စာဖတ်သူများသို့ ပန်ကြားခြင်း “ လီယီတောင်း စာစဉ်ကို ရေးလာရင်း တဝက်လောက် အရောက်မှာပဲ MTL ဖြစ်နေတာ ကြုံခဲ့ရပါတယ်။ အဲဒီအပိုင်းတွေ ဇာတ်လမ်းကို စာဖတ်သူများ ချောချောမွေ့မွေ့ ဖတ်နိုင်အောင် လိုအပ်တာတွေ ပြင်ဆင်ဖြည့်စွက် ရေးသားခဲ့ပါတယ်။ အခု ဇာတ်သိမ်းဖို့ နီးလာတဲ့ အပိုင်းတွေ တလျှောက်မှာ MTL က ပိုဆိုးလာပါတယ်။ စာကြောင်း တဝက်တပျက်တွေ၊ အဆက်အစပ် မရှိတာတွေ ဖြစ်လာပါတယ်။ ပြီးတော့ ဇာတ်လမ်းက မြှုပ်ကွက်တွေနဲ့ ရှုပ်နေပါတယ်။ ဒီဟာတွေကို ကျနော် တတ်စွမ်းသလောက် ပြင်ဆင်ဖြည့်စွက်ထားပါတယ်။ တချို့နေရာတွေမှာ အရမ်းထောက်နေတဲ့အတွက် စကားပြော အသုံးပြုပြီး စာအသွားအလာ ချောအောင် ရေးသားထားပါတယ်။ စာဖတ်သူများ အဆင်ပြေပြေ ဖတ်ရှုနိုင်အောင် အတတ်နိုင်ဆုံး ရေးသားထားပါတယ်။ ဇာတ်လမ်း တချို့နေရာတွေမှာ အဆက်အစပ် မမိနေတာမျိုး၊ ဇာတ်လမ်း ရှုပ်ထွေးနေတာမျိုး ရှိရင် နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်အပ်ပါတယ်ခင်ဗျာ့။ “ ……………………………………………………………………………………………………………………………………………
လီကော့ရှန်း၏ ခန္ဓာကိုယ်က ပြင်းထန်စွာ ရုန်းကန်နေလေသည်။
သူ့ မျက်လုံးများထဲတွင် ရူးသွပ်မှုများ ပြည့်နှက်နေပြီး၊ မတည်ငြိမ်သော အရှိန်အဝါများက ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ထွက်ပေါ်နေ၏။
လီကော့ရှန်း နောက်ကွယ်ရှိ အရိပ်က ခန္ဓာကိုယ်ထဲတွင် အဆက်မပြတ် တဖျပ်ဖျပ် လှုပ်ရှားနေပြီး၊ ဝမ်ချန် သို့မဟုတ် သူ့ကို ထိန်းချုပ်ထားသူအား ရင်ဆိုင်ရန် အသင့်အနေအထားဖြင့် ပေါက်ကွဲထွက်လာမည့်အလား ဖြစ်နေသည်။
သို့သော်... အရာအားလုံးက အချည်းနှီး ဖြစ်နေပုံရ၏။
သူ၏ ရုန်းကန်မှုများက မည်သည့် သက်ရောက်မှုမှ မရှိခဲ့ပေ။ တစ်ဖက်လူက သူ့ကို မြေပြင်ပေါ်မှ မြှောက် မ ထားရုံသာမက၊ ဝိညာဉ်ကိုပါ လီကော့ရှန်း၏ ခန္ဓာကိုယ်ထဲတွင် လှုပ်မရအောင် ချုပ်နှောင်ထားလေသည်။
' ဒါက ဘယ်လို စွမ်းအားမျိုးလဲ... '
လီယီတောင်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်၏။ သူ့မျက်လုံးများထဲတွင် လေးနက်တည်ကြည်မှုများ ပြည့်နှက်နေ၏။
ယနေ့ ဤနေရာတွင်တော့ အပြီးသတ် ရှင်းလင်းမှု တစ်ခု လုပ်ရပေမည်။
တပ်ဖွဲ့ ၃၆ မှ အဖွဲ့ဝင် နှစ်ဦးမှာမူ မည်သည့် လှုပ်ရှားမှုမှ မပြုဘဲ ငြိမ်သက်နေကြလျက်။
အချိန်တို့ ကုန်ဆုံးလာသည်နှင့်အမျှ ဝမ်ရှင်းယွဲ့ (လီကော့ရှန်း) ၏ ရုန်းကန်မှုများက ပို၍ အားနည်းလာသည်။
သူမ၏ အသက်ရှူသံက တဖြည်းဖြည်း တိုးဝင်သွား၏။
သူမ စွမ်းအင်တို့ အလွန်အကျွံ သုံးစွဲထားမိပြီ ဆိုသည်မှာ ထင်ရှားလှပေသည်။
အကယ်၍ တစ်ဖက်လူက သူမကို အခု ဖြုတ်လွှတ်ပေးလိုက်မည် ဆိုလျှင်တောင်၊ သူမက ဘာခြိမ်းခြောက်မှုမှ ပေးနိုင်တော့မည် မဟုတ်ပေ။
ဝမ်ရှင်းယွဲ့၏ အသိစိတ်များ လွင့်စင်ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ၊ ထပ်မံ စောင့်ဆိုင်းနေ၍ မရတော့ကြောင်း လီယီတောင်း သိလိုက်၏။
"ဟူး..."
အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက်၊ လီယီတောင်း မျက်လုံးများက အေးစက်သွားလေတော့သည်။
သူ ထပ်ပြီး စောင့်နေလို့ မရတော့ဘူး ဆိုတာကို သူ သိနေ၏။
သူ အခုပဲ လှုပ်ရှားရတော့မည်။
သူ စောင့်နေဖို့ အချိန်မရှိတော့ပေ။
တပ်ဖွဲ့ ၃၆ မှ အဖွဲ့ဝင် နှစ်ဦးသည် လီယီတောင်း၏ လှုပ်ရှားမှုများကို တချိန်လုံး စောင့်ကြည့်နေခဲ့သလား ဆိုသည်ကတော့ မသေချာပေ။
သူ မလှုပ်ရှားမီ တစ်စက္ကန့်မျှ အလိုတွင် တပ်ဖွဲ့ ၃၆ မှ အဖွဲ့ဝင် နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။
သူတို့က လက်ထဲမှ ဖန်ဂေါ်လီလုံးနှင့် တူသော အရာတစ်ခုကို ပစ်ပေါက်လိုက်ကြရာ စူးရှတောက်ပသော အလင်းရောင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
ရှေ့သို့ တိုးသွားမည့်အစား သူတို့က နောက်သို့ ဆုတ်လိုက်ကြပြီး၊ တစ်ချိန်တည်းမှာပင် ဝမ်ချန်ဆီသို့ ဆက်တိုက် ပစ်လွှတ် တိုက်ခိုက်လိုက်ကြသည်။
ဘုန်း... ဘုန်း... ဘုန်း...
ပြင်းထန်သော တိုက်ခိုက်မှု အားလုံးက ဝမ်ချန် ခန္ဓာကိုယ်ကို ထိမှန်သွားသည့်အလား အသံကျယ်များ ဆက်တိုက်ထွက်ပေါ်လာနေသည်။
တစ်ချိန်တည်းမှာပင် လီယီတောင်းလည်း စတင် လှုပ်ရှားလိုက်လေပြီ။
တပ်ဖွဲ့ ၃၆ ဆီမှ ခပ်ပြင်းပြင်း တိုက်ခိုက်မှုများကို သိပ်ဂရုမစိုက်သလို၊ ထိရောက်မှုကိုလည်း စိတ်မဝင်စားပေ။
လီယီတောင်းက သေမင်းဓားသွားကို မသုံးသလို၊ မည်သည့် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုမျိုးကိုမှလည်း မလုပ်ခဲ့ပေ။
သူ၏ အကောင်းဆုံး ဝှက်ဖဲကိုသာ တိုက်ရိုက် ထုတ်သုံးလိုက်၏။
အဆောင်လက်ဖွဲ့ပင်။
ထိုမျှမကသေး...
တစ်ချိန်တည်းမှာပင်၊ ကြေးမုံပြင်ကလည်း ဝမ်ချန်ဆီသို့ ချိန်ရွယ်ထားပြီး ဖြစ်၏။
သို့သော် လီယီတောင်းကို အံ့အားသင့်သွားစေသည်မှာ ပြိုင်ဘက်ကင်းဟု ထင်ရသော ကြေးမုံပြင်သည် ဝမ်ချန်၏ ခန္ဓာကိုယ်ကို တစ်စက္ကန့်ပြည့်အောင်ပင် မရပ်တန့်နိုင်ခဲ့ခြင်းပင်။
‘ဟ… ဘယ်လို ဖြစ်တာလဲ… ‘
လီယီတောင်း ခေတ္တမျှ ဆွံ့အ တိတ်ဆိတ်သွားရသည်။
ကံကောင်းသည်က ဤစက္ကန့်လေး အတွင်းမှာပင် လီယီတောင်းအတွက် တုံ့ပြန်ချိန် အနည်းငယ် ရလိုက်ခြင်းပင်။
သူ့အတွက် တိုက်ခိုက်ဖို့ အခွင့်အရေး တစ်ခု ရသွားလေပြီ။
မဟုတ်လျှင်...
လက်ရှိ အခြေအနေနှင့် ဖြစ်နိုင်ခြေများအရ၊ လီယီတောင်း၏ အဆောင်လက်ဖွဲ့ တိုက်ခိုက်မှုက တစ်ဖက်လူဆီသို့ တကယ်တမ်း ရောက်နိုင်ပါ့မလား ဆိုသည်ကပင် မေးခွန်းထုတ်စရာ ဖြစ်နေလေပြီ။
သို့သော် အဲဒီလို ဖြစ်နေရင်တောင်မှ...
တစ်ဖက်လူ၏ စွမ်းအားက တကယ့်ကို ယုံမှားသံသယဖြစ်ဖွယ် မရှိအောင် အားကောင်းလွန်းလှပေသည်။
လီယီတောင်း၏ တိုက်ခိုက်မှုက တစ်ဖက်လူဆီသို့ ကျရောက်သွားချိန်တွင်၊ တစ်ဖက်လူ၏ ခန္ဓာကိုယ်မှာ ခေတ္တမျှသာ တွန့်ဆုတ်သွားခဲ့သည်။
ထို့နောက် ထိုလူက လီယီတောင်းကို ခက်ထန် ကြမ်းတမ်းသော အမူအရာဖြင့် ကြည့်လိုက်သည်။
"ဟဲဟဲ... မင်းက သေချင်နေမှတော့ မင်း ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့..."
ဝမ်ချန်၏ စကားဆုံးသည်နှင့် တပြိုင်နက် အရှိန်အဝါ တစ်ခုလုံးက ချက်ချင်း ပေါက်ကွဲထွက်လာပြီး ပိုမို ကြမ်းတမ်း ရက်စက်သော စွမ်းအားကြီးတစ်ခုက ချက်ချင်း လွှမ်းခြုံသွားလေပြီ။
ဤနေရာရှိ လူတိုင်းမှာ လှုပ်မရအောင် ချုပ်နှောင်ခံလိုက်ရ၏။
ဤအခိုက်အတန့်လေး အတွင်းမှာပင်... မုဆိုးနှင့် သားကောင်၏ အခန်းကဏ္ဍက ချက်ချင်း ပြောင်းပြန် ဖြစ်သွားခဲ့လေပြီ။
"သေစမ်း..."
ဝမ်ချန် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
ပတ်ဝန်းကျင် လေထုက ချက်ချင်းပင် ကြမ်းတမ်းခက်ထန်သွားလေတော့၏။
သို့သော် အလွန် ထူးဆန်းသည်မှာ... ထိုကြမ်းတမ်းသော အရှိန်အဝါများ အားလုံးက လက်ရှိ ပတ်ဝန်းကျင်နှင့် ဤနေရာရှိ လူအနည်းငယ်ကိုသာ ပစ်မှတ်ထားနေခြင်းပင်။
ဤစစ်ဆေးမေးမြန်းခန်း၏ အပြင်ဘက်ရှိ မည်သူကမျှ အထဲတွင် ဖြစ်ပျက်နေသော ထူးဆန်းသည့် လေထုကို ခံစားသိရှိနိုင်ခြင်း မရှိပေ။
အထူးသဖြင့် ဤစစ်ဆေးမေးမြန်းခန်း၏ ရိုက်ကူးရေး ကင်မရာများကို စောစောကတည်းက ပိတ်ထားခဲ့သောကြောင့်ပင်။
ထိုမျှမက၊ ဤစစ်ဆေးမေးမြန်းခြင်း အတွက် ပြတင်းပေါက် မရှိသော အခန်းကို တမင်တကာ ရွေးချယ်ထားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ဤမျှ ငြိမ်းချမ်းနေသော ပတ်ဝန်းကျင်၌ ဤကဲ့သို့သော အန္တရာယ်ကြီးတစ်ခု တိတ်တဆိတ် ဖြစ်ပေါ်နေသည်ကို မည်သူမှ မသိနိုင်ဟု ဆိုရပေမည်။
အသက်ရှူ မွန်းကြပ်လာပြီး ရင်ဘတ်ထဲမှ တစ်ဆို့ဆို့ ဖြစ်လာ၏။ ပြင်းထန်လှသော နာကျင်မှုကို ကြိတ်မှိတ်ခံကာ လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
သူ နောက်ထပ် စဉ်းစားမနေတော့ဘဲ၊ ကျန်ရှိနေသေးသော အဆောင်လက်ဖွဲ့ သုံးခုစလုံးကို တပြိုင်နက်တည်း လှစ်ကနဲ ပစ်ထုတ်လိုက်လေတော့သည်။
တစ်ချိန်တည်းမှာပင်၊ သေမင်းဓားသွားကိုပါ သူ အသုံးပြုလိုက်လေပြီ။
***