ကားရှေ့ဘီးများက ဆေးရုံ အဝင်ဝကို ကျော်ဖြတ်သွားသည်နှင့် ကားသမား သက်ပြင်းချလိုက်မိသည်။ သူတို့၏ နားလည်မှု၊ သို့မဟုတ် သူတို့၏ အတွေ့အကြုံနှင့် အလေ့အထများ အရ ဆေးရုံ ဆိုသည်မှာ မည်သည့် ထူးဆန်းသော အရာမဆို ဖြစ်လာနိုင်သည့် နေရာတစ်ခုပင်။
အရေးအကြီးဆုံး အချက်ကတော့... ဆေးရုံထဲကနေ ထွက်လိုက်တာနဲ့ သူတို့အတွက် ပြဿနာ အားလုံး ကင်းရှင်းသွားပြီ ဆိုတာပဲ...။
သို့သော်... ဒီအချိန်လေးမှာတင်... သူ စိတ်သက်သာရာ ရသွားတဲ့ အချိန်လေးမှာတင်... ကားကြီး ထိုးရပ်သွားလေသည်။
အင်ဂျင် စက်သေသွားလို့ ရပ်သွားတာမျိုး မဟုတ်ဘဲ လေထဲမှာ တွဲလောင်းကြီး ဖြစ်နေတဲ့ ပုံစံမျိုး…။
ဘီးတွေက မြေကြီးနဲ့ လုံးဝ ထိမနေတော့ဘူး...။
ကားသမား တစ်ယောက် လုံးဝ ကြောင်အမ်းသွားတော့သည်။
သူတင် မကဘူး... သူ့ဘေးက လူလည်း မှင်သက်သွားလေသည်။
ဒါပေမဲ့ လီယီတောင်းကတော့ တည်ငြိမ်နေဆဲပင်။
ခုနက ဧရာမ ဝိညာဉ်ကြီး သူတို့ဆီ ပြေးလာတာကို သူ သတိထားမိလိုက်တယ်လေ...။
အဲဒီအကောင်ကြီးက အလောင်းသယ်ကား တစ်စီးလုံးကို ပင့်မလိုက်တာ...။
ထိုမြင်ကွင်းကို ကြည့်ပြီး လီယီတောင်း အနည်းငယ် မျက်မှောင်ကြုတ်သွားလေသည်။
ဒီလိုမျိုးလည်း လုပ်လို့ရတာလား...။
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သော်လည်း သေမင်း ဓားသွား ကိုတော့ အသုံးမပြုခဲ့ပေ။
ဘာလို့လဲ ဆိုတော့ သူ 'ဝိညာဉ် ဖမ်းဆီးခြင်း' ကို သုံးဖို့ ပြင်လိုက်တဲ့ အချိန်မှာ စနစ်ရဲ့ သတိပေးချက်က သက်တမ်း ကုန်ဆုံးမယ့် နေရာမှာ မေးခွန်းသင်္ကေတ အများကြီး ပြနေလို့ပဲ...။
ဒါ ဘာအဓိပ္ပာယ်လဲ...။ ဒါက မသေချာဘူး ဆိုတဲ့ သဘောလေ...။
ပုံမှန် အခြေအနေမျိုးမှာ ဆိုရင်တော့... ဒါက သက်တမ်းကို အဆက်မပြတ် စုပ်ယူသွားမယ့် သဘောပဲ...။
နောက်ဆုံး ရလဒ် ဘယ်လို ဖြစ်လာမလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ဘူး...။
တကယ့် တိုက်ပွဲထဲ ရောက်မှ၊ ဒါမှမဟုတ် စွမ်းရည်ကို အသက်သွင်းလိုက်မှပဲ သိနိုင်မှာ...။
ဒါပေမဲ့...
အခု လီယီတောင်း 'ဝိညာဉ် ဖမ်းဆီးခြင်း' ကို သုံးနိုင်ပါ့မလား...။
သူ မသိဘူး...။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။ တဆက်တည်းမှာပင် အိတ်ကပ်ထဲမှ အဆောင်လက်ဖွဲ့ တစ်ခါကို ဆွဲထုတ် ပစ်ပေါက်လိုက်လေသည်။
" ဝေါင်း... "
အမှောင်ထုထဲမှ ဟိန်းဟောက်သံကြီး တစ်ခု ထွက်ပေါ်လာလေသည်။
အလောင်းသယ်ကားပေါ်က ကျန်တဲ့ နှစ်ယောက်တောင် ကြားလိုက်ရပုံပဲ...။
တော်သေးတယ်… လီယီတောင်းရဲ့ အဆောင်လက်ဖွဲ့က တစ်ဖက်လူရဲ့ တိုက်ခိုက်မှုကို အဟန့်အတား ဖြစ်သွားတယ်...။
ကားက ပြန်ပြီး ထိန်းချုပ်လို့ ရသွားပြီ...။
ကားသမားက လီဗာကို ခပ်ပြင်းပြင်း ဖိနင်းလိုက်၏။
ဒီအချိန်မှာ ဘာလုပ်ရမလဲ ဆိုတာ လူတိုင်း သိနေပြီလေ...။
ပြေး...။
ပြေးဖို့ပဲ ရွေးချယ်စရာ ရှိတော့တယ်...။
သို့သော်...
'ဝိညာဉ် ရှာဖွေခြင်း' ကနေတစ်ဆင့် လီယီတောင်း ကြည့်လိုက်ရာ မျက်နှာ ထပ်ပျက်သွားပြန်၏။ တကယ်ကြီး လိုက်လာတာပဲ...။
ဆေးရုံထဲမှာတင် ကန့်သတ်ထားတာ မဟုတ်ဘူး...။
ပြီးတော့...
လီယီတောင်း အမြင်မှားတာလားတော့ မသိဘူး... အရိပ်က... ပတ်ဝန်းကျင်က သရဲတစ္ဆေတွေရဲ့ စွမ်းအင်တွေကို အဆက်မပြတ် စုပ်ယူပြီး ပိုပို အားကြီးလာနေတယ်လို့ သူ ခံစားနေရတယ်...။
သောက်ကျိုးနည်း...။
တစ်ဖက်လူရဲ့ စွမ်းအားက လျော့မသွားတဲ့ အပြင် တဖြည်းဖြည်းတောင် တိုးလာနေသေးတာလား...။
ဒီပုံစံအတိုင်း ဆိုရင်... သူ ဘယ်လိုလုပ် လွတ်အောင် ပြေးနိုင်တော့မှာလဲ...။
'ဝိညာဉ် ဖမ်းဆီးခြင်း' ကို သုံးလိုက်တုန်းက သက်တမ်း ကုန်ဆုံးမယ့် ပမာဏကို မသေချာဘူးလို့ ပြနေတာ အံ့သြစရာ မရှိတော့ဘူး...။
တစ်ဖက်လူက အဆက်မပြတ် အားဖြည့်နေတာ ဆိုတော့ သဘာဝကျကျပဲ သက်တမ်း ကုန်ဆုံးမှုကလည်း တဖြည်းဖြည်း များလာမှာပေါ့...။
လီယီတောင်း စဉ်းစားခန်း ဝင်သွားတယ်။ လက်ရှိ အခြေအနေမှာ နာရေးကူညီမှု အသင်းဆီကို သူ ပြေးလို့ ရပါဦးမလား...။
တကယ်လို့ သူက ဒီအကောင်ကြီးကို ခေါ်ပြီး နာရေးကူညီမှု အသင်းဆီကို သွားမယ် ဆိုရင်... ဒါက အစာသွားပို့ပေးသလို ဖြစ်မနေဘူးလား...။
ဘယ်လို ဖြစ်တည်မှုမျိုးကများ ဒီလောက် ကြောက်စရာကောင်းတဲ့ ဘီလူးကြီးကို ဖန်တီးနိုင်ရတာလဲ...။
အခုချိန်မှာ ငါ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာက ပြေးနိုင်သမျှ မြန်မြန် ပြေးဖို့ပဲ…။
ဒီပြဿနာအတွက် ဖြေရှင်းနည်း တစ်ခုတော့ ရှိရမယ် မဟုတ်လား...။
တကယ်လို့ အခြေအနေတွေ အရမ်း ဆိုးသွားရင်တော့ အဘိုးအိုကိုပဲ သွားရှာရတော့မှာမယ်...။
အင်း… တပ်ဖွဲ့ ၃၆ ကို ယုံကြည်ပေးလိုက်ပါမယ်လေ…။
ဖြေရှင်းလို့ မရတဲ့ အန္တရာယ်မျိုးနဲ့ ကြုံလာရင် သူတို့ဆီသာ ပြေးလာခဲ့ဖို့ ချီယွီချန် က ပြောထားခဲ့တယ် မဟုတ်လား...။
ဒါက... ဖြေရှင်းလို့ မရတဲ့ အန္တရာယ်လို့ သတ်မှတ်လို့ ရနိုင်တယ် မဟုတ်လား...။
ဒီလို အခြေအနေမျိုးအတွက် တုံ့ပြန်နိုင်တဲ့ နည်းလမ်း ရှိသင့်တယ် မဟုတ်လား...။
ထို့ကြောင့် ပြာယာခတ်နေသည့် ကားသမားကို ကြည့်ပြီး အသံကျယ်ကျယ်နှင့် အော်ဟစ်လိုက်လေသည်။
" အနောက်မြောက်ဘက် ဖန်ကျုံးလမ်းကို မောင်း... "
ဒီလမ်းက ကျန်းမြို့မှာ ရှိတဲ့ တပ်ဖွဲ့ ၃၆ ရဲ့ စခန်းဆီကို သွားတဲ့လမ်းပဲ...။
ဒါတင် မကသေးဘူး... ချီယွီချန် အဆိုအရ ဆိုရင် အခု အဲဒီစခန်းမှာ အစွမ်းထက်တဲ့ သူတွေ အများကြီး ရောက်နေတယ်တဲ့...။
လီယီတောင်းက ဒီဖြစ်ရပ်ရဲ့ အဓိက အကြောင်းရင်း ဖြစ်နေတာမို့ ရန်သူ အများအပြားက သူ့ကို ပစ်မှတ်ထားနေကြတယ်လေ...။
လီယီတောင်း အော်သံကြောင့် ကားသမား ကြောင်အသွား၏။ နာရေးကူညီမှုအသင်းသို့ သွားရန် သူ လမ်းကြောင်းပြန်တည်နေသည် မဟုတ်ပါလား။
လီယီတောင်း၏ အော်သံကို ကြားလိုက်ရသည့် အချိန်တွင် သူ ခဏမျှ တွေဝေသွားပြီး စတီယာရင်ကို ဆတ်ကနဲ ဆွဲလှည့်လိုက်ပြီး လီဗာ ကြမ်းကပ်အောင် နင်းကာ မောင်းလေတော့သည်။
အလောင်းသယ်ကားက မီတာ ငါးရာလောက် ရောက်သွားတဲ့ အချိန်အထိ အနောက်က ကြောက်စရာ ကောင်းတဲ့ အငွေ့အသက်ကြီးက ရှိနေတုန်းပဲ ဆိုတာကို လီယီတောင်း သတိပြုမိလိုက်တယ်...။
ဒါပေမဲ့ တစ်ဖက်လူရဲ့ အရှိန်က လျော့သွားသလိုပဲ... သူ့နောက်ကို တမင် လိုက်နေသလိုမျိုး...။
ဒါက တော်တော်လေး ထူးဆန်းတယ်...။
အစတုန်းက တစ်ဖက်လူရဲ့ အရှိန်က တော်တော် မြန်တယ်လေ... ဒါပေမဲ့ အခုကျတော့ နှေးသွားသလိုပဲ...။
ဒီကြောက်စရာ အငွေ့အသက်ကြီးကို တစ်ယောက်ယောက်က အနောက်ကနေ ထိန်းချုပ်နေတာများလား...။
သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ...။
ခဏတာမျှ လီယီတောင်း တစ်ယောက် အတွေးများသွားလေသည်။
မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက အရမ်း များလွန်းတယ်...။
ပိုပြီး စေ့စေ့စပ်စပ်နဲ့ ဘက်စုံကနေ စဉ်းစားမှ ဖြစ်တော့မယ်...။
လီယီတောင်း စဉ်းစားနေစဉ်မှာပင် ရှေ့ခုံက လူက လီယီတောင်း ဘက်ကို လှည့်ကြည့်လာပြီး ပြာယာခတ်နေသည့် လေသံဖြင့်... " အစ်ကို... အစ်ကိုယီတောင်း... ကျွန်တော်တို့ ပိတ်မိနေသလိုပဲ... "
လီယီတောင်း နားမလည်နိုင် ဖြစ်သွား၏။
ပိတ်မိနေတယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ...။
ဒါပေမဲ့ လီယီတောင်း ချက်ချင်း သဘောပေါက်သွားတယ်...။ ငါတို့ ဒီနားမှာ လည်နေတာပဲ…။
" ဟမ်... နောက်ထပ် ထောင်ချောက် တစ်ခုလား... ဒါက တမင် ဆင်ထားတာလား၊ ဒါမှမဟုတ် တိုက်ဆိုင်သွားတာလား... စနစ်ကများ တစ်ဖက်လူနဲ့ ပူးပေါင်းပြီး ငါ့ကို ထောင်ချောက်ဆင်နေတာလား... "
ဘာပဲဖြစ်ဖြစ်... စနစ်ဆီကနေ ယာယီမစ်ရှင် သတိပေးချက်သာ မရခဲ့ဘူး ဆိုရင်... လီယီတောင်း က ဝမ်ချန်ရဲ့ နာရေးကို လာကြီးကြပ်ပေးမှာ မဟုတ်ဘူးလေ...။
စနစ်ရဲ့ မစ်ရှင်ကြောင့်သာ လီယီတောင်း လာခဲ့တာ...။
နောက်ဆုံးတော့ ဒီလို ကိစ္စတွေ အများကြီးနဲ့ ကြုံရတယ်... ဒါ တကယ်ပဲ တိုက်ဆိုင်မှု သက်သက်ပဲလား...။
ဒီအချိန်မှာ သူက ထူးထူးခြားခြားကို တည်ငြိမ်နေပြီး အဆက်မပြတ် အကြံထုတ်နေတယ်...။ သူ့အနောက်က ကြောက်စရာ အငွေ့အသက်ကြီးက လိုက်လာတုန်းပဲ ဆိုတာ သူ သတိထားမိတယ်...။
ငါတို့ကို ပိတ်မိအောင် လုပ်ထားတဲ့ ဟာနဲ့ အနောက်က ကြောက်စရာ အငွေ့အသက်ကြီးက တစ်ဖွဲ့တည်း မဟုတ်ဘူးများလား...။
ဟက်... ဒါ စိတ်ဝင်စားစရာ ကောင်းလာပြီပဲ...။
သူ ဖုန်းထုတ်ပြီး စစ်ကြည့်လိုက်တယ်...။ ထင်တဲ့ အတိုင်းပဲ... လိုင်းမရှိဘူး...။
" ဆက်မောင်း... မရပ်နဲ့... လောစရာ မလိုဘူး... လောလောဆယ် ကျွန်တော်တို့ လုံခြုံနေသေးတယ်... "
ကားသမား တစ်ကိုယ်လုံး ချွေးတွေ ရွှဲနေပြီ ဖြစ်သလို အခြား တစ်ယောက်လည်း တုန်ရီနေသည်ကို လီယီတောင်း သတိထားမိလိုက်၏။
ဘာပဲဖြစ်ဖြစ် ဒီနေရာက တရုတ်ပြည်လေ... တိုင်းပြည်ရဲ့ နယ်နိမိတ် အတွင်းမှာ... ပြီးတော့ တပ်ဖွဲ့ ၃၆ က အထူး အလေးထားတဲ့ ကျန်းမြို့မှာလေ...။
တစ်ဖက်လူက တကယ်ပဲ ငါတို့ကို သီးသန့် ပစ်မှတ်ထားပြီး ဒီလောက်တောင် အများကြီး စီစဉ်နိုင်ပါ့မလား...။
လုံးဝ မဖြစ်နိုင်ဘူး…။
***