ဝမ်ချန်ကို ပစ်မှတ်ထား တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။
ဝမ်ချန်၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ကို မထိခိုက်စေနိုင်လျှင်တောင်မှ၊ ဝမ်ချန်ကို ဒဏ်ရာရသွားပါက လုံလောက်နေပြီ ဖြစ်၏။
အကယ်၍ ဝမ်ချန် သေဆုံးသွားပါက သူ့ကို ကပ်တွယ်နေသော ဝိညာဉ်လည်း ခန္ဓာကိုယ်ကို အသုံးပြုနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
လီယီတောင်း၏ အကြံအစည်က ကောင်းမွန်လှပေသည်။
သို့သော်...
သေမင်းဓားသွားကို အသုံးပြုရန် အသင့်ဖြစ်နေချိန်တွင်၊ ၎င်းကို လုံးဝ အသုံးပြု၍ မရနိုင်ကြောင်း သူ တွေ့လိုက်ရ၏။
သေမင်းဓားသွား...။
လက်ရှိ ဝမ်ချန်အပေါ်တွင် အသုံးပြု၍ မရနိုင်ပေ။
ဒါက တစ်ဖက်လူက ကျိန်စာစွမ်းအား တချို့ကို ကြိုတင် ပိတ်ဆို့ ကာကွယ်ထားပြီးပြီ ဆိုသည့် သဘောလား။
သို့သော် ကံကောင်းသည်က... အဆောင်လက်ဖွဲ့ သုံးခုကို အသုံးပြုလိုက်ခြင်းကြောင့် သူတို့အပေါ် သက်ရောက်နေသော ထိန်းချုပ်မှု စွမ်းအားများ ချက်ချင်း ပြိုကွဲသွားခဲ့ခြင်းပင်။
ထို့ကြောင့် သူတို့ အားလုံးက ထိုအချုပ်အနှောင်မှ တစ်ပြိုင်နက်တည်း ရုန်းထွက် လွတ်မြောက်သွားခဲ့ကြသည်။
သူတို့ လွတ်မြောက်သွားသည်နှင့် တပြိုင်နက်၊ တပ်ဖွဲ့ ၃၆ မှ အဖွဲ့ဝင် နှစ်ဦးသည် စကားတစ်ခွန်းမှ မဆိုဘဲ၊ ယခင်က အသုံးပြုခဲ့သည့် ဖန်ဂေါ်လီလုံးနှင့် တူသော အရာတစ်ခုကို ထပ်မံ ထုတ်ယူလိုက်ကြပြီး သွေးများ အန်ထုတ်ကာ ဝမ်ချန်ဆီသို့ ပစ်လွှတ်လိုက်ကြ၏။
ဤကဲ့သို့သော ဖန်ဂေါ်လီလုံးမျိုးက တပ်ဖွဲ့ ၃၆ (သို့မဟုတ်) တပ်ဖွဲ့ ၃၆ နောက်ကွယ်ရှိ အဖွဲ့အစည်း၏ ကိရိယာတစ်ခု ဖြစ်နိုင်မည်လား။
သို့သော် ယခုအချိန်၌ စဉ်းစားနေရမည့် အရာများ မဟုတ်ပေ။
ထိုတိုက်ခိုက်မှု နှစ်ခု ထွက်ပေါ်လာစဉ် လီယီတောင်းကလည်း ကြေးမုံပြင်ကို ထပ်မံ ချိန်သားကိုက် အသုံးပြုလိုက်လေသည်။ ထို့ပြင် ပိုမိုများပြားသော စိတ်စွမ်းအင်များကိုပါ အသုံးပြုလိုက်၏။
သူက ကြေးမုံပြင်၏ ပိုမို နက်ရှိုင်းသော အဆင့်တစ်ခုကို အသက်သွင်းလိုက်သည်ဟု ဆို၍ ရပေသည်။
အဘိုးအိုက ကြေးမုံပြင်ကို သူ့ထံ ပေးအပ်စဉ်က လီယီတောင်းကို ပြောခဲ့ဖူးသည်။
ကြေးမုံပြင်ထဲတွင် ဝိညာဉ်တစ်ခု ရှိနေတယ်တဲ့လေ...။
အဘိုးအိုက ထိုဝိညာဉ်ကို ယာယီ ချိတ်ပိတ်ထားပေးခဲ့ပြီး လီယီတောင်းကို လွတ်လပ်စွာ အသုံးပြုခွင့် ပေးထားခဲ့ခြင်း ဖြစ်၏။
သို့သော် တစ်နေ့နေ့တွင် အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်လာရပါက၊ လီယီတောင်း အနေဖြင့် အထူး စိတ်စွမ်းအင် လှိုင်းကို အသုံးပြုကာ ၎င်းကို ယာယီ ဖွင့်လှစ်နိုင်သည်ဟု ဆိုခဲ့၏။
ဤနည်းဖြင့် ပိုမို အားကောင်းသော စွမ်းအားကို သူ ရရှိနိုင်ပေလိမ့်မည်။
သို့သော် ထိုသို့ လုပ်ဆောင်ခြင်း၏ ဆိုးကျိုးမှာ ကြေးမုံပြင်ထဲရှိ ဝိညာဉ် နိုးထလာမည် ဖြစ်ပြီး ချိတ်ပိတ်ခြင်းကို အတိုင်းအတာ တစ်ခုအထိ ထိခိုက်ပျက်စီးသွားစေနိုင်ခြင်းပင်။
ထို့ပြင် ၎င်းကို တစ်ကြိမ်သာ အသုံးပြုနိုင်ပေသည်။
အကယ်၍ အထူးအခြေအနေမျိုး မရှိခဲ့လျှင်... အသက်အန္တရာယ် ခြိမ်းခြောက်မှုမျိုး မရှိခဲ့လျှင်.. လီယီတောင်း အနေဖြင့် ဤနည်းလမ်းကို လုံးဝ အသုံးပြုမည် မဟုတ်ပေ။
မိမိအသက် ရှင်သန်ရေးကသာ ပထမ ဦးစားပေး ဖြစ်သည် မဟုတ်ပါလား။
ထို့ကြောင့် ကြေးမုံပြင်ပေါ်ရှိ ချိတ်ပိတ်ထားခြင်းကို ချက်ချင်း ဖြေလျှော့ပေးလိုက်လေတော့သည်။
ချိတ်ပိတ်ထားခြင်း ပွင့်သွားသည်နှင့် တပြိုင်နက်...
ဝမ်ချန်၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလို နေရာတွင် ထပ်မံ ရပ်တန့်သွားလေသည်။
သူ မည်သည့် လှုပ်ရှားမှုမှ လုပ်၍ မရတော့ပေ။
သူ့တစ်ကိုယ်လုံး နေရာမှာတင် သံမှိုရိုက်ခံထားရသလို ရပ်တန့်နေ၏။
အသက်ရှူဖို့ပင်လျှင်... အနိုင်နိုင်။
ထိုမြင်ကွင်းကြောင့် တပ်ဖွဲ့ ၃၆ မှ အဖွဲ့ဝင် နှစ်ဦးက အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြသည်။
ထို့နောက် သူတို့နှစ်ဦးစလုံးက ပိုမို ကြီးမားသော ဖန်ဂေါ်လီလုံး တစ်လုံးစီကို တစ်ပြိုင်နက်တည်း ထုတ်ယူလိုက်ကြပြန်သည်။ သို့သော် ဤဖန်ဂေါ်လီလုံးက လုံးဝ ကြည်လင်နေခြင်း မရှိတော့ပေ။
ယင်းအစား သွေးနီရောင်လေးများ စွန်းထင်းနေ၏။
သူတို့ အံကို တင်းတင်းကြိတ်လိုက်ပြီး ပစ်လွှတ်လိုက်ကြလေသည်။
ဖန်ဂေါ်လီလုံးထဲရှိ မှိန်ဖျော့ဖျော့ သွေးနီရောင် အငွေ့များက လေထဲသို့ အဆက်မပြတ် လွင့်မျောထွက်လာပြီး ဝမ်ချန်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားလေသည်။
ထိုအချိန်တွင် ဝမ်ချန်၏ ခန္ဓာကိုယ်ထဲရှိ အသိစိတ်... ပို၍ တိတိကျကျ ပြောရလျှင် သူ၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်သည် ဖန်ဂေါ်လီလုံးထဲမှ သွေးမျှင်များ တိုက်ခိုက်လာသည်ကို အာရုံခံမိလိုက်သဖြင့် ထိတ်လန့်တုန်လှုပ်သွားတော့၏။
သူကိုယ်တိုင်လည်း ဤသွေးနီရောင် အရှိန်အဝါကို အတိုင်းအတာ တစ်ခုအထိ ကြောက်ရွံ့နေခဲ့ခြင်းပင်။
သူ ရုန်းထွက်ခုခံရန် ကြိုးစားလိုက်သည်။
သို့သော် ကြေးမုံပြင်၏ ထိန်းချုပ်မှုအောက်တွင် မည်သည့် လှုပ်ရှားမှုမှ လုပ်ရန် မဖြစ်နိုင်တော့ပေ။
မှိန်ဖျော့ဖျော့ သွေးနီရောင် အငွေ့များ သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်နေသည်ကိုသာ သူ ငေးကြည့်နေနိုင်တော့၏။
အချိန်တို့ ကုန်ဆုံးလာသည်နှင့်အမျှ ဖန်ဂေါ်လီလုံး နှစ်လုံးထဲရှိ သွေးနီရောင် မျှင်လေးများက တဖြည်းဖြည်း နည်းပါးလာလေသည်။
ဝမ်ချန်မှာ ထင်မှတ်ထားသလို လဲကျသွားခြင်း မရှိခဲ့ပေ။ အံကိုတင်းတင်းကြိတ်ကာ ခုခံအားတင်းထားဆဲပင်။
လီယီတောင်းမှာ ကျောချမ်းသွားရလေသည်။
သူ့မှာ ရွေးချယ်စရာ နည်းလမ်း မရှိတော့ပေ။
ဝမ်ချန်ကို ထိန်းချုပ်ထားသော ကြေးမုံပြင်ပင်လျှင် အကန့်အသတ်သို့ ရောက်ရှိနေလေပြီ။
အကယ်၍ ဤပုံအတိုင်း ဆက်သွားနေမည် ဆိုပါက ဝမ်ချန်ကို မရှင်းနိုင်ခင် သူတို့ အရင် လဲကျသွားပေလိမ့်မည်။
"ဟူး..."
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ဝမ်ချန်ကို စူးစူးရဲရဲ တစ်ချက် ကြည့်လိုက်သည်။
တစ်ဖက်လူက သူ့ကို သတ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့တာလား၊ သို့မဟုတ် သူ့ရဲ့ စွမ်းရည်တွေရဲ့ တန်ပြန်သက်ရောက်မှုကို သူ တကယ်ပဲ အကာအကွယ် ယူနိုင်တာလား ဆိုတာကို သူ မသိပေ။
သို့သော် ဤမျှလောက် ကြာသည့်တိုင်အောင် သေမင်း၏ အကာအကွယ်ကပင် မည်သည့် တုံ့ပြန်မှုမှ မပြသခဲ့ပေ။
ထူးဆန်းတယ်...။
ဒါက လုံးဝ ပုံမှန် မဟုတ်ဘူး...။
ဒါကြောင့်...
လီယီတောင်း ရဲရင့်သော ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်လေသည်။ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်ရန် ရည်ရွယ်လိုက်ခြင်းပင်။
မထူးတော့တဲ့ အတူတူတော့ အသေခံပြီး ချကြည့်မယ်… ရှင်ရင်လည်း ရှင်ပေါ့…။
အချိန်တို့ ကုန်ဆုံးသွားပြန်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်... တပ်ဖွဲ့ ၃၆ မှ အဖွဲ့ဝင် နှစ်ဦး၏ ဖန်ဂေါ်လီလုံးများ ရုတ်တရက် ကွဲကြေသွား၏။
သူတို့ နှစ်ဦးစလုံး သွေးများ ဝေါ့ကနဲ အန်ချလိုက်ရ၏။ ထို့နောက် မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
လူလတ်ပိုင်း အမျိုးသားက အနည်းငယ် သက်သာသေးသော်လည်း၊ လူငယ်မှာမူ သတိလစ် မေ့မြောသွားခဲ့လေပြီ။
အသက်ရှင်သလား၊ သေဆုံးသွားပြီလား ဆိုသည်ပင် မသေချာတော့ပေ။
ဝမ်ချန်၏ ခြေလှမ်းများက အနည်းငယ် လှုပ်ရှားသွားလေသည်။
ကြေးမုံပြင်ကို အသုံးပြု၍ လီယီတောင်း ထိန်းချုပ်ထားမှုက အာနိသင် ပြယ်လုနီးပါး ဖြစ်နေပြီ ဆိုသည်မှာ ထင်ရှားလှပေသည်။
လီယီတောင်း အံကို တင်းတင်း ကြိတ်လိုက်၏။
သူ အရှေ့သို့ ပြေးထွက်သွားရန် ပြင်လိုက်သည်။
သူ ရှေ့သို့ ပြေးထွက်တော့မည့် အချိန်မှာပင် လီကော့ရှန်းမှာ မြေပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
တစ်ချိန်တည်းမှာပင် ဝမ်ရှင်းယွဲ့၏ ဝိညာဉ်လည်း လီကော့ရှန်း ခန္ဓာကိုယ်ထဲမှ ချက်ချင်း လွင့်ထွက်လာခဲ့၏။
ထိတ်လန့်ဖွယ်ရာ အရှိန်အဝါကြီးတစ်ခုက ဝမ်ချန် ရှိနေသည့် နေရာဆီသို့ ချက်ချင်း ပြေးဝင်သွားလေသည်။
ထို့နောက်...
တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲသို့ တန်းတန်းမတ်မတ်ကြီး ဝင်ရောက်သွားလေတော့၏။
***