“ အာ ….”
လင်းရီ ခေတ္တ အေးခဲသွားခဲ့သည်။ တစ်နေ့နေ့တွင် ဤသို့သော ခက်ခဲသည့် မေးခွန်းမျိုးနှင့် ရင်ဆိုင်လာရလိမ့်မည်ဟူ၍ ကိုယ့်ကိုယ်ကိုယ် ဘယ်တုန်းကမျှ ထင်မှတ်မထားခဲ့ပါချေ။
“ အဲ့ကိစ္စ စိုးရိမ်နေမယ့်အစား ဘယ်သူ့ဘက်မှ ဂရုမစိုက်တာက ပိုမကောင်းဘူးလား … အဲ့လိုဆို ကိုယ့်ဘက်က လုံးဝ မျှတတယ်လို့ ပြောလို့ရသွားပြီလေ ….”
လင်းကျင်ကျန့်က အတော်လေး တည်တည်ငြိမ်ငြိမ်ပင်။ မည်သို့သော တုန်လှုပ်ခြင်းမျှ မရှိပေ။
“ အဲ့လိုလုပ်လို့တော့ ဘယ်ဖြစ်မှာ … နှစ်ဖက်လုံးကို အပြစ်ပြုရာ ကျသွားမှာပေါ့ …..”
“ ဒီလိုဆိုရင်ကော … ငါ ဆေးရုံတစ်ခုရှာပြီး မင်းဖို့ အရူးလက်မှတ်လုပ်ပေးမယ်ကွာ … သူတို့တွေ မင်း ကလေးနဲ့ အတူ ရေထဲ ခုန်ချသွားမှာကို မကြောက်ဘူးဆိုရင်တော့ လုပ်ပါလေ့စေပေါ့ ….”
လင်းရီ “ ??? “
ခင်များ ဘာတွေ လာပြောနေတာ … ဒါ အဖေတစ်ယောက်က ကိုယ့်သားကို ပေးသင့်တဲ့ အကြံကောင်းလား …
“ ဒီကိစ္စ စိုးရိမ်နေစရာ မလိုပါဘူး ….” လင်းရီ ငိုရအခက်၊ ရယ်ရအခက် ဖြစ်နေပြီး “ အချိန်ကျလာရင် နာနီ တစ်ယောက် ငှားမှာပဲ … အမေတို့တွေ တစ်ချိန်လုံး နေပေးစရာ မလိုပါဘူး … ဒီတိုင်း အဆင်ပြေတဲ့အချိန် ခဏလောက် မကြာမကြာ လာလည်ပေးပေါ့ … သူတို့လည်း အမေတို့ အခြေအနေကို နားလည်ကြပါတယ် ….”
“ လောလောဆယ်တော့ အဲ့နည်းလမ်း တစ်ခု ရှိတာပဲ ….”
တစ်နာရီ နီးပါးခန့် ကားမောင်းပြီးနောက် လင်းရီသည် ကားကို လျန်ရူရွှယ်၏ အိမ်သို့ မောင်းနှင် ရောက်ရှိလာခဲ့သည်။
ချင်ရင်ယွဲ့က လင်းရီကို ခရီးဆောင်အိတ်အား အပေါ်ထပ်သို့ သယ်သွားခိုင်းပြီး ယနေ့ည ဤနေရာတွင် အိပ်ဖို့ စိတ်ကူးထား၏။
အပေါ်ထပ်ရောက်ကို ရောက်တော့ လင်းရီတို့ သုံးဦးလုံး လျန်ရူရွှယ်နှင့် ရှန်းရှုရီကို မြင်တွေ့လိုက်ရသည်။
“ ဟယ် … နင်တောင် ပြန်လာတယ်ပေါ့ … ငါ့မြေးလေးရဲ့ ဩဇာက အတော်လေးကြီးနေတာပဲ …”
လင်းကျင်ကျန့်ကို မြင်တော့ ရှန်းရှုရီက အရွှန်းဖောက်သည့် လေသံဖြင့် ဆိုလိုက်၏။
“ အဓိကကတော့ ကလေးနဲ့ တွေ့ချင်လို့ပါ … ဒါပေမယ့် ပိုပြီး အရေးကြီးတာက မင်းနဲ့ တွေ့ချင်လို့ပဲ ….” လင်းကျင်ကျန့်က အားပါးတရ ရယ်မောလိုက်ပြီး “ ငယ်ငယ်တုန်းက ငါတို့မိသားစုနှစ်ခုချင်း လက်ဆက်ဖို့ ပြောခဲ့သေးတာကို မှတ်မိပါသေးတယ် … အဲ့တုန်းကတော့ မင်းက ငါ့အပေါ် အထင်သေးခဲ့တယ်လေ … အခု အခြေအနေတွေ ဘယ်လို ဖြစ်သွားပြီလဲကြည့်စမ်း … ဒါကို ရေစက်လို့ ခေါ်တယ် ….”
“ တော်စမ်းပါ … လူကဖြင့် အဘိုးတောင် ဖြစ်တော့မယ်ကို မရင့်ကျက်နိုင်သေးဘူး ….”
ထိုကဲ့သို့သော စိတ်ခံစားချက်မျိုးက ရှန်းရှုရီတွင် အင်မတန် တွေ့ရခဲသည်။
ဤစကားဝိုင်းက တစ်ဆင့် ၎င်းတို့၏ ဆက်ဆံရေးက မည်မျှ ရင်းနှီးလှကြောင်းကို မြင်သာနိုင်လေသည်။
နှုတ်ခွန်းဆက်စကား အနည်းငယ် ပြောဆိုပြီးနောက် အမျိုးသမီးများအားလုံး ဆိုဖာပေါ်သို့ ထိုင်ချလိုက်ကြသည်။
လျန်ရူရွှယ်ကို မြင်တော့ ချင်ရင်ယွဲ့မှာ သူမ၏ အပြုံးကို မရပ်တန့်နိုင် ဖြစ်နေသည်။ လျန်ရူရွှယ်၏ လက်ကို ဆုပ်ကိုင်ရင်း မနားတမ်း စကားတွေ ပြောနေတော့၏။
လင်းရီနှင့် လင်းကျင်ကျန့်တို့ကတော့ သူတို့တွေ စကားဝိုင်းထဲ ဝင်ရောက်နိုင်ခြင်း မရှိဟု ခံစားနေရ၏။ ထို့ကြောင့် မီးဖိုချောင် ပြတင်းပေါက်ဘေးနားတွင် မတ်တပ်သွားရပ်ရင်း စကားပြောဆိုနေကြ၏။
“ တစ်လောတုန်းက ဂျပန်ဘက်ကနေ ရှေးဟောင်း လက်ရေးစာမူ တစ်ခု ရခဲ့သေးတယ် … အဖေ အဲ့ဒီအကြောင်း သိလား ….”
“ အင်း … ငါလည်း နောက်ပိုင်းတော့ ကြားမိတယ် ….” လင်းကျင်ကျန့် ပြောလိုက်ပြီး “ မျိုးမစစ်တွေက လှည့်ကွက်တစ်ချို့တော့ ရှိနေတာပဲ …. မြေအောက် အုတ်ဂူထဲကနေ အဲ့လိုအရာမျိုးကို တကယ်ကြီး ရှာတွေ့ခဲ့တယ် … ငါတို့ တစ်ခါမှတောင် မထင်ထားဖူးဘူး …..”
“ ဒါဆိုလည်း အဖေက ဘာလို့ အဲ့လောက်ထိ တည်ငြိမ်နိုင်ရတာ … ဒီလောက် အရေးကြီးတဲ့ ပစ္စည်းအပေါ် စိတ်ဝင်စားမှုလေးတောင် မရှိဘူးလား …..”
“ မင်းကိုက အတွေးလွန်နေတာ …. ကမ္ဘာ့ အဖွဲ့အစည်း တော်တော်များများအတွက်က အဲ့ပစ္စည်း ရရင်တောင် အလကားပဲ … ဘာလို့ဆို သုတေသန လုပ်နိုင်တဲ့ အစွမ်းအစ မရှိကြလို့ပဲ …” လင်းကျင်ကျန့် ပြောလိုက်ပြီး “ ဖရီးမေဆင်နဲ့ မားမွန်းတို့ ရသွားခဲ့ရင်တောင် အဲ့ကောင်တွေ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး … အလှကြည့် သိမ်းထားရုံလေက်ပဲ ….” လင်းကျန်ကျန့် ဆက်လက်၍ “ တစ်ကမ္ဘာလုံးကို ခြုံပြီးကြည့်လိုက်ရင် ဟွာရှ၊ အမေရိကန် နဲ့ ဂျပန်မှာပဲ အဲ့လို ပစ္စည်းမျိုးကို သုတေသန လုပ်နိုင်မယ့် အစွမ်းအစရှိတယ် ….”
“ အဲ့လောက်တောင် ဈေးကြီးတယ်ပေါ့ ….”
“ ဒါပေါ့ကွ …. ဘာမှန်းတောင် သေချာမသိတဲ့ သုတေသန တစ်ခုမှာ ပိုက်ဆံ ဘီလီယမ် ရာနဲ့ချီ ထည့်သုံးဖို့ဆိုတာ တော်ရုံ အဖွဲ့အစည်းမျိုး တတ်နိုင်တဲ့ အတိုင်းအတာမှ မဟုတ်ဘဲ …..”
“ တကယ်လို့ ဒီရဲ့ သုံးနိုင်ငံက အဲ့ပစ္စည်းကို အသုံးချနိုင်သွားခဲ့ရင် အဖေတို့ ပြင်ပ အင်အားစုတွေအပေါ် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လာမယ် မဟုတ်ဘူးလား ….”
လင်းကျင်ကျန့် ရယ်မောလိုက်၏။
“ လူ့သဘာဝကို အထင်သွားမကြီးလိုက်နဲ့ … နတ်ဘုရားဆိုရင်တောင် ငွေရှေ့မှာ ဦးညွှတ်ရသေးတာ … လူသားတွေဆိုလို့ကတော့ …. ဟက် ….”
“ အမှန်ပဲ … ဒါပေမယ့် လူတိုင်းကို ငွေနဲ့ ဝယ်လို့ ရမယ်လို့တော့ ကျွန်တော် မယုံဘူး ….”
“ ဟုတ်တယ် … ဒါပေမယ့် အဲ့တော့ ဘာဖြစ်လဲ … မင်းရဲ့ လည်ပင်းပေါ် ဓားထောက်ထားရင် မင်း ဆန့်ကျင်ရဲမှာလား ….”
“ လူတစ်ချို့က ငွေရဲ့ ဖျားယောင်းမှုကို တောင့်ခံနိုင်ကြတယ် … ပြီးတော့ သေရမှာ မကြောက်တဲ့လူတွေလည်း ရှိတယ် ….”
လင်းကျင်ကျန့် ပခုံးတွန့်လိုက်သည်။ “ သေမှာ မကြောက်ဘူးဆိုလည်း သေလိုက်ကြပေါ့ …. ငါ့ကို လာခြိမ်းခြောက်တဲ့လူတိုင်းကို ငါ့ဘက်က အနိုင်ယူမယ် … အနိုင်မယူနိုင်ဘူးဆိုရင် ဖျက်ဆီးပစ်မယ် ….”
“ အဲ့နည်းလမ်းက သူသေကိုယ်သေ နည်းလမ်းနဲ့ ဆင်တူနေသလိုပဲနော်….”
“ မင်းက တကယ့်ချက်ကောင်းကိုမှ သွားပြောလိုက်တာပဲ … ပြင်ပ အဖွဲ့အစည်းကြီးတိုင်းက ဒီလိုပဲ … လူ့အသက်ဆိုတာ ဈေးထဲက ဂေါ်ဖီထုပ်တွေထက်တောင် ဈေးပေါသေးတယ် … ကိုယ့်ကိုယ်ကိုယ်က လွဲရင် ဘယ်သူမဆို သေဖို့တန်တဲ့ လူတွေချည်းပဲ ….” လင်းကျင်ကျန့်က ပြုံးလျက် ပြောလိုက်ပြီး “ ဒါပေမယ့် မင်းလည်း သတိတော့ ပိုထားပေါ့ … တစ်နေ့ တကယ်လို့ ဂျပန်ဘက်က အဲ့ပစ္စည်းကို သုတေသန ပြုနိုင်လာခဲ့ရင် ဟွာရှအပေါ် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်လာမှာ ကျိန်းသေတယ် ….”
“ အဲ့လိုက လုံးဝ မဖြစ်နိုင်တော့ဘူး …. သိပ်မကြာခင်တုန်းကပဲ တိုက်တိုက်ဆိုင်ဆိုင်နဲ့ ကျွန်တော်တို့တွေ အဲ့ပစ္စည်းကို ပြန်ရလာတယ် … အခု ကျုံးဝေ့တပ်ဖွဲ့ လက်ထဲမှာ ….”
“ ဟမ် …..”
ဤသတင်းကို ကြားတော့ လင်းကျင်ကျန့် အံ့အားသင့်သွားခဲ့သည်။
“ မဆိုးပါဘူး … သွားယူလာနိုင်တယ်ဆိုတော့ ….”
“ ဒီတိုင်း ကံကောင်းသွားလို့ပါ … မဟုတ်ရင် အဲ့လိုတွေ ဖြစ်နေမှန်းတောင် သိမှာမဟုတ်ဘူး …..”
လင်းကျန်ကျန့် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။
“ အဲ့ပစ္စည်းက ဂျပန်တွေလက်ထဲမှာ ဆိုရင် ပြဿနာ မရှိနိုင်ပေမယ့် ဟွာရှလက်ထဲမှာ ရှိနေရင်တော့ အဲ့တာက အာလူးပူပူ တစ်လုံး ဖြစ်လာလိမ့်မယ် ….”
“ အဖေဆိုလိုချင်တဲ့ သဘောက … ဂျပန်က အမေရိကန်ရဲ့ နောက်လိုက်ခွေးဆိုတော့ တကယ်လို့ သူတို့သာ အဲ့ပစ္စည်းကို သုတေသန လုပ်မယ်ဆိုရင် နောက်ပိုင်းမှာ တဖြည်းဖြည်းချင်း အမေရိကန်နဲ့ ပူးပေါင်းပြီး ဆက်တူ အလုပ်လုပ်သွားမှာပဲ …. ဒါပေမယ့် ဟွာရှဆိုရင်တော့ အများက ပူးပေါင်းပြီး ပစ်မှတ်ထား တိုက်ခိုက်စရာ ဖြစ်လာလိမ့်မယ် …. ကျွန်တော် ပြောတာ မှန်တယ်မလား ….”
“ အင်း ….” လင်းကျင်ကျန့် ဝန်ခံသည့် လေသံဖြင့် အသံပြုလိုက်၏။
“ ဒါပေမယ့် ငါ့အထင် အကြီးအကဲလုမှာ စဉ်းစားထားပြီးတာတွေ ရှိလောက်တယ် …. သူ့ အစီအစဉ်က ဘာပဲ ဖြစ်နေဖြစ်နေ၊ သူ အမိန့်ပေးတဲ့အတိုင်းသာ လုပ်ပေးလိုက် ….”
“ ဒါပေမယ့် ပစ္စည်းက ကျုံးဝေ့တပ်ဖွဲ့လက်ထဲမှာလေ … တစ်ယောက်ယောက်က လာပြီး ခိုးဖို့ ကြိုးစားမယ်ဆိုရင် ဟွာရှအပေါ် စစ်ကြေညာနေတာနဲ့ မတူဘူးလား …”
“ ဟုတ်တယ် … ဒါပေမယ့် အနောက်နိုင်ငံတွေရဲ့ လောဘကို အထင်မသေးလိုက်နဲ့ ….” လင်းကျင်ကျန့်က တည်ကြည်လေးနက်မှုအပြည့်ဖြင့် ဆိုလိုက်ပြီး “ ဒီပစ္စည်းက ကမ္ဘာ့လက်ရှိ အခင်းအကျင်းကိုတောင် ပြောင်းလဲပစ်နိုင်မယ့် ပစ္စည်းမျိုးပဲ … အမေရိကန်က ဟွာရှ အေးအေးဆေးဆေးနဲ့ ရယူသွားမှာကို ဒီတိုင်း လက်ပိုက်ကြည့်နေမယ်လို့တော့ ငါ မယုံဘူး …. အဲ့ပစ္စည်းက မက်မောဖို့ကောင်းတယ်ဆိုပေမယ့် ချိန်ကိုက်ဗုံးတစ်လုံးလည်း ဟုတ်တယ် ….”
လင်းရီ ခေါင်းညိတ်လိုက်သည်။ “ ကျွန်းပေါ်မှာရော အခြေအနေ ဘယ်လိုရှိလဲ ….”
“ အတော်လေး ပရမ်းပတာ ဆန်လာနေပြီ … အဖွဲ့အစည်းတိုင်းက တခြားလူတွေ သူတို့ကို ကျော်တက်ပြီး ရှေးဟောင်း အမွေအနှစ်တွေ ရသွားမှာကို စိုးရိမ်နေကြတယ် … အခု သူတို့တွေ အကုန်လုံး ပိုပြီး ဂနာမငြိမ် ဖြစ်လာနေကြပြီ ….”
လင်းကျင်ကျန့် သက်ပြင်းချလိုက်၏။
“ ဂျပန် အဲ့ပစ္စည်းကို ရတုန်းက သူတို့တွေ အုတ်ဂူထဲမှာ လူ ၂၀၀ ကျော် ဆုံးရှုံးခဲ့တယ် … အဲ့ထဲမှာ ဘီအဆင့် ကျွမ်းကျင်သူတွေ ဆယ်ယောက်ပါတယ် …. အမေရိကန်အတွက်တောင် တောင့်မခံနိုင်မယ့် ဆုံးရှုံးမှုမျိုးက သူတို့တွေ ဘယ်လောက်တောင် အလောတကြီး ဖြစ်နေမလဲ ဆိုတာ မြင်ယောင်ကြည့်လို့ရတယ် ….”
“ လူတွေရဲ့ အသက်ပေါ်မှာ တည်ဆောက်ထားသလိုပါလား ….”
“ လူတွေရဲ့ အသက်ပေါ်မှာ တည်ဆောက်ထားတယ်ဆိုရင်တောင် သူတို့မှာ ရွေးချယ်စရာ မရှိဘူး … တရုတ်နဲ့ အမေရိကန်လို နိုင်ငံကြီးတွေလိုမျိုး အုတ်မြစ်အခိုင်အမာ မရှိထားတော့ အစွန်းရောက်တဲ့ နည်းလမ်းတွေနဲ့ ကြိုးစားဖို့လိုတယ် … အခု ပြင်ပ အင်အားစုတွေ အများကြီးနဲ့ နိုင်ငံငယ်လေးတွေ တော်တော်များများကလည်း ကျွန်းပေါ်မှာ အခိုင်အမာ ခြေကုပ်ရယူနိုင်ဖို့ ကြိုးပမ်းလာနေကြပြီ … ဒါပေမယ့် ငါကတော့ အချိန်ကောင်းလို့ မထင်ဘူး ….”
“ ဒီတော့ အဖေက ဘေးမှာ ရပ်နေပြီး ပွဲကြည့်ဖို့ စဉ်းစားထားတယ်ပေါ့ …”
“ တကယ်လည်း ငါ့မှာ အဲ့လို အတွေးမျိုး ရှိတယ် … ဒါပေမယ့် အချိန်က ငါ့ကို ရှေ့ဆက်သွားအောင် တွန်းအားပေးနေတယ် …. ငါလည်း မတတ်နိုင်ဘူး ….” လင်းကျင်ကျန့် ပြောလိုက်ပြီး “ ပြန်ရမယ့် အကျိုးအမြတ်က အချိုးမမျှခဲ့ရင်တောင် အုပ်စုတစ်ခုက ပစ္စည်းကို လက်ထဲရတာနဲ့ ကျွန်းပေါ်က အခြေအနေနဲ့ တစ်ကမ္ဘာလုံးရဲ့ အခြေအနေကိုပါ ပြောင်းလဲပစ်နိုင်မယ့် အလားအလာတွေ ရှိတယ် …. ငါတောင် အလောင်းမစုံဘဲ အဆုံးသတ်ရင် သတ်သွားနိုင်တယ် … ကိုယ်က ဆန္ဒမရှိရင်တောင် အလိုအလျောက် ရှေ့ဆက်ဖို့ တွန်းအားပေးခံနေရတယ် … ဒီ သဘောတရားကနေ ဘယ်သူကမှ မရှောင်လွှဲနိုင်ဘူး …”
“ ဘော့စ်လျိုနဲ့ အကြီးအကဲလုက ကျွန်တော့်ကို နှစ်သစ်ကူးပြီးတာနဲ့ ပြင်ဆင်ထားဖို့ ပြောနေတာ မဆန်းတော့ပါဘူး … ကျွန်းပေါ်ကို သွားဖို့ ဖြစ်လာခဲ့ရင် ဒီလို အကြောင်းအရင်းတွေကြောင့်ပဲ ဖြစ်လိမ့်မယ် ….”
“ လုပ်ထားကွာ ….”
လင်းကျင်ကျန့်က လင်းရီကို ကြည့်လိုက်ပြီး သူ့မျက်ဝန်းတို့က စူးရှတောက်ပနေသည်။
“ အဲ့နေရာက ရဲရဲတောက် ယောက်ျားသားတွေရဲ့ နိဗ္ဗာန်လောကပဲ …”
စာစဉ် (၁၆၀)ပြီး၏။
***