖြင့် ချင်းဟန်နှင့် အခြားသူများနောက်လိုက်ပြီး ဘားသို့ သွား၍ အရက်သောက်ရန် စဉ်းစားထားသည်။
ဒူ ဒူ ဒူ …
ဘားသို့ သွားနေသည့်လမ်းတွင် လင်းရီ၏ ဖုန်းက တုန်ခါလာခဲ့ပြီး ချင်ရင်ယွဲ့ထံက ဝီချက်မက်ဆေ့ချ် ဝင်လာသည်။
“ သား … နင် အိပ်နေပြီလား ….”
ဖုန်းကိုင်ရင်း လင်းရီ ဖုန်းခေါ်လိုက်၏။
“ အမေ ….”
“ နင် မအိပ်သေးဘူးလား … ဘာလို့ အဲ့လောက်ထိ ဆူညံနေတာ ….”
“ ချင်းရန်က သူ့သူငယ်ချင်းနဲ့ အိပ်မှာလေ … ဒါကြောင့်မို့ ကျွန်တော်လည်း သူငယ်ချင်းတွေနဲ့ အပြင်ရောက်နေတာ …” လင်းရီ ပြောလိုက်ပြီး “ ညဉ့်နက်နေပြီကို တစ်ခုခု ရှိလို့လား ….”
“ အင်း …. အဲ့တာက …. ကျီချင်းရန်က ကိုယ်ဝန်ရှိနေပြီ … နင့်အမေကလည်း အမေ့ကို ပြောပြလာတယ် …. အမေလည်း ဆက်ပြီး မသိချင်ယောင်ဆောင်လို့မရတော့ဘူး ….”
‘ နင့်အမေ’ ဆိုသည်က ဝမ်ချွေ့ပင်းကို ညွှန်းဆိုနေခြင်းပင်။
မည်သို့ပင်ဆိုစေ … ဝမ်ချွေ့ပင်း၏ အဆင့်အတန်းကို ချင်ရင်ယွဲ့ အသိအမှတ်ပြုပါသည်။
“ အင်း … အဲ့ဒီတော့ ….”
“ အမေလည်း ဆက်ပြီး မသိချင်ယောင် ဆောင်နေလို့ မရတော့ဘူးလေ …” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ လောလောဆယ်တော့ နိုင်ငံခြား ရောက်နေတယ် … သန်ဘက်ခါ လေယာဉ်ကို လက်မှတ်ဖြတ်ထားတယ် … နာရီ နှစ်ဆယ်လောက် ကြာပြီးရင် ကျိုးဟိုင်ကို ရောက်ပြီလို့ ပြောထားတယ် ….”
“ ဆိုတော့ … ရက်နည်းနည်းကြာကြာ အချိန်ဆွဲထားတယ်ပေါ့ ….”
“ ငါလည်း ရွေးချယ်စရာမှ မရှိတာ …. နင့်အန်တီရှန်းကလည်း ကျိုးဟိုင်မှာ ရှိနေတယ် … ပြီးတော့ မီလိလေးကလည်း ကိုယ်ဝန်နဲ့ … ငါ ကျိုးဟိုင်ကို ပြန်ရောက်ရင် အရင်ဆုံးလုပ်သင့်တာက သူ့ဆီ သွားလည်ဖို့ပဲ … မဟုတ်ရင် နှစ်တွေအကြာကြီး တည်ဆောက်ခဲ့တဲ့ ဆက်ဆံရေးလည်း ပျက်စီးသွားလိမ့်မယ် ….”
လင်းရီ ပြုံးလိုက်မိသည်။
သူ့အမေ ပြောသည်ကလည်း ယုတ္တိကျ၏။
ရှန်းရှုရီက သိပ်ထက်မြန်လွန်းသဖြင့် သူမရှေ့တွင် ရိုးသားသည်က ပိုကောင်း၏။
ကျီချင်းရန် ကိုယ်ဝန်ရှိနေသည့် အကြောင်းကိုပင် သူမ သိနှင့်လောက်နေချေပြီ။
အမျိုးသမီး တစ်ဦး၏ နှလုံးသားက အနက်နဲဆုံး ဖြစ်၏။
“ အမေတို့နှစ်ယောက်က အတူပြန်လာမှာလား ….”
“ ကိစ္စက ဒီလောက်ကြီးမှတော့ သူ့မှာ ရွေးချယ်စရာ ရှိမှာလား … လာခဲ့ရမှာပဲလေ …” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ နင်နဲ့ ချင်းရန်တို့က ပြန်သင့်မြတ်သွားကြပြီဆိုပေမယ့် ငါ့အထင် သူ့ စိတ်ထဲ သံသယ နည်းနည်းလောက်တော့ ကျန်နေလောက်ဦးမယ် … တစ်ခါတည်း နင့်ဆီလာပြီး ပံ့ပိုးပေးဖို့လည်း ပါတာပေါ့ ….”
“ မလိုဘူး … ကျွန်တော့်ကိစ္စ ကျွန်တော့်ဘာသာ ဖြေရှင်းနိုင်တယ် … အမေတို့ ကျွန်တော့် အကြောင်းကို ပူစရာ မလိုဘူး ….”
“ နင် ကိုင်တွယ်နိုင်မှန်း ငါသိတယ် … ဒါပေမယ့် ငါတို့လည်း ပါဝင်လိုက်မယ်ဆိုရင် အချိုပါ သကာလောင်းသလို ဖြစ်မသွားဘူးလား ….” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ ပြီးတော့ သူတို့နှစ်ယောက်လုံး ကိုယ်ဝန်ရှိနေတာက အရင် အခြေအနေတွေနဲ့ ကွဲပြားတယ် … စိတ်ပိုင်းဆိုင်ရာအရ မပြင်ဆင်ထားဘူးဆိုရင် နောင် နင်တို့ အတူနေတဲ့အချိန်ကျ အထစ်အငေါ့တွေ ဖြစ်လာနိုင်တယ် ….”
လင်းရီ ဘာမျှ ပြန်မပြောချေ။ ချင်ရင်ယွဲ့ ပြောသည်ကလည်း အဓိပ္ပာယ်ရှိနေသည်။
အချိန်ကို ကုစားပေးသည့် ဆေးဝါးတစ်ခုကဲ့သို့ သူ အသုံးမပြုချင်။
သို့သော် ဤအခြေအနေကို ကောင်းမွန်စွာ ထိန်းသိမ်းပြီး ဟန်ချက်မျှအောင် ပြုလုပ်ဖွင့်က လက်ဝင်သည့် ကိစ္စရပ်တစ်ခု ဖြစ်လေသည်။
“ ဒါပေမယ့် သူက အမေနဲ့ လိုက်လာမယ်ဆိုတာ သေချာလို့လား ….”
“ ဒီလောက် ကိစ္စကြီးတွေ ဖြစ်နေတာကို သူ မလာချင်ဘူးဆိုရင်တောင် လာရမှာပဲ ….” ချင်ရင်ယွဲ့ ပြောလိုက်ပြီး “ နောက်ပြီး နှစ်သစ်ကူးကလည်း နီးကပ်လာနေပြီ … အကြီးအကဲလုနဲ့ ရန်ကျင်းက တစ်ခြားလူတွေဆီလည်း လိုက်လည်ဖို့ လိုသေးတယ် ….”
“ ကျွန်တော် သဘောပေါက်ပြီ ….” လင်းရီ ခေါင်းညိတ်လိုက်သည်။
“ ဒါဆို အမေတို့က ကျိုးဟိုင်ကို ဘယ်တော့ ရောက်မှာ …..”
“ မနက်ဖြန် မနက် … ရောက်တာနဲ့ နင့် အန်တီရှန်းရဲ့ နေရာကို ချက်ချင်းသွားမယ် … နင် အားတယ်ဆို အမေတို့နဲ့အတူ လိုက်ခဲ့ပေါ့ ….”
“ ကောင်းပြီလေ … ဒါဆို ကျွန်တော် အမေတို့ကို လာကြိုပေးမယ် ….”
စကားခေတ္တ ပြောဆိုပြီးနောက် လင်းရီ ဖုန်းချပြီး နိုက်ကလပ်သို့ ဦးတည်လိုက်သည်။ မနက်အစောပိုင်း အချိန်ရောက်တော့မှ ဟိုတယ်သို့ ပြန်ရောက်လာခဲ့၏။
နောက်တစ်နေ့ နံနက်ခင်း ရှစ်နာရီဝန်းကျင်တွင် လင်းရီ၏ ဖုန်းနှိုးစက်က အသံမြည်လာသည်။ အိပ်စုံမှုန်မွှားဖြင့် အညောင်းဆန့်၍ အိပ်ရာက ထပြီး လေဆိပ်သို့ သွားဖို့ ပြင်ဆင်တော့၏။
ကိုးနာရီ ဝန်းကျင်လောက်ရောက်တော့ ချင်ရင်ယွဲ့နှင့် လင်းကျင်ကျန့်တို့က အိတ်နှစ်လုံးစီ သယ်ဆာင်လျက် လျှောက်လှမ်းလာကြသည်ကို မြင်တွေ့လိုက်ရသည်။
လင်းကျင်ကျန့်ကို နောက်တစ်ကြိမ် မြင်တွေ့လိုက်ရတော့ လင်းရီစိတ်ထဲ ထူးဆန်းမှုကို ခံစားနေရ၏။
လင်းကျင်ကျန့်လည်း ထပ်တူထပ်မျှ ခံစားနေမိလိမ့်မည်ဟု သူ ယုံကြည်သည်။
လင်းရီကို မြင်တော့ ချင်ရင်ယွဲ့မှာ ဝမ်းသာအားရဖြင့် ပြေးဝင်လာခဲ့၏။
သူမ၏ မျက်လုံးထဲ လင်းရီတစ်ဦးတည်းသာ ကျန်ရစ်တော့ပြီး သူ့အား ကြည့်မဝနိုင်သည့်နှယ် တစိမ့်စိမ့် ကြည့်လို့နေသည်။
ဤသို့သော မိခင်စိတ်ပြည့်ဝသည့် အကြည့်မျိုးက ဝမ်ချွေ့ပင်း၏ မျက်လုံးများထဲ၌ပင် ရှားပါးလွန်းလှသည်။
“ သွားစို့ … ကားထဲကိုဝင် ….”
လင်းရီ ကားတံခါး ဖွင့်ပေးပြီး နှစ်ဦးကို အထဲသို့ ကြိုဆိုလိုက်သည်။ ပြီးသည့်နောက် လျန်ရူရွှယ်၏ အိမ်သို့ ထွက်လာခဲ့လေသည်။
“ မီလိနဲ့ ချင်းရန်တို့နှစ်ဦးလုံး အဆင်ပြေကြတယ်မလား ….”
***