လီယီတောင်း နိုးလာချိန်တွင် နေ့လယ်ခင်းပင် ရောက်နေလေပြီ။
ပရိဘောဂတွေ ရွှေ့ပြောင်းနေသည့် ဆူညံသံများကြောင့် သူ့ နိုးသွားခဲ့ခြင်း ဖြစ်၏။
အိပ်မှုန်စုံမွှားနှင့် ကုတင်ပေါ်မှ ဆင်းကာ အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။
အပြင်ဘက်ရှိ ရှုပ်ပွနေမှုများမှာ အတော်လေး ရှင်းလင်းသွားပြီ ဖြစ်ပြီး ပြင်မရတော့သည့် ပရိဘောဂ အပျက်အစီး အချို့ကိုသာ လွှင့်ပစ်ရန် ဘေးတွင် ပုံထားလေသည်။
စုတ်ပြဲနေသော စက္ကူစများနှင့် အဝါရောင် စက္ကူအချို့လည်း ပြန့်ကျဲနေသေး၏။
လီယီတောင်း ထွက်လာသည်ကို မြင်သည်နှင့် သူ့အနီးဆုံးတွင် ရှိနေသော ကျိုးရှုရီက ကပျာကယာ လှမ်းပြောလိုက်သည်။
"ကျွန်မ လုပ်လိုက်လို့ နိုးသွားတာလား... ကုလားထိုင် ရွှေ့ရင်း အသံ နည်းနည်း ကျယ်သွားလို့ပါ..."
လီယီတောင်း ခေါင်းခါလိုက်သည်။
"ရပါတယ်... ငါလည်း ထသင့်နေပါပြီ..."
"ဒါဆိုလည်း တော်သေးတာပေါ့... အစကတော့ ရှင်နိုးလာမှ ရှင်းမလို့ပဲ... ဒါပေမဲ့ မှာထားတဲ့ ပရိဘောဂ အသစ်တွေက မကြာခင် ရောက်တော့မှာမို့ နေရာလေး အရင်ရှင်းထားလိုက်တာ..."
"အော်... ကျေးဇူးပဲနော်..."
လီယီတောင်း ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
သူ့အတွက်တော့ ပရိဘောဂ အသစ်တွေ ဝယ်ဖို့ ပိုက်ဆံသုံးရတာက အသေးအဖွဲ ကိစ္စလေးတစ်ခုပင်။ ပိုက်ဆံ နည်းနည်းပါးပါးလောက်ပဲ ကုန်မှာ မဟုတ်ပါလား။
လက်ရှိတွင် လီယီတောင်း၌ သုံးမကုန်နိုင်အောင် ပိုက်ဆံတွေ ရှိနေသလို ခံစားနေရသည်။ ပလက်ဖောင်းပေါ် live လွှင့်စဉ်က ရထားသည့် လက်ဆောင်များကိုပင် သူ လုံးဝ မထိရသေးပေ။
သို့သော် ထိုပမာဏက အတော်လေး များပြားမည် ဆိုသည်ကိုတော့ သူ သေချာ သိနေ၏။
အခုနောက်ပိုင်းတွင် ပိုက်ဆံကို ဘယ်နေရာမှာ သုံးရမှန်းပင် သူ မသိတော့။
ထို့ကြောင့် ထိုကိစ္စများကို သူ သိပ်ပြီး ဂရုမစိုက်တော့ပေ။
အစပိုင်းက အခြေအနေများနှင့်ဆိုလျှင်တော့ တကယ့်ကို တခြားစီပင်။
လီယီနိုနှင့် သူ ထမင်းတစ်နပ် စားရဖို့အရေး ရုန်းကန်ခဲ့ရသည့် အချိန်များကို ပြန်တွေးမိသည်။ ရေဖိုး မီးဖိုးတွေကလည်း ပေးဖို့ ကျန်နေသေးသလို ဆိုင်လေးကလည်း ပိတ်ရမလို အခြေအနေအထိ ရောက်ခဲ့ဖူးသည် မဟုတ်ပါလား။
အခုတော့...
အရာအားလုံး ပြောင်းလဲသွားခဲ့လေပြီ။ သူ ပိုက်ဆံအတွက် ဘယ်တော့မှ ပူပန်နေရတော့မည် မဟုတ်ပေ။
သို့သော် တချိန်တည်းမှာပင်... မူလအခြေအနေကိုလည်း သူ ပြန်မသွားနိုင်တော့ပေ။
ဒီဟာကြီးက ကောင်းကင်ဘုံက ပေးတဲ့ ကောင်းချီးတစ်ခုလား... သေမင်းဆီကလာတဲ့ ပြစ်ဒဏ်တစ်ခုလား ဆိုပြီးတော့လည်း တွေးမိသေး၏။
စနစ်ကြီး ရောက်လာတာပဲ ဖြစ်ဖြစ်၊ လူမျိုးစုံက သူ့ကို စိတ်ဝင်စားလာတာပဲ ဖြစ်ဖြစ်၊ ယာယီ တာဝန်တွေ ကျလာတာပဲ ဖြစ်ဖြစ်... အရာအားလုံးကို သူက အလိုက်သင့်လေး လက်ခံခဲ့ရတာချည်းပင်။
ထိုအကြောင်းများကို တွေးနေရင်းမှ ယာယီ တာဝန်အတွက် ဆုလာဘ်များကို မယူရသေးကြောင်း သူ ရုတ်တရက် သတိရသွားသည်။
ကပျာကယာ ဝင်စစ်ကြည့်လိုက်ရာ... သူ့သက်တမ်း နှစ်တစ်ထောင် အတိ တိုးသွားလေပြီ။
ဝိညာဉ် ရှာဖွေခြင်းစွမ်းရည်လည်း ရောက်လာခဲ့ပြီ ဖြစ်၏။
သို့သော်...
ထို ဝိညာဉ် ရှာဖွေခြင်း စွမ်းရည်ကို ကြည့်လိုက်မိသည့်အခါ လီယီတောင်း မျက်နှာက အလိုလိုနေရင်း မျှော်လင့်ချက်မဲ့သွားသလို ဖြစ်သွားရသည်။
ကြည့်ရသည်မှာ သူ ဤလမ်းကြောင်းပေါ်မှာ ပိုပိုပြီး နက်ရှိုင်းစွာ လျှောက်လှမ်းနေရသလိုပင်။
တစ်ခါတလေမှာ ဒါတွေက ဘယ်လောက်တောင် အဓိပ္ပာယ်မဲ့နေလဲ ဆိုတာကို သူ တွေးမနေဘဲ မနေနိုင်တော့။
အစတုန်းက သူက သာမန် streamer သေးသေးလေး တစ်ယောက်ပဲ ဖြစ်ချင်ခဲ့တာလေ... ဒါပေမဲ့ ဘာလို့များ... အခုတော့ ထူးခြားဆန်းကြယ်တဲ့ ကိစ္စတွေနဲ့ တရစပ် ရင်ဆိုင်နေရတာလဲ...။
သူက ဒီကမ္ဘာကြီးရဲ့ မသိနိုင်တဲ့ အခြမ်းတစ်ခုဆီကို တဖြည်းဖြည်း နစ်ဝင်သွားနေသလိုပင်။
ဒါတင်မကသေး... ဒီလိုဖြစ်လာတာက သဘာဝပဲလို့တောင် သူ ခံစားလာရသည်။
ကံကြမ္မာရဲ့ နက်ရှိုင်းတဲ့ အစိတ်အပိုင်းတွေထဲမှာ အရာအားလုံးကို သူ့အတွက် ကြိုတင် စီစဉ်ထားပြီးသား ဖြစ်နေခဲ့တာပဲလေ။
ဒီကမ္ဘာကြီးရဲ့ တခြားတစ်ဖက်ကို ဖြတ်သန်းသွားရဖို့ ဆိုတာက သူ့အတွက် စီစဉ်ထားပြီးသား အရာတစ်ခုပဲ။
သက်ပြင်းရှည်ကြီး ချလိုက်ပြီး ထိုကိစ္စများကို ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။
ထိုအစား မဖွင့်ရသေးသော ရတနာသေတ္တာ တစ်လုံးကိုသာ အတွေးနက်နက်ဖြင့် စိုက်ကြည့်နေမိ၏။
[သေမင်း၏ အံ့အားသင့်ဖွယ်ရာ သေတ္တာ]
' သေမင်းရဲ့ အံ့အားသင့်ဖွယ်ရာ သေတ္တာက ပိုနေတာလား... '
' ဒီ သေမင်းရဲ့ အံ့အားသင့်ဖွယ်ရာ သေတ္တာ ဆိုတာက မူလ တာဝန်ဆုလာဘ်တွေထဲမှာ မပါဘူး မဟုတ်လား... '
သေချာ စစ်ဆေးကြည့်လိုက်သောအခါ လီယီတောင်း တစ်ခုခုကို သတိထားမိသွားသည်။
ထို သေမင်းရဲ့ ရတနာသေတ္တာမှာ မှတ်စုစာကြောင်းလေး တစ်ကြောင်း ပါနေပြီး တာဝန်ရဲ့ ထပ်ဆောင်း ဆုလာဘ်တွေထဲမှာ ပါဝင်နေခြင်း ဖြစ်၏။
ဆိုလိုသည်မှာ ၎င်းက တာဝန်ကို ပြီးပြည့်စုံအောင် ထမ်းဆောင်နိုင်ခဲ့သည့်အတွက် ရရှိသော ဆုလာဘ်ပင်။
' ပြီးပြည့်စုံတယ် ဟုတ်လား... ဒီ တာဝန်က တကယ်ကြီး ပြီးပြည့်စုံသွားလို့လား... '
ရယ်စရာကြီး...။
လီယီတောင်းကို ဆွံ့အသွားစေသည်က အထဲတွင် တခြား ဘာမှမပါဘဲ အဆောင်လက်ဖွဲ့ ငါးခုသာ ပါနေခြင်းပင်။
အဲဒါတွေက အရင်တုန်းက သူ သုံးပစ်လိုက်တဲ့ အဆောင်လက်ဖွဲ့ ငါးခုနဲ့ အတူတူပဲလေ...။
' ကုန်သွားလို့ ပြန်ဖြည့်ပေးတာလား... '
စနစ်ကြီးမှာ ကိုယ်ပိုင် အသိစိတ် ရှိနေမလား ဆိုပြီး သူ အတော်လေး သံသယ ဝင်သွားမိသည်။
ပြီးတော့ လီယီတောင်းဆီမှာ သေမင်းရဲ့ အံ့အားသင့်ဖွယ်ရာ သေတ္တာထဲက တိုက်ခိုက်ရေး အဆောင်တွေ နည်းနေပြီဆိုတာကို မြင်လို့ ပြန်ဖြည့်ပေးလိုက်တာ သေချာသလောက်ပင်။
"အစ်ကိုယီတောင်း... ဒီဟာတွေကို ဘယ်လို လုပ်ရမလဲ..."
လီယီတောင်း ငြိမ်နေသည်ကို မြင်၍ ကျိုးရှုရီက တုံ့ဆိုင်းဆိုင်းဖြင့် မေးလိုက်သည်။
ကျိုးရှုရီ အမေးကို ကြားလိုက်ရသဖြင့် လီယီတောင်း တုံ့ခနဲ ဖြစ်သွားပြီး စုပုံထားသော ဟောင်းနွမ်းပျက်စီးနေသည့် နာရေးအသုံးအဆောင် ပစ္စည်းများကို လှမ်းကြည့်လိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် သူ ခေါင်းညိတ်လိုက်၏။
"လွှင့်သာ ပစ်လိုက်ပါ..."
ထိုပစ္စည်းများက သာမန်ပစ္စည်းများသာ ဖြစ်ပြီး သူ့အနေဖြင့်လည်း ဝိညာဉ် ကပ်တွယ်ခြင်း စွမ်းရည်ကို ကိုယ်တိုင် မသုံးခဲ့ဖူးပေ။ ထို့ကြောင့် သူ့အတွက် ထိုအရာများက သိပ်အရေးမကြီးလှ။
လီယီတောင်း၏ အဖြေကို ကြားပြီးနောက် ကျိုးရှုရီနှင့် အခြားသူများလည်း ခေါင်းညိတ်လိုက်ကြသည်။
"ဟုတ်ပြီ... ခဏနေရင် သွားပစ်လိုက်မယ်လေ..."
လီယီတောင်း ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်၏။
အလယ်တွင် စုပုံထားသော ပစ္စည်းများကို လှမ်းကြည့်လိုက်သည့်အခါ သူ မျက်မှောင်ကြုတ်သွားသည်။ ထိုပစ္စည်းပုံကြီးပေါ်တွင် ထူးဆန်းသော အနက်ရောင် အငွေ့အသက် အချို့ ခပ်ရေးရေး ရှိနေသည်ကို သူ ရုတ်တရက် သတိထားမိလိုက်၏။
' အနက်ရောင် အငွေ့အသက် ဟုတ်လား... '
သူ့မျက်နှာထား အနည်းငယ် လေးနက်သွားလေသည်။
ဝိညာဉ် စုဆောင်းခြင်း...
ဝိညာဉ် စုဆောင်းခြင်း စွမ်းအားကို သူ တန်းပြီး အသုံးပြုလိုက်တော့သည်။
ဘာမှ ထူးခြားမှု မရှိပေ။
ထူးခြားတဲ့ အငွေ့အသက် အချို့သာ ရှိနေဆဲပင်။
လီယီတောင်း မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း တိုးသွားလိုက်သည်။
သူ လှုပ်ရှားလိုက်သည်နှင့် ကျိုးရှုရီ၊ လီရှင်းထင်နှင့် အခြားသူများလည်း မျက်နှာထား တင်းမာသွားကြ၏။
ယန်ချင်းယွဲ့ တစ်ယောက်သာ တစ်ခုခုကို စဉ်းစားနေပုံပေါ်ပြီး သူမလည်း ထူးခြားမှု တစ်ခုခုကို ခံစားနေရပုံရသည်။
လီယီတောင်း အနီးသို့ ရောက်သွားသောအခါ ဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပစ္စည်းများကြားတွင် လိုက်ရှာတော့သည်။
နောက်ဆုံးတော့...
အဝါရောင် စက္ကူတစ်ရွက်ထဲတွင် အနက်ရောင် အမွေးစုလေး တစ်ခုကို သူ ရှာတွေ့သွား၏။ ခပ်ရေးရေး လွင့်ပျံနေသော ထိုအငွေ့အသက်က ထိုအနက်ရောင် အမွေးစုလေးဆီမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။
အဝါရောင် စက္ကူကို သူ တိတ်တဆိတ် ကောက်ယူလိုက်သည်။
ထို့နောက် ခဏမျှ စဉ်းစားပြီး ဘေးဘက်သို့ လျှောက်သွားလိုက်ပြီး ကောင်တာပေါ်မှ မီးခြစ်တစ်လုံးကို ကောက်ယူလိုက်သည်။
အဝါရောင် စက္ကူလေး မီးလောင်သွားသည်နှင့် ကျိုးရှုရီနှင့် လီရှင်းထင်တို့ နှစ်ဦးစလုံး လေးနက်သော မျက်နှာထားများဖြင့် အခြေအနေကို စောင့်ကြည့်နေကြတော့သည်။
အခြေအနေတွေ ဘယ်လို ဖြစ်ကုန်မှန်း သူတို့ မသိကြပေ။ ပိုတိတိကျကျ ပြောရလျှင် ဘာတွေ ဆက်ဖြစ်လာမည်ကို သူတို့ မသိကြခြင်းပင်။
ကိစ္စရပ်တွေက... တစ်ခါတလေကျရင် သာမန် အသိဉာဏ်နဲ့ နားလည်နိုင်စွမ်းထက် တကယ်ကို ကျော်လွန်နေတတ်သည် မဟုတ်ပါလား။
အဝါရောင် စက္ကူလေး မီးစွဲသွားသည်နှင့် ထိုအနက်ရောင် အမွေးစုလေးက အန္တရာယ်ကို အာရုံခံမိသွားသလို ဖြည်းဖြည်းချင်း နောက်ဆုတ်သွားတော့သည်။
လီယီတောင်းက ရှာတွေ့သွားမှတော့ ဘယ်လိုလုပ် အလွတ်ပေးပါတော့မည်နည်း။
လီယီတောင်းက ထိုအနက်ရောင် အမွေးစုလေးကို လက်နှင့် တန်းပြီး ဖိချလိုက်ပြီး မီးတောက်များကို ဆက်လက် လောင်ကျွမ်းစေလိုက်တော့၏။
သူ့လက်ကို မီးလောင်နေလျှင်တောင် သူ လုံးဝ လှုပ်မည် မဟုတ်ပေ။
ထိုမြင်ကွင်းကို ကြည့်နေရင်း အားလုံးမှာ အလိုလိုနေရင်း ကျောချမ်းလာကြရသည်။
အနက်ရောင် အမွေးလေး မီးလောင်သွားသည်နှင့် စူးရှပြီး သနားစရာကောင်းသော အော်သံကြီး တစ်သံကို အားလုံး ကြားလိုက်ရသလိုပင်။
"ညောင်..."
ထို သနားဖွယ် အော်သံကြီးက လူတိုင်းကို တကိုယ်လုံး တုန်တက်သွားစေခဲ့လေသည်။
လီယီတောင်းကိုယ်တိုင်ပင် ကျောချမ်းသွားသလို ခံစားလိုက်ရ၏။
တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
"ဟူး..."
အချိန်ဘယ်လောက် ကြာသွားမှန်းပင် မသိတော့။
အသက်အောင့်ထားခဲ့ကြသော ကျိုးရှုရီနှင့် လီရှင်းထင်တို့ နှစ်ဦးစလုံး ပြိုင်တူ သက်ပြင်းချလိုက်မိကြသည်။
ယခုလေးတင် ဖြစ်ပျက်သွားသည့် အရာများက သူတို့ကို အတော်လေး တုန်လှုပ်သွားစေကြောင်း ထင်ရှားလွန်းပေသည်။
ယန်ချင်းယွဲ့က ထိုအနက်ရောင် ကြောင်ကြီးကို မောင်းထုတ်လိုက်ပြီးသည့်တိုင် ထိုကဲ့သို့သော အန္တရာယ်ကြီး သူတို့ကို စောင့်ကြိုနေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ကြပေ။
တကယ်လို့သာ လီယီတောင်း မတွေ့ခဲ့ဘူး ဆိုလျှင် သူတို့ ဘယ်လောက်တောင် ဆိုးရွားတဲ့ ကိစ္စတွေနဲ့ ကြုံတွေ့ရမလဲ ဆိုတာကိုတော့... ခန့်မှန်းလို့ပင် မရနိုင်တော့ပေ။
"ဒါ ကျွန်မ ပေါ့ဆသွားတာပါ..."
ယန်ချင်းယွဲ့ မျက်နှာကလည်း သိပ်မကောင်းလှ။
သူမက သူမကိုယ်သူမ တော်တော်လေး စွမ်းဆောင်နိုင်တယ်လို့ ထင်ထားခဲ့တာလေ။ အဘိုးအိုနှင့် အတူရှိနေသည့် အချိန်တွေအတွင်းမှာ သူမ စွမ်းအားများ တိုးတက်လာခဲ့ပြီး အထူးသဖြင့် တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး စွမ်းရည်တွေမှာ ပိုသိသာခဲ့သည်။
'ရေ' ကို ထိန်းချုပ်နိုင်စွမ်းကလည်း အဆင့်မြင့် အနေအထား တစ်ခုကို ရောက်နေခဲ့ပြီ ဖြစ်၏။
ဒါကြောင့်လည်း အဘိုးအိုက သူမကို လူတွေ လာကယ်ဖို့ စီစဉ်ပေးခဲ့တာ မဟုတ်ပါလား။
သို့သော် သူမအတွက်တော့ လက်ရှိ အခြေအနေက ထင်သလောက် လွယ်ကူသက်သာ မနေခဲ့ပေ။
ဘာပဲဖြစ်ဖြစ် သူမက ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကမ္ဘာကြီးနဲ့ အခုမှ စတင် ရင်ဆိုင်ရတာလေ။
ဒီကမ္ဘာကြီးက ထူးဆန်းနေရုံသာမက လက်ရှိ ကမ္ဘာလောကကြီးကတောင် သူမအတွက် အနည်းငယ် စိမ်းသက်နေသေးသည် မဟုတ်ပါလား။
နှစ်နှစ်ဆယ်ကျော်လောက် သူမက ရွာလေးတစ်ရွာထဲမှာပဲ နေလာခဲ့ရတာလေ။ အပြင်ဘက်က ကမ္ဘာကြီးကို သူမ ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။
လက်ရှိ ကမ္ဘာကြီးနှင့် အကျွမ်းတဝင် ဖြစ်လာဖို့ သူမ အချိန် အများကြီး လိုအပ်နေသေးသည်။
ဘာပဲဖြစ်ဖြစ်...
ဒီကမ္ဘာကြီးမှာ မတူညီတဲ့ အရာတွေ အများကြီး ရှိနေသေးသည်လေ။
သို့သော် ဤကိစ္စကြီး ပြီးဆုံးသွားပြီဟု အားလုံး ထင်မှတ်လိုက်ချိန်တွင်... ရုတ်တရက် လီရှင်းထင်၏ မျက်လုံးများ တဖျပ်ဖျပ် လှုပ်ရှားသွားသည်။
ထို့နောက် သူမက ကျိုးရှုရီအနီးသို့ အပြေးသွားကာ ညာဘက်လက်ကို ဆွဲယူပြီး အင်္ကျီလက်ကို ပင့်တင်လိုက်တော့သည်။
ကျိုးရှုရီ လက်ဖျံပေါ်တွင် အနက်ရောင် ကြောင်ပုံစံလေး တစ်ခု ရုတ်တရက် ပေါ်လာလေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း အားလုံးမှာ နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်၏။
ဘာတွေ ဖြစ်ကုန်တာလဲ... အနက်ရောင် ကြောင်လေး ဟုတ်လား...။
"ဒါ... ဒါ... ဒါက မနေ့ညက ငါမြင်ခဲ့တဲ့ အကောင်နဲ့ တစ်ပုံစံတည်းပဲ..."
လီရှင်းထင် လုံးဝ ကြောင်အသွားရှာသည်။
မနေ့ညက အဲဒီ အနက်ရောင် ကြောင်ကြီးရဲ့ မျက်နှာအမူအရာနဲ့ ပုံပန်းသွင်ပြင်ကို အနီးကပ် မြင်တွေ့ခဲ့ရသူမှာ သူမ တစ်ယောက်တည်းသာ ရှိသည် မဟုတ်ပါလား။
ထို့ကြောင့် ကျိုးရှုရီ လက်မောင်းပေါ်မှ အမှတ်အသားကို မြင်လိုက်ရချိန်တွင် သူမရင်ထဲ အံ့သြ ထိတ်လန့်မှုတို့ ပြည့်နှက်သွားရခြင်း ဖြစ်၏။
အဲဒီ အနက်ရောင် ကြောင်ကြီးက ဘယ်တုန်းက ကျိုးရှုရီအပေါ် အမှတ်အသား လာလုပ်သွားတာလဲ... ဘာလို့ သူတို့ အရင်က သတိမထားမိခဲ့တာလဲ...။
"နင် နေလို့မကောင်းတာ တစ်ခုခု ဖြစ်နေသေးလား..."
လီရှင်းထင်က ကျိုးရှုရီကို စိုးရိမ်တကြီး မေးလိုက်သည်။ ကျိုးရှုရီက ကြောင်တောင်တောင် မျက်နှာထားဖြင့် ခေါင်းခါပြလိုက်၏။
"ဒီ အမှတ်အသားက... ရွေ့နေသလိုပဲနော်..."
ယန်ချင်းယွဲ့ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူမ စကားသံကြောင့် အားလုံး ပွက်လောရိုက်သွားရ၏။
ရွေ့နေတယ် ဟုတ်လား... အမှတ်အသားကြီးက တကယ်ကြီး ရွေ့နေတာလား...။
အားလုံး၏ အကြည့်များက ထိုအမှတ်အသားဆီသို့ ပြိုင်တူ ရောက်သွားကြပြီး မမှိတ်မသုန် စိုက်ကြည့်နေကြတော့သည်။
တကယ်ပဲဟ...
ဒီ အမှတ်အသားကြီးက တကယ်ကို ရွေ့လျားနေတာပါလား...။
ပြီးတော့ ကျိုးရှုရီရဲ့... နှလုံးသားဆီကို ရွေ့သွားနေတာ...။
တစ်ခဏချင်းမှာပင် လီရှင်းထင်နှင့် ကျိုးရှုရီတို့ မျက်လုံးများထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုတို့ ပြည့်နှက်သွားလေပြီ။
အထူးသဖြင့် ကျိုးရှုရီပင်... သူမက အလိုလိုပင် လီယီတောင်းကို လှမ်းကြည့်လိုက်မိသည်။
ဘာပဲပြောပြော သူတို့က သာမန် လူသားတွေလေ... ဒီလို အခြေအနေမျိုးမှာ... အရင်က တစ်ခါမှ မကြုံဖူးတဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ ဘယ်လိုလုပ် မလန့်ဘဲ နေနိုင်ပါမည်နည်း။
သို့သော်... လီယီတောင်းကလည်း မျက်မှောင်ကြီး ကြုတ်နေဆဲပင်။
ကျိုးရှုရီ လက်မောင်းပေါ်မှ အမှတ်အသားလေးကို သူ စိုက်ကြည့်နေသည်။
ခဏမျှ စဉ်းစားပြီးနောက် သေဆုံးခြင်းကို စုံစမ်းစစ်ဆေးခြင်း စွမ်းရည်ကို အသုံးပြုလိုက်တော့၏။
သို့သော်... အချည်းနှီးသာ...။
တကယ်တော့ ဒါက သဘာဝကျပါတယ်လေ... ဒါက အမှတ်အသား သေးသေးလေး တစ်ခုပဲလေ... သေဆုံးခြင်းကို စုံစမ်းစစ်ဆေးခြင်း စွမ်းရည်က ဘယ်လိုလုပ် တစ်ခုခုကို ဖော်ပြနိုင်မလဲ။
ထိုအမှတ်အသား၏ အခြေအနေကို မည်သို့ စစ်ဆေးရမည်နည်း သို့မဟုတ် ပြဿနာကို မည်သို့ ဖြေရှင်းရမည်နည်းဟု စဉ်းစားနေစဉ်... ရုတ်တရက် လီယီတောင်း မျက်လုံးများ အရောင်လက်သွား၏။
' ဟုတ်သားပဲ... ငါ စွမ်းရည်အသစ် တစ်ခု ရထားသေးတာပဲ... '
ယာယီ တာဝန် ပြီးဆုံးချိန်တုန်းက စွမ်းရည်အသစ် တစ်ခု ရထားခဲ့သည် မဟုတ်ပါလား။
ဝိညာဉ် ရှာဖွေခြင်း...။
ဝိညာဉ် ရှာဖွေခြင်းက သေဆုံးခြင်းကို စုံစမ်းစစ်ဆေးခြင်း စွမ်းရည်နဲ့ မတူဘူးလေ... သူ့မှာ ပိုကျယ်ပြန့်တဲ့ နယ်ပယ် ရှိတယ်...။
ဝိညာဉ် ရှာဖွေခြင်း... 'ဝိညာဉ်တွေ' နဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို သူ ရှာဖွေ ထောက်လှမ်းနိုင်ပြီလေ...။
***