အချိန် မည်မျှ ကြာသွားသည် မသိ၊ လီယီတောင်း သတိပြန်လည်လာပြီး ရှုပ်ပွနေသော အခန်းကို ဝေ့ဝဲကြည့်လိုက်သည်။ သူ့ မျက်လုံးများက မှိန်ဖျော့ဖျော့။ အသက်ပြင်းပြင်း တစ်ချက်ရှူကာ ကြမ်းပြင်ပေါ်မှ ဖြည်းညှင်းစွာ ထလာခဲ့၏။
ခေါင်းထဲမှ စူးခနဲ နာကျင်နေပြီး၊ တစ်ကိုယ်လုံးမှာလည်း ပြင်းထန်သော နာကျင်ကိုက်ခဲမှုများ အပြည့်။ ပတ်ဝန်းကျင်ကို ထပ်မံ အကဲခတ်ကြည့်လိုက်သောအခါ၊ တပ်ဖွဲ့ ၃၆ မှ ခေါင်းဆောင်မှာ ကြမ်းပြင်ပေါ်တွင် သတိလစ်နေဆဲ။ သေသလား၊ ရှင်သလား မသေမချာ။
လူလတ်ပိုင်း အမျိုးသားမှာ ကြမ်းပြင်ပေါ်တွင် ထိုင်နေသော်လည်း၊ အသိစိတ် အနည်းငယ် ပြန်လည်လာပုံရ၏။ အခြား လူငယ် ရဲအရာရှိမှာမူ သတိလစ်သွားကတည်းက ပြန်လည် နိုးထလာခြင်း မရှိသေးပေ။
လီကော့ရှန်းမှာ ကြမ်းပြင်ပေါ်တွင် လဲကျနေပြီ ဖြစ်ပြီး အသက်ရှူသံက အလွန်တရာ အားနည်းနေသဖြင့် အသက်ရှင်ရန် မျှော်လင့်ချက် လုံးဝ မရှိသလောက်ပင်။
ဝမ်ချန်မှာလည်း အသက်ရှူရန် ရုန်းကန်နေရရှာသည်။ တစ်စုံတစ်ယောက်က သူတို့ကို ကယ်တင်ရန် မကြိုးစားပါက၊ မကြာမီ သူတို့ ဤလောကကြီးကို နှုတ်ဆက်ရတော့မည်မှာ သေချာလှ၏။
အခုအချိန်မှာ သူတို့ကို ကယ်တင်နေခြင်းက သိပ်တော့ အဓိပ္ပါယ် မရှိလှ။
ဆေးရုံပို့လိုက်လျှင်ပင် အသက်ရှင်ရန် လမ်း သိပ်မမြင်ပေ။
သူတို့ကို စောင့်ကြိုနေသည်က သေခြင်းတရားသာ။
ဒုန်း….
အသံကျယ်ကြီးနှင့်အတူ တံခါးမှာ ခပ်ကြမ်းကြမ်း ပွင့်သွား၏။ ရှေ့ဆုံးမှ ပြေးဝင်လာသူ လီဟွေ့မျက်နှာက ခပ်တင်းတင်း။
စောစောကတည်းက တစ်ခုခု လွဲချော်နေပြီ ဆိုသည်ကို သူ အာရုံခံမိခဲ့၍ မည်မျှပင် ကြိုးစားတွန်းဖွင့်စေကာမူ စစ်ဆေးမေးမြန်းခန်း တံခါးကို ဖွင့်၍မရ ဖြစ်နေခဲ့သည်။
ထို့ပြင် ကျောချမ်းသွားစေလောက်အောင် အေးစက်စက် အရှိန်အဝါ တစ်ခုကိုလည်း သူ ခံစားလိုက်ရသေး၏။
စစ်ဆေးမေးမြန်းခန်း အထဲတွင် ထူးခြားဆန်းကြယ်သည့် ကိစ္စတစ်ခုခု ဖြစ်ပျက်နေပြီ ဆိုသည်ကို သူ ကောင်းကောင်းကြီး သိနေသည်။
ဤကိစ္စအတွက် သူ ကြိုတင် တွေးထားသော်လည်း ဖရိုဖရဲဖြစ်နေသော အခန်း အခြေအနေကို မြင်လိုက်ရသောအခါ ကျောက်ရုပ်တစ်ရုပ်ပမာ ကြက်သေ သေသွားရလေသည်။
အခြေအနေများ ဤမျှလောက်အထိ ဆိုးရွားသွားလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
စစ်ဆေးမေးမြန်းခန်းထဲရှိ လူတိုင်းနီးပါးမှာ ဒဏ်ရာရကာ ကြမ်းပြင်ပေါ် ပုံလျက်သား လဲကျနေကြ၏။
ထိုမျှမက ဤအဖြစ်အပျက်၏ အဓိက ဇာတ်ကောင် နှစ်ဦးမှာလည်း အသက်ရှင်သလား၊ သေဆုံးသွားပြီလား ဆိုသည်ကိုပင် မသေမချာ။ ကြမ်းပြင်ပေါ်တွင် လဲကျနေလေပြီ။
' နေဦး... သူတို့နှစ်ယောက်တည်း မဟုတ်ဘူး... လူတိုင်းက အသက်အန္တရာယ် ရှိနေတဲ့ပုံပဲ... '
လီဟွေ့ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး လီယီတောင်းကို တစ်ချက် ကြည့်ကာ ရဲအရာရှိများကို "လူနာတင်ကား ခေါ်လိုက်..." ဟု လေးနက်တည်ကြည်စွာ အမိန့်ပေးလိုက်သည်။
ထို့နောက် နောက်မှ လိုက်လာမည့် ရဲအရာရှိ နှစ်ဦးကို တားဆီးလိုက်ပြီး သူကိုယ်တိုင် အခန်းထဲသို့ ဝင်ကာ စစ်ဆေးမေးမြန်းခန်း တံခါးကို ပြန်ပိတ်လိုက်လေသည်။
တပ်ဖွဲ့ ၃၆ က ပေးထားသော အကာအကွယ်များ ရှိနေသည့်တိုင်အောင်၊ ဤအဖြစ်အပျက်၏ ဂယက်ရိုက်ခတ်မှုက ကြီးမားလွန်းလှပေသည်။
အကယ်၍ ဤသတင်းသာ ပြန့်နှံ့သွားပါက၊ အခြေအနေများ သေချာပေါက် ပိုမို ရှုပ်ထွေးသွားပေလိမ့်မည်။
အရာအားလုံးကို စီစဉ်ပြီးနောက်၊ လီဟွေ့က လီယီတောင်းကို အာရုံစိုက်လိုက်၏။
"အဆင်ပြေရဲ့လား..."
လီယီတောင်း ခေါင်းညိတ်ပြလိုက်သည်ကို မြင်မှသာ သူ သက်ပြင်းချနိုင်သွားတော့သည်။ အထက်လူကြီးများထံမှ အထူး အလေးထားမှု ခံထားရသောကြောင့်၊ လီယီတောင်း၏ လက်ရှိ အခြေအနေနှင့် သူ၏ နောက်ခံက အလွန် အရေးကြီးနေလေပြီ။
အစပိုင်းကလို လီယီတောင်းကို အိမ်ကနေ ရဲစခန်းဆီ တိုက်ရိုက် ခေါ်လာလို့ရတဲ့ အခြေအနေမျိုး မဟုတ်တော့ပေ။
ယခုအချိန်၌ လီယီတောင်း တစ်ခုခု ဖြစ်သွားခဲ့မည် ဆိုပါက၊ နောက်ဆက်တွဲ ပြဿနာများ အတော်လေး တက်သွားနိုင်သည်ဟု ဆိုရပေမည်။
ထို့ပြင် လီယီတောင်းမှာ မိမိ အသက်ကို ကယ်တင်ဖူးသူ ဖြစ်၍ အထက်မှ ညွှန်ကြားချက်များ ရရှိထားသည်ဖြစ်စေ၊ မရရှိထားသည်ဖြစ်စေ လီယီတောင်း၏ လုံခြုံရေးကို ပထမ ဦးစားပေးအဖြစ် သူ အာမခံပေးရမည် ဖြစ်သည်။
"မင်းကို အိမ်အရင် ပြန်ပို့ပေးဖို့ ငါ လူစီစဉ်ပေးရမလား..."
လီဟွေ့က အခန်းထဲရှိ အခြေအနေကို ဝေ့ဝဲကြည့်ရင်း စဉ်းစားကာ ပြောလိုက်သည်။
သို့သော် လီယီတောင်းက ခေါင်းကို အသာခါပြလိုက်၏။ သူအနည်းငယ် ပြန်လှုပ်ရှားနေနိုင်လေပြီ။
စောစောက သူတို့ သတိလစ်သွားရခြင်း၏ အဓိက အကြောင်းရင်းမှာ ဝမ်ချန်နှင့် ဝမ်ရှင်းယွဲ့တို့၏ ဝိညာဉ်များ ပေါက်ကွဲသွားခြင်းကြောင့်ပင်။
သူတို့၏ ဝိညာဉ်များ ရိုက်ခတ် ပွတ်တိုက်မှုကြောင့် လီယီတောင်း ချက်ချင်း သတိလစ်သွားခဲ့ရပြီး၊ အခြား လူများအားလုံးလည်း စွမ်းအင် လှိုင်းဂယက်များကြောင့် အလားတူပင် သတိလစ် မေ့မြောသွားခဲ့ကြရသည်။
ယခုတော့ သူတို့ အားလုံး အသိစိတ် ပြန်လည်လာကြလေပြီ။
လီယီတောင်း တစ်ယောက်တည်း သာမက၊ တပ်ဖွဲ့ ၃၆ မှ လူလတ်ပိုင်း အမျိုးသားလည်း သတိပြန်လည်လာပြီ ဖြစ်သည်။
တပ်ဖွဲ့ ၃၆ မှ လူငယ်ဆီသို့ သူ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး လက်ကို ဆန့်တန်းကာ ပခုံးပေါ်သို့ တင်လိုက်၏။
နတ်ဘုရားလက်…
ဟင်...
သူ့ကို ကယ်တင်ဖို့ သက်တမ်း ၁၃၆ နှစ်တောင် အကုန်ခံရမှာလား...
လီယီတောင်းက ထိုလူငယ်ကို စူးစိုက်ကြည့်လိုက်မိသည်။
ဒီလူငယ်က တော်တော်လေး စွမ်းရည် ရှိတဲ့သူ တစ်ယောက်ပဲဟ…။
သာမန်လူ တစ်ယောက်ထက် နှစ်ဆနီးပါး များပြားတဲ့ သက်တမ်းမျိုး ရှိနေရန်မှာ ခန္ဓာကိုယ် ကျန်းမာရေးကို ထိန်းသိမ်းရုံ သက်သက်နှင့် ရနိုင်သည့် အရာမျိုး မဟုတ်ပေ။
တပ်ဖွဲ့ ၃၆ နှင့် ဆက်ဆံရမည်ကို သူ တွန့်ဆုတ်နေမိလျှင်တောင်မှ၊ သူ့ကြောင့် ဒဏ်ရာရသွားသော လူတစ်ယောက်ကိုတော့ လစ်လျူရှုထား၍ မရနိုင်ပေ။
ထို့ကြောင့် သက်တမ်း ၁၃၆ နှစ် ကုန်ဆုံးသွားရတာက တန်ပါတယ်လို့ လီယီတောင်း တွေးလိုက်မိသည်။
သို့သော် ကုသခြင်း စွမ်းရည်ကို အသုံးပြုလိုက်ခြင်းကြောင့် သူ၏ စိတ်စွမ်းအင် အနည်းငယ် ပင်ပန်းနွမ်းနယ်သွားရ၏။ ကံကောင်းသည်က လူတစ်ယောက်တည်း ဖြစ်နေသဖြင့် ပြဿနာ သိပ်မကြီးလှပေ။
လူတစ်ယောက်ကို ကုသပေးပြီးနောက်၊ လီယီတောင်းက စောစောက မှတ်တမ်းယူနေခဲ့သော ရဲအရာရှိ၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့ သက်တမ်း ၄၈ နှစ်သာ ကုန်ဆုံးသွားရသဖြင့် အနည်းငယ် သက်သာသည်ဟု ဆိုရမည်။
နောက်ထပ်က လီကော့ရှန်းနှင့် ဝမ်ချန်...
သူတို့နှစ်ဦး၏ လက်ရှိ အခြေအနေကို ကြည့်ရလျှင်၊ လီယီတောင်းသာ ဝင်မကူညီပါက သူတို့ ဆေးရုံသို့ အသက်ရှင်လျက် ရောက်နိုင်ခြေ အလွန်နည်းပါးလှပေသည်။
ခေတ္တမျှ တွေဝေသွားပြီးနောက်၊ လီယီတောင်းက နတ်ဘုရားလက် စွမ်းရည်ကို ထပ်မံ အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။
သက်တမ်း တစ်နှစ်…
လောလောဆယ် သူတို့ရဲ့ အသက်ကို ဆွဲဆန့်ထားလိုက်မယ်...။
သူတို့ကို ဒီအတိုင်း ချက်ချင်းကြီး သေခိုင်းလိုက်လို့မှ မရတာ... မဟုတ်ဘူးလား။
သေဆုံးသွားတယ် ဆိုတာက ပုံမှန်ကိစ္စ ဖြစ်ပေမယ့်၊ အနည်းဆုံးတော့ အခုအချိန်မှာ မဖြစ်သင့်သေးဘူးလေ...။
အရာအားလုံး ပြီးစီးသွားသောအခါ၊ လီယီတောင်း စစ်ဆေးမေးမြန်းခန်းထဲမှ ထွက်လာခဲ့သည်။
နောက်ထပ် လုပ်ရမည့် အဆင့်များကို သူ ဂရုစိုက်စရာ မလိုတော့ပေ။
စစ်ဆေးမေးမြန်းခန်းထဲမှ ထွက်လာပြီးနောက် လီယီတောင်း အိမ်သို့ တိုက်ရိုက် မပြန်သေးပေ။
တစ်ယောက်ယောက်က သူ့ကို လာကြိုလိမ့်မည် ဆိုတာကို သူ သိနေ၏။
ထင်သည့်အတိုင်းပင်… နာရီဝက် မပြည့်မီ ချီယွီချန် ပေါ်လာခဲ့သည်။ သို့သော် ချီယွီချန် မျက်နှာအမူအရာက အနည်းငယ် မှိုင်းညှို့နေ၏။
ချီယွီချန်၏ စီစဉ်မှုဖြင့် အခြားအဖွဲ့ တစ်ဖွဲ့က လီယီတောင်းကို ရဲစခန်းမှ ခေါ်ထုတ်လာပြီး နာရေးဝန်ဆောင်မှုဆိုင်သို့ ဦးတည်မောင်းနှင်သွားကြသည်။
ကားထဲတွင်….
အရှေ့၌ ထိုင်နေသော ချီယွီချန်ကို လီယီတောင်း အကဲခတ်ကြည့်လိုက်ရာ အတော်လေး စိတ်ဓာတ်ကျနေပုံရသည်ကို တွေ့လိုက်ရ၏။
"တစ်ခုခု ဖြစ်လို့လား..."
လီယီတောင်း စကားကြောင့် ချီယွီချန် ခေတ္တမျှ တွေဝေသွားသည်။
လီယီတောင်းက သူ့ကို အရင် စတင် မေးမြန်းလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့၍ ဖြစ်ကောင်း ဖြစ်နိုင်ပေမည်။
အစပိုင်းက ဖြစ်ရပ်များကြောင့် တပ်ဖွဲ့ ၃၆ နှင့် လီယီတောင်း အကြား ဆက်ဆံရေးမှာ အနည်းငယ် အဖုအထစ်ဖြစ်သွားခဲ့ကြောင်းကို ချီယွီချန် ကောင်းကောင်း သိထား၏။
တကယ်တော့ ဒါက သူတို့ အပြစ်ချည်းတော့ မဟုတ်ပါဘူး။
အကယ်၍ လီယီတောင်းက အစကတည်းက သူ့ရဲ့ သရုပ်မှန်နဲ့ နောက်ခံကို ထုတ်ဖော်ခဲ့မယ် ဆိုရင်... သူ့မှာ အဆက်အသွယ်တွေ ရှိတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိထားခဲ့မယ် ဆိုရင်... တပ်ဖွဲ့ ၃၆ က အဲဒီလို သဘောထားမျိုးနဲ့ ဆက်ဆံခဲ့မှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ်၊ ခြိမ်းခြောက်မှု အန္တရာယ်တွေကို တားဆီးဖို့အတွက် သာမန်လူတွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ ဒါက စံသတ်မှတ်ချက် တစ်ခုလို ဖြစ်နေတာလေ။
သို့သော် လီယီတောင်းက သူ၏ သရုပ်မှန်၊ သို့မဟုတ် စွမ်းရည်များနှင့် ပတ်သက်၍ မည်သည့်အရာကိုမှ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။ ထို့ကြောင့်ပင် တပ်ဖွဲ့ ၃၆ အနေဖြင့် ခြိမ်းခြောက်မှုတစ်ခုဟု ယူဆကာ ချက်ချင်း အရေးယူ နှိမ်နင်းရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်၏။
ထိုသို့ဖြင့် အခြေအနေများက ယခုအခြေအနေအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သို့သော် များပြားလှသော တိုက်ပွဲများနှင့်... ဤကာလအတွင်း တပ်ဖွဲ့ ၃၆ ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်ကောင်း ဖြစ်နိုင်သည်၊ အနည်းဆုံးတော့ သူတို့၏ ဆက်ဆံရေး တင်းမာမှုများ အနည်းငယ် လျော့ကျသွားခဲ့ပြီဟု ဆိုရမည်။
လီယီတောင်း အနေဖြင့် တပ်ဖွဲ့ ၃၆ အပေါ် ရန်လိုသည့် သဘောထားမျိုး မရှိတော့ဟု ချီယွီချန် ခန့်မှန်းလိုက်သည်။
သက်ပြင်းတစ်ချက် ချလိုက်ပြီး ချီယွီချန်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် စကားစလိုက်သည်။
"မင်း... နောက်တစ်ကြိမ်လောက် ထပ်ပြီး လှုပ်ရှားပေးလို့ ရမလား..."
"ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင်... သေဆုံး ဒဏ်ရာရမှုတွေက ပိုများလာပြီး အားလုံးက သွေးဆာလာကြလိမ့်မယ်... ငါသိတဲ့ လုပ်ဖော်ကိုင်ဖက် တချို့တောင် ဒီတိုက်ပွဲမှာ ကျဆုံးသွားခဲ့ပြီ... အထူးသဖြင့် မနေ့က ရွာထဲက တိုက်ပွဲနဲ့ ဒီနေ့ ရဲစခန်းဆီ လာတဲ့ လမ်းမှာ... အခြေအနေတွေက ထင်သလောက် မရိုးရှင်းခဲ့ဘူး..."
"တပ်ဖွဲ့ ၃၆ က အဖွဲ့ဝင် ရှစ်ယောက်တောင် ဆုံးရှုံးလိုက်ရတယ်... ပြီးတော့... သူတို့ထဲက နှစ်ယောက်က..."
"ဒါက ပြီးခဲ့တဲ့ တစ်နှစ်၊ ဒါမှမဟုတ် နှစ်အတော်ကြာတဲ့ အထိတောင် ငါတို့ မကြုံတွေ့ခဲ့ဖူးတဲ့ သေဆုံးမှု နှုန်းပဲ..."
ချီယွီချန်၏ စကားများက ချဲ့ကားပြောနေခြင်း မဟုတ်ပေ။
ဒါပေမဲ့...
ဒီကိစ္စကို ရပ်တန့်ဖို့ နည်းလမ်း တစ်ခုတော့ ရှိပါတယ်...
ငါတို့ ဒီစစ်ပွဲကို အဆုံးသတ်နိုင်တယ်...
နည်းလမ်းကတော့ အရမ်း ရိုးရှင်းတယ်...
အဲဒါက ရန်သူတွေကို တိုက်ရိုက် အပြတ်အသတ် အနိုင်ယူပစ်ဖို့ပဲ...
ဝင်ရောက်လာတဲ့ ရန်သူ အားလုံးကို အနိုင်ယူနိုင်သရွေ့... ...
အပြတ်အသတ် အောင်ပွဲတစ်ခု ရယူနိုင်သရွေ့... ...
ဒီတိုက်ပွဲက အနိုင်နဲ့ အဆုံးသတ်သွားလိမ့်မယ်...။
သို့သော်...
တပ်ဖွဲ့ ၃၆ တွင် ယခုအချိန်၌ ဤစွမ်းရည်မျိုး မရှိပေ။
ရင်ဆိုင်နေရသည့် အဖွဲ့အစည်းနှင့် တပ်ဖွဲ့ ၃၆ မှာ အင်အားချင်း မျှနေလေသည်။
သို့သော် လီယီတောင်းကတော့ မတူ ကွဲပြားသည် မဟုတ်ပါလား။
သူက အဝေးကနေတောင် သတ်ဖြတ်နိုင်တယ်၊ မမြင်ရဘဲ တိုက်ခိုက်နိုင်တယ်လေ...။
ဓာတ်ပုံတစ်ပုံကို ကြည့်လိုက်ရုံနဲ့တင် သူက အဲဒီလူကို ရှင်းလင်းပစ်နိုင်တယ် မဟုတ်လား…။
ဒါပေမဲ့ ရန်သူအားလုံးကို လက်စတုံး ခြေမှုန်းပစ်ဖို့ ဆိုတာကတော့ လက်တွေ့မဆန်ဘူး… လွယ်လည်း မလွယ်ဘူး ။
သို့သော် လီယီတောင်း အနေဖြင့် စစ်ဆင်ရေး နောက်ကွယ်မှ အဓိက ပုဂ္ဂိုလ်များကို သုတ်သင်နိုင်မည် ဆိုပါက… အထူးသဖြင့် ဤမစ်ရှင်၏ ဒါရိုက်တာကို ပစ်မှတ်ထားနိုင်မည် ဆိုပါက နောက်ဆုံးရလဒ်မှာ မိမိတို့အတွက် အလေးသာနေပေလိမ့်မည်။
***