" တီတီ... တီတီ... "
လီယီတောင်း စွမ်းရည်သစ်များနှင့် ပစ္စည်းအချို့ကို လေ့လာသုံးသပ်နေစဉ် ဖုန်းမြည်လာလေသည်။
သူ ဖုန်းကို ထုတ်ကြည့်လိုက်၏။
အဘိုးအိုဆီက ဖုန်းခေါ်ဆိုမှုပင်။
သူ ဖုန်းကိုင်လိုက်သည်။ " ဟယ်လို... "
" ငါ့ဆီ လာခဲ့ပါ... ပြီးတော့... အင်း... ဟိုမိန်းကလေးကိုပါ ခေါ်ခဲ့... " ဟု အဘိုးအိုက ပြောလိုက်၏။
လီယီတောင်း ခဏတာ မှင်သက်သွားလေသည်။
' အဘိုးအိုရဲ့ အသံက ဘာလို့ ဒီလောက်တောင် အားနည်းနေရတာလဲ... '
" ဟုတ်ကဲ့... "
လီယီတောင်း အကြောင်းပြချက် မမေးတော့ပေ။
အဲဒီရောက်ရင် အသေးစိတ် သိရမှာပဲလေ...။
မကြာမီ လီယီတောင်းက ကျိုးရှုရီကို ခေါ်ကာ အဘိုးအို၏ ဗီလာသို့ အလျင်အမြန် သွားရောက်ခဲ့၏။
လီယီတောင်း ခြံဝင်းထဲသို့ ဝင်သွားချိန်တွင် ခြံထဲရှိ ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်နေသော ယန်ချင်းယွဲ့ကို တွေ့လိုက်ရလေသည်။ သူမ၏ မျက်နှာက ဖြူရော်နေပြီး လက်မောင်းတွင်လည်း ပတ်တီး စည်းထား၏။
သူမ၏ ဘေးတွင် လီရှင်းထင်က စိုးရိမ်တကြီး ရပ်နေလေသည်။
" အစ်ကိုယီတောင်း... ရောက်လာပြီလား... မြန်မြန် သွားကြည့်ပါဦး... ကြည့်ပါဦး... "
လီရှင်းထင်က အိမ်ထဲသို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။
လီယီတောင်း ရင်ထဲ လေးလံသွားပြီး အိမ်ထဲသို့ အလျင်အမြန် ဝင်သွားလိုက်လေသည်။
ကုတင်ပေါ်တွင် အားနည်းစွာ လဲလျောင်းနေသော အဘိုးအိုကို သူ တွေ့လိုက်ရ၏။ အဘိုးအို ပြင်းထန်စွာ ဒဏ်ရာရထားကြောင်း ထင်ရှားလှပေသည်။
" ရောက်လာပြီလား... "
အခန်းထဲသို့ လီယီတောင်း ဝင်လာသည်ကို မြင်သောအခါ အဘိုးအိုက ယဲ့ယဲ့လေး ပြုံးကာ နှုတ်ဆက်လိုက်၏။
လီယီတောင်း ဘာစကားမျှ မဆိုဘဲ အဘိုးအို အနီးသို့ တိုက်ရိုက် လျှောက်သွားလိုက်လေသည်။
ဘာမျှ မပြောတော့ဘဲ သူ၏ လက်များကို အဘိုးအို၏ ကိုယ်ပေါ်သို့ တင်လိုက်၏။
ခုနက သူ ဘာမြင်လိုက်ရတာလဲ...။
အဘိုးအို သေဆုံးနိုင်ခြေ ၉၉ ရာခိုင်နှုန်း အထိ ရောက်နေတာကို သူ မြင်လိုက်ရတယ်လေ။
ဒါ ဘာအဓိပ္ပာယ်လဲ...။
ဆိုလိုတာက အဘိုးအို အသက်ရှင်ဖို့ မျှော်လင့်ချက် တအား နည်းသွားပြီ ဆိုတဲ့ သဘောပဲ။
ပြီးတော့ အသက်ရှင်ဖို့က တကယ်ကို ခက်ခဲတဲ့ အခွင့်အရေး တစ်ခုပဲ။
လီယီတောင်း၏ လုပ်ရပ်ကို မြင်သောအခါ အဘိုးအိုက မတားဆီးသော်လည်း သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ရှိနေဆဲပင်။
" စိတ်မပူပါနဲ့... ငါ့အခြေအနေကို ငါသိပါတယ်... ငါ မသေပါဘူး... ခဏလောက် အနားယူဖို့ပဲ လိုတာပါ... မင်း စိတ်ပူစရာ မလိုပါဘူး... မင်းရဲ့ စွမ်းရည်က ငါ့အတွက် အသုံးဝင်ချင်မှ ဝင်မှာပါ... "
အဘိုးအို၏ လေသံက တည်ငြိမ်နေ၏။ သို့သော် လီယီတောင်း ကတော့ အချိန်အတော်ကြာသည် အထိ မတည်ငြိမ်နိုင်ခဲ့ပေ။
' အဘိုးအို ပြောတဲ့အတိုင်း တကယ်ပဲ... အသုံးမဝင်ဘူး... ငါ့ရဲ့ စွမ်းရည်က တကယ်ပဲ အသုံးမဝင်ဘူး... နတ်ဘုရားလက်က အဘိုးအို အပေါ်မှာ ဘာအကျိုးသက်ရောက်မှုမှ မရှိဘူး... မဟုတ်ဘူး... စွမ်းရည်ကို အသက်သွင်းလို့ကို မရတာလို့ ပြောရမယ်... '
လီယီတောင်း၏ မျက်နှာ လေးနက်သွားလေသည်။
" အရင် တိုက်ပွဲကြောင့်လား... "
တစ်နေ့က တိုက်ပွဲက အဘိုးအို အတွက် လွယ်ကူတဲ့ တိုက်ပွဲ မဟုတ်ဘူး ဆိုတာ သူ သိတယ်...။
ဒါပေမဲ့... ဒီလောက် အန္တရာယ် များမယ်လို့တော့ သူ မထင်ထားခဲ့ဘူးလေ...။
သို့သော်... အဘိုးအိုက ခေါင်းခါပြလိုက်၏။
" ဟိုနေ့က ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ဘာမှ မဆိုင်ပါဘူး... "
" ငါ့ခန္ဓာကိုယ်ရဲ့ ပြဿနာ သက်သက်ပါပဲ... ဒီနေ့ ငါ နည်းနည်း လှုပ်ရှားလိုက်တော့ ခန္ဓာကိုယ် အခြေအနေ ပိုဆိုးသွားတာပါ... "
" ငါ နည်းနည်းလောက် အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ... "
" မင်းကို ဒီခေါ်လိုက်ရတဲ့ အကြောင်းရင်းက မင်းဘေးက ကောင်မလေးရဲ့တက်တူး ကြောင့်ပဲ... "
" ကြောင်နက် တက်တူးလေ... လောလောဆယ်တော့ အဲဒါကို ဖြေရှင်းဖို့ ငါတို့မှာ အချိန်မရှိဘူး... "
" ဒါကြောင့် အခု လောလောဆယ် အဲဒါကို ဖိနှိပ်ထားဖို့ လိုတယ်... "
" သူ့ကို ငါ့ဆီမှာပဲ နေခိုင်းလိုက်... သူက မြောက်ဘက် အစွန်ဆုံး အိပ်ခန်းမှာ နေလို့ ရတယ်... အခုကစပြီး သူ ဒီမှာပဲ နေရလိမ့်မယ်... ချင်းယွဲ့ နဲ့ တခြားသူတွေက သူ့ကို စောင့်ရှောက်ပေးလိမ့်မယ်... "
" ငါတို့ ထွက်သွားတဲ့ အခါ သူ့ကို တစ်ပါတည်း ခေါ်သွားလို့ ရတယ်... အဲဒီအခါကျမှ သေချာ ဖြေရှင်းဖို့ နည်းလမ်း ရှာကြတာပေါ့... "
အဘိုးအို၏ လေသံက တည်ငြိမ်နေ၏။ သို့သော် ထိုတည်ငြိမ်သော လေသံအောက်တွင် မသေချာ မရေရာမှု အချို့ကို လီယီတောင်း ခံစားမိလိုက်လေသည်။
ဒီတစ်ခေါက် အဘိုးအိုရဲ့ ဒဏ်ရာက သာမန် မဟုတ်ဘူး ဆိုတာ ရှင်းနေတယ်...။
" ဒီတစ်ခေါက် အဘိုး ဘယ်လို ဒဏ်ရာ ရလာတာလဲ... "
ဒီနေ့ ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို သူ နားမလည်ဘူးလေ...။ ဘာတွေ ဖြစ်ခဲ့တာလဲ...။
အဘိုးအိုက ခပ်ဖျော့ဖျော့သာ ပြုံးလိုက်သည်။
" ဘာမှ မဖြစ်ပါဘူး... မင်း တကယ် သိချင်ရင် ချင်းယွဲ့ ကို သွားမေးလိုက်ပါ... "
" ငါ အခု နားတော့မယ်... ဒီတစ်ခေါက် ငါ နားရမယ့် အချိန်က တစ်ပတ်လောက် ကြာနိုင်တယ်... "
" အခု မင်းကို ပစ်မှတ်ထားနေတဲ့ သူတွေရဲ့ လှုပ်ရှားမှု တချို့ ရှိလာနိုင်တယ်... လိုအပ်ရင် တပ်ဖွဲ့ ၃၆ မှာ မင်း သွားနေလို့ ရတယ်... "
" ဒီကောင်မလေး နှစ်ယောက် အတွက်တော့ ငါ စီစဉ်ပြီးပါပြီ... သူတို့ လုံခြုံရေး အတွက် မင်း စိတ်ပူစရာ မလိုပါဘူး... "
အဘိုးအိုက ဤသို့ လုပ်ဆောင်ရာတွင် သူ့ကိုယ်ပိုင် အကြောင်းပြချက်များနှင့် ယုံကြည်မှုများ ရှိလိမ့်မည်ဟု သူ ယုံကြည်လေသည်။
သူ့အခြေအနေကို ပြန်ကောင်းအောင် လုပ်ဖို့ နည်းလမ်း ရှိရမယ်... မဟုတ်ရင် သူ ဒီလို လုပ်ရပ်မျိုးတွေ လုပ်ခဲ့မှာ မဟုတ်ဘူး...။
လီယီတောင်း ထပ်မံ ခေါင်းညိတ်လိုက်ပြီး အဘိုးအိုကို ဆက်မနှောင့်ယှက်တော့ပေ။ သူ ဖြည်းညင်းစွာ နောက်ဆုတ် ထွက်လာခဲ့၏။
ခြံဝင်းထဲတွင် ကျိုးရှုရီ၊ လီရှင်းထင်နှင့် ယန်ချင်းယွဲ့တို့ အားလုံး စောင့်နေကြလေသည်။
သူတို့၏ မျက်နှာများပေါ်တွင် မျှော်လင့်နေသော အမူအရာများ ရှိနေပြီး နောက်ထပ် ဘာဆက်လုပ်ရမည်ကို လီယီတောင်း ကြေညာမည့် အချိန်ကို စောင့်ဆိုင်းနေကြ၏။
အဘိုးအို ရုတ်တရက် လဲကျသွားမှုက သူတို့ကို အလစ်အငိုက် မိသွားစေခဲ့သည်။ ထို့ကြောင့် အစီအစဉ်များ အားလုံးကို လီယီတောင်း အပေါ် ပုံအပ်ထားကြလိုက်လေသည်။
" အဘိုးအိုက အနားယူချင်နေတယ်... အရေးတကြီး ကိစ္စတော့ မဟုတ်ပါဘူး... မင်းတို့ သုံးယောက်လောလောဆယ် ဒီမှာပဲ နေလို့ ရတယ်... "
" ကျိုးရှုရီ... မင်း အဲဒီ အခန်းထဲမှာ ရက်နည်းနည်းလောက် နေလိုက်... အပြင် မထွက်နဲ့နော်... အဲဒီ အခန်းက မင်း လက်မောင်းပေါ်က တက်တူး လှုပ်ရှားမှုကို ဖိနှိပ်ထားဖို့ အဘိုးအို ပြင်ဆင်ပေးထားတာ... "
ရိုးရိုးသားသား ဆိုရလျှင် အဘိုးအို မပြောမီက ထိုအခန်းကို လီယီတောင်း လုံးဝ သတိမထားမိခဲ့ပေ။
၎င်းမှာ အဘိုးအိုက အထူး နည်းလမ်းဖြင့် ချိတ်ပိတ်ထားသော အခန်း တစ်ခန်း ဖြစ်ပြီး လောကကြီးမှ ပျောက်ကွယ်နေသကဲ့သို့ပင်။
လီယီတောင်း၏ ညွှန်ကြားချက်များကို ကြားသောအခါ ယန်ချင်းယွဲ့က သိပ်ပြီး တုံ့ပြန်မှု မပြပေ။
သို့သော် ကျိုးရှုရီနှင့် လီရှင်းထင်တို့မှာ ခဏတာ မှင်သက်သွားကြ၏။ အထူးသဖြင့် ကျိုးရှုရီ ပင်။
မကြာမီ သူမ သတိပြန်ဝင်လာပြီး... " ဟုတ်ကဲ့... " ဟု ခပ်တိုးတိုး ပြန်ဖြေလိုက်လေသည်။
နောက်ဆုံးတွင် လီယီတောင်း၏ အကြည့်များက ယန်ချင်းယွဲ့ ထံသို့ ရောက်သွား၏။
" ဘာတွေ ဖြစ်ခဲ့တာလဲ... မင်း သိတယ်လို့ အဘိုးအိုက ပြောတယ်... "
လီယီတောင်းက ယန်ချင်းယွဲ့ကို အပြစ်တင်နေသည်ဟု မဆိုနိုင်သော်လည်း မကျေနပ်မှု အချို့တော့ ရှိနေလေသည်။
ကြည့်ရသလောက်တော့ အဘိုးအိုက ယန်ချင်းယွဲ့ ကြောင့် နောက်တစ်ကြိမ် ဒဏ်ရာ ရခဲ့တာ သိသာတယ်လေ...။
ယန်ချင်းယွဲ့ ကြောင့် အဘိုးအို ဒဏ်ရာရခဲ့တာကို လီယီတောင်းက ယန်ချင်းယွဲ့ကို အပြစ်မတင်ချင်ပါဘူး...။
အဘိုးအိုက ယန်ချင်းယွဲ့ကို တပည့် အဖြစ် လက်ခံလိုက်ပြီ ဆိုကတည်းက ဆရာ တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ ရှိလာတာက သဘာဝပဲလေ...။
ဒါပေမဲ့... အခု အချိန်မှာတော့ လီယီတောင်း နည်းနည်း နေရခက်နေတယ်...။
ဒါကြောင့် သူ ဒီမေးခွန်းကို မေးလိုက်တာပဲ...။
ယန်ချင်းယွဲ့က အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး... " တကယ်တော့ ဘာကြောင့်လဲ ဆိုတာ ကျွန်မလည်း မသိဘူး... " ဟု ပြန်ဖြေလေသည်။
" အစကတော့ ရှင်းထင် နဲ့ ကျွန်မ ပြန်ဖို့ စီစဉ်ထားတာ... ရွာထဲမှာ လူကြီး တစ်ယောက် ဆုံးသွားလို့... သူက ကျွန်မ ငယ်ငယ်တုန်းက အရမ်း ဂရုစိုက်ပေးခဲ့တဲ့ သူလေ... "
" သူသာ ကျွန်မကို ဂရုမစိုက်ခဲ့ဘူး၊ မထောက်ပံ့ခဲ့ဘူး ဆိုရင် ကျွန်မ အခု အချိန်ထိ အသက်ရှင်နိုင်ခဲ့မှာ မဟုတ်ဘူး... "
" ဒါပေမဲ့... ကျွန်မတို့ မပြန်ခင်လေးမှာတင် တစ်ခုခု ဖြစ်သွားတယ်... "
" တိကျတဲ့ အကြောင်းရင်းတွေကိုတော့ ကျွန်မ သေချာ မသိဘူး... ဒါပေမဲ့ လူတချို့ ရှိတယ် ဆိုတာကိုတော့ ကျွန်မ သိတယ်... သူတို့က ကျွန်မတို့ကို ဝိုင်းထားပြီး ကျွန်မကို ခေါ်သွားချင်နေတာ... "
" ကျွန်မက ငြင်းလိုက်တော့... နောက်ဆုံး ရန်ဖြစ်ကြရော... သူတို့ စုစုပေါင်း လေးယောက် ရှိတယ်... ကျွန်မ သူတို့ထဲက နှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ပေမဲ့... နောက်ဆုံးတော့ ကျွန်မလည်း ဒဏ်ရာရသွားပြီး ရှင်းထင် လည်း သူတို့ လက်ထဲ ပါသွားတယ်... "
" အစကတော့ ကျွန်မ သူတို့ ဖမ်းတာ ခံရလောက်ပြီ... ဒါပေမဲ့... အဲဒီ အချိန်မှာပဲ ဆရာ ရောက်လာတာ... "
" နောက်ဆုံးတော့ သူတို့ဘက်က နောက်ထပ် တစ်ယောက် ထပ်ရောက်လာပြီး တိုက်ပွဲမှာ ဝင်ပါလာတယ်... အဲဒီမှာ ဆရာ ဒဏ်ရာ ရသွားတာ... သူတို့ ငါးယောက်ထဲမှာ သုံးယောက်က ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး... တစ်ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး... နောက်ဆုံး ရောက်လာတဲ့ တစ်ယောက်ကတော့ ဒဏ်ရာ နည်းနည်း ရသွားတယ်... "
ယန်ချင်းယွဲ့၏ ပြောစကားများကို ကြားသောအခါ လီယီတောင်း မျက်မှောင်ကြုတ်သွားလေသည်။
ဘာတွေ ဖြစ်နေပြန်တာလဲ...။
ဘာလို့ သူ့ဘက်က လူတွေ အမြဲတမ်း ရန်သူတွေရဲ့ ဝိုင်းရံ တိုက်ခိုက်တာကို ခံနေရတာလဲ...။
သူ့ကိစ္စမှာတော့ သူ လှုပ်ရှားလိုက်လို့ တခြား အဖွဲ့အစည်း တစ်ခုက တိုက်ခိုက်လာတာလေ... ဒါပေမဲ့... ယန်ချင်းယွဲ့ ကရော ဘာလို့လဲ...။
လီယီတောင်း ခဏတာ စဉ်းစားလို့ မရအောင် ဖြစ်သွားရ၏။
သူ ဆက်မေးလိုက်သည်။
" သူတို့ဆီမှာ ထူးခြားတဲ့ ပုံစံတွေ ရှိလား... အဘိုးအိုက ဘာလို့လဲ ဆိုတာကို ပြောပြသေးလား... "
ခဏမျှ စဉ်းစားပြီးနောက် ယန်ချင်းယွဲ့က ပြန်ဖြေလေသည်။
" သူတို့ အကုန်လုံးက ကျွန်မလိုပဲ ရေကို ထိန်းချုပ်နိုင်တဲ့ အထူး စွမ်းရည် ရှိပုံ ရတယ်... ပြီးတော့ ဆရာ ပြောတာကတော့ သူတို့က ကျွန်မကို ဖမ်းပြီး ကျွန်မရဲ့ စွမ်းရည်ကို တစ်ခုခု အတွက် အသုံးချချင်နေတာတဲ့... "
ဤစကားကို ကြားသောအခါ လီယီတောင်း မျက်နှာ ချက်ချင်း အေးစက်သွားတော့၏။ ဤကိစ္စက သူ ထင်ထားသလောက် မရိုးရှင်းကြောင်း ထင်ရှားလှပေသည်။
အဘိုးအို ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားတာ အံ့သြစရာ မရှိပါဘူးလေ...။
ဒီလို အခြေအနေမျိုးမှာ... အထူးသဖြင့် အဘိုးအို ကိုယ်တိုင်က ပြင်းထန်တဲ့ ဒဏ်ရာ ရထားပြီးသား ဆိုတော့ သူတို့ရဲ့ ခွန်အားက သိသိသာသာ လျော့ကျသွားတာပေါ့...။
ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရတဲ့ အခါ တိုက်ပွဲမှာ အစွမ်းကုန် မတိုက်ခိုက်ဘဲ နေရင်... ကိစ္စတွေ လွဲချော်သွားတာ သဘာဝပါပဲ...။
ဒါပေမဲ့... လီယီတောင်းက အခု အဘိုးအို ဒဏ်ရာ ရသွားပြီ ဆိုတဲ့ အချက်ကိုပဲ တွေးနေတာ မဟုတ်ဘူး။ နောက်ထပ် တွေးနေတာက... ပြိုင်ဘက်တွေ ထပ်လာဦးမလား ဆိုတာကိုပဲ...။
ဒီလို အခြေအနေမျိုးမှာ သူတို့က ဒီတိုင်း အလွယ်တကူ လက်လျှော့လိုက်မှာလား...။
ဒါမှမဟုတ် လက်စားချေဖို့ ပြန်လာကြမလား...။
သူတို့က သူတို့ရဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည် ဖော်ဖို့ ယန်ချင်းယွဲ့ကို ခေါ်သွားချင်နေတာ ဆိုတော့... ပထမအကြိမ် ကျရှုံးသွားတာနဲ့ လက်လျှော့လိုက်မှာလား...။
တကယ်လို့ လီယီတောင်းသာ သူတို့ နေရာမှာ ဆိုရင်... လက်လျှော့ဖို့ ရွေးချယ်မှာ မဟုတ်လောက်ဘူး။
အကြောင်းရင်းက ရှင်းပါတယ်။
ဘာပဲဖြစ်ဖြစ်... အဘိုးအို လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသွားပြီလေ။
တကယ်လို့ သူတို့ဆီမှာသာ အင်အားသစ်တွေ ထပ်ရောက်လာမယ် ဆိုရင်... ယန်ချင်းယွဲ့ကို ခေါ်သွားဖို့နဲ့ တခြားသူတွေ အတွက် လက်စားချေဖို့ ဆိုတာ မဖြစ်နိုင်တာမှ မဟုတ်တာ။
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
အခု အရေးအကြီးဆုံး ကိစ္စက တစ်ဖက်လူတွေရဲ့ သဲလွန်စကို ရှာပြီး သူတို့ ဘယ်သူတွေလဲ ဆိုတာ သိဖို့ပဲ...။
အဘိုးအိုက သူ့ကို မပြောပြချင်ဘူး... သူ မသိစေချင်ဘူးလေ...။
သူ့ကို ဒီကိစ္စတွေထဲ မပါစေချင်လို့ပဲ...။
ခဏမျှ စဉ်းစားပြီးနောက် ပြိုင်ဘက်ကို မြန်မြန်ဆန်ဆန် နားလည်နိုင်ရန် တပ်ဖွဲ့ ၃၆ သို့ သွားရောက်ရန် လိုအပ်မည်ဟု သူ သဘောပေါက်လိုက်၏။
တိုက်ဆိုင်လိုက်တာ... အဲဒီကို သွားတာက အသုံးဝင်မှာပါ...။
ချီယွီချန်နဲ့ အဖြူရောင် ဝတ်စုံနဲ့ တခြား တစ်ယောက်လေ...။
သူတို့ကို သွားကယ်ရမယ့် အချိန် ရောက်ပြီ...။
***