"ဘာပဲဖြစ်ဖြစ်... မှတ်ထား... နောက်နောင် အနက်ရောင်ကြောင်နဲ့ တွေ့ရင် ဝေးဝေးကနေသာ ရှောင်သွား... ဒီ အနက်ရောင်ကြောင်က နိမိတ်မကောင်းတဲ့ အရာတစ်ခုကို ကိုယ်စားပြုနေတယ်..."
နောက်ဆုံး စကားကို ပြောလိုက်သည့် အဘိုးအို၏ လေသံက အလွန် လေးနက်လှပေသည်။
ထိုလေသံကို ကြားလိုက်ရသဖြင့် လီယီတောင်းနှင့် အခြားသူများလည်း အံ့အားသင့်သွားကြ၏။
နိမိတ်မကောင်းတဲ့ အရာ ဟုတ်လား... ဘာကို ဆိုလိုတာလဲ...။
"ကဲ... အခုချိန်မှာ မင်းတို့ အများကြီး နားလည်နေဖို့ မလိုသေးပါဘူး... နောက်သုံးရက်နေရင် ဒီကောင်မလေးကို ငါတို့နဲ့ ထည့်ပေးလိုက်ပါ..."
"ဒီအမှတ်အသားက တစ်ပတ်လောက်တော့ အချိန်ရသေးတယ်... ဒီတစ်ခေါက် ငါတို့ သွားမယ့်နေရာကို ရောက်သွားရင်တော့ အရာအားလုံး အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်ရတာပဲ..."
"တကယ်လို့ အဲဒီအချိန်ကျမှ အချိန်မမီတော့ဘူး ဆိုရင်လည်း... ဒီအမှတ်အသားကို ကလော်ထုတ်ဖို့ပဲ ကြိုးစားရတော့မှာပေါ့..."
တကယ်ကြီး ကလော်ထုတ်ရမယ် ဟုတ်လား...။
အဘိုးအို၏ စကားများက ပေါ့ပေါ့ပါးပါး ဆိုသော်လည်း... ကျိုးရှုရီနှင့် လီယီတောင်းတို့ အတွက်ကတော့ အလွန်ကို တုန်လှုပ်စရာ ကောင်းလှပေသည်။
ကလော်ထုတ်မယ် ဟုတ်လား...။
ဘယ်လိုလုပ်ပြီး ကလော်ထုတ်မှာလဲ...။
သို့သော် အဘိုးအိုက ဘာမှ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားလေပြီ။
ထွက်ခွာသွားသော အဘိုးအို၏ ကျောပြင်ကို ကြည့်ရင်း လီယီတောင်း အတွေးနက်သွားပြန်သည်။
ကိစ္စတွေက လုံးဝ ရိုးရှင်းမနေဘူး ဆိုရင်တောင် အဘိုးအို ကိုယ်တိုင် လာလိမ့်မည် မဟုတ်မှန်း သူ သိတယ်လေ...။
သူ တကယ် ခံစားမိတဲ့ အကြောင်းရင်း တစ်ခုခုတော့ သေချာပေါက် ရှိနေရမည်။
လီယီတောင်းက အဘိုးအိုကို ဘယ်တုန်းကမှ သေချာ နားမလည်ခဲ့ဖူးသလို... အခုအချိန်မှာလည်း နားလည်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ပဲ ဆိုတာ သိနေ၏။
အနည်းဆုံးတော့ အဘိုးအိုရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေက သူ အခုလောလောဆယ် နားလည်နိုင်တဲ့ အရာတွေတော့ မဟုတ်ပေ။
တခြားကိစ္စတွေကို ခဏထားလိုက်ဦး... အစက ၈၀% လို့ ပြနေတဲ့ အဘိုးအိုရဲ့ သေဆုံးနိုင်ခြေက အခု ၇၅% ကို ရုတ်တရက် ပြောင်းသွားခဲ့တယ်လေ...။
ဒါ ပထမဆုံးပဲ...။
လီယီတောင်း ဘက်ကနေ ဘာမှ ဝင်ပါတာမျိုး မလုပ်ဘဲ သေဆုံးခြင်း အသိပေးချက်ထဲက သေဆုံးနိုင်ခြေ အလိုလို ပြောင်းလဲသွားတဲ့ တစ်ဦးတည်းသော သူလေ...။
အဘိုးအို တစ်ယောက်တည်းပဲ...။
သေဆုံးခြင်းကို စုံစမ်းစစ်ဆေးခြင်း စွမ်းရည် ကနေတဆင့် ရလာတဲ့ အသေးစိတ် အချက်အလက် တချို့ပဲ ပြောင်းလဲနိုင်တာ... အဲဒါကလည်း သူကိုယ်တိုင် ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ အခြေအနေ အောက်မှာမှလေ...။
ဒါပေမဲ့ အခုတော့...
အဘိုးအိုရဲ့ သေဆုံးနိုင်ခြေက သူ့ဘာသာသူ ကျသွားခဲ့တယ်...။
ဒါက ကောင်းတဲ့ ကိစ္စ ဆိုတာတော့ သေချာပါတယ်...။
ဒါပေမဲ့ ဒီလို ကောင်းတဲ့ ကိစ္စမျိုးကပဲ လီယီတောင်းကို အဆုံးအစမဲ့တဲ့ ဖိအားတွေ ခံစားရစေပြန်တယ်။
ကျန်သည့် နေ့ရက်များတွင်တော့ ထပ်ပြီး မမျှော်လင့်ထားသည့် ကိစ္စများ မဖြစ်တော့ပေ။
အဘိုးအိုက နောက် ၃ ရက်နေရင် ကျိုးရှုရီကို ခေါ်သွားမယ်လို့ ပြောခဲ့သလို... ကျိုးရှုရီမှာ အချိန်တစ်ပတ် ရသေးတယ်လို့လည်း ပြောခဲ့သည်မို့ လီယီတောင်း အနည်းငယ် စိတ်အေးသွားရသည်။
ထိုညမှာပင် စာရင်းအချို့နှင့်အတူ ချီယွီချန် ရောက်လာခဲ့သည်။
လူသိပ်များများစားစားတော့ မဟုတ်ပေ။
၃ ယောက်တည်းသာ။
လီယီတောင်းက အဲဒီလူတွေက ဘယ်သူတွေလဲ၊ ဘာကြောင့် ချီယွီချန်က ၃ ယောက်တည်းရဲ့ အချက်အလက်ကိုပဲ ယူလာတာလဲ ဆိုတာကိုတော့ လိုက်မစုံစမ်းတော့ပေ။
သူ လှုပ်ရှားလိုက်လေပြီ...။
သေမင်းဓားသွား...။
ထိုသူနှစ်ဦးမှာ သေဆုံးခြင်း အသိပေးချက် ရှိပြီးသားမို့ သက်တမ်း အနည်းငယ်သာ ကုန်သွားခဲ့၏။
သို့သော် တစ်ယောက်ကတော့ သေဆုံးခြင်း အသိပေးချက် မရှိရုံသာမက သာမန်ကုန်ကျစရိတ်ထက် ဆယ်ဆ ပိုကုန်သွားခဲ့သည်။
တော်သေးတာပေါ့...။
ဆယ်ဆ ပိုကုန်သွားသည့် ထိုလူက အသက် အတော်ကြီးနေပြီမို့ လီယီတောင်း သက်တမ်း နှစ် ၁၀၀ ကျော်လေးသာ ကုန်သွားခဲ့ခြင်း ဖြစ်၏။
အခုလေးတင် သက်တမ်း နှစ်တစ်ထောင် ရထားတာလေ...။
လီယီတောင်းဆီမှာ အခုဆို သက်တမ်းတွေ အများကြီး ရှိနေလေပြီ...။
နောက်တစ်နေ့...
အိပ်ကောင်းနေချိန်ကမှ ဖုန်းက တောက်လျှောက် မြည်နေသဖြင့် လီယီတောင်း နိုးလာခဲ့သည်။
မျက်မှောင်ကြုတ်ကာ... "နံပါတ်စိမ်း ကြီးလား..."
သူ့ဆိုင်လေးမှာ ဝယ်သူ သိပ်မရှိသည်ကြောင့် နံပါတ်စိမ်းက ဖုန်းခေါ်လာသည့်အခါ အစကတော့ မကိုင်ဘဲ နေမည်ဟု စဉ်းစားလိုက်သေး၏။
သို့သော်...
နောက်ဆုံးတွင် သူ ဖုန်းကိုင်လိုက်သည်။
"ဟယ်လို... အစ်ကိုယီတောင်း လားဟင်..."
တစ်ဖက်မှ အသံက အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေပုံရသည်။
အစ်ကိုယီတောင်း...။
လီယီတောင်း မျက်မှောင်ကြုတ်သွား၏။
ဒါက အွန်လိုင်းကနေ သူ့ကို ရှာတွေ့သွားတဲ့သူ တစ်ယောက်ယောက်လား...။
ဒါပေမဲ့ သူ့ ဖုန်းနံပါတ်ကို ဘယ်လိုလုပ် ရသွားတာလဲ...။
ပလက်ဖောင်းမှာ အကောင့်ဖွင့်တုန်းက ဖုန်းနံပါတ် ပေးခဲ့ပေမယ့် အဲဒီနံပါတ်က အခု ပိတ်ထားတာလေ...။
လီယီတောင်းတွင် အကောင့်ဖွင့်ရန်နှင့် ပလက်ဖောင်းများအတွက် သီးသန့်သုံးသော နံပါတ်တစ်ခု ရှိသည်။
သူငယ်ချင်းများကြား အဆက်အသွယ် လုပ်တာကလွဲရင် သူ့ကိုယ်ပိုင် ဖုန်းနံပါတ်ကို ဘယ်သူ့ကိုမှ မပေးထားပေ။
ဒီလို အခြေအနေမှာ... တစ်ယောက်ယောက်က သူ့နံပါတ်ကို သိနေတယ် ဆိုရင်... သူငယ်ချင်း တစ်ယောက်ယောက်ဆီက ရသွားတာ ဖြစ်နိုင်တယ်...။
"ဟုတ်ပါတယ်... ကျွန်တော် လီယီတောင်းပါ... ဘာကိစ္စများ ရှိလို့လဲ ခင်ဗျာ..."
လီယီတောင်း၏ အသံကို ကြားလိုက်ရသဖြင့် ဖုန်းခေါ်ဆိုသူ စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းချလိုက်၏။
ထို့နောက် သူမက တိုးတိုးလေး ပြောလိုက်၏။
"အစ်ကိုယီတောင်း... ဒီလိုပါ... ကျွန်မက ဝမ်ချန် ရဲ့ အဒေါ်ပါ... ဝမ်ချန် က မနေ့ညက ဆုံးသွားပြီ... သူ့နောက်ဆုံးခရီးကို အေးအေးချမ်းချမ်း ဖြစ်အောင် အစ်ကို့ကိုပဲ ဆက်သွယ်သင့်တယ်လို့ အားလုံးက ပြောကြလို့ပါ..."
ဘာတွေလဲဟ...။
လီယီတောင်း ခေတ္တမျှ ဆွံ့အသွားသည်။
ဝမ်ချန် ဆုံးသွားပြီ ဟုတ်လား...။
သူ မှတ်မိတာ မမှားဘူးဆိုရင် သူက ဝမ်ကျန့်အပေါ် နတ်ဘုရားလက်စွမ်းရည်ကို သုံးပြီး သက်တမ်းကို နောက်ထပ် တစ်ရက် ဆွဲဆန့်ပေးခဲ့တာလေ...။
ဒီလောက် မြန်မြန် သေမသွားသင့်သေးပါဘူး... အလွန်ဆုံး ဦးနှောက်သေသွားပြီး ကိုမာဝင်ရုံလောက်ပဲ ဖြစ်သင့်တာ…။
"သူ ဘယ်လို ဆုံးသွားတာလဲဗျ..."
လီယီတောင်းက နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
ဖုန်းခေါ်ဆိုသူက အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေပုံဖြင့် ရှင်းပြလိုက်သည်။
"ဆေးရုံက ပြောတာတော့... ဝမ်ချန် ပြန်မနိုးလာနိုင်တော့ဘူးတဲ့... သူက ဦးနှောက်သေသွားပြီး တစ်သက်လုံး အိပ်ယာပေါ်မှာပဲ နေရတော့မှာ... ကိုယ့်ဘာသာ အသက်ရှူနိုင်စွမ်းတောင် မရှိတော့ဘူး... သူ့မိသားစုမှာလည်း ဘယ်သူမှ မရှိတော့ဘူးလေ... ပြီးတော့ အပြင်မှာလည်း အကြွေးတွေ အများကြီး တင်နေတာ... သူ့ကို ဆေးကုဖို့ ပိုက်ဆံ လုံးဝ မရှိတော့ဘူး... ကျွန်မကလည်း မသန်စွမ်း တစ်ယောက်ပါ... ထောက်ပံ့ကြေးလေးနဲ့ ရပ်တည်နေရတာ..."
"အဲဒါကြောင့်... အဲဒါကြောင့်..."
စကားပြောရင်း ဝမ်ချန့် အဒေါ်ဖြစ်သူ ငိုချလိုက်တော့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ချန် က သူမရဲ့ မိသားစုဝင် တစ်ယောက်ပဲလေ...။
ထို့ကြောင့် ယခုအချိန်တွင် သူမရင်ထဲ ဝမ်းနည်းပူဆွေးမှုတို့ ပြည့်နှက်နေမှာ အသေအချာပင်။
လီယီတောင်းမှာတော့ သူမ၏ ဝမ်းနည်းမှုကို နားလည်ပေးဖို့ အချိန်မရှိပေ။
ထို့အစား သူ နားမလည်နိုင်ဖြစ်နေမှုကို ထုတ်ဖော်မေးလိုက်၏။
"ဒါဆို ခင်ဗျားက ကျွန်တော့်ကို ဘာလို့ လာရှာတာလဲ... ဝမ်ချန် ရဲ့ နာရေးကို ကျွန်တော့်ကို စီစဉ်ပေးစေချင်တာလား..."
သူ တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေမိသည်။
ဘယ်လိုပဲဖြစ်ဖြစ်... နာရေးစီစဉ်ဖို့ သူ့ကိုတော့ လာမဆက်သွယ်သင့်ဘူး မဟုတ်လား...။
ဘာလို့လဲဆိုတော့... သူနဲ့ ဝမ်ချန် ကြားက ဆက်ဆံရေးက အဲဒီလောက် မရိုးရှင်းဘူးလေ...။
ဝမ်ကျန့်ရဲ့ အဒေါ်အနေနဲ့ တစ်ခုခုတော့ သိထားသင့်တယ်...။
အနည်းဆုံးတော့ အွန်လိုင်းက comment တွေကနေတဆင့် တစ်ခုခုတော့ သိထားသင့်တာပေါ့...။
"စိတ်မပူပါနဲ့... ကျွန်မက ဈေးကြီးကြီးတော့ မတတ်နိုင်ပေမယ့် ရိုးရိုးရှင်းရှင်းလေးတော့ လုပ်ပေးလို့ ရပါတယ်..."
"ဝမ်ချန် ဆီမှာ စုဆောင်းထားတာ နည်းနည်း ရှိသေးတယ်... ပြီးတော့ သူက တခြားသူတွေကို ပိုက်ဆံချေးပေးထားတယ် ကြားတယ်... အဲဒီလူတွေက သိပ်သဘောကောင်းတာ မဟုတ်ဘူး... အဲဒီ အကြွေးတွေကို ကျွန်မ မလိုချင်တော့ဘူး... အစ်ကိုယီတောင်းပဲ အကုန်ယူလိုက်ပါ... ကျွန်မ ဘာမှ မလိုချင်ပါဘူး... ယွမ် သောင်းဂဏန်းလောက်တော့ ရှိဦးမယ် ထင်တယ်... အဲဒါဆို လောက်တယ် မဟုတ်လား..."
လီယီတောင်း အံ့အားသင့်သွားရ၏...။
သူမက တကယ်ပဲ သဘောကောင်းလွန်းတာလား၊ ဒါမှမဟုတ် နောက်ကွယ်မှာ တစ်ခုခု ရှိနေသေးတာလား...။
လီယီတောင်းကတော့ လက်မခံချင်သေးပေ။
ဝမ်ရှင်းယွဲ့ ကိစ္စက လီယီတောင်း ရင်ထဲက ဆူးတစ်ချောင်းလို ဖြစ်နေတုန်းပဲလေ...။
အရင်က ဝမ်ရှင်းယွဲ့သာ သူမကိုယ်သူမ စတေးပြီး ပေါက်ကွဲအောင် မလုပ်ခဲ့ဘူးဆိုရင် အခုဆို ငါ့နာရေးကို တခြားသူတွေ လုပ်ပေးနေရမှာ…။ ဒါကြောင့် ငါ ဝမ်ကျန့်ရဲ့ နာရေးကို ဘယ်တော့မှ စီစဉ်ပေးမှာ မဟုတ်ဘူး...။
ဒီလို လူမျိုးတွေက ငရဲပြည်ကိုပဲ သွားသင့်တာ...။
ထို့ကြောင့် လီယီတောင်း မတုံ့ဆိုင်းတော့ဘဲ တစ်ဖက်လူကို ငြင်းလိုက်ရန် ပြင်လိုက်သည်။
"ဆောရီးပါ... ကျွန်တော်..."
သူ့စကားက တစ်ဝက်ပဲ ရှိသေးသည်...။
ရုတ်တရက်... စနစ်ဆီမှ အသိပေးသံ တစ်ခု သူ့ခေါင်းထဲ ပဲ့တင်ထပ်လာခဲ့၏။
၎င်းက သူ့ကို လုံးဝ ဆွံ့အသွားစေခဲ့သည်။
[ ယာယီ မစ်ရှင်... ]
***