မစ်ရှင် အသိပေးချက်ကို ကြည့်ပြီး လီယီတောင်း မျက်နှာပေါ်တွင် နားမလည်နိုင်မှုများ ပြည့်နှက်နေလေသည်။
စနစ်က တကယ့်ကို စိတ်ကူးပေါက်ရာ လုပ်တတ်လွန်းလှ၏။
ဘာဖြစ်လို့ ယာယီမစ်ရှင်တွေ ဒီလောက်တောင် ခဏခဏ ပေးနေရတာလဲ...။
စနစ် အဆင့်မြှင့်တင်မှု အချိန်ကြာမြင့်ခဲ့တာကို ထည့်တွက်ရင်တောင် အရင်က ယာယီမစ်ရှင် ဆိုတာမျိုး သိပ်မရှိခဲ့ဘူးလေ...။
ပြီးခဲ့တဲ့ တစ်ခုကလည်း ခုလေးတင်မှ ပြီးသွားခဲ့တာ။
လီယီတောင်း တစ်ယောက် ယုံကြည်ဖို့တောင် ခက်ခဲနေမိ၏။
[ ယာယီ မစ်ရှင် - ဝမ်ချန်အတွက် ထူးခြားသော နာရေးဝန်ဆောင်မှု တစ်ခု ပြုလုပ်ပေးပါ။ ]
[ မစ်ရှင် အောင်မြင်ပါက ဆုလာဘ် - နတ်ဘုရား ရတနာသေတ္တာ တစ်လုံး၊ သေမင်းတမန် ရတနာသေတ္တာ တစ်လုံး။ ]
၎င်းက ယာယီမစ်ရှင်များအတွက် ပုံမှန် ပေးနေကျ ရတနာသေတ္တာ နှစ်လုံးသာ ဖြစ်၏။
လီယီတောင်း သိပ်ပြီး အံ့သြမသွားခဲ့ပေ။
ထို့ပြင်...
ဒီသေတ္တာ နှစ်လုံးတည်းသာ ဆိုလျှင် မစ်ရှင်က သိပ်ပြီး ခက်ခဲလွန်းလှမည် မဟုတ်ပေ။
မဟုတ်လျှင် စနစ်က ရတနာသေတ္တာ နှစ်လုံးတည်း ပေးမည် မဟုတ်ပါလား။
ဥပမာ ဆိုရလျှင်... ယခင် မစ်ရှင်တုန်းက 'ဝိညာဉ် ရှာဖွေခြင်း' စွမ်းရည်ကို ဆုလာဘ် အဖြစ် ရရှိခဲ့၏။
သို့သော် သူလည်း သေဘေးနှင့် ရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလား။
အကယ်၍သာ သူ ကံမကောင်းခဲ့လျှင် ယခုဆို အသေကောင် ဖြစ်နေလောက်လေပြီ။
ဤသို့ဖြင့်... မစ်ရှင်တစ်ခု၏ ဆုလာဘ်များက ပေးဆပ်ရမည့် အရာများနှင့် တိုက်ရိုက် အချိုးကျနေသည်ကို လီယီတောင်း သဘောပေါက်သွားလေသည်။
မနက်ဖြန်တော့ သူ သွားပြီး အကဲခတ်ကြည့်ရပေမည်။
ဤတစ်ကြိမ်တွင်တော့ ငြင်းဆန်ရန် အကြောင်းမရှိပေ။
" မစ္စတာလီ... အဆင်ပြေရဲ့လား... ကျွန်မ တောင်းပန်ပါတယ်... "
" ဝမ်ချန်ကို စိတ်ဖြောင့်ဖြောင့်နဲ့ သွားနိုင်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်း၊ ဒါမှမဟုတ် ဖြစ်နိုင်ခြေ ရှိတဲ့သူ ဆိုလို့ ဆရာ တစ်ယောက်ပဲ ရှိတယ်လို့ လူတွေက ပြောကြတယ်... "
" တခြားသူတွေကတော့ အဲဒီလို လုပ်နိုင်စွမ်း မရှိကြဘူးလေ... "
" ပိုက်ဆံ နည်းနေလို့လားဟင်... ဒါပေမဲ့ ကျွန်မဆီမှာ ရှိသမျှက ဒါအကုန်ပါပဲ... ရသလောက်လေးနဲ့ပဲ စီစဉ်ပေးပါနော်... "
ငြင်းလိုက်မည်ကို စိုးရိမ်သဖြင့် လီယီတောင်း စကားတစ်ဝက်တစ်ပျက်မှာပင် သူမက အလောတကြီး ဖြတ်ပြောလိုက်လေသည်။
သူမ၏ လေသံထဲမှ အားပျော့ပျော့ တောင်းပန်သံကို ကြားပြီး လီယီတောင်း တိတ်ဆိတ်သွားမိ၏။
တချို့ လူတွေ... တချို့ ကိစ္စတွေကို သာမန် မျက်စိနဲ့ ဆုံးဖြတ်လို့ မရနိုင်ဘူးလေ...။
လူတိုင်းမှာ လုံးဝ ကွဲပြားခြားနားတဲ့ ရှုထောင့်တွေ ရှိကြစမြဲပဲ...။
အကောင်း၊ အဆိုး ဆိုတာကလည်း ရှုထောင့်အမျိုးမျိုးကနေ ကပ်ထားတဲ့ တံဆိပ်တစ်ခု သက်သက်ပဲလေ...။
ဘာကကောင်းတယ်၊ ဘာကဆိုးတယ် ဆိုတာကို အချိန်တရားရဲ့ ဆုံးဖြတ်ချက်အောက်မှာပဲ ထားလိုက်တာ အကောင်းဆုံးပါပဲ...။
" ဒီနာရေးကို ကျွန်တော် လက်ခံပါ့မယ်... ဒါပေမဲ့ ဘယ်လို စီစဉ်ဖြစ်မလဲ ဆိုတာကိုတော့ သေချာ မပြောနိုင်သေးဘူး... "
လီယီတောင်းက ဖြည်းညင်းစွာ ပြန်ပြောလိုက်သည်။ သူ၏ အသံကို ကြားတော့ တစ်ဖက်လူ၏ လေသံလည်း အနည်းငယ် ပေါ့ပါးသွားလေသည်။
" စိတ်ချပါ... ဝမ်ချန် စိတ်ဖြောင့်ဖြောင့်နဲ့ ထွက်သွားနိုင်ဖို့ အတွက် ကျွန်မ ပေးထားတဲ့ ပိုက်ဆံကို သုံးပြီး သင့်တော်သလိုသာ စီစဉ်ပေးပါ... ကျန်တာတွေက အရေးမကြီးပါဘူး... "
နောက်ဆုံးတွင် လိုချင်သည့် အဖြေကို ရလိုက်သဖြင့် ဖုန်းတစ်ဖက်မှလူမှာ အလွန် ဝမ်းသာသွားလေသည်။ လီယီတောင်းကလည်း ပြန်လည် တုံ့ပြန်လိုက်၏။
" ကောင်းပါပြီ... ဒါဆိုလည်း သဘောတူတယ်... နာရေး လုပ်မယ့် နေရာကိုသာ ပြောပါ... ကျွန်တော် အချိန်မီ လာခဲ့ပါ့မယ်... "
သို့သော်... လီယီတောင်း ထိုသို့ ပြောပြီးနောက် ဖုန်းထဲတွင် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားလေသည်။
ထို့နောက် သူမက ခပ်တိုးတိုး ပြောလာ၏။
" အမ်း... ဆေးရုံကနေ သူ့အလောင်းကို သွားထုတ်ပေးဖို့ အကူအညီ တောင်းလို့ ရမလား... ရဲတွေကတော့ ဝမ်ချန်ရဲ့ အမှုက တချို့ကိစ္စတွေနဲ့ ပတ်သက်နေလို့ ချက်ချင်း ထုတ်ခွင့် မရသေးဘူးလို့ ပြောတယ်... ဒါပေမဲ့... ဆရာသာ ကူညီပေးမယ် ဆိုရင် ရနိုင်တယ်လို့ တစ်ယောက်ယောက်က ကျွန်မကို ပြောလို့ပါ... "
ထိုစကားကို ကြားလိုက်ရချိန်တွင် လီယီတောင်း ဆွံ့အသွားတော့သည်။
' သောက်ကျိုးနည်း... '
' ငါ့ကို လှည့်ကွက် သုံးနေတာလား... နောက်နေတာလား... '
' တခြား အကြောင်းပြချက်တွေ ရှိကောင်း ရှိနိုင်ပေမဲ့... သူ့ရဲ့ တကယ့် ရည်ရွယ်ချက်က ဆေးရုံကနေ ဝမ်ချန်ကို ငါ့ကို သွားထုတ်ခိုင်းချင်တာပဲ မဟုတ်လား... '
အမှန်တကယ်ပင် ဝမ်ချန် ကို ခေါ်ထုတ်လာရန် ဆိုသည်မှာ လုံးဝ မလွယ်ကူလှပေ။
သူ သေဆုံးသွားပြီ ဖြစ်သော်လည်း သက်သေ အထောက်အထား ဆိုသည်များကို ရှာဖွေရန် သေချာပေါက် ရင်ခွဲစစ်ဆေးမှုများ လုပ်ရပေဦးမည်။
သို့သော် ယခုတော့...
ဝမ်ချန်၏ အဒေါ်ဖြစ်သူက ဤလုပ်ငန်းစဉ်များကို မလုပ်စေချင်မှန်း သိသာလှပေသည်။
သူမက လီယီတောင်းကို ဝမ်ချန်အား သွားခေါ်စေချင်နေသည်တဲ့လား...။
" ဝမ်ချန်ကို အပြင်ထုတ်ပေးလို့ ရမလား... တစ်နေရာရာမှာ မြှုပ်လိုက်တာပဲ ဖြစ်ဖြစ်၊ မီးသင်္ဂြိုဟ်လိုက်တာပဲ ဖြစ်ဖြစ် လုပ်ပေးပါ... "
" သူ သေသွားပါပြီ... အသက်ရှင်တုန်းက ဘယ်လို ပြစ်မှုတွေ ကျူးလွန်ခဲ့လဲ ဆိုတာ ကျွန်မ မသိပါဘူး... ဒါပေမဲ့ လူတစ်ယောက် သေသွားရင် အားလုံး ပြီးဆုံးသွားပြီ မဟုတ်ဘူးလား... "
" လူတစ်ယောက် သေသွားပြီးရင်တောင် ဆက်ပြီး ဝေဒနာ ခံစားနေရဦးမှာလား... တကယ်တော့ ဝမ်ချန်က သိပ်လိမ္မာတာပါ... ကျွန်မဆီကိုလည်း အမြဲ လာလည်တတ်တယ်... "
" ကျွန်မ... သူ စိတ်ဖြောင့်ဖြောင့်နဲ့ ထွက်သွားတာကိုပဲ မြင်ချင်တာပါ... "
ဖုန်းထဲမှ အသံကို ကြားပြီး လီယီတောင်း ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။
အကယ်၍ ယာယီမစ်ရှင်သာ မရှိခဲ့လျှင် လီယီတောင်း လုံးဝ လုပ်ပေးမည် မဟုတ်ပေ။
ဝမ်ချန် စိတ်ဖြောင့်ဖြောင့် သေသည် ဖြစ်စေ၊ မသေသည် ဖြစ်စေ သူနှင့် ဘာဆိုင်လို့နည်း။
သို့သော်...
ယခုတော့ သူ သဘောတူလိုက်ပြီ ဖြစ်၏။
ငြင်းဆန်ရန် နေရာမရှိတော့ပေ။
ပြောပြီးသား စကားက ထွေးလိုက်တဲ့ တံတွေးလိုပဲ ပြန်မြိုလို့ မရတော့ဘူးလေ...။
ယခုကျမှ ငြင်းဆန်ရန် ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။
" နားလည်ပါပြီ... ကျွန်တော်ပဲ စီစဉ်လိုက်ပါ့မယ်... "
" ခင်ဗျားကို ဘယ်မှာ လာတွေ့ရမလဲ... "
နာရေးကို လက်ခံပြီးပြီ ဖြစ်သဖြင့် အဆုံးထိတော့ သူ တာဝန်ယူရပေမည်။
" ကျွန်မကို လာရှာစရာ မလိုပါဘူး... ဘဏ်အကောင့် နံပါတ်တစ်ခုသာ ပေးပါ၊ ပိုက်ဆံ လွှဲပေးလိုက်ပါ့မယ်... ကျန်တာကတော့ ဆရာ့ သဘောပါပဲ... "
" ကျွန်မက ဒုက္ခိတ တစ်ယောက်မို့ သွားလာရတာ သိပ်မလွယ်လို့ပါ... ပြီးတော့ ဝမ်ချန်နဲ့ ပတ်သက်နေတယ် ဆိုတာကိုလည်း တခြားသူတွေကို မသိစေချင်ဘူး... သူ့မှာ ရန်သူတွေ ဘာတွေ ရှိနေမလား ဘယ်သူ သိနိုင်မှာလဲ... တစ်ယောက်ယောက်ကသာ လာပြီး ရန်ရှာရင် ဒုက္ခိတ တစ်ယောက် အနေနဲ့ ကျွန်မ တကယ် မခံနိုင်ပါဘူး... "
တစ်ဖက်လူ၏ စကားကို ကြားပြီး လီယီတောင်း ခဏတာ မှင်သက်သွား၏။ ထို့နောက် သူ၏ မျက်လုံးများက အလွန်ပင် မှိုင်းညို့သွားတော့သည်။
' လခွမ်း... ဒါက ဘယ်လိုမျိုးလဲ... ကိုယ်တိုင်ကျတော့ ပြဿနာဖြစ်မှာ ကြောက်တယ်၊ ရှုပ်ထွေးလာမှာ ကြောက်တယ်ပေါ့လေ... ဒါပေမဲ့ သူ့အစား ငါက ဝင်ရှင်းပေးရင် ငါ့မှာ ပြဿနာတွေ တက်လာနိုင်တယ် ဆိုတာကိုရော တွေးကြည့်ဖူးရဲ့လား... '
ခဏတာမျှ လီယီတောင်း နှုတ်ဆိတ်နေမိသည်။
ဘာပဲဖြစ်ဖြစ် ဝမ်ချန် ဆိုသည်က အစ်ကိုယီတောင်း၏ နာမည်ကြီးမှုကို အသုံးချပြီး အစ်ကိုယီတောင်းကို အဆုံးအစမရှိ ပုတ်ခတ်ပြောဆိုခဲ့သူ ဖြစ်လေသည်။
သို့သော် နောက်ဆုံးတွင်တော့ အစ်ကိုယီတောင်းကပင် သူ၏ နာရေးကို ကူညီပေးရမည်တဲ့လား...။
' ဒါကို... အကဲဆတ်တဲ့ အင်တာနက် သုံးစွဲသူတွေသာ ဒါကို မြင်သွားရင်တော့ ပြဿနာပဲဟေ... ' ဟု လီယီတောင်း တွေးလိုက်မိသည်။
' ဒါပေမဲ့ ငါက သူ့ကို ကတိပေးပြီးသွားပြီ ဆိုတော့လည်း အဆုံးထိ လုပ်ပေးရုံပဲ ရှိတော့တာပေါ့... မဟုတ်ရင်လည်း ငါ့မစ်ရှင် အနေအထား အရ ကြည့်ရင်ကို တစ်ခေါက်လောက်တော့ သွားသင့်နေတာပဲလေ... အနည်းဆုံးတော့ လောလောဆယ် အဲဒီလိုပဲ သဘောထားလိုက်ရမှာပဲ... '
အိပ်ရာမှ နိုးလာပြီးနောက် လီယီတောင်း နာရီကို တစ်ချက် ကြည့်လိုက်သည်။
အချိန် စောနေသေး၏။ ဖြစ်နိုင်လျှင် ဝမ်ချန် ကိစ္စကို ယခုပင် သွားရှင်းရန် သူ စီစဉ်လိုက်သည်။
မြေမြှုပ်ရန် ဆိုသည်မှာ သေချာပေါက် မဖြစ်နိုင်ပေ။ သေဆုံးသူ၏ မိသားစုက ထွက်မလာခဲ့လျှင် အလောင်းကို သူ ဘယ်နေရာမှာ သွားမြှုပ်ရမည်နည်း။
နေရာတစ်ခုကို ကျပန်း ရွေးလိုက်ခြင်းကလည်း ဘာအဓိပ္ပာယ်မှ ရှိမည် မဟုတ်ပေ။ ဝိညာဉ်ကို လေလွင့်သွားအောင် ပစ်ထားလိုက်သလိုမျိုးသာ ဖြစ်ပေလိမ့်မည်။
လောလောဆယ် လီယီတောင်း၏ အစီအစဉ်က ရိုးရှင်းလှသည်။ ဝမ်ချန်၏ အလောင်းကို မီးသင်္ဂြိုဟ်ပြီးနောက် သူ၏ အရိုးပြာကို ထားရန် ဂူတစ်ခု ရှာပေးရန်သာ ဖြစ်၏။
ဂူတစ်ခု ဆိုသည်မှာ ရေရှည် ပိုင်ဆိုင်ခွင့်ကို ကိုယ်စားပြုပြီး အကန့်အသတ်မရှိ တည်မြဲနေမည်ကို လူတိုင်း သိကြသည် မဟုတ်ပါလား။
ပြုပြင်ထိန်းသိမ်းရေး ကိစ္စများ ကတော့ သူ စိုးရိမ်စရာ မလိုပေ။
လီယီတောင်း အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။ မနေ့က ကိစ္စများကြောင့် ကျိုးရှုရီ နှင့် လီရှင်းထင် တို့ နှစ်ယောက်စလုံး ပင်ပန်း အိပ်ပျော်နေကြဆဲ ဖြစ်ပုံရ၏။
သို့သော် ယန်ချင်းယွဲ့ ကတော့ နိုးနေပြီ ဖြစ်ကာ အပြင်ဘက်တွင် သူမရှေ့၌ ရေတစ်ပုံး ချထားလျက် ထိုင်နေလေသည်။
အပေါ်ယံ ကြည့်လိုက်လျှင်တော့ ရေက ပုံမှန်အတိုင်းပင် ဖြစ်သော်လည်း သေချာ ကြည့်လိုက်သည့် အခါတွင်တော့ ထူးဆန်းသည့် ဖြစ်စဉ်တစ်ခုကို တွေ့လိုက်ရလေသည်။
အပေါ်ဆုံး အလွှာမှ ငြိမ်သက်နေသည့် ရေစက်များကို လွဲ၍ အောက်ဘက်ရှိ ရေစက်များ အားလုံးက မရပ်မနား ရွေ့လျားနေကြခြင်းပင်။
ဤစွမ်းရည်က လီယီတောင်းကို အံ့သြမှင်သက်သွားစေပြီး ထိုအမျိုးသမီးတွင် အမှန်တကယ်ပင် သီးသန့် စွမ်းရည်အချို့ ရှိနေကြောင်း သဘောပေါက်သွားစေခဲ့သည်။
" အပြင်သွားမလို့လား... "
သူမ လေသံက တည်ငြိမ်နေလျက်။
လီယီတောင်း ဖွဖွလေး ခေါင်းညိတ်ပြလိုက်ပြီး...
" ကျွန်တော် လုပ်စရာလေး တစ်ခု ရှိနေလို့... အားလုံး အဆင်ပြေရင် နေ့လယ်လောက် ပြန်ရောက်မယ်... "
" ဒီနှစ်ယောက်ကို ကျွန်တော့်ကိုယ်စား သေချာ စောင့်ရှောက်ပေးထားပါဦး... "
ယန်ချင်းယွဲ့ ၏ လက်ရှိ စွမ်းအားက အားနည်းလှသည် မဟုတ်ကြောင်း လီယီတောင်း သိထားလေသည်။ လီယီတောင်းထက်ပင် သူမ၏ စွမ်းရည်များကို ပိုမို ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
" အင်း... "
ယန်ချင်းယွဲ့ အသာအယာ ခေါင်းညိတ်ပြပြီးနောက် နှုတ်ဆိတ်သွားလေသည်။
လီယီတောင်းလည်း စကားများများ ဆက်မပြောတော့ပေ။ သူ တက္ကစီ တစ်စီး ငှားကာ ကျန်းမြို့တော် ပြည်သူ့ဆေးရုံကြီးသို့ တန်းပြီး ထွက်လာခဲ့လေသည်။
ဝမ်ချန်၏ အလောင်းကို လက်ရှိတွင် စစ်ဆေးရန်အတွက် ဆေးရုံ ရင်ခွဲရုံ၌ ထားရှိလေသည်။
လီယီတောင်းက တစ်ယောက်တည်း သွားရန်သာ စဉ်းစားထား၏။ ဝမ်ချန်၏ အဒေါ်ထံမှ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်သဖြင့် အခက်အခဲ သိပ်ရှိမည် မဟုတ်ပေ။
တစ်ခုတည်းသော စိုးရိမ်စရာက ဆေးရုံက ဝမ်ချန်၏ အလောင်းကို ထုတ်ယူခွင့် ပေးမပေး ဆိုသည်သာ ဖြစ်သည်။
အကယ်၍ သူတို့ကသာ ငြင်းဆန်ခဲ့မည် ဆိုပါက လီယီတောင်း အနေဖြင့် လီဟွေ့ ကို ဖြစ်စေ၊ ချီယွီချန် ကို ဖြစ်စေ ဖုန်းဆက်ရတော့မည် ဖြစ်၏။ ရှောင်လွှဲ၍ ရမည် ဆိုလျှင်တော့ ချီယွီချန် ဆီသို့ ယခု အချိန်တွင် ဖုန်းမဆက်ချင်သေးပေ။ သူတို့ သေချာပေါက် အလုပ်ရှုပ်နေကြမည် ဆိုသည်ကို သူ သိထားသလို အခြေအနေတွေကလည်း သူတို့ ထိန်းချုပ်၍ မရနိုင်တော့သည့် အနေအထားအထိ ဆိုးရွားနေနိုင်သည် မဟုတ်ပါလား။
မဟုတ်လျှင် သူတို့က လီယီတောင်း၏ အကူအညီကို တောင်းခံခဲ့မည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် လီယီတောင်း ပါဝင်ပတ်သက်မှု၏ အကျိုးဆက်များက ပြင်းထန်နိုင်သည် မဟုတ်ပါလား။ မည်သို့ပင် ဆိုစေကာမူ သူတို့က ပိုမို ကောင်းမွန်နိုင်သည့် ရလဒ် တစ်ခုကို ရွေးချယ်ခဲ့ခြင်းသာ ဖြစ်လေသည်။
***