ဒါမှမဟုတ် နာရီဝက် အတွင်းမှာ ပြိုင်ဘက် သေသွားတဲ့ အထိ သူ ထိန်းချုပ်ထားနိုင်မလား...။
လောလောဆယ် သူ မြင်နေရတာက သူ့ရဲ့ သက်တမ်း ကုန်ဆုံးသွားတာပဲ ရှိသေးတယ်... ဒီပေါင်းစပ် မိစ္ဆာကောင်ကြီး ရဲ့ အဓိက အသိစိတ် အပေါ်မှာ သိပ်ပြီး အကျိုးသက်ရောက်မှု မရှိသေးဘူး...။
ဒီပေါင်းစပ် မိစ္ဆာကောင်ကြီး ရဲ့ အခြေအနေ အကြမ်းဖျင်းကို သူ ခန့်မှန်းမိနေပါပြီ...။
သူ့ရဲ့ ပတ်ဝန်းကျင်မှာ ကျွတ်လွတ်မသွားသေးတဲ့ ဝိညာဉ်တွေ မရေမတွက်နိုင်အောင် ရှိနေရမယ်...။
ပြီးတော့ ဒီဝိညာဉ်တွေ ကြားထဲမှာမှ အသိဉာဏ် ရှိလာအောင် ပြုစုပျိုးထောင်ထားတဲ့ ဝိညာဉ် တစ်ခု ရှိရမယ်...။
ဒီဝိညာဉ်က အသက်ရှင်စဉ် တုန်းက တအားကို အစွမ်းထက်ခဲ့တဲ့ သူ ဖြစ်နိုင်ပြီး အဓိက ဝိညာဉ် အနေနဲ့ လုပ်ဆောင်နေတာ ဖြစ်နိုင်တယ်...။
နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ ဒီဝိညာဉ်က ကျွတ်လွတ်မသွားသေးတဲ့ ဝိညာဉ် အများအပြားနဲ့ အသိစိတ် မျိုးစုံကနေ ပေါင်းစပ် ဖွဲ့စည်းထားတဲ့ ဝိညာဉ် အသစ် တစ်ခု ဖြစ်နိုင်တယ်...။
ဒါမှမဟုတ်... ပိုပြီး အစွန်းရောက်တဲ့ ဖြစ်နိုင်ခြေ တစ်ခုလည်း ရှိသေးတယ်...။
ဒီဝိညာဉ်က... နောက်ကွယ်က လူရဲ့ အသိစိတ်ပဲ...။
အစကတည်းက အခု အချိန်အထိ ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုတွေက ဝိညာဉ်ကို ထိခိုက်အောင် လုပ်တဲ့ နေရာမှာ တကယ်ကို ကျွမ်းကျင်ပါတယ်...။
ဒီလူတွေက လုံးဝကို ရူးသွပ်နေကြတာ...။
ပြိုင်ဘက်က ဒီနာကြည်းနေတဲ့ ဝိညာဉ်တွေကို သူ့ရဲ့ အသိစိတ် သုံးပြီး ဘာပြဿနာမှ မရှိဘဲ ထိန်းချုပ်နေတယ် ဆိုတာကိုတောင် အတည်ပြုလို့ ရနိုင်တယ်...။
သူတို့ရဲ့ စရိုက်တွေ အရဆိုရင်... ဒီလို လုပ်ရပ်မျိုး လုပ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး...။
ဒါပေမဲ့...
အခြေအနေ ဘယ်လိုပဲ ဖြစ်နေပါစေ လီယီတောင်း သိတယ်...။
ဒီပေါင်းစပ် မိစ္ဆာကောင်ကြီး ရဲ့ အဓိက ဝိညာဉ်ကို သူ ဖြေရှင်းရမယ်...။
အဲဒီလို လုပ်မှသာ လုံးဝ လုံခြုံရေးကို သေချာစေနိုင်မှာ...။
အဲဒီလိုမှသာ ဒီအရာကြီးကို အဆုံးသတ်နိုင်မှာ...။
မဟုတ်ရင် အရာအားလုံးက တကယ်ကို အဓိပ္ပာယ် မရှိ ဖြစ်သွားလိမ့်မယ်...။
လီယီတောင်း အံကို တင်းတင်း ကြိတ်လိုက်သည်။
ဦးနှောက်ထဲရှိ ပြင်းထန်သော နာကျင်မှုကို ဆက်လက် အံတုရင်း လီယီတောင်းက ဝိညာဉ် ဖမ်းယူခြင်း စွမ်းရည်ကို ဆက်တိုက် ထုတ်လွှတ်နေလေသည်။
တစ်ချိန်တည်းမှာပင် ပြိုင်ဘက်ကလည်း ဆက်လက် ရုန်းကန် ဟိန်းဟောက်နေ၏။
လီယီတောင်း၏ ဝိညာဉ် ဖမ်းယူခြင်းက အထဲတွင် ပေါင်းစပ်ထားသော ဝိညာဉ်များကို တစ်ခုပြီး တစ်ခု ရှင်းလင်းသွားမည် ဖြစ်ပြီး ဤဝိညာဉ်များ ပျက်စီးသွားခြင်းက ပြိုင်ဘက်၏ စွမ်းရည်များကို သေချာပေါက် ထိခိုက်စေမည် ဖြစ်သည်။
ရလဒ် အနေဖြင့် သူ၏ ခွန်အားက တဖြည်းဖြည်း လျော့ကျလာလေသည်။
ထို့ကြောင့် ပြိုင်ဘက် ယခု လုပ်ရမည့် အရာမှာ သူ၏ ခွန်အားများ လုံးဝ မပြိုလဲသွားမီ အဓိက တရားခံ ဖြစ်သော လီယီတောင်းကို ရှင်းလင်းရန်ပင် ဖြစ်၏။
စောစောက သူ အသုံးပြုခဲ့သော အဆောင်လက်ဖွဲ့ အနည်းငယ်က ဝိညာဉ် အများအပြားကို ရှင်းလင်းပြီး ဖြစ်လေသည်။
တင်စားပြီး ပြောရမည် ဆိုလျှင် ၎င်းက ခပ်ပြင်းပြင်း လက်သီးချက် တစ်ခုလိုပင်။
ယခု လီယီတောင်း၏ ဝိညာဉ် ဖမ်းယူခြင်း စွမ်းရည်နှင့် ဆိုလျှင် ပြိုင်ဘက် အပေါ် ကျိန်စာ တိုက်လိုက်သကဲ့သို့ ဖြစ်နေပြီး ပြိုင်ဘက်၏ အသက်စွမ်းအင်များကို ဆက်တိုက် လျော့ကျစေလေသည်။
" ဝေါင်း... "
လီယီတောင်း၏ ဝိညာဉ် ဖမ်းယူခြင်း ကြောင့် ပေါင်းစပ် ဝိညာဉ်များ အပေါ် သက်ရောက်မှု ကြီးမားလာသည်ကို မြင်သောအခါ ပေါင်းစပ် မိစ္ဆာကောင်ကြီးက ဤပုံအတိုင်း ဆက်သွားနေ၍ မရတော့ကြောင်း သဘောပေါက်သွားလေသည်။
ရုတ်တရက် သူ၏ တစ်ကိုယ်လုံးကို အမည်းရောင် မြူခိုးများက လွှမ်းခြုံသွား၏။
ထို့နောက် အစက ပေါင်းစပ်ထားသော ခန္ဓာကိုယ်ကြီးက မျက်စိတစ်မှိတ် အတွင်း မရေမတွက်နိုင်သော ဝိညာဉ်များ အဖြစ် ပြိုကွဲသွားတော့သည်။
သူက... ကိုယ့်ဘာသာကိုယ် ပြိုကွဲသွားတာလား...။
ဒါပေမဲ့ ဒါက အဆုံးသတ် မဟုတ်သေးဘူး...။
အစပဲ ရှိသေးတယ်လို့ ပြောလို့ ရတယ်...။
ပြိုကွဲသွားသော ဝိညာဉ်များက စူးစူးဝါးဝါး အော်ဟစ်သံများနှင့် ရူးသွပ်သော ဟိန်းဟောက်သံများကို ထုတ်လွှတ်လိုက်ကြလေသည်။
လီယီတောင်း၏ ဝိညာဉ် ဖမ်းယူခြင်း အောက်တွင် ဤဝိညာဉ်များက စက္ကန့်နှင့်အမျှ တိုက်ခိုက်ခံနေရပြီး တဖြည်းဖြည်း အားနည်းလာကာ ပိုမို မှုန်ဝါးလာကြ၏။
မကြာမီ သူတို့က လုံးဝ လွင့်ပါး ပျောက်ကွယ်သွားကြတော့သည်။
ဒါက လီယီတောင်း တိုက်ခိုက်မှုရဲ့ ရလဒ် ဆိုတာ ထင်ရှားတယ်...။ ဒါပေမဲ့ မပြီးသေးဘူး...။
တချို့ ဝိညာဉ်တွေက ကြေးမုံပြင် ရဲ့ အလင်းရောင် ကျရောက်တဲ့ ထောင့်တိုင်းကို တိုက်ရိုက် ပြေးဝင်သွားကြတယ်...။
ထို့နောက် ကြေးမုံပြင်၏ အတွင်းပိုင်းကို သူတို့၏ ပုံရိပ်များဖြင့် ပြည့်နှက်သွားစေလေသည်။ ကျန်ရှိနေသော ဝိညာဉ်များ ကတော့ လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်း ရရှိသွားကြပြီ ဖြစ်၏။
ဤမြင်ကွင်းကို မြင်သောအခါ လီယီတောင်း ရင်ထဲ လေးလံသွားတော့သည်။
ပြန့်ကျဲနေသော ဝိညာဉ်များ ကြားထဲတွင် ပုံမှန် ပုံသဏ္ဍာန် ရှိသော ပြီးပြည့်စုံသည့် ဝိညာဉ် တစ်ခုက ထင်ရှားစွာ ရှိနေလေသည်။
ဘာမျှ စဉ်းစားစရာ မလိုဘဲ ၎င်းမှာ ပေါင်းစပ် မိစ္ဆာကောင်ကြီး တစ်ခုလုံး၏ အဓိက ဝိညာဉ်၊ ထိန်းချုပ်နေသော အသိစိတ် ဖြစ်ကြောင်း လီယီတောင်း သိလိုက်၏။
သူ၏ ပုံသဏ္ဍာန်က အတော်လေး သာမန် ဖြစ်ပြီး လီယီတောင်းကို စိုက်ကြည့်နေသည့်အလားပင်။
သူ့အကြည့်တွေထဲမှာ ကြမ်းတမ်းခက်ထန်တဲ့ ဒေါသတွေ ပြည့်နှက်နေတယ်...။
ဤမြင်ကွင်းကို မြင်သောအခါ လီယီတောင်း ရင်ထဲ ပို၍ပင် လေးလံသွားတော့သည်။
ဒီဝိညာဉ်က သေချာပေါက် ပေါင်းစပ်လို့ ရတဲ့ သာမန် ဝိညာဉ် မဟုတ်ဘူး...။
အသစ် ဖြစ်ပေါ်လာတဲ့ အသိစိတ် တစ်ခု ပိုင်ဆိုင်နိုင်တဲ့ အခြေအနေ မျိုးလည်း မဟုတ်ဘူး...။
ဒါက... ပြိုင်ဘက်ရဲ့ တကယ့် အသိစိတ် အစစ်အမှန်ပဲ...။
ဒါက ပြိုင်ဘက် ခွဲထုတ်လိုက်တဲ့ အသိစိတ် အစိတ်အပိုင်းလေး တစ်ခုပဲ...။
ဒီလို နည်းလမ်းနဲ့ ပြိုင်ဘက်က ဒီအသိစိတ် အစိတ်အပိုင်းလေးတွေ ကနေတစ်ဆင့် ဒီပေါင်းစပ် မိစ္ဆာကောင်ကြီး ကို ထိန်းချုပ်နေတာ...။
ဒါပေမဲ့... ဒီအချိန်မှာ တခြား နည်းလမ်း မရှိတော့ဘူး...။
တစ်စက္ကန့်လေး အတွင်းမှာပင် သက်တမ်း ဆယ်နှစ် ကုန်သွားလေသည်။
ထိုမျှမကသေးပေ။ သူ မူးဝေလာပြီ ဖြစ်ကြောင်း ခံစားလိုက်ရသည်။
သူ အံကို တင်းတင်းကြိတ်ပြီး တောင့်ခံထားရုံသာ ရှိတော့သည်။
တကယ်လို့ သူ ဆက်မတောင့်ခံနိုင်ဘူး ဆိုရင် သေခြင်းတရားက သူတို့ကို စောင့်ကြိုနေလိမ့်မယ်...။
အခုကျမှ ထွက်ပြေးဖို့ဆိုတာလည်း မလွယ်တော့ဘူး….။
ဒါကြောင့်... ဒီတစ်ခါတော့ သေမလား နေမလား…. လမ်းတစ်ခုကို ပြတ်ပြတ်သားသား ရွေးရတော့မယ်…။
မကြာမီ...
ဝိညာဉ် အချို့က ကြေးမုံပြင်၏ အကျိုးသက်ရောက်မှုကို ပိတ်ဆို့လိုက်သည်နှင့်အမျှ ကျန်ရှိနေသော ဝိညာဉ်များက ဗဟို အသိစိတ်၏ ထိန်းချုပ်မှု အောက်တွင် နောက်တစ်ကြိမ် ပြန်လည် စုစည်းလာကြလေသည်။
သို့သော် ဤပေါင်းစပ်မှု အပြီးတွင် အရွယ်အစားမှာ ယခင်ကထက် တစ်ဝက်ခန့် သေးငယ်သွား၏။
လီယီတောင်း အနေဖြင့် အရပ်မျက်နှာ အသီးသီးမှ ဝိညာဉ်များကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်ရန် ဖြစ်နိုင်ခြေ မရှိတော့ပေ။
သက်တမ်း ကုန်ဆုံးမှုက တစ်စက္ကန့်လျှင် တစ်နှစ်နှုန်းသို့ ပြန်လည် ရောက်ရှိသွားလေသည်။
သို့သော် ၎င်းက အဖြေကောင်း တစ်ခု မဟုတ်ကြောင်း လီယီတောင်း သိထား၏။
ပြိုင်ဘက်၏ ပုံရိပ်ကို ကြေးမုံပြင်တွင် ပြန်လည် ပေါ်လာစေရန် နှင့် ထိန်းချုပ်နိုင်ရန် သူ၏ လှုပ်ရှားမှုများကို သူ ချိန်ညှိရန် ကြိုးစားလိုက်လေသည်။
သို့သော် ပြိုင်ဘက်က ပြင်ဆင်ထားပြီး ဖြစ်၏။
ကျန်ရှိသည့် ဝိညာဉ်များက ကြေးမုံပြင် ရှေ့တွင် လုံးဝ ပိတ်ကာဆီးထား၏။
၎င်းက လီယီတောင်း၏ ကြိုးပမ်းမှု အားလုံးကို အသုံးမဝင် ဖြစ်သွားစေခဲ့၏။
ဤအချိန်တွင် ပေါင်းစပ် မိစ္ဆာကောင်ကြီးက လှုပ်ရှားမှုကို အရှိန်မြှင့်လိုက်ပြီး လီယီတောင်း အနီးသို့ အလျင်အမြန် ချဉ်းကပ်လာကာ တိုက်ခိုက်ရန် ပြင်ဆင်နေလေသည်။
အစကတော့ ဝိညာဉ် ဖမ်းယူခြင်းက ဝိညာဉ် ခန္ဓာကိုယ်တွေကို ထိန်းချုပ်နိုင်ပြီး ပြိုင်ဘက်ရဲ့ လှုပ်ရှားမှုကို ကန့်သတ်နိုင်တယ်လေ...။
သို့သော် ယခုအခါ... လီယီတောင်း၏ ထိန်းချုပ်မှုက ကြီးမားလှသော ပေါင်းစပ် မိစ္ဆာကောင်ကြီး အတွင်းရှိ သီးခြား ဝိညာဉ် တစ်ခုကိုသာ အကျိုးသက်ရောက်နိုင်နေလေသည်။
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်ပြီး ပေါင်းစပ် မိစ္ဆာကောင်ကြီး တဖြည်းဖြည်း နီးကပ်လာသည်ကို စောင့်ကြည့်နေလိုက်၏။
ကြည့်ရတာ အသေအလဲ တိုက်ခိုက်ရတော့မယ် ထင်တယ်...။
သေမင်း အကာအကွယ် စွမ်းအားကို အားကိုးရတော့မယ်...။
နောက်ကွယ်ကနေ တစ်ယောက်ယောက်က ကြိုးကိုင်နေတယ် ဆိုတာကို သေချာတယ်…။
လီယီတောင်း အသက်အန္တရာယ်ရှိကိန်း ဆိုက်နေပြီဟု ယူဆနိုင်ပေသည်။
တကယ်လို့ သေမင်း အကာအကွယ် ရဲ့ အကျိုးသက်ရောက်မှုသာ အသက်ဝင်လာပြီး ပြိုင်ဘက်က တန်ပြန် သက်ရောက်မှုကို ခံရပြီး သေသွားမယ် ဆိုရင်... နောက်ကွယ်ကနေ အရာအားလုံးကို ကြိုးကိုင်နေတဲ့ လူကိုပါ ထိခိုက်စေမလား၊ ဒါမှမဟုတ် သေသွားစေမလား...။
တကယ်လို့ ပြိုင်ဘက်သာ သေမင်းရဲ့ အကာအကွယ် ကြောင့် အသေအလဲ ထိခိုက်သွားမယ် ဆိုရင်တော့ လီယီတောင်း ဘေးကင်းသွားမှာပေါ့...။
ဒါပေမဲ့ ဒီအချက်က စနစ်က ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုကို သိရှိနိုင်ခြင်း ရှိ၊ မရှိ ဆိုတာ အပေါ်မှာ မူတည်နေတယ်လေ...။ တကယ်လို့ မသိရှိနိုင်ဘူး ဆိုရင်တော့… အင်း… သွားပြီပေါ့… ကံတရားအတိုင်းပေါ့…။
လီယီတောင်း အဆိုးရွားဆုံး အခြေအနေ အတွက် ပြင်ဆင်နေချိန်မှာပင်... ရုတ်တရက် အေးစက်စက် လေပြင်း တစ်ချက် တိုက်ခတ်လာလေသည်။
ထို့နောက် သူ့ဆီသို့ ပြေးဝင်လာသော ပေါင်းစပ် မိစ္ဆာကောင်ကြီး ရုတ်တရက် နေရာမှာတင် အေးခဲသွားသည်ကို တွေ့လိုက်ရ၏။
လှည့်ကြည့်လိုက်ရာ နာကျင်မှုကို အံတုရင်း ပြတ်သားသော မျက်နှာထားဖြင့် ထလာသော ချီယွီချန်ကို တွေ့လိုက်ရလေသည်။
သူ့နှုတ်ခမ်းထောင့်များမှ သွေးများ စီးကျနေဆဲ ဖြစ်ပြီး မျက်နှာထက်တွင် အလွန်အမင်း နာကျင်နေသည့် အရိပ်အငွေ့တို့က အထင်းသား။
" သူ့ကို ငါ့အတွက် သတ်ပေးပါ... အား... "
ချီယွီချန် က သူ၏ စွမ်းရည်များကို အားကုန် မြှင့်တင်ရင်း အော်ဟစ်လိုက်လေသည်။
အစက ရုန်းကန်နေသော ပေါင်းစပ် မိစ္ဆာကောင်ကြီးမှာ နောက်တစ်ကြိမ် နေရာမှာတင် အေးခဲသွားပြန်၏။
ထို့ကြောင့် တွန့်ဆုတ်မနေဘဲ လီယီတောင်း ဝိညာဉ် ဖမ်းယူခြင်းကို ဆက်လက် အသုံးပြုလိုက်လေသည်။
သူ့မှာ တခြား ရွေးချယ်စရာ မရှိတော့ဘူး...။
အခု သူတို့ လုပ်နိုင်တာ တစ်ခုတည်းက ပြိုင်ဘက်နဲ့ အချိန်ဆွဲ တိုက်ပွဲ ဝင်ဖို့ပဲ...။
သူတို့က ပြိုင်ဘက်ကို အားနည်းသွားအောင် လုပ်နိုင်မလား၊ ဒါမှမဟုတ် ပြိုင်ဘက်က သူတို့ကို အားနည်းသွားအောင် လုပ်မလား ဆိုတာ စောင့်ကြည့်ရဦးမယ်...။
ချီယွီချန်၏ ချိတ်ပိတ်မှုက အချိန်အကြာကြီး ခံမည် မဟုတ်ကြောင်း သူ သိထားလေသည်။
လက်ရှိ ပေါင်းစပ် မိစ္ဆာကောင်ကြီး၏ ခွန်အားမှာ သိသိသာသာ လျော့ကျသွားပြီ ဖြစ်သော်လည်း ချီယွီချန်မှာလည်း အားနည်းနေလေပြီ။
ဒါက သူ့ရဲ့ နောက်ဆုံး ထွက်သက်ပဲ...။
မပြီးသေးဘူး...။
ပေါင်းစပ် မိစ္ဆာကောင်ကြီး နောက်တစ်ကြိမ် ရုန်းထွက်မည့် အရိပ်အယောင်များ ပြသလာချိန်မှာပင် အဖြူရောင် အလင်းတန်း တစ်ခုက သူ့ပတ်လည်သို့ ကျဆင်းလာလေသည်။
ထူးဆန်းသော ပေါင်းစပ် မိစ္ဆာကောင်ကြီး ပတ်လည်တွင် မမြင်ရသော အတားအဆီး တစ်ခု ဖြစ်ပေါ်လာတော့သည်။
***