မနက် ခြောက်နာရီ ကျော်ကျော်လောက်မှာပဲ လီယီတောင်း တစ်ယောက် ကျန်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့လေသည်။
သူ လီဟွေ့ထံ ကြိုတင် ဖုန်းဆက်ထားပြီးဖြစ်ကာ လီဟွေ့၏ အကြောင်းပြန်ချက်ကလည်း ရှင်းလင်းလှ၏။ ပြဿနာ သိပ်မရှိနိုင်ဘူး ဟူ၍ပင်။
မိသားစုဝင်တွေက အလောင်းလာထုတ်တဲ့ ပုံမှန် လုပ်ထုံးလုပ်နည်းတွေ အတိုင်းဆို လုံလောက်ပြီလေ...။
ဝမ်ချန်၏ အဒေါ်ကိုယ်စား လာရောက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လီယီတောင်းဘက်မှ သက်သေပြနိုင်သရွေ့ ဆေးရုံဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်သည်။
လီဟွေ့ နှင့် သူ၏ အဖွဲ့က ဝမ်ချန် မိသားစု၏ ထူးဆန်းသည့် အခြေအနေများကို သိရှိထားကြပြီး ဖြစ်၏။ တရားဝင် မိသားစုဝင် ဆို၍ ဝမ်ချန်၏ အဒေါ် တစ်ယောက်တည်းသာ ရှိပြီး သူမ၏ ထူးခြားသည့် အခြေအနေကို ထည့်တွက်ကြည့်မည် ဆိုလျှင် အလောင်းထုတ်ယူရန် အတွက် လီယီတောင်း ကို ကိုယ်စားလှယ် အဖြစ် စေလွှတ်ခြင်းက လုံးဝ ယုတ္တိတန်လှပေသည်။
ရင်ခွဲစစ်ဆေးခြင်းက ပုံမှန် လုပ်ထုံးလုပ်နည်း တစ်ခု ဖြစ်သော်လည်း ယခု အခြေအနေ တစ်ခုလုံးက ယုတ္တိမတန်သလို ထူးဆန်းလွန်းနေခဲ့လေပြီ။
ရင်ခွဲစစ်ဆေးမှုကို လုပ်မည် ဆိုလျှင်တောင် နာမည်ခံ သက်သက်သာ ဖြစ်ပေလိမ့်မည်။
ဤအနေအထားတွင် လုပ်ထုံးလုပ်နည်းများကို လိုက်နာခြင်း၊ မလိုက်နာခြင်းက သိပ်ပြီး အရေးမပါတော့သလိုပင်။
နောက်ဆုံး ရလဒ် ကတော့ လီယီတောင်းက ဝမ်ချန်၏ အလောင်းကို သယ်သွားမည် ဖြစ်ပြီး အလောင်းသယ်ကား တစ်စီး ရောက်ရှိလာကာ ကူညီ သယ်ဆောင်ပေးနိုင်ရန် ဆေးရုံနှင့် လီဟွေ့ တို့ ကြိုတင် ညှိနှိုင်းထားပြီး ဖြစ်လေသည်။
မနက် ခြောက်နာရီ ကျော်ကျော်လေးမှာတင် ဆေးရုံက အဝင်အထွက်တွေနှင့် ရှုပ်ယှက်ခတ်နေလေပြီ။
ဤနေရာတွင် ရရှိနိုင်သည့် ကုသစောင့်ရှောက်မှု အဆင့်အတန်းကတော့ ငွေကြေးသုံးစွဲနိုင်မှု အပေါ် မူတည်ပြီး ကွာခြားလှ၏။
လူတစ်ယောက် နောက်ဆုံး အချိန်ကို ရောက်လာတဲ့အခါ ငွေကြေးတတ်နိုင်သူတွေက နောက်ထပ် ရက်အနည်းငယ်လောက် အသက်ဆက်ရှင်ဖို့ တတ်နိုင်ပေမဲ့... ငွေကြေး မပြည့်စုံတဲ့ သူတွေကတော့ အိမ်ပြန်ပြီး ရက်အနည်းငယ်လောက်ပဲ နေဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိကြဘူးလေ...။
မည်သို့ပင် ဆိုစေကာမူ ဆေးရုံ ဆိုသည်မှာ ကုသပေးခြင်းနှင့် မျှော်လင့်ချက်များ ပေးစွမ်းသည့် နေရာသက်သက်သာ မဟုတ်ပေ။
တစ်သက်လုံး စုဆောင်းလာခဲ့သမျှ ငွေကြေးတွေ အားလုံး ပြောင်သလင်းခါသွားနိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်၏။
ကိုယ့်ကျန်းမာရေးကို သေချာ ဂရုစိုက်ပြီး ဆေးရုံစရိတ်တွေကို တတ်နိုင်သမျှ ရှောင်ရှားခြင်းကသာ အထူးအရေးကြီးဆုံးနှင့် အကောင်းဆုံးသော ရွေးချယ်မှုပင် ဖြစ်ပေသည်။
ဆေးရုံထဲက ရင်ခွဲရုံကတော့ ကြက်သီးထစရာ ကောင်းပြီး အေးစက်စက် လေထုကို ပေးစွမ်းနေလေသည်။
လီယီတောင်းက သူ့ရဲ့ 'ဝိညာဉ် ရှာဖွေခြင်း' စွမ်းရည်ကို ပိတ်ထားလိုက်သည်။ မသိနားမလည်နိုင်သည့် အရာများကို အလိုလို ခံစားသိရှိနေရခြင်းမှ ရှောင်လွှဲလို၍ပင်။ သူက အရာများစွာကို အလိုလို ခံစားသိရှိနိုင်သော်လည်း တိုက်ရိုက် မကြုံတွေ့ရခြင်းက ပိုကောင်းမည်ဟု သူ တွေးလိုက်မိ၏။
ကံကောင်းသည်က 'ဝိညာဉ် ရှာဖွေခြင်း' စွမ်းရည်ကို မကြာခဏ အသုံးပြုလာသည်နှင့်အမျှ သူ့သဘောအတိုင်း အဖွင့်အပိတ် လုပ်နိုင်လာခဲ့ခြင်းပင်။ ဆိုလိုသည်မှာ ဤစွမ်းရည် အသုံးပြုခြင်းမှ ထွက်ပေါ်လာသည့် မသိစိတ်၏ ခံစားချက်များကို သူ ထိန်းချုပ်နိုင်လာခြင်း ဖြစ်၏။
သို့သော် ဤသို့ ထိန်းချုပ်ထားနိုင်သည့်တိုင် ရင်းနှီးနေသည့် ခံစားချက် တစ်ခုကြောင့် လီယီတောင်း တစ်ယောက် မသိစိတ်မှပင် ထိုနေရာဆီသို့ လှမ်းကြည့်လိုက်မိလေသည်။
ဝမ်ချန်...။
ဝိညာဉ် ရှာဖွေခြင်း စွမ်းရည်ကို မသုံးဘဲနှင့်ပင် ဝမ်ချန်၏ အလောင်း ရှိနေသည်ကို သူ ခံစားသိရှိနိုင်လေသည်။ အလောင်းကို အအေးခန်း တစ်ခုထဲတွင် ထားရှိပြီး တာဝန်ခံနှင့် စကားပြောပြီးနောက် အထဲဆုံး အံဆွဲဆီသို့ သွားနေကြသည်ကို လီယီတောင်း ကြည့်နေလိုက်၏။
တာဝန်ခံက အံဆွဲကို ဖွင့်ကာ ဝမ်ချန်၏ အလောင်းကို ဆွဲထုတ်လိုက်ပြီး... " ဒီမှာ လက်မှတ်ထိုးပြီး ယူသွားလို့ ရပါပြီ... " ဟု ပြောလိုက်သည်။ စကားပြောရင်းနှင့်ပင် တာဝန်ခံက သူ၏ လက်ထဲမှ ပန်ကိတ်ကို တစ်ကိုက် ကိုက်စားလိုက်သေး၏။ သူ့မနက်စာ ဖြစ်မှန်း သိသာလှပေသည်။
ထိုလုပ်ရပ်ကို ကြည့်ရင်း လီယီတောင်း တစ်ယောက် အနည်းငယ် ပျို့တက်သွားသလို ခံစားလိုက်ရသည်။ အကယ်၍ သူသာ စိတ်မခိုင်လျှင် အန်ချမိသွားလောက်လေပြီ။
လွှဲပြောင်းမှု ပြီးဆုံးသွားသည်နှင့် ဝမ်ချန်၏ အလောင်းကို အလောင်းသယ်ကားပေါ်သို့ အလျင်အမြန် တင်ဆောင်လိုက်ကြသည်။ အရာအားလုံးက ထူးထူးခြားခြားကို ချောမွေ့နေခဲ့၏။
ပုံမှန် အခြေအနေမျိုးမှာ ဆိုလျှင် နောက်တစ်ဆင့်က ဝမ်ချန်၏ အလောင်းကို မီးသင်္ဂြိုဟ်မည့် နာရေးကူညီမှု အသင်းဆီသို့ တိုက်ရိုက် သွားရမည် ဖြစ်သည်။ နာရေးကူညီမှု အသင်းကိုလည်း ကြိုတင် ဘိုကင် လုပ်ထားပြီး ဖြစ်ကာ ထိုနေရာတွင် လီယီတောင်း သိကျွမ်းသူ အချို့လည်း ရှိနေလေသည်။
သို့သော်...
အလောင်းသယ်ကားလေး ထွက်ခွာရန် စတင် ရွေ့လျားလိုက်ချိန်မှာပင် ကားက ရုတ်တရက် စက်သေသွားလေသည်။
ကားသမားက ခဏမျှ ကြောင်အမ်းအမ်း ဖြစ်ပြီးနောက် ကားစက်ကို ပြန်နှိုးရန် ကြိုးစားလိုက်သည်။ သို့သော် စက်နှိုးပြီး နှစ်စက္ကန့် အတွင်းမှာပင် ထပ်မံ၍ စက်သေသွားပြန်၏။
ထိုသို့ဖြင့် ငါးကြိမ်၊ ခြောက်ကြိမ်ခန့် အထပ်ထပ်အခါခါ ဖြစ်နေတော့သည်။
ကားသမား၏ မျက်နှာက တဖြည်းဖြည်း မည်းမှောင်လာပြီး ဘေးမှ လုပ်ဖော်ကိုင်ဖက် ဖြစ်သူမှာလည်း ပို၍ပင် လေးနက် တည်ကြည်လာတော့၏။
သတ္တိ အကောင်းဆုံး ဖြစ်သင့်သည့် သူတို့အတွက်ပင် ဤအခြေအနေမျိုးကို လက်ခံရန် ခက်ခဲနေလေသည်။ စိတ်မချမ်းမြေ့စရာ ကိစ္စများနှင့် အတော်လေး ရင်းနှီးနေခဲ့သည့်တိုင် ယခုဖြစ်ရပ်ကတော့ လျစ်လျူရှုရန် ခက်လွန်းလှပေသည်။
ဤသို့သော အခြေအနေမျိုးတွင် " မယုံတာထက်စာရင် ယုံလိုက်တာက ပိုကောင်းတယ် " ဆိုသည့် စကားက အမှန်တကယ်ပင် အသက်ဝင်နေလေသည်။
" ဝုန်း " ဆိုသည့် ကျယ်လောင်သော အသံကြီး တစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
ရုတ်တရက်...
ကားသမားက စက်ကို ထပ်နှိုးရန် ကြိုးစားလိုက်ချိန်မှာပင် ကားတစ်စီးလုံး တုန်ခါသွားကာ ကျယ်လောင်သည့် အသံကြီး တစ်ခု မြည်ဟီးသွား၏။
လီယီတောင်း အပါအဝင် ကားပေါ်ရှိ လူအားလုံး ချွေးစေးများပင် ထွက်လာကြတော့သည်။ အထူးသဖြင့် ကားသမားနှင့် အခြား ဝန်ထမ်း တစ်ယောက်ပင်။
သူတို့ အချင်းချင်း ကြည့်လိုက်ကြပြီး တံတွေး မြိုချလိုက်ကြသော်လည်း စကားတစ်ခွန်းမှတော့ မဟခဲ့ကြပေ။ သူတို့၏ မျက်နှာ အမူအရာများက အရာအားလုံးကို ပြောပြနေလေပြီ။
" ဘယ်... ဘယ်လို လုပ်ကြမလဲ... "
သူတို့က လီယီတောင်း ဘက်သို့ အကြည့်လှည့်ကာ မေးလိုက်ကြသည်။
ဤသူ နှစ်ယောက်ကို တပ်ဖွဲ့ ၃၆ က အထူးစီစဉ် ရွေးချယ်ပေးခဲ့ခြင်း ဖြစ်၏။ သူတို့ထဲမှ တစ်ယောက်က တပ်ဖွဲ့ ၃၆ ၏ အပြင်စည်း အဖွဲ့ဝင် တစ်ယောက်ပင် ဖြစ်လေသည်။ သို့သော် သူက တချို့သော ကိစ္စများနှင့် ပတ်သက်ပြီး အတော်လေး အတွေ့အကြုံရှိကာ သိနားလည်ထားသူ ဖြစ်၏။
ဤသို့သော အခြေအနေမျိုး အောက်တွင် တစ်ခုခု လွဲချော်နေပြီ ဆိုသည်ကို သူ သိလိုက်လေပြီ။
လက်ရှိ အခြေအနေက သူတို့ ဖြေရှင်းနိုင်စွမ်းထက် ကျော်လွန်နေခဲ့ပြီလေ။
သူတို့က လီယီတောင်း၏ စွမ်းအားနှင့် လုပ်နိုင်စွမ်းများကို သိရှိထားကြသဖြင့် သဘာဝကျကျပင် သူ့ထံမှ ဖြေရှင်းနည်း တစ်ခုခု ရနိုင်မလား ဆိုသည့် မျှော်လင့်ချက်ဖြင့် အကူအညီ တောင်းသည့် အကြည့်များဖြင့် ကြည့်လိုက်ကြခြင်း ဖြစ်၏။
သို့သော် လီယီတောင်း မျက်မှောင်ကြုတ်သွားလေသည်။
သူက ဝမ်ချန်၏ အလောင်းကို လှမ်းကြည့်လိုက်ပြီး 'ဝိညာဉ် ရှာဖွေခြင်း' စွမ်းရည်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်၏။
ဟာလာဟင်းလင်းကြီး...
ဘာမှ မရှိဘူး...။
***