ချီယွီချန်၏ စကားကို ကြားပြီးနောက် လီယီတောင်း အတွေးနက်သွားလေသည်။
သူ ဝင်ပါသင့်သလား...။
သူ သုံးစွဲပစ်လိုက်ရသည့် နှစ်တစ်ထောင်နီးပါးရှိသော သက်တမ်းကို ကြည့်ရင်း အလေးအနက် စဉ်းစားနေမိ၏။
သူ့သက်တမ်းတွေ မလောက်ငှတော့ဘူးဟု ခံစားရ၍ မဟုတ်ဘဲ... သက်တမ်းတွေ ဘယ်လောက်တောင် မြန်မြန်ဆန်ဆန် ကုန်ခမ်းသွားနိုင်သလဲ ဆိုသည်ကို အံ့သြနေမိခြင်း ဖြစ်ပေသည်။
တကယ်တမ်းပြောရလျှင် တစ်ဖက်လူကို ဖိအားပေးနိုင်ပြီး ဒီတိုက်ပွဲကို အဆုံးသတ်နိုင်မည်ဆိုပါက သူ ဝင်ပါရမည်ကို လီယီတောင်း ဝန်လေးနေမည် မဟုတ်ပေ။ သို့သော်... လက်ရှိ ပြိုင်ဘက်က အရမ်းကို ရူးသွပ်နေပြီ မဟုတ်ပါလား။
သူတို့ဆီမှာ ဘယ်လို လျှို့ဝှက်ဖဲချပ်တွေ ရှိနေဦးမလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ...။
ပြီးတော့ တကယ် အစွမ်းထက်တဲ့ သူတွေက လှုပ်ရှားလာတာမှ မဟုတ်သေးတာ...။
ဥပမာပြောရရင် အကြီးအကဲလျန်တို့၊ ဒါမှမဟုတ် ဟိုအဘိုးအို တို့လို လူမျိုးတွေပေါ့...။
ထိုတိုတောင်းလှသော အချိန်လေးအတွင်းမှာပင် လီယီတောင်း အများကြီး တွေးတောနေမိ၏။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
ထို့နောက် တည်ငြိမ်သော လေသံဖြင့် သူ ပြောလိုက်၏။
"အင်း... ခင်ဗျား ပြန်သွားပြီး အကြီးအကဲလျန် နဲ့ တိုင်ပင်လိုက်ပါ... လိုအပ်လာရင် ကျွန်တော် ဝင်ပါပေးမယ်..."
"ဒါပေမဲ့ ကျွန်တော် အရင်က ပြောခဲ့သလိုပဲ... အကျိုးဆက်တွေကို ကျွန်တော် မခန့်မှန်းနိုင်ဘူးနော်... နောက်ဆက်တွဲ ပြဿနာ အားလုံးကို ခင်ဗျားတို့ပဲ တာဝန်ယူရလိမ့်မယ်... ဒါကို လက်ခံနိုင်တယ်ဆိုရင်တော့ ကျွန်တော့်ဘက်က အိုကေတယ်..."
လီယီတောင်း ဝင်ပါပေးမည်ဟု ကြားလိုက်ရသဖြင့် ချီယွီချန်၏ မျက်နှာက ချက်ချင်း လင်းလက်သွားလေသည်...။
သို့သော်...
လီယီတောင်း စကားအဆုံးတွင် ချီယွီချန် တစ်ခဏမျှ ဆွံ့အသွား၏။
ထို့နောက် သူ ခပ်မဲ့မဲ့ ပြုံးလိုက်သည်။
သူတို့လည်း အကျိုးဆက်တွေကို ထပ်ပြီး တာဝန်မယူနိုင်တော့ဘူးလေ...။
တကယ်လို့ ကိစ္စတွေ ကြီးထွားလာပြီး တစ်ဖက်လူ နောက်ဆုတ်သွားရင်တော့ ကောင်းတာပေါ့...။ ဒါပေမဲ့ တစ်ဖက်လူက အင်အားအပြည့် ထုတ်သုံးလာပြီး ပိုအဆင့်မြင့်တဲ့ လူစွမ်းကောင်းတွေကိုပါ ခေါ်လာခဲ့ရင်ရော...။
အဲဒါဆို တကယ့် ကပ်ဘေးဆိုက်ပြီပဲ...။ တပ်ဖွဲ့ ၃၆ အနေနဲ့ ဒီလို အကျိုးဆက်မျိုးကို ခံနိုင်ရည် ရှိပါ့မလား...။
ဒေသနှစ်ခုက အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ အကြီးစား စစ်ပွဲကြီးတစ်ခုအထိတောင် ဖြစ်သွားနိုင်တယ်လေ...။ ပြီးတော့ အဓိက အင်အားစုကြီး နှစ်ခုကြားက ပဋိပက္ခအထိတောင် ကြီးထွားသွားနိုင်သေးတယ်...။ ဒါက ပေါ့ပေါ့တန်တန် သဘောထားလို့ရမယ့် ကိစ္စ မဟုတ်ဘူး...။
နောက်ဆုံးတွင်တော့ ချီယွီချန် တစ်ယောက် ဘာမှ မတတ်နိုင်ဘဲ ခေါင်းသာ ရမ်းလိုက်တော့သည်။
သို့တိုင်အောင် လီယီတောင်းအပေါ် သူ၏ လေးစားမှုကတော့ ပိုမို နက်ရှိုင်းသွားခဲ့ရသည်။
' ကြည့်ရတာ... လီယီတောင်းက စွမ်းအားကြီးရုံ သက်သက် မဟုတ်ဘူး... အခြေအနေကို ထိန်းချုပ်နိုင်စွမ်းနဲ့ ဉာဏ်အမြော်အမြင်ကလည်း တကယ့်ကို အံ့မခန်းပဲ... '
ကားထဲရှိ လေထုက အလျင်အမြန်ပင် တိတ်ဆိတ်သွားလေသည်။
လီယီတောင်းက မျက်လုံးမှိတ်နေလိုက်၍ ချီယွီချန်ကလည်း စကားထပ်မပြောတော့ပေ။
နာရီဝက်ခန့် ကြာပြီးနောက် မှေးခနဲ အိပ်ပျော်သွားသော လီယီတောင်း တစ်ယောက် ကားရပ်သွားသည်ကို သတိထားမိလိုက်၏။
မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ရာ ခရီးဆုံးသို့ ရောက်နေပြီဖြစ်ကြောင်း သူ သိလိုက်ရသည်။
"ရောက်ပြီ... ကျုပ်တို့ လူတွေက ခင်ဗျား ဆိုင်ပတ်ဝန်းကျင်ကို ပုံမှန်အတိုင်း စောင့်ကြည့်ပေးနေဦးမှာပါ... တစ်ခုခု ဖြစ်လာရင် ချက်ချင်း အသိပေးလိုက်ပါ..."
လီယီတောင်း ကားပေါ်မှ ဆင်းချိန်တွင် ချီယွီချန်က မှာတမ်းခြွေလိုက်သည်။
"အင်း... လောလောဆယ်တော့ ကျုပ်တို့ဆီမှာ လူအင်အား နည်းနည်း နည်းနေတယ်... ခင်ဗျား ဘာသာလည်း ကြိုတင် ပြင်ဆင်ထားသင့်တယ်နော်... တကယ်လို့ တကယ့် အန္တရာယ် ကြုံလာရင် မြို့ပြင်က စခန်းဆီကိုသာ ပြေးလာခဲ့... ကျုပ်တို့လူတွေ ခင်ဗျား လွတ်အောင် ကူညီပေးလိမ့်မယ်..."
သို့သော် လီယီတောင်းက ဘာမှ ပြန်မပြောဘဲ လက်သာ ဝှေ့ယမ်းပြလိုက်သည်။
' စခန်းကို ပြေးရမယ် ဟုတ်လား... အဲဒီလောက် အချိန်ရမှာ မဟုတ်ဘူးလေ... လုံခြုံတဲ့ နေရာကို မရောက်ခင်ကတည်းက ရန်သူတွေက ငါ့ကို အပြတ်ရှင်းသွားလောက်ပြီ... '
လီယီတောင်း၏ လုံခြုံရေးကို အပြည့်အဝ တာဝန်ယူပေးနိုင်စွမ်း သူတို့ဆီမှာ မရှိတော့ဘူး ဆိုသည့် ချီယွီချန်၏ သွယ်ဝိုက်သော စကားကို သူ နားလည်လိုက်ပါသည်။
မကာကွယ်ပေးချင်လို့တော့ မဟုတ်ဘူး... သူ ပြောသလိုပဲ မကြာသေးခင်က အထိနာခဲ့တာတွေကြောင့် လူအင်အား တကယ် လိုအပ်နေတာလေ...။
စောစောကတင် သူတို့လူ အများအပြား ဆုံးရှုံးခဲ့ရပြီး အဖွဲ့အစည်းတွင်းကနေ စစ်ကူတွေ ခေါ်ယူဖို့ အချိန်လိုနေသေးသည် မဟုတ်ပါလား။
ချီယွီချန် ထပ်မပြောတော့ဘဲ ကားပေါ်ပြန်တက်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ သူ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စတွေ အများကြီး ရှိနေသေးသည် မဟုတ်လား။
တစ်ဝက်တစ်ပျက် ပွင့်နေသော ဆိုင်တံခါးကို တွန်းဖွင့်လိုက်ရင်း လီယီတောင်း မျက်မှောင်ကြုတ်သွား၏။ အခန်းထဲတွင် တစ်ခုခု မှားယွင်းနေကြောင်း သူ ခံစားလိုက်ရသည်။
အထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ...။
ဆိုင်ထဲသို့ ဝင်လာပြီး ရှုပ်ပွနေသော အခြေအနေကို မြင်လိုက်ရသည့်အခါ သူ အလိုလို မျက်မှောင်ကြုတ်သွားမိသည်။
သူ့အကြည့်က ကျိုးရှုရီနှင့် လီရှင်းထင်တို့၏ အခန်းဆီသို့ အလိုအလျောက် ရောက်သွား၏။
ရှင်းနေတာပဲ... ပြဿနာ တစ်ခုခု တက်ခဲ့ပြီပဲ...။
သူ့ခေါင်းထဲမှ အချက်ပြသံများကိုပင် သူ ဂရုမစိုက်နိုင်တော့။
တာဝန်အတွက် ဆုလာဘ်တွေကိုတောင် သူ မယူရသေးဘူးလေ...။
မီးလင်းနေသော အိပ်ခန်းဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည့်အခါ သူ့မျက်နှာထား အနည်းငယ် ပြေလျော့သွားသည်။
သို့သော် အပြင်သို့ ထွက်လာသူကို မြင်လိုက်ရသည့်အခါ သူ လုံးဝ ဆွံ့အသွားရှာသည်။
ယန်ချင်းယွဲ့...။
"မင်းက ဘာလို့ ဒီရောက်နေတာလဲ..."
သူမကို မြင်သည်နှင့် လီယီတောင်းက အလိုလို မေးလိုက်မိသည်။
ယန်ချင်းယွဲ့က ပြုံးလိုက်သည်။
"ဆရာက ကျွန်မကို လာခိုင်းတာလေ... ဒီည ကျွန်မ အကူအညီ လိုမယ့် နေရာတစ်ခု ရှိတယ် ဆိုပြီး တစ်ခေါက်လောက် သွားကြည့်ခိုင်းလို့... ကြည့်ရတာ ဆရာ ပြောတာ မှန်နေပုံပဲ..."
"တကယ်ပဲ တစ်ခုခု ဖြစ်ခဲ့တာပေါ့..."
ဘေးဘက်သို့ ဝေ့ကြည့်ရင်း ယန်ချင်းယွဲ့က ပြုံးကာ ပြောလိုက်သည်။ သူမ ဆိုလိုရင်းက ရှင်းလင်းလှပေသည်။
ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ယန်ချင်းယွဲ့ ရောက်လာလို့သာ ဖြေရှင်းနိုင်ခဲ့ပြီး ကျိုးရှုရီနှင့် လီရှင်းထင်တို့ ဘေးကင်းသွားခဲ့ခြင်း ဖြစ်၏။
လီယီတောင်းက ခေါင်းအသာညိတ်လိုက်ပြီး စကားသိပ်မပြောတော့ပေ။
အဘိုးအိုက စီစဉ်ပေးခဲ့တာ ဆိုတော့လည်း ယန်ချင်းယွဲ့ ဒီကို ရောက်နေတာက ရည်ရွယ်ချက် တစ်ခုခု ရှိလို့သာ ဖြစ်ပေမည်။
"ဘာတွေ ဖြစ်ခဲ့တာလဲ..."
လီယီတောင်းက အနီးနားရှိ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပြီး မောပန်းနေသော လေသံဖြင့် မေးလိုက်သည်။
တစ်နေ့ခင်းလုံး ဖြစ်ပျက်ခဲ့သမျှက အရမ်းကို ပြင်းထန်လွန်း၍ သူ့ကို အတော်လေး ပင်ပန်းနွမ်းနယ်နေစေခဲ့ပြီ မဟုတ်ပါလား။
ကြောက်စိတ် မပြေသေးပုံရသော ကျိုးရှုရီနှင့် လီရှင်းထင်တို့ နှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြသည်။ နောက်ဆုံးတော့ ကျိုးရှုရီက စကားစလိုက်၏။
"ညနေပိုင်းက ကျွန်မတို့ နားတော့မလို့ လုပ်နေတုန်း... ကြောင်အော်သံ တစ်သံကို ကြားလိုက်ရတယ်... ဒါပေမဲ့ အပြင်က လမ်းဘေးကြောင်လို့ပဲ ထင်ပြီး သိပ်ဂရုမစိုက်ခဲ့ဘူး... ဒါပေမဲ့ ကျွန်မ ပိုပိုပြီး ပင်ပန်းလာလေ... အဲဒီ ကြောင်အော်သံက ပိုပိုပြီး စိပ်လာလေပဲ... ကျွန်မလည်း ပိုပြီး စိတ်တိုလာတယ်... ဒါပေမဲ့ တစ်ယောက်ယောက်က ကျွန်မ ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသလိုပဲ... လုံးဝ လှုပ်လို့ မရတော့ဘူး... ဘီလူးစီးခံရသလိုမျိုးပဲ... အဲဒါနဲ့ ရုန်းကန်နေရင်းကနေ ရှင်းထင် နိုးသွားတာ..."
လီရှင်းထင်က ဆက်ပြောလိုက်သည်။
"ကျွန်မက အိပ်ပျော်နေပြီလေ... ကျိုးရှုရီ ဂနာမငြိမ်ဖြစ်နေတာကို ခံစားမိလို့ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တာ... အစကတော့ အရိပ်တစ်ခု ရှိနေသလို ခံစားရပေမယ့် အိပ်မှုန်စုံမွှား ဖြစ်နေလို့ သေချာ မမြင်ရဘူး... ကျွန်မ ဦးနှောက်က အခြေအနေကို သဘောပေါက်သွားတဲ့ အချိန်မှာတော့ ချက်ချင်း ထထိုင်လိုက်မိတယ်... ကျိုးရှုရီ ဘေးမှာ ကြောင်တစ်ကောင် ရပ်နေတာကို မြင်လိုက်ရတယ်... သူက နောက်ခြေထောက် နှစ်ချောင်းတည်းနဲ့ မတ်တတ်ရပ်နေတာ... သောက်ရမ်း လန့်သွားတာပဲ... အဲဒီကြောင်က တစ်ခုခုကို ရှူသွင်းနေသလိုပဲ... ပြီးတော့ ကျိုးရှုရီ ကိုယ်ပေါ်ကနေ ခပ်မှိန်မှိန် အလင်းရောင်လေး တစ်ခု လက်ခနဲ ဖြစ်သွားတာကို မြင်လိုက်ရတယ်... ကျွန်မ အော်မလို့ လုပ်ပေမယ့်... အဲဒီအချိန်မှာ အဲဒီ အနက်ရောင်ကြောင်ကြီးက ကျွန်မကို ရုတ်တရက် လှမ်းကြည့်လိုက်တယ်... သူ့ရဲ့ အမည်းရောင် မျက်လုံးကြီးတွေကြောင့် ကျွန်မ တကိုယ်လုံး ဆတ်ဆတ်တုန်သွားတာပဲ... တချိန်တည်းမှာပဲ ကျွန်မ တကိုယ်လုံး လှုပ်လို့မရတော့ဘူး... ပါးစပ်တောင် ဟလို့ မရဘူး... တကယ် သေလောက်အောင် လန့်သွားတာ... တကယ်လို့ ချင်းယွဲ့သာ အချိန်မီ မရောက်လာခဲ့ရင် ကျွန်မတော့... ဟင့်..."
ထိုနေရာအရောက်တွင် လီရှင်းထင် ရှိုက်ကြီးတငင် ငိုချလိုက်ပြန်သည်။
ယန်ချင်းယွဲ့ လျှောက်လာပြီး သူမကို နှစ်သိမ့်ပေးသည့်အနေဖြင့် ပခုံးလေးကို ပုတ်ပေးလိုက်၏။
လီယီတောင်းက ယန်ချင်းယွဲ့ဆီသို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
"ကျွန်မ ရောက်သွားတော့ ခုနက ရှင်းထင် ပြောတဲ့အတိုင်း တွေ့လိုက်ရတာပဲ... ကျန်တာကတော့ ရှင်းပါတယ်... အဲဒီ အနက်ရောင်ကြောင်ကြီးနဲ့ တိုက်ခိုက်ခဲ့တယ်... အဲဒါက အိမ်မွေးတိရစ္ဆာန်လား၊ ဒါမှမဟုတ် အသိစိတ် တစ်ခုခုရဲ့ လွှမ်းမိုးခံထားရတာလား ဆိုတာ မသိပေမယ့်... သူ့မှာ တိုက်ခိုက်နိုင်စွမ်း သိပ်မရှိပါဘူး... နောက်ဆုံးတော့ ကျွန်မ မောင်းထုတ်နိုင်ခဲ့တယ်..."
အားလုံး၏ ပြောစကားများကို နားထောင်ပြီးနောက် လီယီတောင်း မျက်မှောင် အကြီးအကျယ် ကြုတ်သွားတော့သည်။
ကျိုးရှုရီကို ဘယ်သူက ဒုက္ခပေးဖို့ ကြံစည်နေတာလဲ...။
ဖြစ်နိုင်တာက ကျိုးရှုရီကို သာမန်လူ တစ်ယောက်လို့ပဲ သတ်မှတ်ထားလို့ အစွမ်းထက်တဲ့ အရာတစ်ခုကို စီစဉ်မထားခဲ့တာ နေမှာပေါ့...။ မဟုတ်ရင် အဆောင်လက်ဖွဲ့တွေက သူတို့ကို တားဆီးနိုင်ခဲ့မှာ မဟုတ်ဘူးလေ...။
အနက်ရောင်ကြောင်ကြီးရဲ့ တိုက်ခိုက်မှုကို တွန်းလှန်ဖို့ ကျိုးရှုရီဆီက အလင်းရောင် ထွက်လာတယ်လို့ လီရှင်းထင် ပြောပြသည့်အချိန်တွင် ဒါက အဆောင်လက်ဖွဲ့တွေရဲ့ အစွမ်းဆိုတာကို လီယီတောင်း သဘောပေါက်လိုက်သည်။
ကျိုးရှုရီဆီမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာလဲ...။
ဘာလို့ ထူးဆန်းတဲ့ အရာတွေက ကျိုးရှုရီ အသက်ကို ယူဖို့ ကြိုးစားနေရတာလဲ...။
တကယ်လို့ သာမန် မတော်တဆမှုတွေ သက်သက် ဆိုရင်တော့ လီယီတောင်း သိပ်စဉ်းစားနေမည် မဟုတ်ပေ။ သူ့ကိစ္စနဲ့ ဆက်စပ်နေတယ် ဆိုရင်တောင် ရန်သူရဲ့ တိုက်ခိုက်မှုက ကျိုးရှုရီဆီကို မတော်တဆ ရောက်သွားတာလို့ပဲ အစက သူ ထင်ထားခဲ့တာလေ။
ဒါပေမဲ့ အခုတော့...
ကိစ္စတွေက ပိုရှုပ်ထွေးနေပုံရပြီ...။
တစ်ဖက်လူက ကျိုးရှုရီ အသက်ကို ယူဖို့ ကြိုးစားနေရုံ သက်သက် မဟုတ်ဘူး...။
ကျိုးရှုရီရဲ့ ဝိညာဉ်ကိုပါ ယူဖို့ ရည်ရွယ်ထားမှန်း သိသာလွန်းနေတယ်...။
ဒီလို လုပ်ရပ်တွေမှာ သေချာပေါက် သူတို့ရဲ့ ကိုယ်ပိုင် ရည်ရွယ်ချက်တွေ ရှိနေမှာပဲလေ...။
ဖြစ်နိုင်တာက...
ဒါကြောင့်များ အဘိုးအိုက သူ့ကို ဒီပြဿနာ ဖြေရှင်းခိုင်းခဲ့တာလား...။
လီယီတောင်းက ကျိုးရှုရီကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။
"သေချာ အနားယူကြပါ... ရန်သူက ဒီည တစ်ခေါက် ရောက်လာပြီးပြီ ဆိုတော့ ဒုတိယ တစ်ခေါက် ထပ်လာမှာ မဟုတ်တော့ပါဘူး... ကျန်တာတွေကို မနက်ဖြန်မှ ဆက်စဉ်းစားကြတာပေါ့..."
အားလုံးကို ခေါင်းညိတ်ပြပြီးနောက် လီယီတောင်း သူ့အခန်းထဲ ပြန်ဝင်ကာ ကုတင်ပေါ် ပစ်လှဲချလိုက်ပြီး ချက်ချင်း အိပ်ပျော်သွားတော့သည်။
စိတ်စွမ်းအင်တွေ ကုန်ခမ်းသွားမှုနဲ့ တိုက်ပွဲအတွင်း ရခဲ့တဲ့ ဒဏ်ရာအချို့က သူ့ကို အလွန်အမင်း ပင်ပန်းနွမ်းနယ်စေခဲ့ပြီလေ။ ဒီအချိန်လေးကို အခွင့်ကောင်းယူပြီး သူ အနားယူဖို့ လိုအပ်နေသည် မဟုတ်ပါလား။
သူ ခံစားသိရှိနေသည်...။
ကျိုးရှုရီ ကိစ္စအတွက်ပဲ ဖြစ်ဖြစ်၊ သူ့ကိစ္စအတွက်ပဲ ဖြစ်ဖြစ်... မနက်ဖြန်ကလည်း ဆူပူလှုပ်ရှားနေမယ့် နေ့တစ်နေ့ ဖြစ်လာဦးမှာ သေချာတယ် ဆိုတာကိုပေါ့...။
***