အဘိုးအိုက ပြိုင်ဘက်ကို အလွယ်တကူ ရှင်းလင်းပစ်လိုက်လေသည်။
မကြာမီ လူတစ်စု အဝေးမှ အပြေးအလွှား ရောက်လာကြ၏။
အဖွဲ့ကို ဦးဆောင်လာသူမှာ အကြီးအကဲလျန် ပင် ဖြစ်သည်။
သူတို့နှင့်အတူ အခြား အဘိုးအို တစ်ဦးလည်း ပါလာပြီး အခြေအနေမှာ သိပ်ကောင်းပုံ မရပေ။ သူတို့လည်း တိုက်ပွဲတစ်ခုကို သည်းကြီးမည်းကြီး နွှဲခဲ့ရမှန်း သိသာနေလေသည်။
သူတို့ရှေ့မှ မြင်ကွင်းကို မြင်လိုက်ရချိန်တွင် မျက်နှာများ သိသိသာသာ ညိုမည်းသွားတော့သည်။
အကြီးအကဲလျန်က အဘိုးအို၏ ရှေ့တွင် လက်အောက်ငယ်သား တစ်ဦးကဲ့သို့ ရပ်နေလေသည်။
" အကြီးအကဲဖူ... ဒီကိစ္စက ကျွန်တော်တို့ရဲ့ ပေါ့ဆမှုကြောင့်ပါ... ခင်ဗျားကို သေချာပေါက် ရှင်းပြပါ့မယ်... "
သူက ရိုသေလေးစားမှု အပြည့်ဖြင့် ဦးညွတ်လိုက်၏။
အဘိုးအိုက သူ့ကို ခံစားချက် ကင်းမဲ့စွာ တစ်ချက် ကြည့်လိုက်သည်။
" မင်းရဲ့ ရှင်းပြချက်ကို ငါ စောင့်နေမယ်... မဟုတ်ရင် မင်းတို့ရဲ့ အကြီးအကဲချုပ် ဆီကနေ ရှင်းပြချက် တောင်းရလိမ့်မယ်... "
" မင်းတို့က ငါ့ရဲ့ တူလေးကို လှုပ်ရှားခိုင်းဖို့ ရွေးချယ်ကတည်းက ဖြစ်လာနိုင်တဲ့ အကျပ်အတည်းတွေကို ဘယ်လို စဉ်းစားပြီး ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို သိထားသင့်တာပေါ့... "
" ဒါပေမဲ့ အခုတော့... မင်းတို့ ဘာမှ မပြင်ဆင်ထားပဲ ဝင်ပါခိုင်းတယ်... "
" သူက အတွေ့အကြုံ မရှိသေးတဲ့ လူငယ်လေး တစ်ယောက်ပါ... မင်းတို့ကော အတွေ့အကြုံ မရှိကြဘူးလား... "
အဘိုးအိုက အကြီးအကဲလျန်ကို ခပ်တင်းတင်း ကြည့်ကာ မေးလိုက်၏။ သူ၏ လေသံက အတော်လေး တင်းမာလျက်။
အဘိုးအို ဆူပူကြိမ်းမောင်းနေသဖြင့် အကြီးအကဲလျန် တစ်ယောက် စကားတစ်ခွန်းမျှ မဟရဲဘဲ ငြိမ်သက်စွာ ရပ်နေလေသည်။
သူတို့၏ ဆုံးဖြတ်ချက်ကြောင့် အမှားအယွင်း ဖြစ်ခဲ့ရကြောင်း သူ သိထား၏။
တကယ်တမ်းတွင် ဤကဲ့သို့သော အန္တရာယ်မျိုး မရှိသင့်ပေ။
သို့သော် သူတို့ လုံးဝ မမျှော်လင့်ထားခဲ့သည်မှာ ပြိုင်ဘက်က ဤမျှ အဆင့်မြင့်သော ပုဂ္ဂိုလ် တစ်ဦးကို စေလွှတ်လိမ့်မည်ကိုပင်။
အစကတော့ သာမန် ထိပ်တိုက် ရင်ဆိုင်မှုလေး တစ်ခုလို့ပဲ ထင်ခဲ့တာ...။
ဒါပေမဲ့ အခုတော့ တကယ့် သေရေးရှင်ရေး အခြေအနေကို ရောက်သွားခဲ့ပြီ...။
ဘာပဲဖြစ်ဖြစ်... ဒီတစ်ခေါက် သူတို့ရဲ့ ဆုံးရှုံးမှုတွေက တကယ်ကို နာကျင်စရာ ကောင်းလွန်းတယ်လေ...။
သို့သော် တိုက်ဆိုင်မှု တစ်ခုမှာ ယခင်က လီယီတောင်း ထံသို့ ချီယွီချန် ပေးခဲ့သော ဖိုင်များထဲတွင် နှစ်ယောက်မှာ တစ်ဖက် အဖွဲ့အစည်းမှ တကယ့် ခေါင်းဆောင်ကြီးများ၏ တပည့်များ ဖြစ်နေခြင်းပင်။
ထို့ပြင် အနှောင့်အယှက် ပေးနေသော ပေါင်းစပ် မိစ္ဆာကောင်ကြီးမှာ ထိုအဖွဲ့အစည်းမှ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ နှစ်ဖက်စလုံးက ထူးဆန်းစွာ ပူးပေါင်းမိသွားကြ၏။ လူတစ်စုက တပ်ဖွဲ့ ၃၆ မှ ဝန်ထမ်း အများစုကို တားဆီးထားပြီး အခြား တစ်စုက လီယီတောင်းကို ဤနေရာတွင် ဝိုင်းရံ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
သူတို့ မည်မျှပင် တွက်ချက်ထားစေကာမူ လီယီတောင်း၌ ဤမျှ နက်ရှိုင်းသော စွမ်းရည်များ ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
နောက်ဆုံးတွင် နောက်မှ ရောက်လာသော အဘိုးအိုက အခြေအနေကို အပြည့်အဝ ဖြေရှင်းပေးခဲ့လေသည်။
အကြီးအကဲလျန်နှင့် အခြားသူများကို ဆူပူကြိမ်းမောင်းပြီးနောက် အဘိုးအိုက လီယီတောင်း အနီးသို့ လျှောက်သွားလေသည်။ သူ၏ အိတ်ကပ်ထဲမှ ဆေးလုံး တစ်လုံးကို ထုတ်ယူကာ လီယီတောင်း ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။
ဆေးလုံး အရည်ပျော်သွားသည်ကို ခံစားရပြီးနောက် တစ်ကိုယ်လုံးတွင် ထူးခြားသော အေးမြမှုကို လီယီတောင်း ခံစားလိုက်ရလေသည်။
ကံကောင်းလို့...။
အရာအားလုံးက အဆင်ပြေနေပါသေးတယ်...။
အနည်းဆုံးတော့ သူ အသက်ရှင်နေသေးတယ်လေ...။
သူ၏ ကျန်ရှိနေသော သက်တမ်း ရှစ်နှစ်ကို ကြည့်ရင်း လီယီတောင်း၏ နှုတ်ခမ်းထောင့်တွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာလေသည်။
တကယ့်ကို ခက်ခဲတာပဲ...။
မကြာခင် သူ အဘိုးအို နောက်ကို လိုက်သွားရတော့မယ်...။
လောလောဆယ် သူ့မှာ သက်တမ်း လုံးဝ မကျန်တော့ဘူးလေ...။
လီယီတောင်း အတွက် သက်တမ်း မရှိဘူး ဆိုတာ လက်သည်း မပါတဲ့ ကျား တစ်ကောင်လိုပဲ...။
သူ့မှာ ဘာစွမ်းရည်မှ မရှိတော့ဘူး...။
ဒါကြောင့်... အခု အချိန်မှာ သက်တမ်း ပိုရအောင် သူ အမြန် လုပ်ရတော့မယ်...။
" ဘယ်လိုနေသေးလဲ... "
" အင်း... ကျွန်တော် အဆင်ပြေပါတယ်... "
" ကောင်းပြီ... သွားကြစို့... ပြန်ပြီး အနားယူလိုက်ဦး... ခရီးထွက်မယ့် ရက်ကို နောက်ရွှေ့လိုက်ကြတာပေါ့... "
ထိုသို့ ပြောပြီးနောက် အဘိုးအိုက လှည့်ထွက်သွားပြီး လီယီတောင်းနှင့် အတူတူ ပြန်မလိုက်ခဲ့ပေ။
လီယီတောင်းလည်း ဘာစကားမျှ မဆိုဘဲ နာကျင်မှုကို အံတုကာ မတ်တပ်ရပ်လိုက်၏။ သို့သော် သူ ထွက်မသွားသေးပေ။ ထိုအစား မလှမ်းမကမ်းတွင် ရှိနေသော ချီယွီချန် ရှိရာသို့ သူ လျှောက်သွားလိုက်လေသည်။
ချီယွီချန်၏ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းမှာ ယခုအချိန်တွင် မသေချာသေးပေ။
တကယ်လို့ သူ မသေရင်... ငါ့ရဲ့ သက်တမ်း ရှစ်နှစ်ကို... ချီယွီချန် အတွက် တစ်နှစ်လောက်တော့ ဖဲ့ပေးနိုင်ပါတယ်လေ...။ သူ့ကို ခဏလောက် ထပ်ပြီး အသက်ရှင်ခွင့် ပေးလိုက်တာပေါ့...။
နာမည်မသိတဲ့ အဖြူရောင် ဝတ်ရုံရှင် အတွက်လည်း အတူတူပါပဲ...။
ဘာပဲဖြစ်ဖြစ်... ဒီလူတွေက ငါ့ဘေးမှာ အတူတူ တိုက်ပွဲဝင်ခဲ့ကြတာလေ...။
လူသား ဆိုတာ ဒီလိုပါပဲ...။
သေအတူ ရှင်မကွာ ညီအစ်ကိုတွေ ဖြစ်ခဲ့ပြီလေ… ငါတို့ အသက်တွေကို ရင်းပြီး တိုက်ပွဲ တစ်ခုကို တူတူ နွှဲခဲ့ကြတာလေ….။
ဒီလို ညီအစ်ကို သံယောဇဉ် မျိုးက စကားလုံးတွေနဲ့ ဖော်ပြလို့ မရနိုင်တဲ့ အရာမျိုးပါ...။
" ခဏလေး... "
ယခုမှ ရောက်လာသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက ချီယွီချန်နှင့် အခြား တစ်ယောက်ကို လူနာတင် ကုတင်ဖြင့် သယ်ဆောင်သွားရန် ပြင်နေသည်ကို ကြည့်ရင်း လီယီတောင်း လက်ကာပြကာ တားလိုက်လေသည်။ ပါလာသော ဆရာဝန်က ချက်ချင်း စိုးရိမ်သွားပြီး ဆူပူကြိမ်းမောင်းရန် ပြင်လိုက်သော်လည်း ဘေးရှိ အကြီးအကဲလျန်က တားမြစ်လိုက်၏။
လီယီတောင်းက ဆရာဝန်ကို လုံးဝ ဂရုမစိုက်ဘဲ လက်ကို ချီယွီချန် အပေါ်သို့ တင်လိုက်လေသည်။
ကံကောင်းလို့ပေါ့...။
အသက်ငွေ့ငွေ့လေး ကျန်နေသေးတယ်...။
နတ်ဘုရားလက်…
သက်တမ်း ၁ နှစ် တိုးသွားတယ်…။
ရွေးချယ်စရာ မရှိဘူးလေ... လီယီတောင်း က သူတို့ကို ကုသပေးဖို့ အစွမ်း အကုန် မထုတ်ချင်လို့ မဟုတ်ပါဘူး... သူ့မှာလည်း သက်တမ်း အကန့်အသတ် ရှိနေလို့ပါ...။
တကယ်လို့ ကုသဖို့ သူ့ခွန်အားတွေ အကုန် သုံးလိုက်မယ် ဆိုရင်... သူတို့ကို မကယ်နိုင်ရုံသာမက သူ့အသက်ပါ ကုန်ဆုံးသွားမှာလေ…။
အခြား တစ်ယောက်ကိုလည်း အလားတူ ကုသမှုမျိုး ပေးလိုက်လေသည်။
ဤကဲ့သို့သော ကုသမှုမျိုးက သူတို့ကို အပြည့်အဝ ပြန်လည် ကောင်းမွန်လာစေမည် မဟုတ်သော်လည်း အနည်းဆုံးတော့ သူတို့၏ အသက်ကို ကယ်တင်နိုင်မည် ဖြစ်၏။
တစ်နှစ် အတွင်းမှာတော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး…။
ကုသမှု ပြီးဆုံးသွားသည်နှင့် သူ၏ အကြည့်များက အကြီးအကဲလျန် ထံသို့ ရောက်သွားလေသည်။
" ဒီနှစ်ယောက် အတွက် နေရာတစ်ခု ရှာပေးပြီး ကာကွယ်ဖို့ လူစီစဉ်ပေးထားပါ... "
လီယီတောင်းက ညွှန်ကြားလိုက်၏။
" သာမန် စောင့်ကြည့် ကုသမှုလောက်ပဲ လုပ်ပါ... ပြင်းထန်တဲ့ ကုသမှုတွေ ရှောင်ပါ... ကျွန်တော် ပြန်ကောင်းလာရင် သူတို့ကို ထပ်ကုပေးပါ့မယ်... "
လီယီတောင်းက ညွှန်ကြားချက် တချို့ ပေးရမှာပေါ့...။ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ဒီလူနှစ်ယောက်ရဲ့ အသက်ကိုပဲ သူ ကယ်တင်နိုင်ခဲ့တာလေ...။
အကြီးအကဲလျန် ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။
လီယီတောင်းရဲ့ စွမ်းရည်တွေကို သူ နားလည်ပြီး ကောင်းကောင်း သိပါတယ်...။
သူက အဲဒီလို ပြောမှတော့ သေချာပေါက် သဘောတူတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲလေ...။
သို့သော် လီယီတောင်းကို မသိသော ဆရာဝန်ကတော့ ဒေါသူပုန် အော်ဟစ်လေသည်။
" ဘာ... သူတို့ကို ထားခဲ့ဖို့ နေရာတစ်ခု ရှာရမယ် ဟုတ်လား... ကျွန်တော်တို့က ဒီတိုင်း ပြန်ရမှာလား… လူနာတွေကို သူတို့ဘာသာ သေဖို့ စောင့်ခိုင်းနေတာလား... အရေးပေါ် ခွဲစိတ်မှု ချက်ချင်း လုပ်ရမယ်… မဟုတ်ရင် လူနာတွေ အသက်မမှီနိုင်တော့ဘူး… "
ဆရာဝန် အသံက ခပ်လောလော။
သို့သော် တပ်ဖွဲ့ ၃၆ မှ ဝန်ထမ်း တစ်ဦးက သူ့ကို ဆွဲခေါ်သွားလေသည်။
လီယီတောင်း ဤမြင်ကွင်းကို ဘာစကားမျှ မဆိုဘဲ စောင့်ကြည့်နေလိုက်ပြီး အဝေးရှိ နာရေးကားဆီသို့ လက်ပြလိုက်လေသည်။
အဝေးမှ စောင့်နေသော နာရေးကား ယာဉ်မောင်းက လီယီတောင်း လက်ပြသည်ကို မြင်လိုက်၏။
ထို့နောက် ဘာစကားမျှ မဆိုတော့ဘဲ ကားကို လီယီတောင်း အနားသို့ မောင်းလာလိုက်လေသည်။
ဒီနှစ်ယောက်က တကယ် တော်တယ်လို့ ပြောရမယ်….။
ဒီလောက် ဖြစ်ပျက်နေတာတောင် ထွက်မပြေးခဲ့ဘူးလေ…။
***