ဝိညာဉ် ရှာဖွေခြင်း စွမ်းရည်အောက်မှာတော့ လီယီတောင်း မျက်စိကနေ ဘယ်အရာမှ လွတ်ကင်းနိုင်မှာ မဟုတ်ဘူး။
ကျိုးရှုရီ၏ လက်မောင်းပေါ်က အမှတ်အသား သေးသေးလေးတွင် ပြင်းထန်အားကောင်းသော ဝိညာဉ်ရေးရာ အငွေ့အသက်တွေ ရှိနေကြောင်း သူ ရှာဖွေတွေ့ရှိသွားခဲ့သည်။
အမှတ်အသားလေး ရှေ့ကို ရွေ့လျားနေရတဲ့ အကြောင်းရင်းက ဒါကြောင့်ပဲလေ... သူက အသက်ဝင်နေတာ...။ သက်ရှိ တက်တူးကြီး တစ်ခုပဲ...။
ထိုအချက်ကြောင့် လီယီတောင်း ခေါင်းနပန်းကြီးသွားခဲ့လေသည်။
အခုတော့ သူ သဲလွန်စတစ်ခု ရသွားပြီ။
ကျိုးရှုရီ သေဆုံးရမယ့် အကြောင်းရင်းက ဒီကိစ္စကြောင့် ဖြစ်ဖို့ များတယ် မဟုတ်လား...။
"ဘယ်... ဘယ်လိုလုပ်ကြမလဲဟင်... ငါတော့..."
ကျိုးရှုရီ တစ်ယောက် အတော်လေး ဂနာမငြိမ် ဖြစ်နေရှာပြီ။
ဘယ်သူပဲဖြစ်ဖြစ် ဒီလို အခြေအနေမျိုးနဲ့ ကြုံလာရရင် အကြံအိုက်သွားမှာ သေချာပါတယ်လေ။
ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ပေါ်မှာ အကြောင်းရင်းမရှိဘဲ ဒီလို အမှတ်အသားကြီး တစ်ခု ရှိနေတယ် ဆိုတာက စိတ်ရှုပ်စရာ ကောင်းလွန်းလှတယ် မဟုတ်လား။
ဒါတင်မကသေးဘူး... ဒီ အနက်ရောင် ကြောင်ပုံစံကြီးက ရွေ့တောင် ရွေ့နေသေးတာ...။
ဘယ်လိုလုပ်ကြမလဲ...။
လီယီတောင်းလည်း ဘာလုပ်ရမှန်း မသိတော့ပေ။
ဒီလို အခြေအနေမျိုးနဲ့ သူ ပထမဆုံးအကြိမ် ကြုံဖူးတာလေ...။
လခွမ်း...
တက်တူးကို ဓားနဲ့ ကလော်ထုတ်လိုက်လို့ မရဘူးလား...။
သို့သော် ထိုအတွေး ဝင်လာပြီးသည်နှင့် လီယီတောင်း ချက်ချင်း လက်လျှော့လိုက်သည်။
ကလော်ထုတ်မယ် ဟုတ်လား...။
အဲဒီ မြင်ကွင်းကို တွေးကြည့်လိုက်ရုံနဲ့တင် သူ အနည်းငယ် ကျောချမ်းသွားမိသည်။
လီယီတောင်း ငြိမ်သက်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေပုံကို မြင်လိုက်ရသည့်အခါ ကျိုးရှုရီ ပိုပြီး စိုးရိမ်လာတော့သည်။
စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် သူမက မေးလိုက်၏။
"ငါတို့... ငါတို့ ဒါကို ဓားနဲ့ ကလော်ထုတ်လိုက်ရမလားဟင်..."
သူမ အတော်လေး ကယောင်ကတမ်း ဖြစ်နေပြီး ဓားတစ်ချောင်းကို လိုက်ရှာနေပုံရသည်။ ထို့ကြောင့် လီရှင်းထင်က သူမကို လှမ်းဆွဲလိုက်၏။
"မိုက်မဲတဲ့ အလုပ်တွေ မလုပ်စမ်းပါနဲ့ဟာ... ငါတို့ အတူတူ အဖြေရှာကြည့်ကြတာပေါ့..."
လီရှင်းထင် အော်ပြောလိုက်မှ ကျိုးရှုရီ ခေတ္တမျှ ငြိမ်ကျသွားတော့သည်။
ဟုတ်တယ်လေ... အခု ဒီအမှတ်အသားကို ကလော်ထုတ်ပစ်လိုက်ရင်တောင် ဘာထူးမှာလဲ...။
တစ်ဖက်လူက ဒီလို အမှတ်အသားမျိုးကို မမြင်ရဘဲ ချန်ထားနိုင်စွမ်း ရှိနေမှတော့... နောက်ထပ် တစ်ခု ထပ်ဖန်တီးနိုင်ဖို့ ဆိုတာလည်း မဖြစ်နိုင်တဲ့ ကိစ္စမှ မဟုတ်တာ...။
ထို့ကြောင့် ကလော်ထုတ်လိုက်ခြင်းက ဘာအဓိပ္ပာယ်မှ မရှိပေ။
ဒါပေမဲ့... ကလော်မထုတ်ဘူး ဆိုရင်ရော၊ ဒါကြီးကို ဘယ်လို ဖြေရှင်းကြမလဲ...။
တစ်ခဏမျှ လေထုကြီးက တိတ်ဆိတ်သွားလေသည်။ လီယီတောင်းပင်လျှင် မျက်မှောင်ကြုတ်နေရ၏။ တကယ်တော့ သူ့မှာ ဖြေရှင်းစရာ နည်းလမ်း မရှိသေးပေ။
လက်ရှိ ယုတ္တိဗေဒ အရဆိုလျှင်... တစ်ဖက်လူက သေချာပေါက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားခဲ့တာ သေချာတယ်လေ...။
ပထမဆုံး ကျိုးရှုရီရဲ့ ဝိညာဉ်ကို စုပ်ယူချင်ခဲ့တယ်... အခုကျတော့ သူမ ကိုယ်ပေါ်မှာ အမှတ်အသား တစ်ခု ချန်ထားခဲ့ပြန်ပြီ...။
ဤအမှတ်အသား၏ သဘောသဘာဝကိုတော့ လီယီတောင်း အခုချိန်ထိ နားမလည်နိုင်သေးပေ။
ဒါပေမဲ့… ဒီအမှတ်အသားမှာ ကိုယ်ပိုင် အသိစိတ် ရှိနေတယ်...။
ဖြစ်နိုင်တာက... အဲဒီနေရာက အသားကို ဖယ်ရှားလိုက်တာနဲ့ အမှတ်အသားက တခြားနေရာကို တန်းပြီး ခုန်ကူးသွားနိုင်တယ်လေ...။
အဲဒါ လုံးဝ ဖြစ်နိုင်ချေ ရှိတယ်...။ ဘာဖြစ်လို့လဲဆိုတော့... သူ့ရဲ့ လက်ရှိ ပုံစံက ကျိုးရှုရီရဲ့ လက်မောင်းပေါ်မှာ ထိုးထားတဲ့ တက်တူးတစ်ခုလို မဟုတ်ဘဲ... အပေါ်ယံမှာ လာကပ်နေတဲ့ ပုံစံမျိုး ဖြစ်နေလို့ပဲ...။
"ကဲပါ... စိတ်အေးအေးထားပါဦး... ခဏနေရင် သူ့ဘာသာသူ ပျောက်သွားမှာပါ..."
လီရှင်းထင်က ကျိုးရှုရီကို တည်ငြိမ်ဟန်ဆောင်ကာ နှစ်သိမ့်ပေးလိုက်သည်။
သို့သော် ထိုကဲ့သို့ နှစ်သိမ့်မှုမျိုးက အဓိပ္ပာယ်မရှိမှန်း အားလုံး သိကြပေသည်။
ခဏနေရင် သူ့ဘာသာ ပျောက်သွားမယ် ဟုတ်လား...။
ဒီလို စကားမျိုးကို ဘယ်သူက ယုံမှာလဲ...။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။
ထိုအချိန်... လီရှင်းထင် စကားအဆုံးတွင် ဆိုင်တံခါးကို အပြင်မှ ဖြည်းညင်းစွာ တွန်းဖွင့်လာခဲ့သည်။
အားလုံး၏ အကြည့်များက တံခါးဝဆီသို့ ပြိုင်တူ ရောက်သွားကြ၏။
အစပိုင်းက ပရိဘောဂ လာပို့သူများဟု ထင်ခဲ့ကြသော်လည်း... တံခါးဝတွင် ရပ်နေသူကို မြင်လိုက်ရချိန်၌ အားလုံး ခေတ္တမျှ ဆွံ့အသွားကြသည်။
အဘိုးအို ရောက်လာတာလား...။
"ဆရာ..."
လီယီတောင်းနှင့် ယန်ချင်းယွဲ့တို့က ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။
သိပ်မရင်းနှီးသော ကျိုးရှုရီနှင့် လီရှင်းထင်တို့ကတော့ တိတ်ဆိတ်စွာပင် နေလိုက်ကြ၏။ အဘိုးအိုက ခေါင်းအသာ ညိတ်ပြလိုက်သည်။
ထို့နောက် ဖြည်းဖြည်းချင်း ဝင်လာပြီး ကျိုးရှုရီအနီးသို့ လျှောက်သွားလိုက်၏။
သူမ လက်မောင်းပေါ်မှ အမှတ်အသားကို ကြည့်ရင်း အဘိုးအို မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။
တစ်မိနစ်တိတိ ကြာပြီးနောက် သူ သက်ပြင်းရှည်ကြီး ချလိုက်၏။
"ဟူး... ဒီကိစ္စကို ငါ အထင်သေးမိသွားတာပဲ... ဒီလို အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့... တကယ် ထင်မထားခဲ့မိဘူး..."
အဘိုးအို၏ ရေရွတ်သံကို ကြားပြီးနောက် လီယီတောင်း မျက်မှောင်ကြုတ်သွားပြီး မျက်နှာတွင် သိချင်စိတ်များ ပြည့်နှက်သွားလေသည်။
သို့သော် အဘိုးအိုက ခေါင်းယမ်းလိုက်ပြီး သူ့အမေးကို ပြန်မဖြေခဲ့ပေ။ ထို့အစား သူက တိုက်ရိုက်ပင် ပြောလိုက်၏။
"နောက်သုံးရက်နေရင် ငါတို့ ခရီးထွက်မယ်... အဲဒီအခါကျရင် သူပါ ငါတို့နဲ့ လိုက်ခဲ့လို့ ရတယ်..."
ကျိုးရှုရီပါ လိုက်ရမယ် ဟုတ်လား...။
လီယီတောင်း ခေတ္တမျှ အံ့အားသင့်သွားသည်။
အဘိုးအို သူ့ကို လုပ်ခိုင်းသမျှ အရာတိုင်းက ရိုးရှင်းတဲ့ ကိစ္စတွေ မဟုတ်ဘူးဆိုတာ သူ သိတယ်လေ...။
သဘာဝလွန် ဒါမှမဟုတ် အန္တရာယ်များတဲ့ ကိစ္စတွေ အများကြီး ပါဝင်နေဖို့ များတယ် မဟုတ်လား။
ဒီလို အခြေအနေမျိုးမှာ... ကျိုးရှုရီကို ခေါ်သွားမယ် ဟုတ်လား... ဘာအဓိပ္ပာယ်လဲ... ကျိုးရှုရီ လိုက်လာတာက အန္တရာယ် မများနိုင်ဘူးလား...။
လီယီတောင်း၏ နားမလည်နိုင်မှုကို ရိပ်မိသွားပုံရသော အဘိုးအိုက တိုးတိုးလေး ရှင်းပြလိုက်သည်။
"သူ့ရဲ့ ဇာစ်မြစ်က နည်းနည်း ထူးခြားတယ်... အရင်က သူ့ကို ငါ အကဲခတ်တာ မှားသွားခဲ့တယ်... ဒါပေမဲ့ အခု အမှတ်အသားကို တွေ့တော့ ငါ သဘောပေါက်သွားပြီ… "
"ငါ ထင်တာ မမှားဘူးဆိုရင်... အရင်က ဒီကို အနက်ရောင် ကြောင်တစ်ကောင် ရောက်လာခဲ့ဖူးတယ် မဟုတ်လား..."
လီယီတောင်းနှင့် အခြားသူများ အလိုလို ခေါင်းညိတ်ပြလိုက်ကြသည်။ အရင်က အနက်ရောင် ကြောင်တစ်ကောင် ရောက်လာခဲ့ဖူးသည်မှာ အမှန်ပင်။ ယန်ချင်းယွဲ့ မောင်းထုတ်လိုက်ရသည် မဟုတ်ပါလား။ အားလုံး ခေါင်းညိတ်ပြလိုက်သည်ကို မြင်သောအခါ အဘိုးအိုလည်း ထပ်မံ၍ ခေါင်းအသာ ညိတ်ပြလိုက်သည်။
"ဟုတ်တယ်... အဲဒီအချိန်တုန်းက မင်း အဲဒီ အနက်ရောင်ကြောင်ကြီးကို မောင်းထုတ်နိုင်ခဲ့လို့ တော်သေးတာပေါ့... မဟုတ်ရင် သူ အကြံအောင်သွားမှာ..."
"မောင်းမထုတ်နိုင်ခဲ့ရင်တော့... ဒီတစ်ခါ ကပ်ဘေးဆိုက်ပြီပဲ..."
အဘိုးအို၏ လေသံတွင် နောင်တရမှု အနည်းငယ် ပါဝင်နေဆဲပင်။ အဘိုးအို၏ စကားကို ကြားပြီးနောက် လီယီတောင်းလည်း ခေတ္တမျှ ဆွံ့အသွားရှာသည်။
အနက်ရောင်ကြောင်ကြီးကို မောင်းမထုတ်နိုင်ခဲ့ရင် ကပ်ဘေးဆိုက်မယ် ဟုတ်လား...။ ဘာလို့လဲ...။ ဒီကိစ္စတွေကြားမှာ ဘယ်လို မလွှဲမရှောင်သာတဲ့ အကြောင်းအကျိုး ဆက်စပ်မှုတွေ ရှိနေလို့လဲ...။
"တချို့ကိစ္စတွေကို အခု မင်း နားလည်ဦးမှာ မဟုတ်သေးဘူး... အခွင့်အရေး ကြုံလာရင်တော့ နောင်ကျ နားလည်လာမှာပါ..."
***