" ကားရပ်သွားတာလား... "
အလောင်းသယ်ကား ရုတ်တရက် ရပ်တန့်သွားချိန်မှာတော့ လီယီတောင်း တစ်ယောက် မျက်မှောင်ကြုတ်လျက် မေးလိုက်လေသည်။
အခုလို အလောင်းသယ်ကား ရပ်သွားတာက သိပ်တော့ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးလေ...။
ဖြစ်နိုင်ခြေ နှစ်ခုပဲ ရှိတော့တယ်။
ပထမ တစ်ချက်က သူတို့ကား တကယ်ပဲ ပျက်သွားတာမျိုးပေါ့... လုံးဝကို တိုက်ဆိုင်လွန်းတဲ့ စက်ချို့ယွင်းမှုမျိုးလေ...။ ဒါပေမဲ့ ဒီဖြစ်နိုင်ခြေက သိပ်တော့ လက်တွေ့ မကျလှဘူး...။
ဘာပဲဖြစ်ဖြစ် လက်ရှိ အခြေအနေတွေ အရ ကြည့်မယ် ဆိုရင်တော့ တစ်ဖက်လူက သူတို့ကားကို ရပ်တန့်သွားအောင် အထူး နည်းလမ်း တစ်ခုခုကို သုံးလိုက်တာ ဖြစ်ဖို့ များတယ်...။
ဒီလို အခြေအနေမျိုး အောက်မှာတော့ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိလာမှာပဲလေ...။
ကားသမားကတော့ ပြာယာခတ်နေသည့် ပုံစံနှင့် တံတွေးကို ခပ်ပြင်းပြင်း မြိုချလိုက်ပြီး... " ကျွန်... ကျွန်တော် လူတစ်ယောက်ကို တိုက်မိလိုက်သလိုပဲ... " ဟု ထစ်အစွာ ပြောလာလေသည်။
လီယီတောင်း မျက်နှာပေါ်တွင် နားမလည်နိုင်မှုများ ဖြတ်ပြေးသွား၏။
' လူတိုက်မိတယ် ဟုတ်လား... '
သူက ပတ်ဝန်းကျင် တစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။
ဒီနေရာမှာ ဘယ်လိုလုပ် လူရှိနေနိုင်မှာလဲ...။ နောက်နေတာလား...။
ဒီလို လမ်းမမျိုးပေါ်မှာ... လူတစ်ယောက် ရှိနေဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ...။
" ကားပေါ်မှာပဲ နေ... အပြင်ထွက် မလာနဲ့... ဘာတွေပဲ ဖြစ်နေပါစေ အောက်ကို မဆင်းနဲ့... ကျွန်တော့် အချက်ပြတာကိုပဲ စောင့်... "
လွတ်လမ်း မရှိတော့ဘူး ဆိုတာကို လီယီတောင်း သိလိုက်လေပြီ။
' လူတိုက်မိတယ် ဟုတ်လား... အဓိပ္ပာယ် မရှိတာ... '
ထင်ထားသည့်အတိုင်း လီယီတောင်းတို့ ကားရပ်လိုက်သည်နှင့် နောက်မှ အရိပ်မည်းကြီး အရှိန်က တဟုန်ထိုး မြင့်တက်လာလေသည်။
တစ်ဖက်လူရဲ့ အရှိန်က ပိုပို မြန်လာတယ်...။ ကားကို ဝင်တိုက်တော့မယ့် အနေအထားပဲ...။
ဒီလို အခြေအနေမျိုးမှာ လီယီတောင်းသာ ကားပေါ်က မဆင်းရင် သူတို့ အားလုံး ကားထဲမှာတင် လည်စင်းပေးထားတဲ့ သိုးလေးတွေလို ဖြစ်သွားတော့မှာ...။
အပြင်ထွက် တိုက်ခိုက်ရင်တော့ အခွင့်အရေးလေး တစ်ခုလောက် ရနိုင်သေးတယ်လေ...။ ဒီအချိန်မှာ တွေဝေနေဖို့ အချိန် မရှိတော့ဘူး...။
သို့သော် သူ ကားပေါ်က ဆင်းရန် ပြင်လိုက်ချိန်မှာပင် ရုတ်တရက် မှင်သက်သွားပြန်လေသည်။
အနောက်က ကြောက်စရာ အရိပ်ကြီး ရုတ်တရက် ရပ်တန့်သွားတာကို သူ သတိထားမိလိုက်တယ်...။
ထိုမျှ မကသေး... စိမ့်ခနဲ အေးစက်သွားသည့် အငွေ့အသက် တစ်ခုကိုပါ သူ ခံစားလိုက်ရ၏။
သူ မျက်မှောင်ကြုတ်လိုက်လေသည်။ ထို့နောက်... သူ့အနောက်က ကြောက်စရာ အရိပ်ကြီးက အတွင်းကနေ အပြင်ဘက်ကို တဖြည်းဖြည်း ရေခဲတွေ ဖုံးလွှမ်းလာနေသည်ကို သူ သတိပြုမိလိုက်၏။
' ရေခဲ ဟုတ်လား... ဒါ ဘာသဘောလဲ... ဘယ်လိုလုပ် ရေခဲတွေ ဖြစ်လာရတာလဲ... '
ထိုအချိန်မှာပင် ကားရှေ့ မလှမ်းမကမ်းမှ လူရိပ်တစ်ခု တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို မြင်လိုက်ရ၍ သူ ခဏတာ မှင်သက်သွားတော့သည်။
ချီယွီချန်...။
ခုနက တိုက်ခိုက်မှုကို ဒီကောင် လုပ်လိုက်တာလား...။
လီယီတောင်း တစ်ဖက်လူကို သေချာ စိုက်ကြည့်လိုက်မိသည်။
' ဒီကောင်... မဆိုးဘူးပဲ... တကယ်ကို ဒီလောက် စွမ်းအားတွေ ရှိနေတာလား... '
ထို့ကြောင့် လီယီတောင်း ကားပေါ်မှ ဆင်းရန် ပြင်လိုက်လေသည်။
တစ်ဖက်လူကို တစ်ယောက်တည်း တိုက်ခိုက်ခိုင်းထားလို့ မဖြစ်ဘူးလေ... လီယီတောင်း မှာလည်း စွမ်းအား မရှိတာမှ မဟုတ်တာ...။
သို့သော်... သူ ကားပေါ်က ဆင်းရန် ပြင်လိုက်ချိန်မှာပင် ချီယွီချန်က အရင် လှမ်းပြောလာလေသည်။
" မြန်မြန်... ငါ သိပ်အကြာကြီး တောင့်မခံနိုင်တော့ဘူး... ငါ့လုပ်ဖော်ကိုင်ဖက်တွေက ဒီက အကာအကွယ်ကို ယာယီ ဖွင့်ပေးထားတယ်... မင်း အရင်ထွက်သွား... ငါတို့ ကာပေးထားမယ်... "
ချီယွီချန်၏ လေသံက အတော်လေး အလောတကြီး။ ထို့ပြင် ချက်ချင်း သတိထားမိလိုက်သည်က... ခုနက ရေခဲဖုံးသွားသည့် ကြောက်စရာ အရိပ်ကြီးက အခု ရုန်းထွက်နေသည်ကိုပင်။
ဒါတင် မကသေးဘူး... ရှေ့မြင်ကွင်းမှာ အရင်က မရှိခဲ့တဲ့ လမ်းတစ်ခု ပေါ်လာတာကိုပါ တွေ့လိုက်ရတယ်... ဒါက သေချာပေါက် ချီယွီချန် လုပ်ဖော်ကိုင်ဖက်တွေရဲ့ လက်ချက်ပဲလေ...။
လီယီတောင်း ချက်ချင်း ထွက်မသွားသေးပေ။
သို့သော် ကားသမားကတော့ တစ်စက်လေးမျှ မတွေဝေခဲ့ပေ။ လီဗာကို ချက်ချင်း နင်းချလိုက်တော့သည်။
ဒါက သူ သေရမှာကို ကြောက်လို့တော့ မဟုတ်ဘူး။ အဓိကက သူကိုယ်တိုင်က တပ်ဖွဲ့ ၃၆ ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်နေတာမို့ ဒီလို အခြေအနေမျိုးမှာ ချီယွီချန်ရဲ့ အမိန့်ကို သူ နာခံရမယ်လေ...။ လီယီတောင်းရဲ့ လုံခြုံရေးကို သေချာအောင် လုပ်ဖို့က သူတို့ရဲ့ ထိပ်တန်း ဦးစားပေး အလုပ်ပဲ...။
လီယီတောင်း ဘာမှတောင် မတုံ့ပြန်လိုက်နိုင်ခင်မှာပဲ ကားကြီးက ရှေ့ကို ဒုန်းစိုင်း ပြေးထွက်သွားလေပြီ။
သူ အနောက်ကို လှည့်ကြည့်လိုက်တော့ ခုနက ကြောက်စရာ အရိပ်ကြီးကို လုံးဝ မတွေ့ရတော့သလို ချီယွီချန်တို့ရဲ့ အရိပ်အယောင်ကိုတောင် မမြင်ရတော့ဘူး...။
အလောင်းသယ်ကားက အရှေ့ကို အရှိန်ပြင်းပြင်း ဆက်ပြေးနေလေသည်။
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး...
" ကားရပ်စမ်း... "
" ကျွီ... "
" ဒီအလောင်းကို နာရေးကူညီမှု အသင်းဆီ အရင် သွားပို့ထားလိုက်... ကျွန်တော် နောက်မှ လိုက်ခဲ့မယ်... "
လီယီတောင်း တကယ်ပဲ ဒီအတိုင်းကြီး ထွက်သွားလို့ ရနိုင်မလား...။
သေချာတာပေါ့ ရတာပေါ့...။
သူ့ရင်ထဲမှာ ဘာဝန်ထုပ်ဝန်ပိုးမှ ဖြစ်နေမှာ မဟုတ်ဘူး...။
ဒီကိစ္စတွေ အားလုံးက တပ်ဖွဲ့ ၃၆ က သူ့ကို ဝင်ပါဖို့ တောင်းဆိုခဲ့တဲ့ အကျိုးဆက်တွေ ဆိုတာကို သူ ကောင်းကောင်း သိထားတယ်လေ...။
သူတို့ကလည်း ဒီလို အကျိုးဆက်တွေကို ခံယူဖို့ ကြိုတင် ပြင်ဆင်ထားကြပြီးသားပဲ...။
လီယီတောင်း ကားပေါ်က ဆင်းသွားရတဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ သူ့ရင်ထဲမှာ တိုက်ပွဲဝင်ချင်တဲ့ စိတ်တွေ တဟုန်းဟုန်း တောက်လောင်နေလို့ပဲ...။
နေ့တိုင်းလိုလို ပြဿနာတွေချည်း လိုက်ရှင်းနေရတာက တကယ်ကို စိတ်ရှုပ်စရာ ကောင်းလာပြီလေ...။
ဒီတော့ ကြုံတုန်းကြုံခိုက် တိုက်ခိုက်လိုက်ဦးမှ… မဟုတ်ရင် ဒေါသတွေ ဘယ်နား သွားပေါက်ကွဲရမလဲ မသိဘူး…။
တကယ်တော့ မိမိ အဘယ်ကြောင့် စိတ်ဆတ်လွန်းနေမှန်း လီယီတောင်း ကိုယ်တိုင်လည်း မသိပေ။
မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အရမ်း များလွန်းလို့များလား...။ ဒါမှမဟုတ် တိုးတက်ဖို့ လိုအပ်နေတဲ့ အပိုင်းတွေက အရမ်း များလွန်းနေလို့လား...။
အကြောင်းရင်းက ဘာပဲဖြစ်နေပါစေ... မကြာသေးခင် ကာလတွေ အတွင်းမှာ မိမိ စိတ်နေစိတ်ထား အတော်လေး ပြောင်းလဲသွားပြီ ဆိုသည်ကိုတော့ လီယီတောင်း သိလေသည်။
***