လီယီတောင်း ကားတံခါးကို ဖွင့်ပြီး ဆင်းလိုက်ချိန်တွင် ကားသမားနှင့် နောက်တစ်ယောက်တို့ကလည်း တွန့်ဆုတ် တွန့်ဆုတ်နှင့် နောက်က လိုက်ဆင်းလာကြ၏။ သူတို့ မျက်နှာပေါ်တွင် စိုးရိမ်မှုများက အထင်းသား ပေါ်လွင်နေလေသည်။
" မင်းတို့က... "
လီယီတောင်း မျက်မှောင်ကြုတ်လိုက်သည်။
သူတို့ နှစ်ယောက်စလုံးက မချိပြုံးလေး ပြုံးပြလိုက်ကြပြီး...
" ကျွန်တော်တို့ အထဲမဝင်တော့ပါဘူး... ဒီမှာပဲ စောင့်နေပါ့မယ်... အနည်းဆုံးတော့ အပြင်ဘက်ကနေ ကူညီပေးလို့ ရတဲ့သူ တစ်ယောက်လောက်တော့ ရှိသင့်တယ် မဟုတ်လား... "
သူတို့ စွမ်းရည်များက တိုက်ပွဲ ဝင်နွဲရလောက်အောင် အားမကောင်းမှန်း သိကြပေသည်။
အပြင်ကနေ စောင့်ပြီး အကူအညီ ပေးတာကသာ သူတို့ လုပ်နိုင်တဲ့ အကောင်းဆုံး အရာပဲလေ...။
လီယီတောင်း သူတို့ကို တစ်ချက် ကြည့်လိုက်ပြီး အသာအယာ ခေါင်းညိတ်ပြလိုက်၏။
" အင်း... "
စကားဆုံးသည်နှင့် လီယီတောင်း လှည့်ထွက်သွားပြီး သူတို့ အနောက်ဘက်ရှိ အကာအကွယ် ချထားသည့် နေရာဆီသို့ တိတ်ဆိတ်စွာ ပြန်လျှောက်သွားလေသည်။
ခြေလှမ်း အနည်းငယ် လှမ်းအပြီးတွင် မမြင်ရသည့် အလွှာပါးလေး တစ်ခုကို သူ ခံစားလိုက်ရသည်။ သို့သော် ထိုအလွှာလေးက နူးညံ့နေပြီး သူ ဖြတ်လျှောက်သွားလို့ ရနေ၏။
အထဲကနေ အပြင်ကို ထွက်လာတုန်းကလောက် မမာကျောဘူး...။
လီယီတောင်း အကာအကွယ် အတွင်းသို့ ပြန်ရောက်သွားချိန်တွင် ချီယွီချန် တစ်ယောက် မြေကြီးပေါ်တွင် ဒူးတစ်ဖက် ထောက်လျက်သား ဖြစ်နေသည်ကို မြင်လိုက်ရသည်။
သူ့အနီးနားမှာတော့ အဖြူရောင် ဝတ်စုံနှင့် အမျိုးသား တစ်ယောက် သတိလစ်နေပြီး အသက်ငွေ့ငွေ့သာ ကျန်တော့သည်။
သူ့ရှေ့မှာတော့ ကြောက်စရာ အရိပ်ကြီးက ရေခဲ အချုပ်အနှောင်တွေ ကနေ ရုန်းထွက်ပြီးနေပြီ...။
မြေကြီးပေါ်မှာ ပြန့်ကျဲနေတဲ့ ရေခဲစတွေကို ကြည့်ခြင်းအားဖြင့် ချီယွီချန်ရဲ့ အခြေအနေက သေချာပေါက် ကောင်းမနေဘူး ဆိုတာ သိသာလှပေသည်။
ချီယွီချန်က လီယီတောင်း ဝင်လာသည်ကို မြင်တော့ ဒေါသတကြီး အော်လိုက်၏။
" မင်းကို ထွက်သွားဖို့ ငါ ပြောထားတယ် မဟုတ်ဘူးလား... ဘာလို့ ပြန်လာတာလဲ... "
ချီယွီချန် တကယ်ကို ဒေါသထွက်နေလေပြီ။
သို့သော် လီယီတောင်းကတော့ ချီယွီချန်၏ ဒေါသတကြီး အော်ဟစ်မှုကို ဂရုမစိုက်ခဲ့ပေ။
ချီယွီချန် နဲ့ သူ့ကြားက ဆက်ဆံရေးက ဘယ်လိုပဲ ဖြစ်နေပါစေ... အစပိုင်းက အသုံးချဖို့ ကြံစည်တာပဲ ဖြစ်ဖြစ်၊ အခုလို အတင်းအကျပ် အကူအညီ တောင်းခံရတာပဲ ဖြစ်ဖြစ်... သူတို့ နှစ်ယောက်က လုပ်ဖော်ကိုင်ဖက်တွေလို့ သတ်မှတ်လို့ ရတယ် မဟုတ်လား...။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ကြောက်စရာ အရိပ်ကြီးကို တိုက်ရိုက် မရင်ဆိုင်သေးရန် ဆုံးဖြတ်လိုက်သည်။
တစ်ဖက်လူကလည်း ချီယွီချန်ရဲ့ တိုက်ခိုက်မှုကြောင့် အားနည်းသွားပုံရပြီး လောလောဆယ် တိုက်ခိုက်မယ့် အရိပ်အယောင် မပြသေးဘူး...။ လီယီတောင်းက မလှမ်းမကမ်းမှာ လဲကျနေတဲ့ အဖြူရောင် ဝတ်စုံနဲ့ လူဆီကို လျှောက်သွားလိုက်တယ်...။
သူ ထိုင်ချလိုက်ပြီး ထိုလူ၏ ကိုယ်ပေါ်သို့ ညာလက်ကို တင်လိုက်၏။
အင်း...
မသေသေးဘူးပဲ...။
နတ်ဘုရားလက်...။
သက်တမ်း ၃၆ နှစ်...။
လီယီတောင်း စွမ်းရည်ကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း တုန်လှုပ်လာပြီး မျက်ခွံများလည်း အနည်းငယ် လှုပ်ရှားလာလေသည်။
သိသာလှပေသည်...။
သူ နိုးလာတော့မှာ...။
ကုသပေးပြီးနောက် လီယီတောင်း မတ်တတ်ရပ်လိုက်သည်။ ချီယွီချန် ရှိရာသို့ သူ မသွားခဲ့ပေ။ ချီယွီချန်က ဒဏ်ရာရထားသော်လည်း အသက်အန္တရာယ် မရှိနိုင်ကြောင်း သူ သိနေ၍ပင်။
ဒါကြောင့်... ပြဿနာ မရှိဘူး...။
လီယီတောင်း ဖြည်းညင်းစွာ ရှေ့သို့ တိုးသွားပြီး သူ့ရှေ့တွင် စုဝေးနေသည့် မရေမတွက်နိုင်သော သရဲတစ္ဆေများကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်၏။ သူ့မျက်လုံးများထဲတွင် မည်သည့် ခံစားချက်မှ မရှိပေ။ ညာလက်ထဲတွင်တော့ အဆောင်လက်ဖွဲ့ တစ်ခုကို ဆုပ်ကိုင်ထားလေသည်။
သို့သော်...
သူက ရှေ့ရှိ ကြောက်စရာ အရိပ်ကြီး အပေါ် အဆောင်လက်ဖွဲ့ကို တိုက်ရိုက် အသုံးမပြုခဲ့ပေ။
ထို့အစား အဆောင်လက်ဖွဲ့ကို ပတ်ဝန်းကျင်ရှိ အကာအကွယ်ဆီသို့ ဦးတည်ပစ်လွှတ်လိုက်၏။
ပထမဆုံး... ပုန်းနေတဲ့ အမှိုက်ကောင်တွေကို အရင် ဖော်ထုတ်ရမယ်...။
လီယီတောင်း အဆောင်လက်ဖွဲ့ကို အသုံးပြုလိုက်ချိန်တွင် ပတ်ဝန်းကျင်ရှိ အကာအကွယ်က ချက်ချင်း ပျက်စီးမသွားသည်ကို အံ့သြဖွယ် တွေ့လိုက်ရလေသည်။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏...။
ကြည့်ရတာ တစ်ဖက်လူရဲ့ စွမ်းအားက တော်တော်လေး အံ့မခန်းပဲ...။
သူ တစ်စက်လေးမျှ မတုံ့ဆိုင်းတော့ဘဲ အဆောင်လက်ဖွဲ့ နှစ်ခုကို တစ်ပြိုင်နက် သုံးရန် ဆုံးဖြတ်လိုက်သည်။
ခုလေးတင်မှ ပြန်ဖြည့်ထားသည့် အဆောင်လက်ဖွဲ့ လေးခု ကုန်သွားသည်ကို ကြည့်ပြီး သူ စကားမပြောနိုင်အောင် ဖြစ်သွားမိ၏။
ဒီဟာတွေက မြန်မြန် ကုန်လွန်းတယ်...။
ဒါတွေ ထပ်ရနိုင်မယ့် နည်းလမ်းများ ရှိဦးမလား...။
တကယ်တော့... လီယီတောင်း အတွက် အဆောင်လက်ဖွဲ့ တစ်ခုတည်း သုံးရင် လုံလောက်ပါတယ်...။
ခုနက တစ်ဖက်လူက အဆောင်လက်ဖွဲ့ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့ရတဲ့ အဓိက အကြောင်းရင်းကတော့... တစ်ဖက်လူရဲ့ ကိုယ်ပေါ်မှာ အထူး ကိုယ်စားလှယ် အရာဝတ္ထု တစ်ခုခု ရှိနေလို့ပဲ...။
ခုနက တစ်ဖက်လူက ဒီအရာဝတ္ထုကို သုံးပြီး တိုက်ခိုက်မှုကို ကာကွယ်လိုက်တာ...။
ဒီအရာဝတ္ထုသာ မရှိရင် သူ ခုနကတည်းက သေနေလောက်ပြီ...။
ဒါကြောင့်...
တကယ်လို့ လီယီတောင်းကသာ တိုက်ခိုက်ဖို့ အတွက် အဆောင်လက်ဖွဲ့ တစ်ခု ထပ်သုံးခဲ့မယ် ဆိုရင် ပြဿနာ ရှိမှာ မဟုတ်ဘူး...။
ဒါပေမဲ့...
လီယီတောင်းက ဒီလို ပြဿနာမျိုး ရှိနေနိုင်တယ် ဆိုတာကို မသိခဲ့ဘူးလေ...။ တကယ့် လက်တွေ့ အခြေအနေကို သူမှ မသိတာ...။
လုံးဝကို စိတ်ချရအောင်လို့ သူက အဆောင်လက်ဖွဲ့ နှစ်ခုကို တစ်ပြိုင်နက်တည်း သုံးပစ်ဖို့ ဆုံးဖြတ်လိုက်တာလေ... တစ်ဖက်လူကို ချက်ချင်း အပြတ်ရှင်းပစ်ဖို့ မျှော်လင့်ချက်နဲ့ပေါ့...။
အရာအားလုံးက အဆင်ပြေသွားခဲ့ပါတယ်။
အဆောင်လက်ဖွဲ့ တစ်ခု အပိုကုန်သွားပေမဲ့ အနည်းဆုံးတော့ အခု အောင်မြင်သွားပြီ ဆိုတာ အထင်းသား မြင်နေရပြီလေ...။
အကာအကွယ်ကြီး လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ...။
ဆိုလိုတာက ဒီအကာအကွယ် နောက်ကွယ်မှာ ပုန်းနေတဲ့ ကောင်လည်း ပျောက်ကွယ်သွားပြီ ဆိုတဲ့ သဘောပဲ...။
အမှောင်ထဲမှာ ပုန်းကွယ်နေတဲ့ အဆိပ်ပြင်းမြွေလို အန္တရာယ်မျိုးကို ရှင်းလင်းပစ်လိုက်နိုင်ပြီလေ...။
တကယ်တမ်း ပြောရရင်တော့ တစ်ဖက်လူဆီမှာ တခြား ခြိမ်းခြောက်နိုင်စွမ်းတွေ ကျန်နေသေးလား ဆိုတာကို လီယီတောင်း လုံးဝ အသေအချာ မသိနိုင်သေးဘူး...။
ဒါပေမဲ့ အနည်းဆုံးတော့ လောလောဆယ် မျက်စိရှေ့မှာ မြင်နေရတဲ့ အန္တရာယ်ကိုတော့ ဖြေရှင်းပြီးသွားပြီလေ...။
ကျန်နေသေးတဲ့ အန္တရာယ်တွေ ကတော့ ဒီအချိန်မှာ လီယီတောင်း တစ်ယောက် ရှာဖွေ ဖော်ထုတ်နိုင်တဲ့ အရာတွေ မဟုတ်တော့ဘူး...။
ဒီလို အခြေအနေမျိုး အောက်မှာတော့ လီယီတောင်း အတွက် လုပ်စရာ ဆိုလို့ သူ့ရှေ့က ကြောက်စရာကောင်းတဲ့ ဝိညာဉ်ပေါင်းစပ် ဘီလူးကြီးကို ဘယ်လို ရှင်းရမလဲ ဆိုတာကို အဖြေရှာဖို့ပဲ ကျန်တော့တယ်...။
ချီယွီချန်တောင် ရောက်လာပြီ ဆိုမှတော့ ကျန်တဲ့လူတွေလည်း မကြာခင် ရောက်လာတော့မယ်လို့ သူ ယုံကြည်ထားတယ်...။
ဖြစ်နိုင်တာက သူတို့တွေ အခုချိန်မှာ တစ်နေရာရာမှာ ပိတ်မိနေတာ၊ ဒါမှမဟုတ် အတော်လေး အလှမ်းဝေးတဲ့ နေရာမှာ ရောက်နေတာမျိုးလည်း ဖြစ်နိုင်တယ်လေ...။
ဒါတင် မကသေးဘူး... လီယီတောင်းရဲ့ အနီးအနားမှာ စောင့်ကြပ်ပေးနေမယ့် လူတချို့ ရှိနေရမှာလေ...။ ဘာဖြစ်လို့ ဒီလူတွေ အခုထိ ပေါ်မလာကြသေးတာလဲ...။
သေချာတာပေါ့... သူတို့လည်း လီယီတောင်း အတွက် ရန်သူတွေကို ကြားဖြတ် တားဆီးပေးရင်း တိုက်ပွဲဝင်နေရလို့ ဖြစ်မှာပေါ့...။
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်၏။
ထို့နောက် ဝိညာဉ်ပေါင်းစပ် ဘီလူးကြီး ရှိရာဘက်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်၏...။
'ဝိညာဉ် ဖမ်းဆီးခြင်း' ...
ပြီးတော့ သေမင်းဓားသွား... ။
နှစ်ခုလုံးကို အသုံးပြုရန် သူ အသင့်ပြင်ထားလိုက်၏။
အခုလို အချိန်အတိုင်းအတာ တစ်ခုအထိ ပေါင်းစပ်ပြီးသွားတဲ့ အချိန်မှာတော့ ဒီသရဲတစ္ဆေ ပေါင်းစပ်ဘီလူးကြီးကို သေမင်းဓားသွားနဲ့တောင် ခုတ်ပိုင်းလို့ ရနေပြီလေ...။
ဆိုလိုတာက တစ်ဖက်လူက တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပြီ၊ ဒြပ်ရှိတဲ့ အရာတစ်ခု ဖြစ်လာပြီ ဆိုတဲ့ သဘောပဲ...။
အကယ်၍သာ တစ်ဖက်လူ လုံးဝ ရုပ်လုံးပေါ်လာတဲ့ အထိ သူ ဆက်စောင့်နေမယ် ဆိုရင်...
ဖြစ်နိုင်တာက...
ပိုပြီးတောင် ကြောက်စရာ ကောင်းလာနိုင်သေးတယ်လေ...။
***