ဝိညာဉ် တစ်ခုမှ မရှိဘူး ဟုတ်လား...။ အဲဒါတင် မကသေးဘူး... စွမ်းအင် အငွေ့အသက် လုံးဝကို မရှိတာ...။
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ကားသမားနှင့် အခြား ဝန်ထမ်းကို ကြည့်လိုက်သည်။
" ကားပေါ်က ဆင်းကြရအောင်... ဒီထဲမှာ တစ်ခုခု မှားနေပြီ... "
" ကောင်းပါပြီ... "
ကားတံခါးများကို ဖွင့်ရန် ပြင်လိုက်ကြသည်။ သို့သော် ထူးဆန်းစွာပင် ကားတံခါးများက ပွင့်မလာခဲ့ပေ။
" ဟူး... "
လီယီတောင်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။
သူ့မျက်နှာ အမူအရာက တဖြည်းဖြည်း ပိုမို လေးနက်လာတော့၏။
ကားတံခါးတွေက ဖွင့်မရဘူးလား...။
ကား အပြင်ဘက်မှာ တစ်ခုခု မှားယွင်းနေတာ သေချာပြီ...။
သူက အပြင်ဘက်ကို ကြည့်ရန် 'ဝိညာဉ် ရှာဖွေခြင်း' စွမ်းရည်ကို အသုံးပြုရန် ကြိုးစားလိုက်သည်။
သေချာပေါက်ပင်။ အပြင်ဘက်တွင် အမည်းရောင် မြူခိုးများ ရစ်သိုင်းနေသည်ကို တွေ့လိုက်ရပြီး အဖြူရောင် မြူခိုး အချို့ကိုလည်း တွေ့လိုက်ရ၏။
သို့သော် ထိုအဖြူရောင် မြူခိုးများက အမည်းရောင် မြူခိုးများကို တားဆီးနေပုံရသည်။ ဤမြင်ကွင်းကို ကြည့်ရင်း လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်မိသည်။
သူ့မျက်နှာ အမူအရာက နားမလည်နိုင်မှုများဖြင့် ပြည့်နှက်သွားလေသည်။
ဒီ အဖြူရောင် မြူခိုးတွေက ဘာတွေလဲ...။ ဘာလို့ အမည်းရောင် မြူခိုးတွေကို တားဆီးနေတာလဲ...။
အမည်းရောင် မြူခိုးများထံမှ လုံးဝ ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များကို သူ ခံစားနေရ၏။
ဒါပေမဲ့ အဖြူရောင် မြူခိုးတွေကရော... သူတို့က ဘယ်လို အရာတွေလဲ...။
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ သူ နားမလည်နိုင်သည်မို့ ဆက်မတွေးနေတော့ရန် ဆုံးဖြတ်လိုက်၏။
'ဝိညာဉ် စုစည်းခြင်း' စွမ်းရည်ကိုသာ တိုက်ရိုက် အသုံးပြုလိုက်လေသည်။
တစ်ဖက်လူ၏ စွမ်းအင် အငွေ့အသက်ကို ကြည့်ရုံဖြင့် စဉ်းစားနေစရာပင် မလိုတော့ကြောင်း သူ သိလိုက်၏။
ဒါတွေက သရဲတစ္ဆေတွေပဲ ဖြစ်ရမယ်...။
'ဝိညာဉ် စုစည်းခြင်း' စွမ်းရည် အသက်ဝင်သွားသည်နှင့် တပြိုင်နက်... အံ့သြစရာကောင်းသည့် အရာတစ်ခု ဖြစ်ပေါ်လာလေသည်။
သူ့ရှေ့ရှိ အမည်းရောင် မြူခိုးများက... တကယ်တော့ သရဲတစ္ဆေ တစ်ကောင်တည်း မဟုတ်ပေ။ အများအပြား ရှိနေ၏။
ပို၍ တိတိကျကျ ပြောရလျှင်တော့... ဖရိုဖရဲ ဖြစ်ပြီး မပြည့်စုံသည့် သရဲတစ္ဆေ အမြောက်အမြားပင်။
'ဝိညာဉ် စုစည်းခြင်း' ၏ အာနိသင်ကြောင့် သူတို့၏ သတိက ခေတ္တ ပြန်လည် ဝင်ရောက်လာကြသည်။ သူတို့က ပတ်ဝန်းကျင်ကို အူကြောင်ကြောင်ဖြင့် ကြည့်နေကြ၏။ သူတို့ ဘာကြောင့် ဒီနေရာကို ရောက်နေလဲ၊ ဘာကြောင့် ပြန်ရောက်လာတာလဲ ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေကြသည်။
အဖြူရောင် မြူခိုးလေးကတော့ တဖြည်းဖြည်း ပုံသဏ္ဍာန် ပေါ်လာလေသည်။
အရိပ်က တဖြည်းဖြည်း ထင်ရှားလာ၏။ လီယီတောင်း သတိထားမိလိုက်သည်မှာ... ဤအဖြူရောင် အရိပ်က အခြားသူ မဟုတ်ဘဲ ဝမ်ချန်ပင် ဖြစ်နေလေသည်။
လီယီတောင်း၏ အကြည့်ကို ခံစားမိ၍လား၊ သို့မဟုတ် လီယီတောင်း သူ့ကို ကြည့်နေသည်ကို သိ၍လား မသိ... ဝမ်ချန် ကလည်း လီယီတောင်း ကို ပြန်ကြည့်လာလေသည်။
သူ့မျက်လုံးများထဲတွင် နားမလည်နိုင်သည့် အရိပ်အယောင်များ ပါဝင်နေ၏။
ယခင်ကတော့ သူက သူ့အလောင်း နောက်ကို မသိစိတ်ဖြင့် လိုက်လာခဲ့ခြင်းသာ ဖြစ်သည်။
ထို့နောက် အခြားသော သရဲတစ္ဆေများက သူ့အလောင်းဆီသို့ ချဉ်းကပ်လာကြချိန်တွင် သူက အလိုလို တုံ့ပြန်လိုက်ခြင်း ဖြစ်၏။
သူက လီယီတောင်းကို ကာကွယ်ပေးနေခြင်း မဟုတ်ဘဲ သူ့အလောင်းကိုသာ ကာကွယ်နေခြင်း ဖြစ်လေသည်။
'ဝိညာဉ် စုစည်းခြင်း' စွမ်းရည်ကို အသုံးပြုလိုက်သဖြင့် လက်ရှိ အခြေအနေကို လီယီတောင်း သဘောပေါက်သွားလေပြီ။
ပတ်ဝန်းကျင်ရှိ ဝိညာဉ်များ ငြိမ်ကျသွားပြီး သူတို့ကို ဆက်မတိုက်ခိုက်တော့သည့် အခါတွင် ကားသမားနှင့် အခြား ဝန်ထမ်းကို သူ လှမ်းကြည့်လိုက်သည်။
" ကားပေါ်က ဆင်းပြီး ဘီးသွားလဲကြ... "
သူတို့ ကားဘီး တစ်ဘီး ပေါက်သွားခဲ့ပြီ မဟုတ်လား။
သေချာပေါက် လဲမှ ရမည်။
သူ တကယ်ကို ချက်ချင်း ထွက်သွားချင်နေပြီ ဖြစ်၏။
ပုံမှန်အားဖြင့် ဆေးရုံများရှိ သရဲတစ္ဆေများက သတ်မှတ်ထားသည့် နေရာတစ်ခု အတွင်းမှာသာ လှည့်လည်သွားလာလေ့ ရှိကြသည်။
သူတို့က ဒီလိုမျိုး စုဝေးနေတတ်လေ့ မရှိပေ။
ဒါပေမဲ့ အခုတော့... သူတို့က ဒီနေရာမှာ စုဝေးနေကြပြီး ဒါက လုံးဝကို ပုံမှန်မဟုတ်မှန်း သေချာနေလေပြီ။
ဒီကိစ္စကို ဘယ်သူမှ ဝင်မပါထားဘူးလို့ ပြောရင် လီယီတောင်း လုံးဝ ယုံမည် မဟုတ်ပေ။
တစ်ယောက်ယောက်က ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားခဲ့တာပဲ...။
ဥပမာအားဖြင့် ဒီသရဲတစ္ဆေတွေကို စုစည်းဖို့ အထူး နည်းလမ်းတချို့ကို အသုံးပြုခဲ့တာမျိုးပေါ့...။
မေးစရာ ရှိတာက... သူတို့ အဲဒီလို လုပ်ရတဲ့ အဓိပ္ပာယ်က ဘာလဲ...။
ကြောက်သွားအောင် သက်သက် လုပ်တာလား...။
လီယီတောင်း အတွက်ကတော့ ဒီဝိညာဉ် အသေးအမွှားလေးတွေက ဘာမှ အရေးမပါဘူးလေ...။
'ဝိညာဉ် ဖမ်းဆီးခြင်း' စွမ်းရည်ကို မသုံးရင်တောင် တစ်ဖက်လူက သူ့ကို ခြိမ်းခြောက်နိုင်လောက်တဲ့ စွမ်းရည် ရှိချင်မှ ရှိမှာပဲ...။
သို့သော်... လီယီတောင်းတို့ ကားဘီးလဲရန် ကားပေါ်မှ ဆင်းလိုက်ချိန်မှာပင်... ရုတ်တရက်... ဆေးရုံ ဂိတ်ပေါက် အပြင်ဘက်... လက်ရှိ သူတို့ ရှိနေသည့် နေရာသို့ လူအုပ်ကြီး တစ်အုပ် အလုံးအရင်းနှင့် ဝင်ရောက်လာလေသည်။
သတင်းထောက် အများအပြား ရုတ်တရက် ရောက်လာကြခြင်းပင်။ လီယီတောင်း ခဏတာ မှင်သက်သွား၏။
ဒီသတင်းထောက်တွေက ဘယ်လိုလုပ် အထဲရောက်လာတာလဲ...။
ကြည့်ရတာ ငါ့ဆီကို တမင် လာတာများလား...။
သူ စဉ်းစားနေစဉ်မှာပင် ရှေ့ဆုံးမှ ပြေးလာသည့် သတင်းထောက်က လီယီတောင်း၏ ပါးစပ်နားသို့ မိုက်ခရိုဖုန်းကို ထိုးပေးလိုက်လေပြီ။
သတင်းထောက်၏ နှုတ်ခမ်းထောင့်မှ လှောင်ပြုံးတစ်ခုကို လီယီတောင်း မြင်ဖြစ်အောင် မြင်လိုက်သေး၏။
သူ့အကြည့်ကလည်း အနည်းငယ် လှောင်ပြောင်နေသလိုပင်။
စဉ်းစားနေစရာပင် မလိုတော့ပေ...။
ဒီကောင်က တမင် စီစဉ်ထားတာ သေချာတယ်...။
သူ့နောက်က သတင်းထောက် အများစုကလည်း တမင် စီစဉ်ခံထားတာ ဖြစ်နိုင်တယ် မဟုတ်လား...။
တချို့က လှည့်စားခံရပြီး ရောက်လာတာ ဖြစ်နိုင်သလို၊ တချို့ကတော့ ပိုက်ဆံ ရလို့ လာကြတာ ဖြစ်နိုင်ပေသည်။
ဘာပဲဖြစ်ဖြစ်... ဒီနေ့ အခြေအနေက တမင် ဖန်တီးထားတာ သေချာတယ်။
လီယီတောင်း၏ မျက်နှာ အမူအရာက တဖြည်းဖြည်း မည်းမှောင်လာတော့သည်။
ဘယ်သူက ဒီလောက် အောက်တန်းကျတဲ့ နည်းလမ်းကို သုံးရတာလဲ...။
ဒီသတင်းထောက်တွေကို သူ့ဆီ အင်တာဗျူးဖို့ လွှတ်ရတဲ့ အဓိပ္ပာယ်က ဘာလဲ...။
ဒါက အင်တာဗျူး သက်သက်ပဲလေ...။
သူ့ဆီက အသားတစ်တုံး ပဲ့ပါသွားမှာလည်း မဟုတ်သလို၊ သူ့ကို ဒုက္ခရောက်စေမှာလည်း မဟုတ်ဘူး...။
အင်တာနက်ပေါ်မှာ လူထု သဘောထား အမြင်တချို့ ဖန်တီးချင်လို့များလား...။
ဒီဖြစ်နိုင်ခြေကို တွေးမိတော့ လီယီတောင်း စကားမပြောနိုင်အောင် ဖြစ်သွားမိသည်။
ထိုအချိန်မှာပင် ပထမဆုံး သတင်းထောက်က စကားစပြောလာလေသည်။
" မစ္စတာ လီယီတောင်း... မစ္စတာ ဝမ်ချန်ရဲ့ သေဆုံးမှု အပေါ် ဘယ်လို ထင်မြင်ချက် ရှိပါသလဲ... ခင်ဗျား သူ့ကို သတ်လိုက်တဲ့ အချိန်တုန်းက ခင်ဗျား ရင်ထဲမှာ နောင်တ တစ်ခုခုများ ရခဲ့သေးလား... ပြီးတော့ အင်တာနက်ပေါ်မှာ ခင်ဗျား ကျိန်စာတိုက်လို့ သေဆုံးသွားခဲ့ရတဲ့ လူတွေအတွက်ရော... အပြစ်ရှိသလို ခံစားရတာမျိုးရော မရှိဘူးလား... "
လီယီတောင်း ဆွံ့အသွားလေသည်။
သတင်းထောက် တစ်ယောက်က ပါးစပ်ထဲ ရှိရာ လျှောက်ပြောလို့ ရတာလား...။
ရောက်လာတာနဲ့ ငါက ဝမ်ချန်ကို သတ်ခဲ့တယ် လို့ ပြောရဲတယ်ပေါ့...။
လီယီတောင်း စကားမပြန်ဘဲ တစ်ဖက်လူကို အေးစက်စက်သာ စိုက်ကြည့်နေလိုက်သည်။
ယခုအချိန်တွင် သူ စကားမှားပြောလိုက်လျှင် တစ်ဖက်လူက အသံဖမ်းသွားနိုင်သည်ကို သူ သိထားလေသည်။
တစ်ဖက်လူ ဘာလုပ်ချင်လဲ ဆိုတာကိုတော့ သူ မသိသေးပေ။
ဒါပေမဲ့… ပွဲဆူအောင် လုပ်ရုံသက်သက်တော့ မဟုတ်တာ သေချာတယ်… ဒီထက် ပိုတဲ့ ရည်ရွယ်ချက်တွေ ရှိနေမှာ…။
ထိုသို့ဖြင့် ကင်မရာ တဖြတ်ဖြတ် ရိုက်သံများမှလွဲ၍ လီယီတောင်းနှင့် တစ်ဖက်လူတို့က အသံတိတ် ဆယ်စက္ကန့်ကျော်ကြာ အချင်းချင်း စိုက်ကြည့်နေခဲ့ကြသည်။ သတင်းထောက်က ထပ်မံ စကားစလာပြန်၏။
" မစ္စတာ လီယီတောင်း... ခင်ဗျား ကျွန်တော့် မေးခွန်းကို မဖြေဘူး ဆိုတော့... ခင်ဗျား ဝန်ခံတယ်လို့ မှတ်ယူလိုက်လို့ ရမလား... "
' ဝန်ခံတယ်... မင်း ဘွားအေကို ဝန်ခံလိုက်... '
လီယီတောင်း စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
သတင်းထောက်က ဤသို့ ပြောလိုက်ချိန်တွင်ပင် ပတ်ဝန်းကျင်ရှိ သတင်းထောက် တစ်ဝက်ခန့်က နားမလည်နိုင်သည့် အမူအရာများ ဖြစ်သွားကြလေသည်။
ဒီ ဇာတ်ညွှန်းက အရင် တိုက်ထားသလို မဟုတ်ဘူးလေ...။
" ကောင်းပါပြီ... မစ္စတာ လီယီတောင်း... ဒီနေ့ ဆေးရုံကို လာရတဲ့ ခင်ဗျားရဲ့ စိတ်နေစိတ်ထားက ဘယ်လိုများ ရှိပါသလဲ... ခင်ဗျား အနောက်မှာ ရှိနေတာ မစ္စတာ ဝမ်ချန်ရဲ့ အလောင်းပဲ မဟုတ်လား... သူ သေသွားပြီးတာတောင် ခင်ဗျားက သူ့ကို အလွတ်မပေးသေးဘူးလား... "
ဤမေးခွန်းကို မေးလာသည့် သတင်းထောက်ကို ကြည့်ရင်း လီယီတောင်း နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားလေသည်။
' မင်းတို့က ကစားချင်နေတယ် ဆိုမှတော့... ဒီနေ့ မင်းတို့နဲ့ အတူတူ ငါ ကစားပေးလိုက်မယ်... '
ပတ်ဝန်းကျင်ရှိ သတင်းထောက် အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ယခုလေးတင် စကားပြောခဲ့သည့် သတင်းထောက်ကို ဖြည်းညင်းစွာ လှမ်းကြည့်လိုက်သည်။
ထို့နောက် သူ၏ မျက်နှာ အမူအရာက တဖြည်းဖြည်း အေးစက်လာပြီး နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားအာ ကျောချမ်းဖွယ် အသံဖြင့် ပြောလိုက်လေသည်။
" အင်း... ခင်ဗျားတို့... ကျွန်တော် Follow တာကို လိုချင်နေကြတာလား... "
***