" အင်း... တကယ်တော့ ခင်ဗျား စိတ်ပူစရာ မလိုပါဘူး... ကျွန်တော် ဒီမှာပဲ ရပ်နေတာပါ... ဘယ်မှလည်း ထွက်ပြေးလို့ မရပါဘူး... "
လီယီတောင်းက ပြုံးလျက် ဆက်ပြောလိုက်သည်။
သို့သော် သူ၏ ဤကဲ့သို့သော အပြုံးမျိုးက လူတိုင်း၏ အမြင်တွင်တော့ အနည်းငယ် ကြက်သီးထစရာ ကောင်းနေလေသည်။
စကားပြောရန် ပြင်နေသည့် လူက သက်ပြင်းတစ်ချက် ချလိုက်ပြီး အနည်းငယ် တွေဝေသွားကာ မြေကြီးပေါ်တွင် လဲကျနေသည့် သတင်းထောက်ကို လှမ်းကြည့်လိုက်မိ၏။ တကယ်တမ်းတွင် ယခု မြင်ကွင်းက တကယ်ကို ထူးဆန်းလွန်းလှပေသည်။
မြေကြီးပေါ်မှာ လဲနေတဲ့ လူက သေနေတဲ့ ပုံစံမျိုး...။
လူတိုင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး တချို့ဆိုလျှင် ထွက်ပင် ပြေးသွားကြလေပြီ။
ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာတောင် တစ်ယောက်ယောက်က မေးခွန်းတွေ မေးချင်နေသေးတယ်တဲ့လား...။
သူတို့ ဘာတွေ လိုချင်နေတာလဲ...။
အစ်ကိုယီတောင်း ဆီကနေ ရှင်းလင်းချက် တစ်ခုကို တကယ်ပဲ လိုချင်နေတာလား...။
ဒီလောက်အထိတောင် လုပ်ဖို့ လိုလို့လား...။
သို့သော် အခြေအနေက တကယ်ကို ထူးဆန်းလွန်းနေခဲ့လေပြီ။
ထိုစဉ် မလှမ်းမကမ်းမှ ဆရာဝန်များနှင့် သူနာပြု အချို့ အပြေးအလွှား ရောက်လာကြလေသည်။
ထွက်ပြေးသွားသည့် လူတစ်ယောက်က ဆေးရုံဝန်ထမ်းများကို အကြောင်းကြားလိုက်ခြင်း ဖြစ်နိုင်သလို တစ်ယောက်ယောက်က အရေးပေါ် ဖုန်းဆက်လိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။
ဘာပဲဖြစ်ဖြစ် ဒီမှာ လူတစ်ယောက် သေနေတာလေ...။
ထိုအချိန်မှာပင် အလောင်းသယ်ကား ကားသမားနှင့် အခြား ဝန်ထမ်း တစ်ယောက်တို့ ကားဘီး လဲပြီးသွားသည်ကို လီယီတောင်း သတိပြုမိလိုက်သည်။ သူတို့ကို ခေါင်းညိတ်ပြလိုက်ပြီး ထွက်သွားရန် အချက်ပြလိုက်၏။
လီယီတောင်း က တစ်ချက်လေးမျှ မတုံ့ဆိုင်းဘဲ လှည့်ကာ အလောင်းသယ်ကားပေါ်သို့ တက်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် အလောင်းသယ်ကား ပတ်ဝန်းကျင်ရှိ သရဲတစ္ဆေများ၏ ဝိညာဉ်များက တစ်ဖန် ပြန်လည် စုဝေးလာသည်ကို သူ သတိပြုမိလိုက်သည်။
ပြန်ပေါင်းစပ်ချင်နေတဲ့ ခံစားချက်မျိုး...။
ဝမ်ချန်၏ ဝိညာဉ်ကတော့ လီယီတောင်းတို့ နောက်မှ လိုက်လာပြီး ကားထဲသို့ ဝင်ရောက်လာခဲ့လေပြီ။
သူ့အလောင်းက ကားထဲမှာ ရှိနေတော့ အမြဲတမ်း စောင့်ရှောက်ရမယ် ဆိုတာကို သူ သိနေလေသည်။
" တန်းသာ မောင်း... တစ်ယောက်ယောက်က လာတားရင် တိုက်သာ ချလိုက်... "
လီယီတောင်း အသံက အလွန် တည်ငြိမ်နေ၏။
သို့သော် ရှေ့ရှိ သတင်းထောက်များက လီယီတောင်းတို့ ကားကို တားရဲမည် မဟုတ်ကြောင်း သူ သိထားလေသည်။
သူ ကားသမားကို မြန်မြန် မောင်းခိုင်းရသည့် အကြောင်းရင်းမှာ အလောင်းသယ်ကား ပတ်လည်တွင် တဖြည်းဖြည်း စုဝေးပေါင်းစပ်လာနေသည့် ဝိညာဉ်များကြောင့် ဖြစ်၏။
သူ တစ်ခုခုကို ခံစားနေရတယ်...။
ဒီဝိညာဉ်တွေသာ တကယ် ပြန်ပေါင်းစပ်သွားမယ် ဆိုရင်... တော်တော်လေး ကြောက်စရာကောင်းတဲ့ အရာတစ်ခု ဖြစ်လာလိမ့်မယ်...။
သူ ဖြေရှင်းချင်ရင်တောင် သက်တမ်း အများကြီး ပေးဆပ်ရနိုင်တယ်...။
ဒါက လောလောဆယ် လီယီတောင်း မတတ်နိုင်တဲ့ အရာပဲ...။
ဘာပဲဖြစ်ဖြစ် လီယီတောင်း အတွက်ကတော့ သက်တမ်းတွေကို လွတ်လွတ်လပ်လပ် ဖြုန်းတီးလို့ ရတဲ့ အခြေအနေကို မရောက်သေးဘူးလေ...။
သူ ခုလေးတင် အကြမ်းဖျင်း တွက်ကြည့်လိုက်သေးသည်။
အကယ်၍သာ သူ ပတ်ဝန်းကျင်က ဝိညာဉ်တွေ အားလုံးကို ရှင်းထုတ်ပစ်ချင်တယ် ဆိုရင် သက်တမ်း နှစ်တစ်ထောင်လောက် ကုန်သွားနိုင်တယ်...။
ဒါက သူ မြင်ရသလောက်ပဲ အကြမ်းဖျင်း တွက်ကြည့်ထားတာ...။ ပြီးတော့ အခု... ဒီနေရာက ဆေးရုံလေ...။
တစ်ဖက်လူမှာ ဘယ်လို လှည့်ကွက်တွေ ရှိနေသေးလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ...။
တစ်ဖက်လူမှာ ဘယ်လို အစီအစဉ်တွေ ရှိနေလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ...။
ဒီဝိညာဉ်တွေကို ရှင်းပြီးသွားရင် ပိုကြီးမားတဲ့ အန္တရာယ်ကြီး တစ်ခု ရှိနေရင်ရော ဘယ်လိုလုပ်မလဲ...။
ထို့ကြောင့် သူ လုပ်ရမည့် အရာက တတ်နိုင်သမျှ အမြန်ဆုံး ဤနေရာမှ ထွက်သွားရန်ပင်။
တစ်ဖက်လူက ဘာတွေပဲ စီစဉ်ထားပါစေ... အရင်ဆုံး ထွက်သွားတာ အကောင်းဆုံးပဲ...။
ထိုမျှမက သူက ချီယွီချန် ထံသို့ မက်ဆေ့ချ် တစ်စောင်ပင် ပို့ထားပြီး ဖြစ်၏။
လီယီတောင်း၏ အခြေအနေကို သိရှိပြီးနောက် ချီယွီချန် က သဘာဝကျကျပင် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးခဲ့လေသည်။
သူက လူထု သဘောထား အမြင်များကို ထိန်းချုပ်လိုက်၏။
ဤသို့ ထိန်းချုပ်လိုက်ခြင်း ဆိုသည်မှာ လီယီတောင်းနှင့် ပတ်သက်သည့် သတင်းများ အားလုံးကို ဖြတ်တောက်လိုက်ခြင်း မဟုတ်ဘဲ... သီးသန့် လမ်းကြောင်း တစ်ခုဆီသို့ ဦးတည်သွားစေခြင်း ဖြစ်သည်။
တစ်ဖက်လူက တမင် ဖန်တီးထားသည့် ခေါင်းစဉ်များကို လီယီတောင်း အတွက် အကျိုးရှိစေမည့် ဘက်သို့ ဦးတည်သွားစေခြင်းပင်။
နောက်ထပ် အချက်တစ်ခုကတော့ သူကိုယ်တိုင် အပြေးအလွှား လာနေခြင်းပင်။ ကျွမ်းကျင်သူများကိုပါ ခေါ်လာခဲ့သေး၏။
သူက ငတုံး မဟုတ်ပေ။
ယခုအခါ သူက တပ်ဖွဲ့ ၃၆ တွင် ရာထူးတစ်ခု ရရှိထားပြီး သူ၏ စွမ်းရည်များလည်း နိုးထလာခဲ့ပြီ ဖြစ်၏။
ထို့ထက် ပိုအရေးကြီးသည်က သူ၏ တွေးခေါ်ပုံနှင့် အခြေအနေ အပေါ် မူတည်ပြီး လိုက်လျောညီထွေ လုပ်နိုင်စွမ်းပင်။
အလောင်းသယ်ကား ကားသမားက ချက်ချင်း လီဗာကို ခပ်ပြင်းပြင်း ဖိနင်းလိုက်သဖြင့် ရှေ့မှ လူများ လန့်သွားကာ အလိုလို နောက်သို့ ဆုတ်လိုက်ကြသည်။
ဒီအချိန်ကျမှတော့ ဝင်တားဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး…။
ဒီလို အရှိန်နဲ့ မောင်းလာတဲ့ အလောင်းသယ်ကားရှေ့ကို ဝင်တားမယ် ဟုတ်လား...။
မနောက်ပါနဲ့...။
အဲဒါက သေကြောင်းကြံတာပဲလေ...။
အလောင်းသယ်ကားက လူအုပ်ကြီးကို ကျော်ဖြတ်ပြီး ဆေးရုံ ဂိတ်ပေါက်ဆီသို့ ဦးတည်သွားချိန်တွင် အပိုင်းပိုင်း ပြတ်နေသော ဝိညာဉ်များ တဖြည်းဖြည်း ပေါင်းစပ်လာမှုက ပိုမို မြန်ဆန်လာသည်ကို လီယီတောင်း သတိပြုမိလိုက်သည်။
ကြမ်းကြုတ်သည့် သရဲတစ္ဆေ တစ်ကောင်နှင့် တူသော အရိပ်တစ်ခုကို တွေ့မြင်နိုင်လေပြီ။
ထိုအရိပ်က ငါးမီတာခန့် မြင့်၏။
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်မိသည်။
ဒါက နည်းနည်း ခက်ခဲတော့မယ်...။ တစ်ဖက်လူသာ အောင်မြင်စွာ ပေါင်းစပ်သွားခဲ့ရင် သူ လွတ်မြောက်နိုင်ပါဦးမလား...။ 'ဝိညာဉ် ဖမ်းဆီးခြင်း' စွမ်းရည် တစ်ခုတည်းကိုပဲ အားကိုးရတော့မှာလား...။
သူ့ရဲ့ 'ဝိညာဉ် ဖမ်းဆီးခြင်း' စွမ်းရည်က ဒီလောက် ကြီးမားပြီး ပေါင်းစပ်နေတဲ့ နာကြည်းနေတဲ့ ဝိညာဉ်ကို ကိုင်တွယ်နိုင်မလား ဆိုတာ လီယီတောင်း မသိပေ။ တကယ်လို့ ကိုင်တွယ်နိုင်တယ် ဆိုရင်တော့... မျှော်လင့်ချက် ရောင်ခြည်လေး၊ အသက်ရှင်ဖို့ လမ်းစလေး တစ်ခုတော့ ရှိသေးတာပေါ့...။
ထိုအချိန်တွင် အနည်းငယ် တွေဝေနေသည့် မျက်လုံးများဖြင့် ဝမ်ချန်၏ နာကြည်းနေသော ဝိညာဉ်က ဤဧရာမ ဝိညာဉ်ကြီး၏ ဖိနှိပ်မှု ခံစားချက်ကို သတိထားမိသွားပုံရသည်။
သူ့ဝိညာဉ်က စတင် တုန်ယင်လာပြီး မျက်လုံးများက နားမလည်နိုင်မှုများမှ ကြောက်ရွံ့မှုဆီသို့ တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။
ခုနက သူ ဒီသရဲတစ္ဆေတွေနဲ့ လုံးထွေး သတ်ပုတ်ပြီး သူ့ကိုယ်ပိုင် အလောင်းကို ကာကွယ်နိုင်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် သူ့ကို အထင်မကြီးလိုက်ပါနဲ့။
အဲဒါက သူ့မှာ အသိစိတ် လုံးဝ မရှိခဲ့လို့လေ...။
အဲဒါ အားလုံးက အလိုအလျောက် တုံ့ပြန်မှုတွေချည်းပဲ...။ သူက သူ့အလောင်းကို အလိုလို ကာကွယ်နေတာ...။ သူ့အလောင်း လုံခြုံမှ သူ စိတ်ဖြောင့်ဖြောင့်နဲ့ သေနိုင်ပြီး ဝင်စားလို့ ရမှာလေ...။
ဆေးရုံထဲမှ ထွက်ခွာတော့မည့် အလောင်းသယ်ကားကို ကြည့်ရင်း သူတို့ သုံးယောက်စလုံး အနည်းငယ် စိုးရိမ်နေကြ၏။
ဆေးရုံထဲကနေ ထွက်သွားနိုင်ရင်တော့ အားလုံး အဆင်ပြေသွားမှာပဲ...။
လောလောဆယ် ဆေးရုံက ဒီသရဲတစ္ဆေတွေရဲ့ စုဝေးရာ နေရာပဲလေ...။
ဆေးရုံထဲကနေ ထွက်သွားနိုင်ရင် ဒီသရဲတစ္ဆေတွေ ဆက်လိုက်နိုင်ချင်မှ လိုက်နိုင်မှာပေါ့…။
ဆက်ရှိနေဦးမယ် ဆိုရင်တောင် သူတို့ရဲ့ စွမ်းအားက သေချာပေါက် လျော့ကျသွားမှာပဲ...။
ဒါက ငါတို့အတွက် အခွင့်အရေးပဲ...။
ဒါမှမဟုတ်ရင် ဒီလောက် ကြောက်စရာကောင်းတဲ့ အရာကြီးကို တိုက်ရိုက် ရင်ဆိုင်ဖို့ ဆိုတာ... မဖြစ်နိုင်ဘူး...။
***