စာဖတ်သူများသို့ ပန်ကြားခြင်း “ လီယီတောင်း စာစဉ်ကို ရေးလာရင်း တဝက်လောက် အရောက်မှာပဲ MTL ဖြစ်နေတာ ကြုံခဲ့ရပါတယ်။ အဲဒီအပိုင်းတွေ ဇာတ်လမ်းကို စာဖတ်သူများ ချောချောမွေ့မွေ့ ဖတ်နိုင်အောင် လိုအပ်တာတွေ ပြင်ဆင်ဖြည့်စွက် ရေးသားခဲ့ပါတယ်။ အခု ဇာတ်သိမ်းဖို့ နီးလာတဲ့ အပိုင်းတွေ တလျှောက်မှာ MTL က ပိုဆိုးလာပါတယ်။ စာကြောင်း တဝက်တပျက်တွေ၊ အဆက်အစပ် မရှိတာတွေ ဖြစ်လာပါတယ်။ ပြီးတော့ ဇာတ်လမ်းက မြှုပ်ကွက်တွေနဲ့ ရှုပ်နေပါတယ်။ ဒီဟာတွေကို ကျနော် တတ်စွမ်းသလောက် ပြင်ဆင်ဖြည့်စွက်ထားပါတယ်။ တချို့နေရာတွေမှာ အရမ်းထောက်နေတဲ့အတွက် စကားပြော အသုံးပြုပြီး စာအသွားအလာ ချောအောင် ရေးသားထားပါတယ်။ စာဖတ်သူများ အဆင်ပြေပြေ ဖတ်ရှုနိုင်အောင် အတတ်နိုင်ဆုံး ရေးသားထားပါတယ်။ ဇာတ်လမ်း တချို့နေရာတွေမှာ အဆက်အစပ် မမိနေတာမျိုး၊ ဇာတ်လမ်း ရှုပ်ထွေးနေတာမျိုး ရှိရင် နားလည်ခွင့်လွှတ်ပေးဖို့ တောင်းပန်အပ်ပါတယ်ခင်ဗျာ့။ “ ……………………………………………………………………………………………………………………………………………
လီယီတောင်း စကားကြောင့် နေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
လူတိုင်းက လီယီတောင်းကို မယုံနိုင်စွာဖြင့် ကြည့်နေကြ၏။
လူတိုင်း၏ မျက်နှာ အမူအရာများကို ကြည့်ပြီး လီယီတောင်း အတော်လေး ကျေနပ်သွားသည်။
ဒါက သူ လိုချင်တဲ့ ရလဒ်ပဲလေ...။
ဘယ်သူမှ စကားဆက်မပြောခင်မှာပင် သူက ပြုံးလျက် ဆက်ပြောလိုက်သည်။
" အားလုံးကို နောက်နေတာပါ... ခုနက သတင်းထောက် မိတ်ဆွေ ဘာမေးလိုက်လဲ ဆိုတာ ကျွန်တော် သေချာ မကြားလိုက်လို့ပါ... တစ်ယောက်ယောက်များ ပြောပြပေးလို့ ရမလား... "
ထိုသို့ ပြောနေစဉ်မှာပင် ခုနက စကားပြောခဲ့သည့် သတင်းထောက်ကို သူက အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။
ထို့ပြင် 'သေဆုံးမှု စုံစမ်းစစ်ဆေးခြင်း' စွမ်းရည်ကို အသုံးပြုထားပြီး ဖြစ်၏။
အကယ်၍ တစ်ဖက်လူကသာ ထူးဆန်းသည့် အပြုအမူ တစ်ခုခု လုပ်ပြလာလျှင်၊ သို့မဟုတ် စကား နောက်တစ်ခွန်း ထပ်ပြောလာလျှင်... စကားပြောမည့် အရိပ်အယောင်လေး ပြလိုက်သည်နှင့် သေမင်း ဓားသွားကို သုံးပြီး တစ်ဖက်လူကို ချက်ချင်း ရှင်းပစ်ရန် တစ်စက်လေးမျှ တွန့်ဆုတ်နေမည် မဟုတ်ပေ။
ဒီ သတင်းထောက်ကို သတိပေးချက် တစ်ခု အနေနဲ့ သုံးရလိမ့်မယ်...။
‘ ကျွန်တော် ကျိန်စာတိုက်လို့ လူတွေ သေကုန်တယ် ဆိုတာ ဘယ်လို ခံစားရလဲလို့ ခင်ဗျားက မေးတယ် မဟုတ်လား... အခုချက်ချင်းပဲ အဲဒီခံစားချက်ကို ကိုယ်တိုင် ခံစားကြည့်ခိုင်းလိုက်မယ်… ‘
လီယီတောင်း စိုက်ကြည့်နေသည်ကို ခံရသဖြင့် စောစောက စကားပြောခဲ့သည့် သတင်းထောက် မျက်လုံးများထဲတွင် ရှောင်လွှဲလိုသည့် အရိပ်အယောင်များ ဖြတ်ပြေးသွားလေသည်။
လီယီတောင်းရဲ့ စွမ်းအားတွေကို သူ ဘယ်လိုလုပ် ခံနိုင်ရည် ရှိမှာလဲ...။
ထို့ကြောင့် လီယီတောင်းက ဤကဲ့သို့သော လေသံမျိုးဖြင့် ပြောပြီး သူ့ကို ထိုသို့ စိုက်ကြည့်လာသောအခါ သူ တကယ်ကို ပြာယာခတ်သွားတော့သည်။
သို့သော် မစ်ရှင်သာ ကျရှုံးသွားပါက သူ ရင်ဆိုင်ရမည့် ပြစ်ဒဏ်များကို တွေးမိလိုက်သည်။
ဖြစ်လာနိုင်သည့် အကျိုးဆက်များကို တွေးမိပြီးနောက် ပရော်ဖက်ရှင်နယ် တစ်ယောက်ပီပီ သူ အံကို တင်းတင်း ကြိတ်လိုက်၏။
ထို့ကြောင့် ဟန်ဆောင်အပြုံးတစ်ခုကို ဖန်တီးကာ... " မစ္စတာလီက ခုနက ကျွန်တော့် မေးခွန်းကို သေချာ သတိမထားမိလိုက်ဘူး ထင်ပါတယ်... "
" ကျွန်တော် ဆိုလိုချင်တာက... မစ္စတာလီက ကျိန်စာ... "
" အွတ်... "
ရုတ်တရက်... 'ကျိန်စာ' ဆိုသည့် စကားလုံးကို ပြောလိုက်ချိန်မှာပင် သူ ချက်ချင်း စကားပြော၍ မရတော့ပေ။
သူ လုံးဝကို စကားပြောလို့ မရတော့ခြင်း ဖြစ်၏။ ရင်ဘတ်ထဲတွင်လည်း မွန်းကြပ်ကြပ် တစ်ဆို့ဆို့။
အသက်ရှူရ ခက်ခဲလာသည့် မွန်းကြပ်မှုမျိုးပင်။
" ဟူး... ဟူး... "
ငါးစက္ကန့်ပင် မပြည့်လိုက်၊ မြေကြီးပေါ်သို့ သူ ဘိုင်းကနဲ လဲကျသွားလေသည်။
ပတ်ဝန်းကျင်မှ မည်သူတစ်ဦး တစ်ယောက်ကမျှ သူ့အနားသို့ မကပ်ရဲကြပေ။
အားလုံး အလိုလိုပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြသေး၏။
ကျိန်စာသင့်ခံရမည်ကို ကြောက်သဖြင့် ထိုလူနှင့် မြန်မြန် ဝေးဝေးနေချင်ကြခြင်း ဖြစ်သည်။
ဤမြင်ကွင်းကို ကြည့်ပြီး လီယီတောင်း ပြုံးလိုက်၏။
‘ ဟက်ဟက်... ဒီသတင်းထောက်က သူ့ကို ငါ ဘာမှ မလုပ်ရဲဘူး ထင်နေတာပဲ… ‘
သေချာတာပေါ့...။
တကယ်လို့ ဒီသတင်းထောက်ကသာ ရိုးသား ဖြောင့်မတ်ပြီး ဘာအမှားမှ မလုပ်ထားတဲ့သူ ဆိုရင်... လီယီတောင်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူးလေ...။
သို့သော်...
ထိုသူကလည်း လူကောင်း မဟုတ်နေပေ။ ထို့ကြောင့် လီယီတောင်း သူ့အပေါ် 'သေမင်း ဓားကောက်' ကို အသုံးပြု၍ ရလေသည်။ သို့သော် သက်တမ်း အချို့တော့ ကုန်ဆုံးသွားလိမ့်မည်။
အင်း...
ကျန်နေတဲ့ သက်တမ်းရဲ့ ဆယ်ဆလောက် ကုန်ဆုံးသွားတာက သိပ်တော့ မများလှပါဘူးလေ...။
ဘာပဲဖြစ်ဖြစ် ဒီကောင့်မှာလည်း အသက်ရှင်ဖို့ ဆယ်နှစ်တောင် မကျန်တော့တာ...။
ဒီလောက် သက်တမ်း ကုန်ဆုံးခံရတာက တန်ပါတယ်လေ...။
ဒီကိစ္စတွေ အားလုံးကို နောက်ကွယ်ကနေ ကြိုးကိုင်နေသူ မရှိဘဲ ဘယ်နေမလဲ…။
ဒါပေမဲ့ ဘာအရေးလဲ...။
အရင်တက်လာတဲ့ကောင်တွေကို အရင် ရှင်းပစ်မယ်… နောက်က လူတွေက တဖြေးဖြေးပေါ့…။
ပတ်ဝန်းကျင်ရှိ လူများ၏ ကြောက်လန့်နေသော မျက်နှာ အမူအရာများကို ကြည့်ရင်း လီယီတောင်း၏ မျက်နှာပေါ်တွင် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း တစ်ခုမျှ မပေါ်လွင်နေပေ။ ပကတိ တည်ငြိမ်လျေက်။
သတိလစ်သွားသည့် သတင်းထောက်နှင့် အပေါင်းအပါ ဖြစ်ပုံရသည့် လူနှစ်ယောက်ကို သူ ကြည့်လိုက်သည်။
" သူ့ကို ဆေးရုံ မပို့ကြတော့ဘူးလား... "
လီယီတောင်း စကားကြောင့် ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာ အမူအရာများက ပိုမို ပျက်ယွင်းလာကြလေသည်။
ဒီလို အခြေအနေမျိုးမှာ... ဘာမှန်းမသိ… ညာမှန်းမသိ… ပိုက်ဆံရရင် ပြီးရော ဆိုပြီး လာတဲ့ သတင်းထောက်တွေ မကြောက်ပဲ နေမလားလေ…။
သူတို့ ချက်ချင်း လှည့်ပြီး ထွက်သွားကြတော့သည်။
ဟုတ်တယ်လေ… အစ်ကိုယီတောင်း ကသာ သူတို့ကို ပစ်မှတ်ထားလိုက်မယ် ဆိုရင် ၁၀ မိနစ် အတွင်း သေသွားနိုင်တယ်လေ...။
ကျန်နေခဲ့သည့် လူအနည်းငယ်ကတော့ မလှုပ်မယှက် ရပ်နေကြဆဲပင်။
သတိလစ်သွားသူနှင့် ပတ်သက်နေမှန်း သိသာလှသည့် လူနှစ်ယောက်သာ မျက်နှာ အမူအရာ ပြောင်းလဲသွားကြပြီး သူတို့ နားထဲရှိ နားကြပ်လေးကို လှမ်းကိုင်လိုက်ကြ၏။
တစ်ယောက်ယောက်က နားကြပ်ကနေ တစ်ဆင့် သူတို့နဲ့ ဆက်သွယ်နေတာ...။
သေချာပေါက် သူတို့ကို တစ်ခုခု ပြောဖို့ ညွှန်ကြားနေတာ ဖြစ်မည်။
လူနှစ်ယောက်က နေရခက်သည့် အမူအရာများဖြင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
နောက်ဆုံးတွင်တော့ အသက်အနည်းငယ် ပိုကြီးပုံရသည့် တစ်ယောက်က ရှေ့သို့ ထွက်လာလေသည်။
လီယီတောင်းကို တစ်ခုခု ပြောရန် ရည်ရွယ်ထားပုံရ၏။
လီယီတောင်းကလည်း ပြုံးလျက် လှမ်းကြည့်လိုက်သည်။
" ခင်ဗျားတို့ မိတ်ဆွေကို ကုဖို့ ဆရာဝန် အရင် မရှာချင်ဘူးလား... "
" ဒါမှမဟုတ် ခင်ဗျားတို့က မစ်ရှင် တစ်ခုခုနဲ့ လာတာမို့ ကျွန်တော့်ဆီကနေ အဖြေတစ်ခုခု ရကိုရမှ ဖြစ်မှာမို့လို့လား... "
***